News @ M-Media

Tag: Israel

  • ယူအေအီးနှင့် အစ္စရေးတို့ သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုး

    ယူအေအီးနှင့် အစ္စရေးတို့ သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုး

    အောက်တိုဘာ ၂၁၊ ၂၀၂၀
    M-Media

    -ပြီးခဲ့တဲ့လမှာ သံတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နဲ့ အစ္စရေးတို့ဟာ မနေ့က နှစ်နိုင်ငံ သဘောတူစာချုပ် ၄ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ယူအေအီး ဘဏ္ဍာရေးဝန်ကြီး အိုဘိုက် ဟူမိတ် အလ်-တေယာနဲ့ အစိုးရအကြီးတန်းတာဝန်ရှိသူ တော်တော်များများပါဝင်တဲ့အဖွဲ့ဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဖင်မူချင်လိုက်ပါ​ပြီး မနေ့က အစ္စရေးကို သွားရောက်ခဲ့ပါတယ်။

    ကိုစားလှယ်အဖွဲ့ကို ကြိုဆိုတဲ့ မိန့်ခွန်းမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ​ဇယဒ် အလ် နဟ်ယန်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    အဲဒီ​နောက် အစ္စရေးနဲ့ ယူအေအီးတို့ဟာ ရင်းနှီးမြှု့နှံမှု တိုးမြှင့်ရေး သဘောတူညီချက်၊ သိပ္ပံနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ လေကြောင်းဆိုင်ရာ သဘောတူညီချက်နဲ့ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    ယူအေအီးဟာ အစ္စရေးနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးတဲ့ ပထမဆုံး အာရပ်နိုင်ငံ ဖြစ်လာတာပါ။

    ဒီအခမ်းအနားမှာ ‘အီဘရာဟင်ရန်ပုံငွေ’ (Abraham Fund) ထူထောင်ကြောင်း အမေရိကန် နိုင်ငံတကာ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအဖွဲ့ စီအီးအို အဒမ် ဘိုဟ်လာက ကြေငြာခဲ့ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု သဘောတူညီချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူအေအီးအစိုးရ တာဝန်ရှိသူ အဟ်မဒ် အလ်-ဆာယက်ဂျ်က ဘာသာလူမျိုးမခွဲဘဲ နှစ်နိုင်ငံစလုံးက ပြည်သူလူထု သာယာ၀ပြောရေး ဆောင်ရွက်နိုင်အောင် ရည်ရွယ်ပြီး ဒီရန်ပုံငွေကို ထူထောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးအပေါ် စီးပွားရေး သပိတ်မှောက်ထားမှုကို ယူအေအီး ရုပ်သိမ်း

    အစ္စရေးအပေါ် စီးပွားရေး သပိတ်မှောက်ထားမှုကို ယူအေအီး ရုပ်သိမ်း

    ဩဂုတ် ၃၁၊ ၂၀၂၀
    M-Media

    -အစ္စရေးအပေါ် စီးပွားရေး သပိတ်မှောက်ထားမှုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဖယ်ရှားလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ဘဏ္ဏာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

    ယူအေအီးနဲ၌ အစ္စရေးတို့ဟာ အမေရိကန်ရဲ့ ညှိနှိုင်းမှုနဲ့ ဩဂုတ်လ ၁၃ ရက်နေ့က တရား၀င် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာပါ။

    တိုင်းပြည်စတင်တည်ထောင်တဲ့ ၁၉၇၂ ခုနှစ်ကစတင်ပြီး ယူအေအီးဟာ အစ္စရေးအပေါ် စီးပွားရေးအရ သပိတ်မှောက်ထားတာ ဖြစ်ပါတယ်။ ယူအေအီးခေါင်းဆောင် ရှိခ် ခါလီဖာ ဘင် ဇယဒ် အလ် နဟ်ယန်က အစ္စရေးအပေါ် ဒီသပိတ်မှောက်မှုကို မနေ့မှာ ပယ်ဖျက်လိုက်ပါတယ်။

    ဒါ့ကြောင့် အစ္စရေးလုပ်ငန်းတွေဟာ ယူအေအီးမှာ အလုပ်လာလုပ်နိုင်မှာဖြစ်သလို၊ အစ္စရေးကုန်ပစ္စည်းတွေကိုလည်း ယူအေအီးက ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

