News @ M-Media
Tag: Japan
  • ဂျပန်နှင့် ကနေဒါတို့မှ ပညာရှင်များ ယခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆု ရရှိ
    ဂျပန်နှင့် ကနေဒါတို့မှ ပညာရှင်များ ယခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆု ရရှိ
    အေက်တိုဘာ ၇၊ ၂၀၁၅
    M-Media
    japan
    – ယခုနှစ် ရူပဗေဒ နယ်ပယ်အတွက် နိုဘယ်ဆုကို ဂျပန်နိုင်ငံမှ တာကာကီ ကာဂျီတာနှင့် ကနေဒါနိုင်ငံမှ အာသာမက်ဒေါ်နယ်တို့က ဆွတ်ခူးရရှိခဲ့သည်ဟု ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက ယမန်နေ့တွင် ကြေငြာခဲ့သည်။
    အသက် ၆၅ နှစ်အရွယ် ရှိပြီဖြစ်သည့် ကာဂျီတာမှာ တိုကျိုသဘာဝဓာတ်ရောင်ခြည် သုတေသနဌာန ICRR မှ ဒါရိုက်တာဖြစ်ပြီး နေရောင်ခြည်မှလာကာ ဒြပ်ထုမရှိဟု ယူဆထားကြသည့် နူထရီနိုအမှုန်များတွင် ဒြပ်ထုရှိသည်ကို ဖော်ထုတ်နိုင်သည့် neutrino oscillations ကို တွေ့ရှိခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။
    ကာဂျီတာမှာ ရူပဗေဒနှင့် ပတ်သက်၍ နိုဘယ်ဆုရရှိခဲ့သည့် ၁၁ ဦးမြောက် ဂျပန်နိုင်ငံသားဖြစ်ပြီး နောက်ဆုံး ရရှိခဲ့သူများမှာ ၂၀၁၄ ခုနှစ် နိုဘယ်ဆုရှင်များ ဖြစ်ကြသော အီဆာမူ အာကာဆာကီ၊ ဟီရိုရှီ အေမန်နိုနှင့် ရှူဂျီ နာကာမူရာတို့ ဖြစ်ကြသည်။ အာသာမက်ဒေါ်နယ်မှာ ကာဂျီတာပြုလုပ်ခဲ့သည့် သုတေသနလုပ်ငန်းများကို ဦးဆောင်ခဲ့သူဖြစ်သည်။
    “နှစ်တစ်ထောင်ဝန်းကျင်လောက် ကြာမှ တာကာကီ ကာဂျီတာဟာ လေထုထဲက နျူထရီနိုအမှုန်တွေ ဂျပန်နိုင်ငံက ဆူပါ-ကာမီအိုကန်ဒီ စမ်းသပ်ကိရိယာထဲကို ပုံစံနှစ်မျိုး ပြောင်းလာတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်” ဟု အကယ်ဒမီမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    ၁၉၈၈ ခုနှစ်တွင် ကာဂျီတာမှာ နျူထရီနိုများ၌ ဒြပ်ထုရှိနိုင်သည်ဆိုသည့် ယူဆချက်ကို ကြေငြာခဲ့သည်။ ကာဂျီတာကို ၁၉၅၉ ခုနှစ်က မွေးဖွားခဲ့ပြီး ဆိုင်တာမာ တက္ကသိုလ်မှ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ကာ ဂျပန်ရူပဗေဒပညာရှင် ပါမောက္ခ မာဆာတိုရှီ ကိုရှီဘာ၏ တိုကျိုက္ကသိုလ် ဓာတ်ခွဲခန်းနှင့် နောက်ပိုင်းတွင် ဆက်သွယ်ကာ သုတေသနလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ကိုရှီဘာကိုယ်တိုင်လည်း
    ၂၀၀၂ ခုနှစ်တွင် ရူပဗေဒဘာသာရပ်ဖြင့် နိုဘယ်ဆုရခဲ့သည်။
    Ref: News.asiaone
  • ဂျပန်စစ်သားများ နိုင်ငံရပ်ခြားစစ်ပွဲများတွင် ပါဝင်ခွင့် ရတော့မည်
    ဂျပန်စစ်သားများ နိုင်ငံရပ်ခြားစစ်ပွဲများတွင် ပါဝင်ခွင့် ရတော့မည်
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    japan
    – နိုင်ငံ၏စစ်တပ်အား ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း နိုင်ငံရပ်ခြားတွင် ပထမဆုံး စေလွှတ်ခွင့်ပြုမည့် ဥပဒေမူကြမ်းကို ဂျပန်လွှတ်တော်က အတည်ပြုလိုက်ပြီဟု သိရသည်။
    ထို့ကြောင့် အဆိုပါမူကြမ်းမှာ ဥပဒေဖြစ်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်စစ်တပ်၏ ကိုယ်ပိုင်ကာကွယ်ရေးကိုသာ လုပ်ဆောင်ရန် ကန့်သတ်ထားမှုကို ဖြေလျော့ပေးလိုက်ပြီဖြစ်သည်။
