News @ M-Media

Tag: israeli-raids-gaza

  • ၇၂ နာရီ အပစ်ရပ်ပြိးနောက် ဂါဇာကို အစ္စရေး တိုက်ခိုက်၊ ဟားမက်စ်မှလဲ ဒုံးကျည်များပစ်လွှတ်

    သြဂုတ် ၈ ၊ ၂၀၁၄
    M-Media
    gaza-ceasefire
    – ဂါဇာကမ်းမြှောင် သုံးရက်ကြာအပစ်ရပ်ရေး ယနေ့တွင် ပြည့်သွားခဲ့ပြီးနောက် အစ္စရေးမှာ ဒုံးကျည်များ အဝေးပစ် အမြှောက်များဖြင့် ယနေ့တွင် ပြန်လည်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုများလည်းရှိခဲ့သည်။

    ဂါဇာစီးတီးသို့ တိုက်ခိုက်မှုအတွင်း ၁၀ နှစ်သားအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး အနည်းဆုံ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။

    လနှင်ချီ၍ ကြာမြင့်နေပြီဖြစ်သည့် တိုက်ခိုက်မှုအတွက် ရေရှည်ခံမည့် အဖြေတစ်ခု ရရှိရန် အီဂျစ်မှ ကြားဝင်ကာ ကိုင်ရိုတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် တိုးတက်မှုမရသောကြောင့် ယခုကဲ့သို့ အပစ်ရပ်ရေး ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

    ပါလက်စတိုင်းဖွဲ့များနှင့် ဆွေးနွေးမှုကို ယနေ့နံနက်အထိ ပြုလုပ်နေသော်လည်း အပစ်ရပ်ရေးသက်တမ်းမကုန်ဆုံးမီအချိန်တွင် အစ္စရေးမှာ ဆွေးနွေးပွဲမှ ထွက်သွားခဲ့သည်။ ဂါဇာအား ၈ နှစ်ကြာ ပိတ်ဆို့ထားမှုကို အဆုံးသတ်ရန်၊ အစ္စရေးက မတရားဖမ်းဆီးထားသည် ပါလက်စတိုင်း အကျဉ်းသား ၁၂၅ ဦးကို ပြန်လည် လွှတ်ပေးရန်တို့ အပါအ၀င် ဟားမက်စ်တို့၏ တောင်းဆိုမှုများကို အစ္စရေးက လက်ခံခြင်းမရှိခဲ့ပေ။

    ဟားမက်စ်တို့ကလည်း အစ္စရေးဘက်သို့ ဒုံးကျည် ၃၀ ကျော်ပစ်လွှတ်ခဲ့ပြီး ၃ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကာ အစ္စရေးနှစ်ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု အစ္စရေး စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

    အစ္စရေးက ပြန်လည်တိုက်ခိုက်မှုများကြောင့် ဂါဇာစီးတီးအရှေ့ပိုင်းရှိ ဒေသခံ ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    အပစ်ရပ်ရေးစတင်ခဲ့သည့် အင်္ဂါနေ့တွင် အစ္စရေးစစ်တပ်များအားလုံး ဂါဇာမှ ဆုတ်ခွာခဲ့သော်လည်း နယ်စပ်တွင် ရှိနေကာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်ရန် အဆင်သင့် ဖြစ်နေသည်။

    သီတင်းပတ် လေးပတ်တာ ကြာမြင့်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက်မှာ ၁၈၉၃ ဦးရှိပြီး ၇၃ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ကြကာ အများစုမှာ ကလေးများဖြစ်ကြသည်ဟု ကုလမှ သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးဘက်ကမူ ၆၇ ဦးသေဆုံးခဲ့ပြီး ထိုအထဲမှ ၆၄ ဦးမှာ ဂါဇာသို့ ကျူးကျော်တိုက်ခိုက်ခဲ့သည့် စစ်သားများဖြစ်ကြသည်။

    Al Jazeera and agencies

  • တောင်းဆိုမှုများ မလိုက်လျောလျင် အပစ်ရပ်ရေး သက်တမ်း မတိုးဟု ဟားမက်စ်ပြော

    တောင်းဆိုမှုများ မလိုက်လျောလျင် အပစ်ရပ်ရေး သက်တမ်း မတိုးဟု ဟားမက်စ်ပြော

    သြဂုတ် ၇ ၊ ၂၀၁၄
    M-Media

    201487104840578580_20
    ဂါဇာ ပြန်လည်တည်ဆောက်ရေးအတွက် ကုလ အထွေထွေ အတွင်းရေးမှူးချူပ်မှ နိုင်ငံတကာကို အကူညီတောင်းထားပါတယ်။