    ဒီလိုခွင့်ပြုလိုက်ခြင်းဟာ နှစ်နိုင်ငံ စီးပွားရေနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်ဖို့အတွက် လမ်းစဉ်တစ်ခု ချမှတ်လိုက်တာ ဖြစ်တယ်လို့ ယူအေအီး နိုင်ငံပိုင်မီဒီယာ WAM က ဖော်ပြခဲ့ပါတယ်။ ဩဂုတ် ၃၁ ရက် တနင်္လာနေ့မှာ ယူအေအီးနဲ့ အစ္စရေးတို့အကြား ပထမဆုံး ကုန်သွယ်ရေးလေကြောင်းခရီးစဉ် ပြေးဆွဲမှာ ဖြစ်ပါတယ်။

    အစ္စရေးနဲ့ ယူအေအီးတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှုကို ပါလက်စတိုင်းခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေက ကန့်ကွက်ခဲ့ကြပါတယ်။

    Ref : Aljazeera

  • သမိုင်းဝင် သဘောတူညီချက်ရခဲ့သည့် အစ္စရေးနှင့် ယူအေအီးတို့ မကျေမလည် စဖြစ်

    သမိုင်းဝင် သဘောတူညီချက်ရခဲ့သည့် အစ္စရေးနှင့် ယူအေအီးတို့ မကျေမလည် စဖြစ်

    ဩဂုတ် ၂၅၊ ၂၀၂၀
    M-Media

    ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇယဒ် (ဝဲ) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ယာ)

    -အမေရိကန်ထံကနေ F-35 တိုက်လေယာဉ်ဝယ်ယူရေး ​စီစဉ်ထားတဲ့ ဆွေးနွေးပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဖျက်သိမ်းလိုက်ပြီး အစ္စရေးဝန်ကြီးချုပ်ရဲ့ ကန့်ကွက်မှုကြောင့် ဖြစ်ပါတယ်။

    ယူအေအီးက တိုက်လေယာဉ်တွေဝယ်ယူရေး ကမ်းလှမ်းမှုကို သုံးသပ်နေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့ပြီး၊ ကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကလည်း ၆ လအတွင်း သဘောတူညီချက်ရလိမ့်မယ်လို့ ဆိုပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ယူအေအီး၊ အမေရိကန်နဲ့ အစ္စရေးတို့ အခုတစ်ပတ်သောကြာနေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် ​နေတန်ယာဟုက ဒီကိစ္စကို သူမသိဘူးလို့ ပြောကြားခဲ့သလို၊ အမေရိကန်က လွှတ်တော်အမတ်တွေနဲ့တွေ့ပြီး တားဆီးသွားမယ်လို့လည်း သူ့အစိုးရအဖွဲ့ဝင်တွေကို ပြောကြားခဲ့ကြောင်း အမေရိကန်သတင်းဌာန Axios က ဖော်ပြခဲ့ပါတယ်။

    ၃ ပွင့်ဆိုင်ဆွေးနွေးမှုကို ဖျက်ပစ်လိုက်တာဟာ အစ္စရေးရဲ့ လုပ်ရပ်ကို မကျေနပ်ကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့က ရရှိခဲ့တဲ့ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ကြောင်း ယူအေအီးက အစ္စရေးကို ပြသချင်တာဖြစ်တယ်လို့လည်း Axios က ဆိုပါတယ်။

    F-35 တိုက်​လေယာဉ်တွေကို တောင်ကိုရီးယား၊ ဂျပန်နဲ့ အစ္စရေးတို့အပါအဝင် မဟာမိတ်နိုင်ငံတွေကို အမေရိကန်က ရောင်းချထားပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းမှာ အစ္စရေးက စစ်အင်အားသာလွန်ရေးဆိုတဲ့ ပေါ်လစီကြောင့် အခြားပင်လယ်ကွေ့နိုင်ငံတွေကို ရောင်းချဖို့ကိစ္စမှာ အသေအချာသုံးသပ်ဖို့ လိုအပ်နေတာပါ။

    အစ္စရေးနဲ့ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်တဲ့ ယူအေအီးရဲ့ခြေလှမ်းမှာ အမေရိကန်ထံကနေ F-35 တိုက်လေယာဉ်တွေ ဝယ်ယူရေးကိစ္စကလည်း အဓိကအချက်တစ်ချက်အဖြစ် ပါ၀င်တယ်လို့ Axios ဝဘ်ဆိုက် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • ယူအေအီးနှင့် အစ္စရေးတို့ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ရ

