News @ M-Media

Tag: israeli-raids-gaza

  • ဒုက္ခသည်များ ခိုလှုံနေသော UN ဖွင့်ထားသည့် စာသင်ကျောင်း အစ္စရေး ထပ်မံတိုက်ခိုက်

    ဒုက္ခသည်များ ခိုလှုံနေသော UN ဖွင့်ထားသည့် စာသင်ကျောင်း အစ္စရေး ထပ်မံတိုက်ခိုက်

    ဒုက္ခသည်များ ခိုလှုံနေသော UN စာသင်ကျောင်း အစ္စရေး တင့်ကားဖြင့်ပစ် အနည်းဆုံး ၁၉ ဦးသေဆုံး၊ စုစုပေါင်းသေဆုံးသူ ပါလက်စတိုင်း ၁၃၀၀ ကျော်ပြီ

    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media

    mideast-israel-palestinians-conflict

    – ဂါဇာကမ်းမြှောင် ဂျာဘာလီယာဒေသတွင် ကယ်ဆယ်ရေးစခန်းအဖြစ် ပြုလုပ်ထားသော ကုလ၏ စာသင်ကျောင်းတစ်ခုသို့ အစ္စရေးက ယနေ့တွင် အမြှောက်ဖြင့်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၉ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    လူပေါင်း ၃၃၀၀ ကျော်နေထိုင်နေကြသည့် အဆိုပါကျောင်းသို့ အမြှောက်ဖြင့် ပစ်ခတ်မှုတွင် ရေချိုးခန်းနှင့် စာသင်ခန်းနှစ်ခုကို ထိမှန်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုမှာ ကုလစာသင်ကျောင်းများသို့ တစ်ပတ်အတွင်း အစ္စရေးက ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ယနေ့တိုက်ခိုက်မှုများတွင် ဂါဇာပြည်သူ ၅၃ ဦးသေဆုံးခဲ့ပြီး၊ ယမန်နေ့ တိုက်ခိုက်မှုများတွင်လည်း ၁၂၀ ကျော်သေဆုံးခဲ့ကာ ၂၃ ရက်ကြာမြင့်ပြီဖြစ်သည့် ဂါဇာဒေသအား အစ္စရေးတို့က ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးသူ အရေအတွက်မှာ ၁၃၂၅ အထိ ရှိလာပြီဖြစ်သည်။

    ကုလ၏ ပါလက်စတိုင်းဒေသ ကယ်ဆယ်ရေး အေဂျင်ဆီ UNRWA မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိုဖာ ဂန်းနက်စ်ကမူ အစ္စရေး၏ ထိုလုပ်ရပ်အား “နိုင်ငံတကာနှင့်ချီသည့် ရှက်ဖွယ်လိလိ ကိစ္စရပ်” ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အစ္စရေးစစ်တပ်ကိုလည်း အပြစ်တင်ခဲ့သည်။

    “အခင်းဖြစ်ပွားရောနေရာကို ကျွန်တော်တို့သွားရောက်ခဲ့ပြီး အထောက်အထားတွေကို စုဆောင်းခဲ့ပါတယ်။ ပျက်ဆီးခဲ့တဲ့ အစိတ်အပိုင်းတွေ၊ ဗုံးဆံကျရောက်ခဲ့တဲ့ ချိုင့်ခွက်တွေနဲ့ အခြား ပျက်ဆီးမှုတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။ လောလောဆယ် ကျွန်တော်တို့ အတည်ပြုခဲ့တာကတော့ ဒုက္ခသည် ၃၃၀ ခိုလှုံတဲ့ စာသင်ကျောင်းကို အစ္စရေးက အမြောက်နဲ့ ပစ်လိုက်တယ်ဆိုတာပါပဲ။ အစ္စရေး စစ်တပ်ရဲ့ နိုင်ငံတကာ ဥပဒေကို ဆိုးရွားစွာ ချိုးဖောက်တဲ့ ဒီလုပ်ရပ်ကို ကျွန်တော်ရှုတ်ချပါတယ်” ဟု ဂန်းနက်က ပြောကြားခဲ့သည်။

    အစ္စရေး၏ ထိုလုပ်ရပ်များအား ချက်ခြင်းရပ်တန့်ရေး နိုင်ငံတကာက သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်ရန် အတွက်လည်း ၎င်းက ထည့်သွင်းတိုက်တွန်းခဲ့သည်။

