News @ M-Media

Tag: Israel

  • ထရမ့်မပြုတ်ခင် အီရန်အား တိုက်ခိုက်မှုပိုလုပ်ရန် အစ္စရေး စီစဉ်နေ

    ထရမ့်မပြုတ်ခင် အီရန်အား တိုက်ခိုက်မှုပိုလုပ်ရန် အစ္စရေး စီစဉ်နေ

    ဇူလိုင် ၁၈၊ ၂၀၂၀
    M-Media

    -လာမယ့်နိုဝင်ဘာလ အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် အီရန်အပေါ် အစ္စရေးက တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်ပြီး စစ်ပွဲဖြစ်တဲ့အထိ ဦးတည်သွားနိုင်တယ်လို့ ဥရောပသမဂ္ဂ ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးက Business Insider သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ဒုံးကျည်စက်ရုံနဲ့ နျူစက်ရုံစက်တွေအပါအဝင် အီရန်က စက်ဖက်ဆိုင်ရာ နေရာတစ်ချို့မှာ မီးလောင်တာ၊ ပေါက်ကွဲတာတွေ ဖြစ်ခဲ့ပါတယ်။ အီရန်အာဏာပိုင်တွေကတော့ ဒီအဖြစ်အပျက်အများစုဟာ ပုံမှန် မတော်တဆမှုမျိုး ဖြစ်ပေမယ့်၊ တစ်ချို့တွေက ရန်သူတွေရဲ့ ဖျက်လိုဖျက်ဆီးလုပ်ရပ်မျိုး ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အစ္စရေးစစ်ဖက်တာဝန်ရှိသူဟောင်းတစ်ဦးက တစ်ချို့ကိစ္စတွေကို အစ္စရေးထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂါဘီ အက်ရှ်ကနာဇီရဲ့ ဇူလိုင် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ မိမိတို့ဟာ အီရန်နဲ့ပတ်သက်လာရင် အရေးယူတာမျိုးရှိပြီး ဒါဟာ ဘာမှမပြောတာထက် ပိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဥရောသမဂ္ဂက အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးတာဝန်ရှိသူ တစ်ဦးကတော့ နိုဝင်ဘာလမှာပြုလုပ်မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတထရမ့် ပြန်လည်အနိုင်ရနို​င်ချေ မရှိတာကြောင့် ထရမ့် သက်တမ်းမကုန်ခင် အီရန်အပေါ် အစ္စရေးက တိုက်ခိုက်တွေ ပိုလုပ်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို အခုနှစ်အစောပိုင်းမှာ အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက် အီရန်ရဲ့ သည်းခံနိုင်မှု အတိုင်းအတာက ဂိတ်ဆုံးရောက်နေပြီး အစ္စရေးရဲ့ ထပ်မံတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန်တုန့်ပြန်ကာ စစ်ပွဲတစ်ခုအသွင်အထိ ဦးတည်သွားနိုင်တယ်လို့လည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Business Insider

  • ပါလက်စတိုင်းအား ထပ်မံသိမ်းပိုက်မည့် အစိုးရ၏အစီအစဉ်ကို အစ္စရေးပြည်သူများ ကန့်ကွက်

    ပါလက်စတိုင်းအား ထပ်မံသိမ်းပိုက်မည့် အစိုးရ၏အစီအစဉ်ကို အစ္စရေးပြည်သူများ ကန့်ကွက်

    ဇွန် ၇၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးပိုင်နက်ထဲထည့်သွင်းမယ့် နေတန်ယာဟုအစိုးရရဲ့ အစီအစဉ်ကို အစ္စရေးပြည်သူတွေက မနေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

    ပါလက်စတိုင်းတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ တရားမဝင် ဂျူးအခြေချအိမ်ယာတွေကို ဇူလိုင်လ ၁ ရက်နေ့မှာ ပိုင်နက်ထဲသွတ်သွင်းဖို့အတွက် အစ္စရေးအစိုးရက စီစဉ်နေတာပါ။ သွတ်သွင်းမယ့် ပမာဏဟာ အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။

    ဒီအစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ အစ္စရေးပြည်သူတွေဟာ စနေနေ့မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ တစ်ချို့တွေဟာ ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းခဲ့သလို၊ ‘ကျူးကျော်မှု၊ သွတ်သွင်းမှု အလိုမရှိ၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကိုသာ အလိုရှိသည်’ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

    ဒီဆန္ဒပြမှုကို လက်ဝဲနိုင်ငံရေးအုပ်စုတွေက ဦးဆောင်ကျင်းပခဲ့ကြတာပါ။

    မကြာသေးခင်ကကောက်ယူခဲ့တဲ့ စစ်တမ်းအရ အစ္စရေးပြည်သူတွေရဲ့ ထက်ဝက်လောက်ဟာ ဇူလိုင်လ ၁ ရက်နေ့ ပါလက်စတိုင်းပိုင်နက် ၃၀ ရာခိုင်နှုန်း အစ္စရေးနိုင်ငံထဲသွတ်သွင်းမယ့် ဇူလိုင်လ ၁ ရက်နေ့အစီအစဉ်ကို ထောက်ခံတယ်ဆိုတာ တွေ့ရပါတယ်။

