News @ M-Media

Tag: Israel

  • ၂၀၁၀ တွင် အကူညီပေးရေးသင်္ဘော တိုက်ခိုက်မှုအတွက် အစ္စရေး တပ်မှူး လေးဦး ဖမ်းဆီးရန် တူရကီ တရားရုံး အမိန့်ချ

    မေ ၂၇ ၊ ၂၀၁၄
    M-Media
    201451810852447734_20
    – ၂၀၁၀ ခုနှစ်က ဂါဇာသို့ သွားရောက်သော အကူအညီပေးရေးအဖွဲ့၏ သင်္ဘောကို ၀င်ရောက် စီးနင်းကာ လက်နက်မဲ့လူ ၉ ဦးအား သတ်ပစ်ခဲ့သည့် ကိစ္စအတွက် အစ္စရေး တပ်မှူးဟောင်း ၄ ဦးကို ဖမ်းဆီးရန် တူရကီတရားရုံးက ယမန်နေ့တွင် အမိန့်ပေးလိုက်သည်ဟု သိရသည်။

    ယခင် အစ္စရေး စစ်တပ်အကြီးအကဲဟောင်း ဂါဘီ အရှ်ကီနာဇီ၊ ရေတပ် အကြီးအကဲဟောင်း အလီဇာ မာရွန်၊ လေတပ်အကြီးအကဲဟောင်း အဗစ်ရှိုင်လေဗီနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း အေမို့စ် ယဒ်လင်တို့ ဖြစ်ကြပြီး ၎င်းတို့အား ဖမ်းဝရမ်းထုတ်ပေးရန် အင်တာပိုလ်သို့ တောင်းဆိုသွားမည်ဟု ထိုအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ စီဟတ် ဂေါ့ဒီမာရ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထိုစီးနင်းမှုတွင် သေဆုံးသွားသူများ၏ မိသားစုများနှင့် အကူအညီပေးရေး အဖွဲ့ IHH တို့မှာ ၂၀၁၂ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အမည်မဖော်လိုသည့် အစ္စရေးအရာရှိ တစ်ဦးကမူ ထို ဆုံးဖြတ်ချက်မှာ ရူးသွပ်သည့် ရန်စမှုဟု ဆိုသည်။

    တူရကီ NGO အဖွဲ့ IHHမှာ အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်ဒေသသို့ အကူအညီပေးရန် သွားရောက်စဉ် Mavi Marmara သင်္ဘောအား အစ္စရေး ကွမန်မန်ဒိုများက ၀င်ရောက်စီးနင်းကာ သင်္ဘောပေါ်လိုက်ပါလာသည် အကူအညီပေးရေး ၀န်ထမ်း ၉ ဦးကို ပစ်သတ်ခဲ့သည်။

    အဆိုပါစီးနင်းတိုက်ခိုက်မှုကြောင့် ကိုးမားရောဂါ ခံစားနေခဲ့ရသည့် အသက် ၅၁ နှစ်အရွယ် ၀န်ထမ်းတစ်ဦးမှာ စနေနေ့က သေဆုံးသွားခဲ့သောကြောင့် ထိုစီနင်းမှုအတွင်း သေဆုံးသူမှာ ၁၀ ဦးရှိလာခဲ့ပြီဖြစ်သည်။

    Ref: Agencies

  • ပါလက်စတိုင်း ဆယ်ကျော်သက် ၂ ဦးကို အစ္စရေး စစ်တပ်မှ တမင် ပစ်သတ်ခဲ့သည့် ဗီဒီယို ထွက်ပေါ်

    မေ ၂၁ ၊ ၂၀၁၄
    M-Media

    အရွယ်မရောက်သေးသည့် ပါလက်စတိုင်း နှစ်ဦးအား အစ္စရေးစစ်တပ်မှ တမင် ပစ်သတ်ခဲ့သည့် ဗီဒီယိုထွက်ပေါ်၊ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဟု ပါလက်စတိုင်း အစိုးရပြော