    ထိုမူကြမ်းကို အောက်လွှတ်တော်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အတည်ပြုခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း၌ ဆန့်ကျင်မှုများ ဖြစ်ပွားခဲ့ပြီး၊ မြင့်တက်လာသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် စစ်ဆန့်ကျင့်ရေးနည်းလမ်းများကို စွန့်လွှတ်မည်လားဆိုသည့် ဆွေးနွေးငြင်းခုံမှုများလည်း ရှိလာခဲ့သည်။
    ယမန်နေ့က ထိုမူကြမ်းအတွက် ဆွေးနွေးမှုအတွင်း လွှတ်တော်အမတ်များကြားတွင် အော်ဟစ်ကန့်ကွက်မှုများနှင့် ထိုးကြိတ်မှုများပင် ဖြစ်ပွားခဲ့သည်။ စစ်တမ်းကောက်ယူမှုများအရ ပြည်သူအများစုကလည်း ထိုမူကြမ်းအား ဆန့်ကျင်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီး နိုင်ငံတစ်ဝှမ်းတွင် နေ့စဉ်လိုလို ထောင်နှင့်ချီသော ပြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
    ဆန့်ကျင်သူများကမူ မဟာမိတ်နိုင်ငံများ၏ ကာကွယ်ရေးတွင် ဂျပန်တစ်တပ်က ပါဝင်နိုင်မည့် အဆိုပါ ဥပဒေသစ်မှာ ဂျပန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေပြီး အမေရိကန်ဦးဆောင်သည့် စစ်ပွဲများတွင် ဂျပန်နိုင်ငံက ကြားညပ်မည်ဟု စောဒကတက်ခဲ့ကြသည်။
    အာဘေးကမူ ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်က သတ်မှတ်ပေးခဲ့သည့် လုပ်ပိုင်ခွင့် ကန့်သတ်ချက်များရှိနေသော ဂျပန်စစ်တပ်အား ပုံမှန်ပြန်ဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ဂျပန်ရေကြီးမှုတွင် ရေဒီယိုသတ္ထုကြွပစ္စည်းများ ရေထဲမျောပါ ပျောက်ဆုံး
    ဂျပန်ရေကြီးမှုတွင် ရေဒီယိုသတ္ထုကြွပစ္စည်းများ ရေထဲမျောပါ ပျောက်ဆုံး
    စက်တင်ဘာ ၁၂၊ ၂၀၁၅
    M-Media
    japan
    – ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုအတွင်း ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တုကြွသည့် ပစ္စည်းများပါဝင်သော အိတ်ပေါင်း ၈၂ အိတ်မှာ ရေထဲသို့ မျောပါသွားခဲ့သည်ဟု ဂျပန်အာဏာပိုင်များက ပြောကြားလိုက်သည်။
    ဂျပန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနက ယမန်နေ့တွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါ အိတ်များတွင် ရေဒီယိုသတ္တုကြွနေသော မြက်များနှင့် အခြား အဆိပ်အတောက်ဖြစ်စေမည့် ပစ္စည်းများ ပါဝင်သည်ဟုဆိုသည်။
    ရေဒီယိုပစ္စည်းကြွသည့် ထိုပစ္စည်းများကို ၂၀၁၁ ခုနှစ်က ဖူကူရှီးမားဒါအီချီ နျူကလီးယားဓာတ်အားပေး စက်ရုံ ပျက်ဆီးမှု ဖြစ်ပွားခဲ့သည့်နေရာမှ စုဆောင်းထားခြင်းဖြစ်ပြီး၊ ဓာတ်အားပေးစက်ရုံအနီးတွင် စုစည်းထားခြင်းဖြစ်သည်။
    နောက်ပိုင်းတွင် ထိုအိတ်များမှ အချို့ကို ပြန်လည် ဆယ်ယူရရှိခဲ့သည်ဟု ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ဒေသတွင်း မီဒီယာတစ်ခုက အိတ် ၃၀ ခန့်သာ ပြန်ရခဲ့သည်ဟု ဖော်ပြခဲ့သည်။