    ယူအေအီးနှင့် အစ္စရေးတို့ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ရ

    ဩဂုတ် ၁၃၊ ၂၀၂၀
    M-Media

    ယူအေအီးနှင့် အစ္စရေး ခေါင်းဆောင် ၂ ဦး

    -အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံနဲ့ အစ္စရေးတို့ဟာ ဒီကနေ့မှာ အပြန်အလှန် သံတမန်ဆက်ဆံရေး ထူထောင်နိုင်မယ့် သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ရရှိခဲ့ပါတယ်။

    သဘောတူညီချက်အရ အစ္စရေးဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေ သူ့ပိုင်နက်ထဲ သွတ်သွင်းတာဖို့ ကြိုးစားနေတာကို ရပ်ဆိုင်းရမှာဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုနဲ့ ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇယဒ်တို့ ဒီကနေ့မှာ ဖုန်းနဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီသဘောတူညီချက်ကို ရရှိခဲ့တာပါ။

    အိမ်ဖြူတော်တာဝန်ရှိသူတွေက အစ္စရေး၊ ယူအေအီးနဲ့ အမေရိကန်တို့ဟာ ငြိမ်းချမ်းရေးသဘောတူညီချက် ရဖို့အတွက် အရင်ကတည်းက ဆွေးနွေးနေခဲ့တာဖြစ်ပြီး သိပ်မကြာသေးခင်ကာလမှာ ဆွေးနွေးမှု ပိုမိုမြန်ဆန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဒီကနေ့ ရရှိခဲ့ပါတယ်။ မိတ်ဆွေကြီးတွေဖြစ်ကြတဲ့ အစ္စရေးနဲ့ ယူအေအီးတို့အကြား သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု ရရှိခဲ့တာပါ” လို့ သမ္မတ ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ခေါင်းဆောင် ၃ ဦး ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးနဲ့ ယူအေအီးတို့အကြား ပြည့်၀တဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ သဘောတူခဲ့ကြောင်း၊ ဒီ သံတမန်ရေး အောင်မြင်မှုဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကို ပိုမိုအားကောင်းစေမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလာရေး၊ တိုက်ရိုက်လေယာဉ်ပျံသန်းရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေးနဲ့ အခြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေအတွက် အစ္စရေးနဲ့ ယူအေအီးက ကိုယ်စားလှယ်အဖွဲ့တွေဟာ လာမယ့်သီတင်းပတ်တွေအတွင်း တွေ့ဆုံဖို့ ရှိနေပါတယ်။

    နှစ်နိုင်ငံစလုံးဟာ အပြန်အလှန် သံတမန်ခန့်အပ်တာ၊ သံရုံးဖွင့်တာတွေကိုလည်း လုပ်ဆောင်သွားမှာပါ။

    Ref: Reuters

  • အစ္စရေးတွင် ဂျူးဘုရားကျောင်း၊ အရက်ဘားအဖြစ် အပြောင်းခံထားရသည့် ဗလီ အများအပြား ရှိနေ

    အစ္စရေးတွင် ဂျူးဘုရားကျောင်း၊ အရက်ဘားအဖြစ် အပြောင်းခံထားရသည့် ဗလီ အများအပြား ရှိနေ

    ဇူလိုင် ၃၀၊ ၂၀၂၀
    M-Media

    -အစ္စရေးမှာ ဗလီဝတ်ကျောင်းတော် အနည်းဆုံး ၇၀ ကျော်လောက် ဖျက်ဆီးခံရတာ၊ ဂျူးဘုရားကျောင်း၊ စားသာက်ဆိုင်၊ အရက်ဘား၊ ကပွဲရုံတွေအဖြစ် ပြောင်းလဲခံခဲ့ရတယ်လို့ မကြာသေးခင်က စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

    ဒီစစ်တမ်းကို အစ္စရေးမှာရှိတဲ့ အာရပ်ရေးရာကော်မတီ ပြုစုထုတ်ပြန်တာပါ။ ၏

    ဥရောပကနေ ဝင်လာတဲ့ ဂျူးတွေက ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက အနည်းဆုံး ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅ လုံးလောက်ကို ဂျူးဘုရားကျောင်းအဖြစ် ပြောင်းလဲခဲ့တယ်ဆိုတာ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ဗလီ အလုံး ၄၀ လောက် ဖျက်ဆီးခံရပြီး အရက်ဘား၊ စားသောက်ဆိုင်၊ ကပွဲရုံ ဒါမှမဟုတ် ပြတိုက်အဖြစ် ပြောင်းခံထားရတဲ့ ဗလီက ၁၄ လုံးလောက် ရှိနေပါတယ်။