    အစ္စရေးကမူ ယခင်ကပြောဆိုခဲ့သည့်အတိုင်း ထိုစာသင်ကျောင်း၏ အနီးအနားပတ်ဝင်းကျင်မှ ဟားမက်စ်တို့က မော်တာများဖြင့် ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

    ထိုစာသင်ကျောင်းတွင် ခိုလှုံနေကြသူများကလည်း မည်သည့်အတွက်ကြောင့် အစ္စရေးက ထိုကဲ့သို့ တိုက်ခိုက်ခဲ့သည်ကို မသိကြောင်း ပြောကြားခဲ့ပြီး ကုလ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်သူများ အကြား ခြောက်ခြားမှုများဖြစ်ပေါ်စေသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ဆေးရုံးကို ကားမောင်းနေတဲ့အချိန်မှာ ကလေးအများကြီးပါတဲ့ မိသားစုတစ်ခု (ကယ်ဆယ်ရေးစခန်းလုပ်ထားတဲ့) ကုလရဲ့ အခြားစာသင်ကျောင်းတစ်ခုက ထွက်ခွာသွား တာကို တွေ့လိုက် ရပါတယ်။ လုံခြုံမှုမရှိဘူးလို့ သူတို့ ခံစားနေရပါတယ်။ ကုလရဲ့ စာသင်ကျောင်းတွေမှာတောင်မှ သူတို့အတွက် မလုံခြုံဘူးလို့ ထင်နေပုံပါပဲ” ဟု အလ်ဂျာဇီးရား သတင်းထောက်က သတင်းပေးပို့ခဲ့သည်။

    အစ္စရေး၏ ၂၃ ရက်တာ တိုက်ခိုက်မှုအတွင်း သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြပြီး ဒဏ်ရာရရှိသူ တစ်သောင်းနီးပါးရှိနေသည်။ အိုးအိမ်စွန်ခွာ ထွက်ပြေးရသူ အရေအတွက်မှာလည်း အနည်းဆုံး ၁၈၀၀၀၀ ရှိနေပြီး ကုလ၏ စာသင်ကျောင်း ၈၀ ခန့်တွင် ခိုလှုံနေရသည်။

    Al Jazeera and agencies

  • ဂါဇာကို ကျူးကျော်မှု ဆန့်ကျင်သည့် လက်တင်အမေရိက ၅ နိုင်ငံမှ အစ္စရေးဆိုင်ရာ သံအမတ်များ ပြန်ခေါ်ပြီ

    ဂါဇာကို ကျူးကျော်မှု ဆန့်ကျင်သည့် လက်တင်အမေရိက ၅ နိုင်ငံမှ အစ္စရေးဆိုင်ရာ သံအမတ်များ ပြန်ခေါ်ပြီ

    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media

    000_Nic6355908-e1406682814479
    အစ္စရေး လေတပ်မှ ဂါဇာကို ဗုံးကြဲတိုက်ခိုက်မှု ဇူလိုင် (၂၉) တွင် တွေ့ရပုံ ၊ လူပေါင်း ၁၃၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။

    ဂါဇာကမ်းမြှောင်ဒေသအတွင်း အစ္စရေးတို့၏စစ်ဆင်ရေးကို ကန့်ကွက်သည့်အနေဖြင့် အစ္စရေးဆိုင်ရာ မိမိတို့၏သံအမတ်အား ဘရာဇီး၊ ချီလီ၊ အီကွေဒေါ နှင့် ပီရူးနိုင်ငံတို့မှ ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်သည်။

    ဗုဒ္ဓဟူးနေ့က တဲလ်အဗစ်မှ မိမိ၏အစ္စရေးဆိုင်ရာ သံအမတ်အား အလ်ဆလ်ဗေဒိုနိုင်ငံ က ဂါဇာရှိ အစ္စရေးစစ်ဆင်မှုကို ကန့်ကွက်သဖြင့် ပြန်လည်ခေါ်ယူလိုက်သဖြင့် အလ်ဆလ်ဗေဒိုနိုင်ငံ သည် အစ္စရေးဆိုင်ရာ သံအမတ်အား ပြန်လည်ခေါ်ယူလိုက်သည့် ပဉ္စမမြောက် လက်တင် အမေရိကနိုင်ငံ ဖြစ်လာခဲ့သည်။

    အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ယီဂါ ပါးမားက သံအမတ်တို့ကို ပြန်လည်ခေါ် ယူခြင်းသည် ဟားမတ်စ်တို့ကို အားပေး အားမြှောက်ပြုခြင်းဖြစ်ကြောင်း ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

    ချီလီနိုင်ငံခြားရေးဝန်ကြီးက မိမိတို့ရဲ့ သံအမတ် Jorge Montero ကို ပြန်လည်ခေါ်ယူခဲ့ကြောင်း စင်သီယာဂိုမှာ ပြောကြားခဲ့သည်။

    “ အဲ့ဒီလို စစ်ဆင်ရေးမျိုးကို ချီလီနိုင်ငံမှ အလွန်အမင်း စိုးရိမ်မိတယ်၊ စိတ်အပျက်ကြီး ပျက်ရပါတယ်။ ဒီထက်ဆိုးလာရင်တော့ ဂါဇာက ပါလက်စတိုင်း အရပ်သားတွေ အစုလိုက်အပြုံလိုက်ကို နှိပ်စက် ဒဏ်ခတ်ရာ ရောက်ခြင်း ဖြစ်စေတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားရေး အခြေခံစည်းမျဉ်းများကို မလေးစား မလိုက်နာတာပဲ ဖြစ်ပါတယ်” ဟု ဆိုကာ အစ္စရေးတို့၏တိုက်ခိုက်မှု ၂၃ ရက်မြောက်(ဗုဒ္ဓဟူးနေ့)တွင် သာမန်အရပ်သားများ အပါအ၀င် လူပေါင်း (၁၀၀၀)ကျော် သတ်ဖြတ်ခံခဲ့ ရပြီးဖြစ်ကြောင်း ထောက်ပြခဲ့သည်။

    အစ္စရေးရှိ အရပ်သားများကို ထိခိုက်စေသည့် ဟားမတ်စ်တို့၏ ဒုံးကျည် ပစ်လွှတ်မှုအပေါ် ရှုတ်ချခဲ့သော်လည်း “ဂါဇာမှ လုပ်နေတဲ့ စစ်ဆင်ရေးရဲ့ အတိုင်းအတာနဲ့ပြင်းထန်မှုက မိမိကိုယ်ကို ခုခံကာကွယ်ရေး ဆိုတာထက် ဘောင်ကျော်ပြီး၊ တရားမျှတစွာအင်အားသုံးတုံ့ပြန်ခြင်းဆိုင်ရာ အခြေခံမူကို
    ချိုးဖောက်နေခြင်းဖြစ်တယ်။ ဂါဇာမှာ အနိဌာရုံဖန်တီးနေမှုကို ချက်ခြင်းရပ်စဲပါ ” ဟုလည်း ၎င်းကဆိုသည်။

    လီမာတွင်ရှိသော ပီရူးနိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ဂါဇာ၌ပြုလုပ်နေသည့် အစ္စရေးတို့၏ စစ်ဆင်ရေးကို ရှုတ်ချကြောင်း အလားတူ ထုတ်ပြန်ခဲ့သည်။

  • အစ္စရေးကြောင့် ဂါဇာဒေသ ငြိမ်းချမ်းရေး အလှမ်းဝေးနေဆဲ၊ ကမ္ဘာတစ်ဝှမ်း အစ္စရေးဆန့်ကျင်ရေး တိုးလာ

    အစ္စရေးကြောင့် ဂါဇာဒေသ ငြိမ်းချမ်းရေး အလှမ်းဝေးနေဆဲ၊ ကမ္ဘာတစ်ဝှမ်း အစ္စရေးဆန့်ကျင်ရေး တိုးလာ

    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media

    000_Nic6355908-e1406682814479
    – ၂၅ ရက်မြောက်လာပြီဖြစ်သည့် ဂါဇာဒေသအား အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှု ရပ်တန့်ရေး သံတမန်နည်းလမ်းအရ ဆက်လက် ဆောင်ရွက်နေသော်လည်း ထူးခြားမှု မရှိဘဲ ဂါဇာတစ်ဝှမ်း ယနေ့ တိုက်ခိုက်မှုတွင်လည်း အနည်းဆုံး ပါလက်စတိုင်း ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ငြိမ်းချမ်းရေး အတွက် အစ္စရေး ကတ်ဘိနက်က ယနေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဟားမက်စ်၏ မြေအောက် လှိုဏ်ခေါင်းများကို အစ္စရေးစစ်တပ်မှ အားလုံး မဖျက်ဆီးသ၍ မည်သည့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကိုမှ လက်မခံဟု ပြောကြားခဲ့သည်။