    တိုင်ဖုန်းမုန်တိုင်း အီတာအူကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုများမှာ ဖူကူရှီးမားစက်ရုံသို့ ထိခိုက်ခြင်းမရှိဟု ဂျပန်အာဏာပိုင်များက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ ဓာတ်အားပေးစက်ရုံ၏ မိုးရေစွန့်ပစ်မြောင်းမှ ရေမှာ လျှံကာ ပစ္စည်းဖိတ်သမုဒ္ဒရာထဲသို့ ရောက်ရှိသွားခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။
    ကက်ဘိနတ်အဖွဲ့၏ အတွင်းရေးမှူး ယိုရှီဒီ ဆူဂါကမူ သမုဒ္ဒရာထဲသို့ ရောက်ရှိသွားသည့် ရေမှ ဓာတ်ရောင်ခြည်အဆင့်မှာ ခွင်ပြုထားသည့်ပမာဏအောက်သာ ရှိသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ဂျပန်နိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံကာ မြေပြိုမှုများကြောင့် အစိုးရမှာ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကယ်တင်ပေးခဲ့ရပြီး၊ ယခုအချိန်အထိ ၃ ဦးသေဆုံးခဲ့ကာ ၂၅ ဦးပျောက်ဆုံးနေသည်။
    Ref: Press TV
  • ဂျပန်ဝန်ကြီးချုပ်အာဘေး နောက်ထပ် သက်တမ်း ၃ နှစ် ထမ်းဆောင်ခွင့်ရ
    ဂျပန်ဝန်ကြီးချုပ်အာဘေး နောက်ထပ် သက်တမ်း ၃ နှစ် ထမ်းဆောင်ခွင့်ရ
    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media
    japan
    – ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ၏ ခေါင်းဆောင်ရွေးချယ်ပွဲတွင် ပြန်လည်အနိုင်ရခဲ့ပြီး ၀န်ကြီးချုပ်အဖြစ် နောက်ထပ် သက်တမ်း ၃ နှစ် ဆက်လက် ထမ်းဆောင်ခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။
    နိုင်ငံ၏ စီးပွားရေးတိုးတက်ရန်နှင့် ကာကွယ်ရေးအင်အားကို တောင့်တင်းအောင် ဆောင်ရွက်ပေးမည်ဆိုသော ကတိဖြင့် အာဘေးမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက အာဏာရခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ LDP ခေါင်းဆောင်အဖြစ် ပြန်လည်းရွေးချယ်ခံရမှုကြောင့် ၀န်ကြီးချုပ်အဖြစ် ဒုတိယသက်တမ်း ၃ နှစ်ကို ထမ်းဆောင်ခွင့် ရခဲ့ခြင်းဖြစ်သည်။
    ၎င်း၏ ပါတီတွင်းပြိုင်ဘက်ဖြစ်သော LDP အမှုဆောင်ဟောင်း ဆီကိုနိုဒါမှာ ပါတီခေါင်းဆောင်နေရာအတွက် အာဘေးအား ယှဉ်ပြိုင်ရန် လုံလောက်သည့် ထောက်ခံမှု မရရှိခဲ့ပေ။
    ခေါင်းဆောင်ရွေးချယ်ရေးအတွက် စာရင်းမသွင်းမီ ထောက်ခံသူများအား အာဘေးက မိမိမှာ ငွေးကြေးတန်ဖိုးကျခြင်းမှ လွတ်မြောက်ရန်နှင့် စီးပွားရေး တောင့်တင်းလာအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ မွေးဖွားနှုန်းနိမ့်မှုနှင့် သက်ကြီးရွယ်အို များပြားမှု ပြဿနာများကိုလည်း ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ၎င်း၏ကြေညာချက်၌ မိမိမှာ ဂျပန်နိုင်ငံ၏ စစ်အလွန် စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံကို ပြောင်းလဲရန် ရည်ရွယ်ချက်နှင့်အတူ ထိုကိစ္စအား ပြည်သူများက အကြိတ်အနယ် သုံးသပ်ဆွေးနွေးမှုများ ဖြစ်လာရန် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဂျပန်ပြည်သူအများစုမှာ အဆိုပါ ဖွဲ့စည်းပုံအား ပြင်ဆင်ရန် မလိုလားကြပေ။