    ပါလက်စတိုင်းတို့၏ အချုပ်အခြာအတွက် မိမိတို့တောင်းဆိုထားသော တောင်းဆိုချက်များအား လိုက်လျောခြင်းမပြုပါက အပစ်ရပ်ရေး သက်တမ်းထပ်တိုးမည်မဟုတ်ဟု ဟားမက်စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ရဒ်ဝန်က ပြောကြားလိုက်သည်။

    အီဂျစ်မှ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရရှိခဲ့သည့် ဂါဇာဒေသ သုံးရက်ကြာ အပစ်ရပ်ရေးမှာ မနက်ဖြန်တွင် ပြည့်တော့မည်ဖြစ်ပြီး၊ လုံးဝငြိမ်းချမ်ရေးအတွက် ကိုင်ရိုတွင် ဟားမက်စ်နှင့် အစ္စရေးတို့မှ ကိုယ်စားလှယ်အဖွဲ့များက တစ်ဆင့်ခံဆွေးနွေးမှုများ ပြုလုပ်နေသည်။

    ဟားမက်စ်တို့ကမူ ဂါဇာဒေသအား အစ္စရေးတို့က ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန်တောင်းဆိုထားပြီး၊ ပါလက်စတိုင်း ပြည်သူများကလည်း အစ္စရေး၏ ကျူးကျော်အိမ်ရာများရပ်တန့်ရေး၊ မတရားဖမ်းဆီးထားသော ပါလက်စတိုင်းများအား ပြန်လွှတ်ပေးရေးနှင့် ပါလက်စတိုင်းပိုက်နက်များအား အစ္စရေးက ပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးရန် အလိုရှိနေသည်။

    “စစ်မှန်တဲ့အောင်မြင်မှုမရဘဲနဲ့ အပစ်ရပ်ရေးကို သက်တမ်းတိုးတော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ။ ဟားမက်စ်ရဲ့တောင်းဆိုချက်ကို ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ ဒီအကြောင်းအရင်းတွေကို ကျော်လွှားနိုင်ခြင်းမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ” ဟု ရဒ်ဝန်ကဆိုသည်။

    ဗြိတိန်ပါလီမန်ကလည်း ပါလက်စတိုင်းဒေသများအား အစ္စရေးမှ ပိတ်ဆို့ထားမှုများမှာ လုံခြုံရေးကြောင့်ဟု ပြော၍မဘဲ၊ ထိုပိတ်ဆို့မှုများဖယ်ရှားရေး ဗြိတိန်နှင့် ဥရောပနိုင်ငံများတို့က အစ္စရေးအစိုးရအား ဖိအားပေးရန်တောင်းဆိုခဲ့သည်။

    အီဂျစ်မီဒီယာများမူ အပစ်ရပ်ရေး သက်တမ်းထပ်တိုးနိုင်မည်ဟု ဖော်ပြနေသော်လည်း  ဆွေးနွေးပွဲတိုးတက်မှုနှင့်ပတ်သက်၍ အချက်အလက်အနည်းငယ်သာ ထွက်ပေါ်လာသေးသည်။ အစ္စရေးဘက်ကမူ ဟားမက်စ်တို့အား လက်နက်ဖြုတ်သိမ်းပြီး ဂါဇာဒေသအား စစ်တပ်မဲ့ဇုန် ဖြစ်လာရန် တောင်းဆိုထားသည်။

    ဟားမက်စ်တို့၏ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင် ၈ ရက်နေ့မှ စတင်၍ အစ္စရေးက ဂါဇာဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့ပြီး၊ တစ်လနီးပါးကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုအတွင်း လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ကယ်ဆယ်ရေးစခန်း၊ မသန်စွမ်း ပြန်လည်ထူထောင်ရေးစင်တာ စသည့် အရပ်ဖက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဂါဇာပြည်သူ ၁၈၇၅ ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူမှာ တစ်သောင်းနီးပါးရှိပြီး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ သန်းဝက်ခန့်ရှိနေသည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ အစ္စရေး၏ ထိုတိုက်ခိုက်မှုများအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး ထိုလုပ်ရပ်များမှာ ကမ္ဘာ့လူသားထုအတွက် ရှက်ဖွယ်ရာပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ကုလ လူ့အခွင့်အရေးအကြီးအကဲ နဗီးပီးလေးကလည်း အစ္စရေး၏ လုပ်ရပ်များမှာ စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ ရနေပြီဟု ပြောကြားထားသည်။