    ဟားမက်စ်တို့၏ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကို ရပ်တန့်ရန်ဟုဆိုကာ ပြုလုပ်ခဲ့သည့် ဂါဇာဒေသသို့ ကျူးကျော်တိုက်ခိုက်မှု အတွင်း လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ကုလ၏ အဆောက်အဦးများကို အစ္စရေးမှ ပစ်မှတ်ထားခဲ့ခြင်းအတွက် ကုလလူ့အခွင့်အရေး အကြီးအကဲ နဗီး ပီလေးက ယနေ့တွင် ရှုတ်ချလိုက်ပြီး၊ နိုင်ငံတကာဥပဒေများကို ရည်ရွယ်ချက်ရှိရှိ တမင်ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေး၏ လုပ်ရပ်များမှာ စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ ရနေပြီဟု ပီလေးက ယခင်ကလည်း ပြောဆိုထားသည်။

    အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူ ပါလက်စတိုင်းအရေအတွက်မှာ ယနေ့အချိန်အထိ ၁၃၇၁ ဦးရှိလာပြီဖြစ်ပြီး ၈၀ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ကာ ဒဏ်ရာရရှိသူမှာ ၇၇၀၀ ကျော်ရှိနေသည်။ အစ္စရေးမှ ဂါဇာသို့ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၅၈ ဦးသေဆုံးခဲ့သည်။

    ကုလ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ ဗလာရီအေမို့စ်ကလည်း ပါလက်စတိုင်း ၁.၈ သန်းမှာ ၎င်းတို့၏အမိမြေတွင် ဒုက္ခသည်ဘ၀ရောက်နေသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများအတွင်း အိမ်ရာပေါင်း ၉၀၀၀ ကျော်၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦး ၂၄ ခုကို ပျက်စီးခဲ့ရပြီဟု ထည့်သွင်းပြောကြာခဲ့သည်။

    အစ္စရေး၏ ထိုလုပ်ရပ်များအတွက် နိုင်ငံတကာတွင် ရှုတ်ချမှုများ ပိုမိုများပြားလာခဲ့ပြီး ဘရာဇီးလ် အပါအ၀င် တောင်အမေရိက နိုင်ငံအချို့မှာ အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခြင်း၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်းတို့အထိပါ ဆောင်ရွက်လာကြသည်။

    Al Jazeera

  • ပါလက်စတိုင်း ဒုက္ခသည် စာသင်ကျောင်း အစ္စရေး အမြှောက်ဖြင့်ပစ်၍ လူ ၃၀ ကျော်သေဆုံး

    ဇူလိုင် ၂၅ ၊ ၂၀၁၄
    M-Media
    Israeli-shells-hit-UN-shelter-in-Gaza
    – အိုးအိမ်စွန့်ခွာထွက်ပြေးလာရသည့် ဂါဇာ ဒုက္ခသည်များအတွက် ကုလမှ ဖွင့်လှစ်ထားသော  အစ္စရေးက ယနေ့တွင် အမြောက်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည်ဟု သိရသည်။

    ဘီအစ်ဟန်နွန်ဒေသရှိ စာသင်ကျောင်းဖြစ်ပြီး၊ အစ္စရေးက ကြိုတင်သတိပေးခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီရေးအဖွဲ့ UNRWA မှ ဒါရိုက်တာ ရောဘတ် တာနာက အလ်ဂျာဇီးရားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုမဖြစ်ပွားခင် အချိန် အနည်းငယ်အလိုကပင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ပါလက်စတိုင်းများအား ထိုကျောင်းတွင် နေရာပေးမည်ဟု အစ္စရေးတပ်ကို အကြောင်းကြားထားခဲ့သည်ဟု တာနာက ထည့်သွင်းပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း လူ ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်။