    အစ္စရေးရဲ့ ဒီအစီအစဉ်ကို ပါလက်စတိုင်းအာဏာပိုင်တွေကလည်း ကန့်ကွက်ထားပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတစ်ဆင့် တားဆီးဖို့လည်း ပြင်ဆင်နေပါတယ်။

    Ref: Reuters

  • လွန်ခဲ့သည့် ၅ နှစ်က ပါလက်စတိုင်း နေအိမ်အား မီးရှို့သူကို အပြစ်ရှိသည်ဟု အစ္စရေး သတ်မှတ်

    လွန်ခဲ့သည့် ၅ နှစ်က ပါလက်စတိုင်း နေအိမ်အား မီးရှို့သူကို အပြစ်ရှိသည်ဟု အစ္စရေး သတ်မှတ်

    မေ ၁၈၊ ၂၀၂၀
    M-Media

    -၂၀၁၅ ခုနှစ်က ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ပါလက်စတိုင်းမိသားစုတစ်ဦးရဲ့ နေအိမ်ကို မီးလောင်ဗုံးပစ်ကာ မီးရှို့မှုအတွက် ဂျူးအခြေချနေထိုင်သူတစ်ဦးမှာ အပြစ်ရှိတယ်လို့ အစ္စ​ရေး တရားရုံးမှာ မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

    အနောက်ဖက်ကမ်း ဒူးမားရွာမှာ မေလက ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်အတွင်း အသက် ၁၈ လအရွယ် ပါလက်စတိုင်းကလေးငယ် အလီဒါဝါဘက်ရှ်၊ သူ့ရဲ့ မိခင်နဲ့ ဖခင် စုစုပေါင်း ၃ ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ကျူးလွန်သူဟာ အသက် ၂၅ နှစ်အရွယ် Amiram Ben-Uliel ဆိုသူဖြစ်ပြီး လူမျိုးရေးမုန်းတီးမှုနဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတွေ့ရကြောင်း တရားရုံးရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ Amiram Ben-Uliel ဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက တရားမဝင် ဂျူးအခြေချအိမ်ယာမှာ နေထိုင်သူ ဖြစ်ပါတယ်။

    Ben-Uliel ဟာ လူသတ်ရန်ကြိုးပမ်းမှု စွဲချက် ၂ ခု၊ မီးရှို့မှု စွဲချက် ၂ ခုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ စွဲချက်ကိုတော့ ပလပ်ခဲ့ပါတယ်။ မီးရှို့မှုမှာ ပါဝင်ခဲ့တဲ့ အသက် မပြည့်သေးသူတစ်ဦးကိုတော့ လူသတ်မှုကနေ ပူးပေါင်းကြံစည်မှုအဖြစ် လျောချခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ အယူခံဝင်ထားပါတယ်။

    အဖြူရောင် ဘာသာရေးဦးထုပ်ဆောင်းထားပြီး၊ ဂျူးကျမ်းစာကို ချိုင်းကြားညှပ်ထားတဲ့ Amiram Ben-Uliel က​ တာဝန်ရှိသူတွေဟာ ဒီကိစ္စကို ဝန်ခံဖို့အတွက် ဖိအားပေးခဲ့တယ်လို့ တရားခွင်မှာ ပြောကြားခဲ့ပါတယ်။

    အစ္စရေးပြည်တွင်းလုံခြုံရေးအဖွဲ့ Shin Bet က ထုတ်ပြန်တဲ့ကြေငြာချက်မှာ တရားရုံးရဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ဟာ ဂျူးအကြမ်းဖက်ဝါဒ တွန်းလှန်ရေးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်လို ဖော်ပြခဲ့ပါတယ်။

    Ref: Reuters

  • ပါလက်စတိုင်းပိုင်နက်ကိုပိုင်းမည့် တရားမဝင်အခြေချအိမ်ယာသစ်တစ်ခု အစ္စရေးက ဆောက်မည်

    ပါလက်စတိုင်းပိုင်နက်ကိုပိုင်းမည့် တရားမဝင်အခြေချအိမ်ယာသစ်တစ်ခု အစ္စရေးက ဆောက်မည်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းပိုင်နက်မှ အစ္စရေး၏ ကျူးကျော်အိမ်ယာများ

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက မဟာဗျူဟာကျတဲ့နေရာတစ်ခုမှာ တရားမ၀င် ဂျူးအခြေချအိမ်ယာတွေ ဆောက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။