    Al Jazeera and agencies

  • ဂါဇာကမ်းမြှောင် လုံးဝငြိမ်းချမ်းရေး အတွက် ကိုင်ရိုတွင် ဆွေးနွေးမှုများ ပြုလုပ်နေ

    ဂါဇာကမ်းမြှောင် လုံးဝငြိမ်းချမ်းရေး အတွက် ကိုင်ရိုတွင် ဆွေးနွေးမှုများ ပြုလုပ်နေ

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media

    201484225334912734_20
    ၃ ရက်ကြာ အပစ်အခတ် ရပ်စဲချိန်တွင် အိမ်ပြန်လာသည့် ဂါဇာမှ ပါလက်စတိုင်း အဖွားအိုတဦး (Photo- AFP)

    – အီဂျစ်မှ ကြားဝင်စေ့စပ်ပေးသောကြောင့် ရရှိခဲ့သည့် ဂါဇာကမ်းမြှောင် ၃ ရက်ကြာ အပစ်ရပ်ရေးမှာ ဒုတိယမြောက်နေ့သို့ ရောက်ရှိ လာပြီဖြစ်ပြီး အခြေအနေများ တည်ငြိမ်လျက်ရှိနေကာ ကိုင်ရိုတွင်လည်း လုံးဝအပစ်ရပ်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

    အီဂျစ်ထောက်လှမ်းရေးတာဝန်ရှိသူများမှာ ယမန်နေ့က ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး ယနေ့တွင် အစ္စရေးမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ဂါဇာငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့သည်။

    “ပါလက်စတိုင်းနဲ့ အစ္စရေးအကြား တစ်ဆင့်ခံဆွေးနွေးမှုကို ဆက်လက် ဆောင်ရွက်နေပါတယ်။ တိုးတက်မှုတွေရှိနေပြီး ရလဒ်ကိုပြောဖို့တော့ သိပ်ကိုစောပါသေးတယ်” ဟု အီဂျစ်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ထို့ပြင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး နိုင်ငံတကာ ကိုယ်စားလှယ် တိုနီဘလဲနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ဆောက်ရွက်မှု စေ့စပ်ဆွေးနွေးရေးမှူး ရောဘတ် ဆာရီတို့ကလည်း အီဂျစ်အာဏာပိုင်များနှင့် ယနေ့တွင် ဆွေးနွေးခဲ့ကြသည်။

    ဂါဇာဒေသအား အင်အားချိနဲ့စေသည့် အီဂျစ်၏ ပိတ်ဆို့မှုကို ဖွင့်ပေးရန်နှင့် အနောက်ဘက်ကမ်းခြေတွင် ဇွန်လ ဆန္ဒပြမှုအတွင်း ဖမ်ဆီးခံထားရသူများအပါအ၀င် ပါလက်စတိုင်းအကျဉ်းသားများအား လွှတ်ပေးရန် ပါလက်စတိုင်းတို့က အလိုရှိနေသည်။

    အစ္စရေးဘက်မူ ထိုတောင်းဆိုချက်များအား အတိုက်အခံ လုပ်နေပြီး မိမိတို့၏ အဓိကအရေးကြီးဆုံး ကိစ္စမှာ ဟားမက်စ်တို့အား လက်နက်ဖြုတ်သိမ်းရန်နှင့် ဂါဇာအား စစ်တပ်မရှိသည့် ဒေသဖြစ်လာရေးသာ ဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ပြောရေးဆိုခွင့်ရှိသူ မာ့ခ် ရီဂျီဗ်က ပြောကြားခဲ့သည်။

    ဇွန်လ ၈ ရက်နေ့မှ စတင်ခဲ့သည့် အစ္စရေး၏ ဂါဇာဒေသအား တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့မှုတွင် ပါလက်စတိုင်း ၁၈၆၇ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်သည်။