    _74989046_74988950

    – ပြီးခဲ့သည့် သီတင်းပတ်က ပါလက်စတိုင်းတို့၏ Nakba နေ့အခမ်းအနား ကျင်းပနေစဉ် ပါလက်စတိုင်း ဆယ်ကျော်သက် နှစ်ဦးအား အစ္စရေးလုံခြုံရေး တပ်ဖွဲ့မှ တမင်သက်သက် ပစ်သစ်ခဲ့သည့် ဗီဒီယိုကို လူ့အခွင့်အရေး အဖွဲ့တစ်ခုက ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ၂ မိနစ်တာကြာမြင့်သည့် အဆိုပါ ဗီဒီယိုကို နိုင်ငံတကာ ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ DCI က ယနေ့တွင် YouTube ၌ လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပိုင် ဆိုင်တစ်ခုတွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာမှ ရရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသူများမှာ မိုဟာမက် အဘူ သာဟီရ်နှင့် နဒီမ်း နူဝါရာတို့ဖြစ်ကြပြီး ကျည်ဆံမှာ နှလုံးသို့ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်းဆေးရုံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၎င်းတို့မှာ အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ်သာရှိသေးသည်။

    သေနတ်ဖြင့်အပစ်ခံရချိန်တွင် ထိုလူငယ်နှစ်ဦးမှာ လုံခြုံရေးတပ်ဖွဲ့များအား အန္တရာယ်ပေးနိုင်သည် အနေအထားတွင် မရှိဘဲ ဥပဒေကို ချိုးဖောက်သည့် သတ်ဖြတ်မှုဖြစ်သည်ဟု DCI က ဆိုသည်။ အစ္စရေး လူ့အခွင့်အရေးအဖွဲ့ B’Tselem ကလည်း လူငယ် ၂ ဦးမှာ မီတာ ၂၀၀ အကွာအဝေးက ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အစ္စရေးစစ်သားများမှာ အန္တရာယ် လုံးဝမရှိသည့် အခြေအနေတွင်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ထိုသတ်ဖြတ်မှုအတွက် ပါလက်စတိုင်း အစိုးရက အစ္စရေးအား “သွေးအေးလူသတ်သမား” ဟု ခေါ်ဆိုခဲ့ကာ ထိုကဲ့သို့ပစ်သတ်မှုမှာ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးဘက်ကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ထိုအချိန်က ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ သို့သော်လည်း စုံစမ်းစစ်ဆေးမှု ၂ ခုကို ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    Ref:Agencies

  • နည်းလမ်းပေါင်းစုံဖြင့် အစ္စရေး ကျူးကျော်မှုအတွက် လက်ဘနွန်က ကုလတွင် တိုင်ကြားထား

    မေ ၂၀ ၊ ၂၀၁၄
    M-Media

    နိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် အစ္စရေး၏ ကျူးကျော် ၀င်ရောက်မှုအတွက် လက်ဘနွန်က ကုလတွင် တိုင်ကြားထား
    ce4da41511bc82bd3f47e9799f832c6d– နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အစ္စရေးမှ ချိုးဖောက်မှုနှင့်ပတ်သက်၍ လက်ဘနွန်နိုင်ငံက ကုလသို့ အချက်သုံးချက် တိုင်တန်းခဲ့သည်ဟု နိုင်ငံခြားရေး  ၀န်ကြီးရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့တိုင်ကြားရန် ကုလရှိ လက်ဘနွန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီး ဂီဘရန် ဘတ်စ်စီလ်က အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    “ယနေ့အချိန်အခါမှာ အစ္စရေးဟာ ပါလက်စတိုင်းကိုသာမက ဆီးရီးယား၊ လက်ဘနွန်နိုင်ငံတွေအပါအ၀င် အာရပ်နိုင်ငံအားလုံအပေါ်မှာ ကျူးကျော်မှုတွေ လက်တွေ့လုပ်ဆောင်နေတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ လက်ဘနွန်နဲ့ ပတ်သက်ပြီးပြောရရင် ကြည်း၊ ရေ၊ လေ သုံးနေရာစလုံးကနေ နိုင်ငံအတွင်းကို ကျူးကျော် ၀င်ရောက်ခဲ့ပါတယ်” ဟု ယခင် လက်ဘနွန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း အဒ်နန် မန်ဆူရ်က Press TV သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မေလ ၁၁ ရက်နေ့က အစ္စရေးစစ်တပ်မှာ အလ်-လဘ်ဘူနီ နယ်ခြားရှိ အပြာရောင်လိုင်းကို ကျူးကျော်ကာ လက်ဘနွန်နိုင်ငံ အတွင်းသို့ ၀င်ရောက်ခဲ့ပြီး၊ မေလ ၁ ရက်နေ့ကလည်း နိုင်ငံတောင်ပိုင်း အပြာရောင်လိုင်းအား ထိုကဲ့သို့ ကျူးကျော်ဝင်ရောက်ခဲ့ကသည်။ ထို့ပြင် မေလ ၉ ရက်နေ့တွင် ရှီဘာရွာရှိ လက်ဘနွန်နိုင်ငံသား ၃ ဦးအား ပြန်ပေးဆွဲရန် ကြိုးစားခဲ့ဟု လက်ဘနွန် မီဒီယာများက ဖော်ပြခဲ့သည်။