    လာမယ့်တစ်ပတ် အထွေထွေရွေးကောက်ပွဲရှိနေတဲ့အချိန် နေတန်ယာဟုရဲ့ ဒီစကား ပေါ်ထွက်လာတာပါ။ အနောက်ဖက်ကမ်းက မဟာဗျူဟာကျတဲ့ E1 ဒေသက အဲဒီအိမ်ယာဟာ အနောက်ဖက်ကမ်းကို နှစ်ခြမ်းခြမ်းလိုက်သလို ဖြစ်လာမှာဖြစ်ပါတယ်။

    အစ္စရေးဟာ ၂၀၁၂ ခုနှစ်ကတည်းက ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် အမေရိကန်၊ ဥရောပနဲ့ အခြား အင်အားကြီးနိုင်ငံတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

    နေတန်ယာဟုက ၆ နှစ် ၇ နှစ်လောက် ရပ်ဆိုင်းထားရတဲ့ ဒီအစီအစဉ်ကို စတင်ဖို့ အမိန့်ပေးထားပြီး အိမ်ယာပေါင်း ၃၅၀၀ လောက် ဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူဒ်းအဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူအာရ်ဒိုင်နာက နေတန်ယာဟုရဲ့ ဒီကြေငြာချက်ဟာ စည်းဖောက်မှုဖြစ်ပြီး နိုင်ငံတာအသိုင်းအ၀ိုင်းအနေနဲ့ အရေးယူလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဒါဟာ အန္တရာယ်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့လုပ်ရပ်အဖြစ် ကျွန်တော်တို့ မှတ်ယူပါတယ်”

    အစ္စရေးဟာ ၁၉၆၇ ခုနှစ်မှာ အနောက်ဖက်ကမ်းက ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ပြီး တရားမဝင် အခြေချအိမ်ယာတွေ ဆောက်လုပ်ခဲ့တာပါ။ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။

    ဘဒူအင်လူမျိုးတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုကို တားဆီးရေး ဆောင်ရွက်နေတဲ့ အန်ဂျီအိုအဖွဲ့ Jahalin Solidarity ရဲ့ ပူးတွဲဒါရိုက်တာ အန်ဂျလာ ဂွဒ်ဖရေး-ဂိုးလ်ဒ်စတိုင်းက အစ္စရေးရဲ့ ဒီအစီအစဉ်ဟာ E1 ဧရိယာမှာရှိတဲ့ ဘဒူအင်လူမျိုးတွေကို အဓမ္မပြောင်းရွှေ့တာမျိုး ဖြစ်လာပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်၌ အစ္စရေးက ရထားလမ်းဖောက်မည့်အစီအစဉ်ကို ဂျော်ဒန် ရှုတ်ချ

    ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်၌ အစ္စရေးက ရထားလမ်းဖောက်မည့်အစီအစဉ်ကို ဂျော်ဒန် ရှုတ်ချ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀
    M-Media

    -အရှေ့ဂျေရုစလင်က မွတ်စလင်တွေနဲ့ ဂျူးတွေ အထွဋ်အမြတ်ထားရာ နေရာမှာ ရထားလိုင်းတိုးချဲ့ကာ ဘူတာရုံဆောက်မယ့် အစ္စရေးရဲ့ အစီအစဉ်ကို ဂျော်ဒန်နိုင်ငံက ကန့်ကွက်လိုက်ပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ထားပေမယ့် အစ္စရေးက ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်းက‌ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု တည်ထောင်ချင်နေတာပါ။

    အစ္စရေး ပို့ဆောင်ရေးဝန်ကြီးဌာနက တလ်အဗီး-ဂျေရုစလင် မြေအောက် အမြန်ရထားလိုင်းကို အရှေ့ဂျေရုစလင်က Western Wall အထိ တိုးချဲ့သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ Western Wall အနောက်က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်နေရာတစ်ခုဖြစ်ပြီး ဂျူးတွေကတော့ ဒီနေရာကို Temple Mount လို့ ခေါ်ပါတယ်။

    ဂျေရုစလင်က ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနိကအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဂျော်ဒန်နိုင်ငံက အစ္စရေးရဲ့ ဒီအစီအစဉ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒိုင်ဖာလာ အလ်-ဖာယက်ဇ်က အစ္စရေးရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို တုန်ပြန်ရေး မိမိတို့မှာရှိနေတဲ့ တာဝန်၀တ္တရားတွေကို ကျေပွန်ကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    တလ်အဗီး-ဂျေရုစလင် ရထားလိုင်း Western Wall အထိ တိုးချဲ့မယ့်အစီအစဉ်ကို အစ္စရေးက ၂၀၁၇ ခုနှစ်မှာ ကြေငြာခဲ့တာဖြစ်ပြီး ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့တဲ့ အမေရိကန်သမ္မတထရမ့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘူတာရုံကို ထရမ့်အမည်ပေးမယ်လို့ အဲဒီတုန်းက ပို့ဆောင်ရေးဝန်ကြီး အစ္စရာအီလ် ကက်ဇ်က ပြောကြားခဲ့ပါတယ်။

    Ref: BBC