    ဟားမက်စ်တို့၏ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု အစ္စရေးဘက်က ကြေညာခဲ့သော်လည်း တိုက်ခိုက်မှုများတွင် အစ္စရေးမှာ လူနေအိမ်ရာ၊ စာသင်ကျောင်း၊ ဗလီ၊ ဆေးရုံ၊ ဘောလုံးကွင်း၊ မသန်စွမ်းကုသရေးစင်တာ၊ ကုလ၏ ကယ်ဆယ်ရေးစခန်း စသည့် ပြည်သူလူထုနှင့် သက်ဆိုင်သော နေရာများကို ပစ်မှာထား တိုက်ခိုက်ခဲ့သည်။

    အစ္စရေးဘက်ကမူ ၆၄ ဦးသေဆုံးခဲ့ပြီး ၆၂ ဦးမှာ ဂါဇာသို့ ၀င်ရောက် ကျူးကျော်တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားများဖြစ်သည်။

    ref_Agencies

  • ဂါဇာကို အစ္စရေး ကျူးကျော်မှု ဟော်လီးဝုဒ်မှ နာမည်ကျော်များ ရှုတ်ချ

    ဂါဇာကို အစ္စရေး ကျူးကျော်မှု ဟော်လီးဝုဒ်မှ နာမည်ကျော်များ ရှုတ်ချ

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media

    Penelope Cruz and Javier Bardem
    Penelope Cruz နှင့် Javier Bardem

    – ဂါဇာကမ်းမြှောင်ကို အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဂျူးလူမျိုးတွေ အပါအ၀င် ကမ္ဘာတစ်ဝှမ်းလုံးက လူသားချင်းစာနာထောက်ထားတဲ့ သူတွေ စုပေါင်း ဆန္ဒပြနေတဲ့ အခုလို အချိန်မျိုးမှာ ဟော်လီးဝုဒ်က နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင်တွေဟာလည်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေကနေ တစ်ဆင့် ဂါဇာပြည်သူတွေအတွက် စာနာမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

    Zayn
    အဲဒီအထဲမှာ နာမည်ကျော် အဆိုတော် ဆလီနာဂိုးမက်စ်၊ ရီဟာနား၊ One Direction အဖွဲ့ဝင် zayn malik တို့မှစပြီး အော်စကာဆုရှင် မင်းသား ဂျာဗီယာ ဘာဒမ်၊ ဂျွန် စတီးဝပ်တို့အထိ ပါဝင်ခဲ့ကြပါတယ်။

    လူကြိုက်များတဲ့ ကလေး ရုပ်ရှင်တွေ TV Show တွေမှာ ပါဝင်ဖျော်ဖြေနေတဲ့ အသက် ၂၂ နှစ်အရွယ် ဆလီနာ ဂိုက်မစ်က ဂါဇာအတွက် ဆုတောင်းကြဖို့ ဇူလိုင် ၁၈ ရက်နေ့မှာ သူမရဲ့ Instagram စာမျက်နှာကနေတစ်ဆင့် တိုက်တွန်းခဲ့ပါတယ်။

    selena-gomez-berdoa-untuk-gaza-b415
    “လူသားဆိုတဲ့ ဖြစ်တည်မှုကြောင့် ဖြစ်ပါတယ်။ ဂါဇာအတွက် ဆုတောင်းကြပါ”

    ဒါပေမယ့် ဒီတိုက်တွန်းမှုဟာ သူမရဲ့ ပရိတ်သတ်တစ်ချို့က ဝေဖန်မှုတွေရှိခဲ့တာကြောင့် ဆလီနာက သူမအနေနဲ့ ဘက် တစ်ဘက်တည်းကို ရွေးချယ်တာ မဟုတ်ဘဲ အားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ လူသားဆန်မှုကို ရရှိဖို့ ဆုတောင်းနေသာတာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။

    အမေရိကန်က နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ ဂျွန်စတီးဝပ် ကတော့ ဂါဇာက ပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေး ရမယ်ဆိုတဲ့ ယူဆချက်နဲ့ ပတ်သက်ပြီး သူရဲ့ Dail Show မှာ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
    Jon Stewart
    “ဘယ်ကို ရွှေ့ပြောင်းပေးရမှာလဲ။ #@%! ဂါဇာကိုခင်ဗျားတို့ မတွေ့ဘူးလား။ အစ္စရေးက နယ်စပ်ကိုပိတ်ထားတယ်။ အီဂျစ်ကလည်း သူ့နယ်စပ်ကို ပိတ်ထားတယ်။ ဘာလဲ၊ ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ သူတို့ မြေထဲပင်လယ်ကို လက်ပစ်ကူးရမယ်လို့ ခင်ဗျားတို့ ယူဆနေတာလား” လို့ ဂျွန်စတီးဝပ်က ဆိုပါတယ်။