    ဂျပန်ယန်း တန်ဖိုးမှာ ဒေါ်လာနှင့်ယှဉ်လျှင် ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ၂၀၁၂ ခုနှစ် အာဘေး အာဏာရပြီးကတည်းက ဂျပန်၏ ရှယ်ယာဈေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အကျိုးအမြတ်မှာ ၂ ဆကျော် တက်လာခဲ့သည်။
    သို့သော်လည်း ရင်းနှီးမြှုပ်နှံမှု နှေးကွေးခြင်း၊ လုပ်ခမြင့်တက်ခြင်း၊ ဈေးနှုန်းတက်ခြင်းနှင့် ၀ယ်ယူသုံးစွဲမှု ထိုင်းမှိုင်းခြင်းတို့က ဂျပန်စီးပွားရေး ရှေ့ဆက်သွားရန် အခက်တွေ့စေခဲ့သည်။ ဂျပန်၏ ဂျီဒီပီမှာလည်း ဧပြီလမှ ဇွန်လအတွင်း ၁.၂ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ပို့ကုန်လျော့ကျမှုနှင့် စားသုံးသူ သုံးစွဲမှုပမာဏ အားနည်းခြင်းတို့ ကြောင့်ဖြစ်သည်။
    ဂျပန်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
    Ref: Chaelnewsasisa
  • ဒုတိယကမ္ဘာစစ်ကိစ္စများအတွက် အလွန်အမင်းနောင်တရမိသည်ဟု ဂျပန်ပြော
    ဒုတိယကမ္ဘာစစ်ကိစ္စများအတွက် အလွန်အမင်းနောင်တရမိသည်ဟု ဂျပန်ပြော
    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media
    japan
    – ဒုတိယကမ္ဘာစစ်အတွင်း မိမိတို့တိုင်းပြည်၏ ကျူးကျော်မှုများအတွက် “အလွန်အမင်း နောင်တရမိပြီး” စစ်ပွဲ၏ ပျက်ဆီးဆုံးရှုံးမှုများကို မည်သည့်အခါမှ ထပ်မံမဖြစ်ပွားရန် သန္ဓိဌာန်ပြုသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့တွင် ပြောကြားလိုက်သည်။
    “နိုင်ငံအတွင်းမှာရော၊ နိုင်ငံအပြင်မှာရော သေဆုံးခဲ့သူတွေအားလုံးရဲ့ ၀ိဥာဉ်တွေရဲ့ရှေ့မှာ ကျွန်တော် နှစ်နှစ်ကာကာနဲ့ ဦးညွှတ်ပါတယ်။ ကျွန်တော် အလွန်အမင်းနောင်တရမိပြီး ထပ်တူထပ်မျှ ၀မ်းနည်းကြေတယ်လို့လည်း ပြောချင်ပါတယ်” ဟု ဂျပန်က လက်နက်ချကာ ဒုတိကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၇၀ ပြည့်အဖြစ် ယနေ့တွင် ပြုလုပ်သော အခမ်းအနားတွင် အာဘေးက ပြောကြားခဲ့သည်။
    အာရှပစိဖိတ်ဒေသတွင် ဂျပန်စစ်တပ်က အမျိုးသမီးထောင်ပေါင်းများစွာအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှုများအပါအ၀င် ဂျပန်မှာ အပြစ်မဲ့ပြည်သူများစွာကို ထိခိုက်ခံစားစေခဲ့သည်ဟုလည်း အာဘေးက ၀န်ခံခဲ့သည်။
    “ကျွန်တော်တို့ ဘယ်လိုအားထုတ်မှုမျိုးပဲလုပ်လုပ် မိသားစုဝင် ဆုံးရှုံးခဲ့ရသူတွေရဲ့ ၀မ်းနည်းမှုတွေ၊ စစ်ရဲ့ အနိဌာရုံတွေကြောင့် အတိုင်းထက်အလွန် ခံစားခဲ့ရသူတွေရဲ့ နာကျင်ဖွယ် အမှတ်တရတွေကိုတော့ ဘယ်တော့မှ ပြေပျောက်စေမှာ မဟုတ်ပါဘူး”
    အာဘေး၏ ထိုကဲ့သို့ပြောကြားမှုမှာ အရေးပါသည့် အမှတ်အသားတစ်ခုဖြစ်ခဲ့ပြီး အာရှတစ်ဝှမ်း ဂျပန်၏ ရက်စက်စွာ ချီတက်သိမ်းပိုက်မှုများကို ခံစားခဲ့ရသည့် နိုင်ငံများနှင့် အနာဂတ်ဆက်ဆံရေးကို သတ်မှတ်လိုက်ခြင်းလည်းဖြစ်သည်။
    ၎င်း၏ မိန့်ခွန်းတွင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များသို့ အမေရိကန်က နျူကလီးယားဗုံးကြဲမှုကိုလည်း ကိုးကားပြောကြားခဲ့ပြီး ဂျပန်မှာ နျူလက်နက်မပြန့်ပွားရေးနှင့် လုံးဝဖျက်သိမ်းရေးကို ထောက်ခံသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Aljazeera