    “ပါလက်စတိုင်းတွေ ထွက်ပြေးရတဲ့ Nakba ဖြစ်ရပ်အပြီးမှာ ပါလက်စတိုင်းရွာပေါင်း ၅၃၉ ရွာ ဖျက်ဆီးခံခဲ့ရပါတယ်။ ဗလီတွေအပါအဝင် ပါလက်စတိုင်းတွေရဲ့ အဆောက်အဦးအားလုံးဟာ အစ္စရေးအာဏာပိုင်တွေရဲ့ ခံတွင်း၀ကို သက်ဆင်းခဲ့ရပါတယ်” လို့ ကော်မတီအကြီးအကဲ ကမားလ် ခါတစ်ဘ်က ပြောကြားခဲ့ပါတယ်။

    ဂျူးတွေက ပါလက်စတိုင်းနယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံထူထောင်တဲ့ အဖြစ်အပျက်ကို ပါလက်စတိုင်းတွေက Nakba လို့ ခေါ်ဝေါ်သမုတ်ပါတယ်။

    တိုက်ခိုက်မှုကြောင့် ထွက်ပြေးရတဲ့ ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ လယ်ယာမြေတွေကို သိမ်းဆည်းဖို့ အစ္စရေးအစိုးရက ဥပဒေပြဌာန်းထားတာကို ခါတစ်ဘ်က ထောက်ပြခဲ့ပြီး သုဿာန်တွေအပါအဝင် ပါလက်စတိုင်းတွေရဲ့ အမှတ်သညာတွေ၊ သမိုင်းအမွေအနှစ်တွေကို အစ္စရေးအစိုးရက အလေးမထားဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

    ဝတ်ပြုရာနေရာတွေ ပြန်လည်ရရှိရေး ပါလက်စတိုင်းတွေက ကြိုးစားခဲ့ပေမယ့် အစ္စရေးအစိုးရက အဆင့်ဆင့် တားဆီးပိတ်ဆို့ခဲ့တယ်လို့လည်း ခါတစ်ဘ်က ဆိုပါတယ်။

    ဗလီတွေကို တစ်ခြားနေရာတွေအဖြစ် ပြောင်းပစ်တယ်ဆိုတဲ့ သတင်းတွေကို အစ္စရေးအစိုးရက ငြင်းဆိုပါတယ်။

    ၂၀၁၅ ခုနှစ် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း အစ္စရေးမှာရှိတဲ့ ဗလီအရေအတွက်ဟာ ၅ ဆ များလာကြောင်း၊ အစ္စရေးမှာနေထိုင်တဲ့ မွတ်စလင်တွေ ဝတ်ပြုရာနေရာ တည်ဆောက်နိုင်ဖို့အတွက် အစိုးရက ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ပြီး၊ ဗလီ ၁၀၀ ကျော်က ရှေ့ဆောင်အီမာမ်တွေကိုလည်း အစိုးရက လခပေးထားကြောင်း ဖော်ပြထားပါတယ်။

    ခါသစ်ဘ်က ဒီပြောကြားမှုကို ငြင်းပါတယ်။ အစ္စရေးမှာရှိတဲ့ ဘယ်ဗလီကိုမှ အစ္စရေးအစိုးရက ဆောက်ပေးတာမရှိဘဲ ဘာသာဝင်တွေရဲ့ လှူဒါန်းငွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ကြောင်း၊ ရှေ့ဆောင်အီမာမ်တွေကိုလည်း ဗလီဂေါပကအဖွဲ့ကသာ လခပေးတာဖြစ်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျူးဘုရားကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ အရက်ဘားတွေ၊ ကပွဲရုံတွေအဖြစ် ပြောင်းလဲခံလိုက်ရတဲ့ ဗလီ​တွေထဲမှာ အစ္စရေးနို်ငငံမြောက်ပိုင်း စဖဒ်မြို့က al-Ahmar ဗလီ၊ ကေဆာရီယာမြို့က al-Jadid ဗလီ၊ ဟိုက်ဖာနဲ့ ဂျက်ဖာမြို့တွေက Ayn Hawd Mosque နဲ့ al-Siksik ဗလီ၊ စတဲ့ ထင်ရှားတဲ့ ဗလီတွေ ပါဝင်ပါတယ်။

    Ref: Daily Sabah