    လက်နက်တပ်ဆင်ထားသော အစ္စရေးလှေငယ်များမှာလည်း မေလ ၁၁ ရက်နေ့က ရက်စ် အလ်-နာကူရာ ဒေသအနီး လက်ဘနွန်ရေပိုင်နက်တွင် အဆီးအတားများကို ဖယ်ရှား၍ မီတာ ၂၀ အကွာဝေးအထိ ၀င်ရောက်ခဲ့သည်။

    အစ္စရေး လေယာဉ်များမှာမူ လက်ဘနွန်လေပိုင်နက်ထဲသို့ နေ့စဉ်နီးပါး ကျူးကျော်ဝင်ရောက်နေပြီး ထိုဝင်ရောက်ခြင်းမှာ ထောက်လှမ်းရေးအတွက်ဖြစ်သည်ဟု အစ္စရေးက ကာကွယ်ခဲ့သည်။

    ထိုလုပ်ရပ်များမှာ ၂၀၀၆ ခုနှစ် အစ္စရေးက လက်ဘနွန်ကို ကျူးကျော်တိုက်ခိုက်ခဲ့သည့် စစ်ပွဲအားပြေငြိမ်းစေရန် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၁၇၀၁ အား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု လက်ဘနွန်အစိုးရက ပြောဆိုခဲ့သည်။ ထိုဆုံးဖြတ်ချက်တွင် လက်ဘနွန်၏ အချုပ်အခြာအာဏာကို လေးစားရန် အစ္စရေးအား ကုလက တိုက်တွန်းထားသည်။

    MR/HSN/HRB

  • အမိမြေမှ စွန့်ခွာခဲ့ရသည့် ၆၆ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ပါလက်စတိုင်းတို့ ပြုလုပ်

    မေ ၁၆ ၊ ၂၀၁၄
    M-Media
    973-1kdGSA.AuSt.55
    – ပြည်ပမှဝင်ရောက်လာသည့် ဂျူးများမှ အစ္စရေးနိုင်ငံ တည်ထောင်ခဲ့သည့် ၁၉၄၈ ခုနှစ်က အမိမြေအား စွန့်ခွာခဲ့ရသော အထိမ်းအမှတ် အခမ်းအနားကို ပါလက်စတိုင်း ဒေသတစ်ဝိုက်၌  မေလ ၁၄ ရက်နေ့က  ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ရာမာလာနှင့် အနောက်ဘက်ကမ်းခြေတွင် Nakba နေ့ စတင်ခဲ့ပြီးနောက် ၆၆ နှစ်ကြာမြင့်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ၆၆ စက္ကန့်ကြာ ဥသြဆွဲခဲ့ပြီး အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြောက်ဒေသတို့၌လည်း ပါလက်စတိုင်းပြည်သူထောင်ပေါင်းများစွာတို့မှာ ဆန္ဒထုတ်ဖော်မှုများ၊ ချီတက်မှုများ ပြုလုပ်ခဲ့ကြသည်။ အမိမြေက စွန့်ခွာခဲ့ရသည့် နေ့ကို ပါလက်စတိုင်းများက Nakba ဟု ခေါ်ဆိုသည်။

    ၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံထူထောင်သည်ဟု ကြေညာခဲ့သောကြောင့် ဒေသခံပါလက်စတိုင်းများနှင့် အာရပ်နိုင်ငံများ၏ ၀ိုင်းဝန်းတိုက်ခိုက်မှုကို အစ္စရေးက ကျော်ဖြတ်နိုင်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုအတွင်း ဒေသခံ ပါလက်စတိုင်းပြည်သူ သောင်းချီမှာ အတင်းအဓမ္မ မောင်းထုတ်ခံခဲ့ရသည်။

    ဒုတိယကမ္ဘာစစ်အတွင်းက ဒုက္ခခံစားခဲ့ရသည့် အရှေ့ဥရောပမှ ဂျူးများမှာ ပါလက်စတိုင်း ပိုင်နက်အတွင်းသို့ ဝင်ရောက်လာကာ အမေရိကန်နှင့် အချို့အင်အားကြီးနိုင်ငံများ၏ စစ်ရေး အကူအညီဖြင့် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

    Photo- AP
    Ref: AP and Al Arabiya

  • အစ္စရေးဝန်ကြီးချုပ်ဟောင်း ချစားမှုဖြင့် ထောင် ၆ နှစ်ကျခံရမည်

    မေ ၁၃ ၊ ၂၀၁၄
    M-Media
    201451383427340580_20
    – ဂျေရုစလင်ရှိ တိုက်ခန်းများဆောက်လုပ်မှု နှစ်ခုတွင် လာဘ်ယူခဲ့ကြောင်း ပြစ်မှုထင်ရှား၍ အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုမတ်အား ထောင်ဒဏ် ၆ နှစ်ကျခံရန် တဲလ်အဗီးတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    ဂျေရုစလင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုက်ခန်းတည်ဆောက်သည့် ဆောက်လုပ်ရေးလုပ်ငန်းနှစ်ခုမှ ကန်ဒေါ်လာ ၁ သိန်း ၄ သောင်းကျော်နှင့် ၁ သောင်း ၇ ထောင်တို့ကို သီးခြားစီလာဘ်ယူခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး အသက် ၆၈ နှစ်အရွယ် အိုမတ်ကမူ ထိုစွဲချက်မှာ မမှန်ဟု ငြင်းဆိုခဲ့သည်။ ယခုကဲ့သို့ အဖြစ်အပျက်မှာ အစ္စရေးအစိုးရ ခေါင်းဆောင်ဟောင်းတစ်ဦး ရာဇ၀တ်မှုအတွက် ပထမဆုံးပြစ်ဒဏ်ကျခံရခြင်းလည်းဖြစ်သည်။

    အိုမတ်မှာ အမေရိကန် စီးပွားရေးသမားထံမှ လာဘ်ငွေယူခဲ့သည်ဟုဆိုကာ လွန်ခဲ့သည့် ၆ နှစ်ကျော်က စွဲချက်တင်ခံခဲ့ရပြီး ထိုစွဲချက်ကြောင့်ပင် ၂၀၀၈ ခုနှစ်တွင် ၀န်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။ သို့သော်လည်း ကြားနာမှုများ ပြုလုပ်ခဲ့ပြီးနောက် လွန်ခဲ့သည့် ၂ နှစ်က တရားရုံးမှ တရားသေ လွှတ်ပေးခဲ့သည်။

    အိုမတ်၏ ရှေ့နေများကမူ တရားရုံးချုပ်သို့ အယူခံဝင်ရန်ရှိနေပြီး လများစွာကြာမည့် ထိုအယူခံကာလအတွင်း အိုမတ်အား ချုပ်နှောင်ထားခြင်းမပြုရန် တဲလ်အဗီးတရားရုံးသို့ တောင်းဆိုသွားဖွယ်ရှိနေသည်။
    Ref: Agencies
    Photo- [Reuters]