    ဂါဇာက အရပ်သားတွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်နဲ့ဟာသ သရုပ်ဆောင် ရော့ဘ် ရှိနီဒါကလည်း သူ့ရဲ့အမြင်ကို Twitter စာမျက်နှာမှာ ဇူလိုင် ၂၀ ရက်နေ့က အခုလို ရေးသားခဲ့ပါတယ်။

    “ဂါဇာကို လူမဆန်စွာ ရုပ်ပျက်ဆင်းပျက်စီးမှုကြောင့် ဒီနေ့ဟာ အလွန်ဆိုးရွားတဲ့နေ့ ဖြစ်ခဲ့ပါတယ်”

    ဇူလိုင်လ ၈ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုအတွင်းမှာ ဆေးရုံတွေ၊ မသန်စွမ်းကုသရေး စင်တာတွေနဲ့ ဆေးရုံကားတွေအပါအ၀င် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

    Twitter_MiaFarrow_We_can_passionately_protest_..._-_2014-08-06_22.19.55

    “ပဋိပက္ခဖြစ်နေတဲ့ ဇုန်အတွင်းမှာ ဆေးရုံကားတွေဟာ ပြည်သူတွေကို ကာကွယ်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဆေးရုံကား ၁၀ စီးကို အစ္စရေးက ပစ်ခဲ့ပြီး၊ ဆေးရုံနှစ်ခုကိုလည်း ဗုံးကြဲခဲ့ပါတယ်” လို့ ဟောလီးဝုဒ်က မင်းသမီးတစ်ဦးဖြစ်သူ မီယာ ဖာရိုက ဆိုပါတယ်။

    ဆေးရုံကို ဗုံးကြဲတာနဲ့ပက်သက်ပြီး အခြားသော ဟောလီးဝုဒ် နာမည်ကြီးတွေကလည်း ဆိုရှယ်စာမျက်နှာတွေမှာ ဒီလို မှတ်ချက်ပေး ခဲ့ကြပါတယ်။

    “ကျွန်တော် အစ္စရေးနဲ့ ပါလက်စတိုင်းကို ရောက်ဖူးပါတယ်။ အရပ်သားတွေကို ဗုံးကြဲတာမျိုးဟာ မိမိကိုယ်မိမိ ကာကွယ်တာမဟုတ်ပါဘူး” (ဂျွန်ကူးဆက်)

    “အစ္စရေးဟာ အလ်-၀ါဖာ ဆေးရုံကို ဖျက်ဆီးခဲ့တာကြောင့် ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေအားလုံးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ ရပါတယ်” (The Avenger ဇာတ်ကားမှ မင်းသား မာ့ခ် ရူဖာလို)

    ရူဖာလိုရဲ့ ဒီမှတ်ချက်ကို ဝေဖန်မှုတွေရှိခဲ့တာကြောင့် သူအနေနဲ့ တောင်းပန်ကြောင်း ဆေးရုံလိုနေရာမျိုးကို ဗုံးကြဲတာဟာ လွန်လွန်းနေပြီလို့ လူပီသသူအားလုံးက သဘောတူမယ်လို့ ထင်ထားခဲ့ကြောင်း သူက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

    Rihanna

    ကမ္ဘာကျော် အဆိုတော် ရီဟားနားကလည်း ဇူလိုင် ၁၅ ရက်နေ့က FreePalestine လို့ သူမရဲ့ Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပြီး ၈ မိနစ်သာကြာခဲ့ကာ နောက်ပိုင်းမှာ ပြန်ဖျက်သွားခဲ့ပါတယ်။ ဒါပေမယ့် မကြာမီမှာပဲ နောက်ထပ် မှတ်ချက်တစ်ခု ဒီလို ရေးသားခဲ့ပါတယ်။

    “အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ဖို့၊ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ဆုတောင်းကြရအောင်! မျှော်လင့်ချက်မှ ရှိပါလေစ?”