    “ဒီစာသင်ကျောင်းဟာ သေချာစီမံထားတဲ့ အရေးပေါ်ကယ်ဆယ်ရေးစခန်းပါ။ အစ္စရေးတွေကိုလည်း အသိပေးထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ သုံးရက်အတွင်း ကျွန်တော်ရဲ့ ကယ်ဆယ်ရေးစခန်းတွေကို လေးကြိမ်မြောက်တိုက်ခိုက်မှုပါပဲ” ဟု တာနာကဆိုသည်။

    ဟားမက်စ်အဖွဲ့ဝင်များ ပုန်းအောင်းနေပြီး၊ လက်နက်များ သိမ်းဆည်းထားသည်ဟုဆိုကာ ကယ်ဆယ်ရေးစခန်းများအဖြစ် ပြုလုပ်ထားသည့် ဂါဇာရှိ ကုလ စာသင်ကျောင်းများကို အစ္စရေးက ယခင်ကလည်း တိုက်ခိုက်ခဲ့ဖူးသည်။

    သို့သော်လည်း ယခုတိုက်ခိုက်ခံခဲ့ရသည့် စာသင်ကျောင်းနားတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုမှ မရှိဟု တန်နာက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ရောက်ရှိခဲ့သည် ကမားလ် အဒ်ဝန်ကလည်း ထိုနေရာမှာ လုံခြုံသည်ဟု ပြောကြားထားသောကြောင့် မိမိတို့ထိုင်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်ကျိန်ပြောရဲပါတယ်။ အဲဒီမှာ တိုက်ခိုက်ရေးသမား တစ်ယောက်တောင် မရှိပါဘူး။ အဲဒီစာသင်ကျောင်းကနေ သေနတ်သံတစ်ချက်တောင် မထွက်ခဲ့ပါဘူး။ သူတို့ဘာလို့ ကျောင်းကို တိုက်ခိုက်ခဲ့တာလဲ။ ဘာ့ကြောင့်လဲ” ဟု ကမားလ်ကဆိုသည်။

    ဇွန်လ ၈ ရက်နေ့မှ စတင်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုမှာ ၁၇ ရက်ရှိလာပြီဖြစ်ပြီး ပါလက်စတိုင်း ၇၃၀ သေဆုံးခဲ့ကာ အများစုမှာ အရပ်သားများဖြစ်ကြသည်။ ဒဏ်ရာရရှိသူမှာ ၄၆၀၀ ကျော်ရှိပြီး သောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ နဗီးပီလေးကမူ အစ္စရေး၏ ထိုလုပ်ရပ်မှာ စစ်ရာဇ၀တ်မှုမြောက်နေပြီဟု ယမန်နေ့က ပြောကြားခဲ့သည်။

    Ref:Al Jazeera

  • ဂါဇာအတွက် အစ္စရေးကုန်ပစ္စည်းများကို တူရကီ သပိတ်မှောက်မည်

    ဇူလိုင် ၂၄၊ ၂၀၁၄
    M-Media
    188562_newsdetail
    – ပါလက်စတိုင်း အရပ်သား ရာနှင့်ချီသေဆုံးခဲ့သည့် ဂါဇားအား အစ္စရေးမှ ကျူးတော်တိုက်ခိုက်မှုကို ဆန့်ကျင်သော အနေဖြင့် ဆိုရှယ်မီဒီယာများတွင် စတင်ခဲ့သည့် အစ္စရေးကုန်ပစ္စည်းသပိတ်မှောက်ရေး လှုပ်ရှားမှုတွင် တူရကီရှိ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံအာဏာပိုင်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

    ဂါဇာပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသည့်အနေဖြင့် မြို့တော် အစ္စတန်ဘူလ်မှ အစပြုကာ မြို့ငယ်လေးများအထိ အုပ်ချုပ်ရေးအဖွဲ့များမှာ အစ္စရေးထုတ်ကုန်ပစ္စည်းများနှင့် အစ္စရေးနှင့် အဆက်အသွယ်ရှိသည့် ကုမ္ပဏီများမှ ကုန်ပစ္စည်းများကို မ၀ယ်ယူရန် ပြည်သူများအား တိုက်တွန်းထားသည်။

    ထို့ပြင် ထိုလှုပ်ရှားမှုတွင် အခြားသော မြို့နယ် ၁၂ ခုကလည်း ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အချို့သော ကုန်ပစ္စည်းများကို ကော်ဖီဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဒေသတွင်း အစိုးရက စီစဉ်ပေးထားသည့် အပန်ဖြေနေရာများတွင် ရောင်းချမည်မဟုတ်ဟု ကြေညာခဲ့သည်။