    အစ္စရေးရဲ့ ပါလက်စတိုင်းတို့အပေါ် တိုက်ခိုက်မှုကို အော်စကာဆုရမင်းသား ဂျာဗီယာ ဘာဒမ်က လူမျိုးတုန်းသတ်ဖြတ်မှုလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    “ဒါဟာ နယ်မြေသိမ်းပိုက်တဲ့စစ်ပွဲဖြစ်ပြီး ဘ၀အဓိပ္ပါယ် ဘာမှမရှိတဲ့ လူတွေကို မျိုးဖြုတ်သတ်ဖြတ်နေတာပါ။ ဒီနယ်နမိတ်ဟာ သောက်သုံးစရာရေ မရှိတဲ့ အကျဉ်းချထားတဲ့ နယ်နမိတ်တစ်ခုဖြစ်ပြီး ဆေးရုံတွေ၊ ဆေးရုံကားတွေနဲ့ ကလေးတွေဟာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။ ပြီးတော့ အကြမ်းဖက်သမားလို့လည်း စွပ်စွဲခံထားရပါသေးတယ်။ နားလည်ဖို့သိပ်ခက်ပြီး လိုက်ညှိလို့လည်း မဖြစ်နိုင်ပါဘူး။ ဒီလိုလူမျိုးတုန်းသတ်ဖြတ်မှုကို ခွင့်ပြုထားတဲ့ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာလူ့အသိုင်းအတွက်လည်း ဒါဟာ ရှက်ဖွယ်လိလိပါပဲ” လို့ ဘာဒမ်က ပြတ်ပြတ်သားသား ရေးသားခဲ့ပါတယ်။

    ၎င်းပါအ၀င် ၎င်း၏ဇနီး အော်စကာဆုရ မင်းသမီး ပန်နီလုပ် ခရုဇ်၊ အော်စကာဆုရ ဒါရိုက်တာ ပက်ဒရို အလ်မိုဒိုဗာတို့နဲ့အတူ စပိန်က နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာ စုစုပေါင်း ၁၀၀ ကျော်တို့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်ထဲမှာလည်း အစ္စရေးရဲ့ လုပ်ရပ်ကို လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် ဖော်ပြခဲ့ပါတယ်။

    အစ္စရေးရဲ့လုပ်ရပ်တွေကို အနုပညာလောကသားတွေ ဆန့်ကျင်ခဲ့ကြတာဟာ အခုချိန်ဟာ ပထမဆုံးမဟုတ်ပါဘူး။ ပြီးခဲ့တဲ့မေလကလည်း ဗြိတိန် နာမည်ကျော် ဂီတသမားတွေဖြစ်ကြတဲ့ ရော်ဂျာ ဝေါတာနဲ့ နစ်က်မတ်ဆန်တို့ကလည်း အစ္စရေးကို ဖျော်ဖြေရေးသွားမယ့် Rolling Stones ဂီတအဖွဲ့ကို အိတ်ဖွင့်ပေးစာ ပေးခဲ့ပြီး အဲဒီအထဲမှာ အစ္စရေးမှာ သွားရောက်ဖျော်ဖြေတာဟာ တောက်အာဖရိက လူဖြူလူမည်း ခွဲခြားမှု အရှိန်မြင့်နေတုန်းမှာ Sun City မှာ သွားရောက် ဖျော်ဖြေတာနဲ့တူကြောင်း၊ ဒီဖျော်ဖြေပွဲကို အသုံးပြုကာ အစ္စရေးအစိုးရက သူတို့ရဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ မတရားမှုတွေကို ခ၀ါချမှာဖြစ်ကြောင်း ရေးသားခဲ့ပြီး အဲဒီဖျော်ဖြေပွဲကို မသွားဖို့ တိုက်တွန်းခဲ့ပါတယ်။

    အစ္စရေးရဲ့ ကျူးကျော်မှုကို ဟော်လီးဝုဒ် နာမည်ကျော် အနုပညာရှင်တွေ ကန့်ကွက်ခဲ့ကြသလို လူရွှင်တော် အဘီမဟာရ်လို အနုပညာရှင် တစ်ချို့ကလည်း အစ္စရေးကို ကာကွယ်ခဲ့ပါတယ်။

    အစ္စရေးရဲ့လုပ်ရပ်ကို ဆန့်ကျင်ခဲ့တဲ့ ဆလီနာဂိုးမက်စ် အပါအ၀င် ဟောလီးဝုဒ် နာမည်ကြီးအချို့ကတော့ ဂျူးပရိတ်သတ်တွေရဲ့ ဝေဖန်မှုအချို့ကို ခံခဲ့ရပါတယ်။