    အစ္စရေးထုတ်ကုန်များကို တူရကီတွင် သပိတ်မှောက်မှုမှာ ၂၀၁၀ ခုနှစ်တွင် ဂါဇာသို့သွားသည့် အကူအညီပေးရေးသင်္ဘောအား အစ္စရေးက တိုက်ခိုက်မှုကြောင့် တူရီနိုင်ငံသား ၉ ဦးနှင့် တူရကီ-အမေရိကန် ၁ ဦး စုစုပေါင်း ၉ ဦး သေဆုံးပြီးနောက်ပိုင်း အကြီးဆုံး သပိတ်မှောက်မှုလည်းဖြစ်သည်။

    တူရကီမှ သပိတ်မှောက်မည့် အစ္စရေးထုတ်ကုန်များတွင် ကိုကာကိုလာအချိုရည်လည်း ပါဝင်မည်ဖြစ်ပြီး၊ အစ္စရေး ထုတ်ကုန်ပစ္စည်းများ သို့မဟုတ် အစ္စရေးအစိုးရနှင့် အဆက်အသွယ်ရှိသည်ဟု ယုံကြည်ရသည့် ကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများစာရင်းကို စာရင်းပြုစုကာ Facebook နှင့် Twitter စာမျက်နှာများတွင် တူရကီပြည်သူများက မျှဝေခဲ့ကြသည်။

    စူပါမားကတ်များနှင့် စတိုးဆိုင်များအနေဖြင့် အစ္စရေး၏ ကုန်ပစ္စည်းများ သပိတ်မှောက်ရေးကို ပြီးခဲ့သည့် တနင်္ဂနွေနေက ပြည်သူများမှ တိုက်တွန်းခဲ့ပြီး တူရကီရှိ စီးပွားရေးလုပ်ငန်းပေါင်း ၁.၅ သန်း ပါဝင်ဖွဲ့စည်းထားသည့် TESK အဖွဲ့ကလည်း ၎င်းတို့၏ အဖွဲ့ဝင်များ အစ္စရေးကုန်ပစ္စည်း သပိတ်မှောက်ရေးကို လာမည့် တနင်္လာနေ့တွင် တိုက်တွန်းသွားရန် ရှိနေသည်။

    ထိုလှုပ်ရှားမှုများမှတစ်ဆင့် ၎င်းတို့အား ပစ်မှတ်ထားလာမည်ကို တူရကီနိုင်ငံသား ဂျူးများက စိုးရိမ်နေကြပြီး တူရကီသမ္မတ အာဒိုဂန်ကမူ နိုင်ငံသားဂျူးများအပေါ် ဆိုးဝါးသော ဆက်ဆံမှုများကို လက်ခံသွားမည်မဟုတ်ဟု သပိတ်မှောက်ရေးလှုပ်ရှားမှု စတင်သည့်နေ့ကပင် ပြောကြားခဲ့သည်။

    “တူရကီနိုင်ငံသား ဂျူးတွေပေါ် ဆိုးရွားတဲ့ ပြုမူဆက်ဆံမှုမျိုးကို လက်ခံမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံသားတွေဖြစ်တဲ့အတွက် ကြောင့်ပါပဲ” ဟု အာဒိုဂန်က ဆိုသည်။

    သပိတ်မှောက်မည့် ကုပစ္စည်းများစာရင်းတွင် ပါဝင်သည့် အချို့ကုမ္ပဏီများကမူ အစ္စရေးနှင့် ဆက်သွယ်မှုရှိသည်ဆိုသည့် စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် Diesel ကုမ္ပဏီလည်း တစ်ခုအပါဝင်ဖြစ်ပြီး မိမိတို့အနေဖြင့် အစ္စရေးနှင့် ဆက်သွယ်မှုမရှိကြောင်းကို လိုအပ်ပါက လူသိရှင်ကြား အသေးစိတ်ချပြမည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးမှ ဂါဇာအား ကျူးကျော်တိုက်ခိုက်မှုများမှာ ယနေ့ဆိုလျှင် ၁၇ ရက်ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၆၀၀ ကျော်လာကာ ဒဏ်ရာရရှိသူမှာ ၄၀၀၀ ကျောိနေသည်။

    Ref:Today’s Zaman