    ဇူလိုင်လ ၈ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ဂါဇာကမ်းမြှောင်ကို အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုအတွင်းမှာ ပါလက်စတိုင်း ၁၃၀၀ နီးပါး သေးဆုံးခဲ့ရပြီး အများစုကတော့ ကလေးတွေနဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ အစ္စရေးဘက်ကတော့ ဂါဇာကို မြေပြင်တပ်တွေ ၀င်ရောက်ကျူးကျော်တိုက်ခိုက်ရာမှာ စစ်သား ၆၀ ကျော် သေဆုံးခဲ့ပါတယ်။

    လက်ရှိအချိန်မှာတော့ ၇၂ နာရီကြာအဖြစ်ရပ်ထားပြီး အစ္စရေးနဲ့ ဟားမက်စ်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း ကိုင်ရိုမှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

    Ref:

    The Hollywood Reporter.

    CNN

  • သုံးရက်ကြာ အပစ်ရပ်စဲရေး ဂါဇာ၌ စတင်၊ အစ္စရေး မြေပြင်တပ်များဆုတ်ခွာ

    သုံးရက်ကြာ အပစ်ရပ်စဲရေး ဂါဇာ၌ စတင်၊ အစ္စရေး မြေပြင်တပ်များဆုတ်ခွာ

    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    BBC_News_-_Israel_pulls_troops_out_of_Gaza_-_2014-08-06_00.53.46
    – အီဂျစ်မှ ကြားဝင်စေ့စပ်ပေးခဲ့သည့် ၇၂ နာရီကြာ အပစ်ရပ်ရေးမှာ ယနေ့နံနက်တွင် ဂါဇာ၌ စတင်ခဲ့ပြီး ဂါဇာအတွင်းရှိ အစ္စရေးစစ်တပ်များလည်း ဆုတ်ခွာသွားခဲ့ပြီဟု သိရသည်။

    ဆုတ်ခွာသွားသည့် အစ္စရေးတပ်များမှာ ဘီအစ်ဟန်နွန်ဒေသနှင့် ရာဖာတောင်ပိုင်း ဒေသတို့မှဖြစ်ပြီး ပါလက်စတိုင်းများမှာ ၎င်းတို့၏ နေရပ်များသို့ ပြန်လည် လာရောက်နေကြသည်။

    အပစ်ရပ်မှုစတင်ပြီးနောက် အစ္စရေးနှင့် ဟားမက်စ် နှစ်ဘက်စလုံးမှ ပစ်ခတ်မှု အနည်းငယ်စီ ရှိခဲ့သည်။ အစ္စရေးဘက်ကမူ ၎င်းတို့မှာ ဟားမက်စ်၏ လှိုဏ်ခေါင်း ၃၂ ခုထက်မနည်း ဖျက်ဆီးခဲ့ပြီးပြီဟု ကြေညာခဲ့သည်။

    06ISRAEL-master675

    သုံးရက်တာအပစ်ရပ်မှုအတွင်း အစ္စရေးနှင့် ပါလက်စတိုင်းတာဝန်ရှိသူများ တစ်ဆင့်ခံ ငြိမ်းရေးဆွေးနွေးရေး ကိုင်ရိုသို့ လာရောက်ရန်အတွက် အီဂျစ်က ဖိတ်ခေါ်ထားပြီး ဟားမက်စ်အဖွဲ့မှ ကိုယ်စားလှယ်များမှာ ကိုင်ရိုသို့ ရောက်ရှိနေပြီဖြစ်သည်။

    ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း စုစုပေါင်း ၁၈၆၇ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ လေကြောင်းနှင့် မြေပြင်မှ တိုက်ခိုက်မှုများတွင် အစ္စရေးမှာ ဆေးရုံ၊ စာသင်ကျောင်း၊ ကယ်ဆယ်ရေးစခန်း စသည့် အရပ်ဖက်ဆိုင်ရာ ပစ်မှတ်များကိုလည်း တိုက်ခိုက်ခဲ့သည်။

    ဟားမက်စ်တို့ကလည်း အစ္စရေးပိုင်နက်အတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး အစ္စရေး အရပ်သားတစ်ဦးနှင့် ထိုင်းရွှေ့ပြောင်းလုပ်သားတစ်ဦးတို့ သေဆုံးခဲ့သည်။ ဂါဇာအား မြေပြင်မှ ကျူးကျော်တိုက်ခိုက်မှုများအတွင်း အစ္စရေး စစ်သား ၆၀ ကျော်ကို ဟားမက်စ်တို့က သုတ်သင်နိုင်ခဲ့သည်။