News @ M-Media
Tag: Japan
  • နျူဗုံးကြဲချခံရမှု နှစ် ၇၀ ပြည့်အခမ်းအနားကို ဟီရိုရှီးမားတွင်ပြုလုပ်
    နျူဗုံးကြဲချခံရမှု နှစ် ၇၀ ပြည့်အခမ်းအနားကို ဟီရိုရှီးမားတွင်ပြုလုပ်
    သြဂုတ် ၆၊ ၂၀၁၅
    M-Media
    j
    – အမေရိကန်လေယာဉ်က ပထမဆုံး အနုမြူဗုံး ပထမဆုံးကြဲကျခဲ့သည့် နှစ် ၇၀ မြောက်အခမ်းအနားကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ရှိ ဒေသခံများက ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    အဆိုပါ အခမ်းအနားအား ဟီရိုရှီးမားရှိ အောက်မေ့ဖွယ် ပန်းခြံတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၀၀၀၀ ခန့်ပါဝင်ခဲ့ကာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ထောင်ပေါင်းများစွာသော ပြည်သူများမှာ မီးအိမ်များကို မိုတိုယာဆု မြစ်အတွင်းသို့ မျှောချခဲ့ကြသည်။
    အန်ဂိုလာဂေးဟုခေါ်သည့် B-29 အမေရိကန်ဗုံးကြဲလေယာဉ်မှာ အနုမြူဗုံးကို ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် ဟီရိုရှီးမား မြို့လယ်ခေါင်သို့ ကြဲချခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့သည်။ ၇ သိန်းမှာ ချက်ခြင်းသေဆုံးခဲ့ကာ ရေဒီယိုအဆိပ်သင့်မှုမှ ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ဒဏ်ရာများကြောင့် နောက်ပိုင်း၊ ရက်များ၊ သီတင်းပတ်များ၊ လများတွင် တစ်ဖြည်းဖြည်း သေဆုံးခဲ့ကြသည်။
    ဟီရိုရှီးမား၌ ဗုံးကြဲချချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ခေါင်းလောင်းတီးခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ဂျပန်ပြည်သူများကလည်း တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြသည်။
    အမေရိကန်မှာ ဟီရိုရှီးမားသို့ နျူကလီးယားဗုံးကြဲပြီး ၃ ရက်အကြာတွင် နာဂါဆာကီမြို့သို့လည်း အနုမြူဗုံး ထပ်မံကြဲချခဲ့သည်။
    Ref: BBC
  • ဂျပန်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် လူ ၂ ဦးသေ
    ဂျပန်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် လူ ၂ ဦးသေ
    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media
    japan
    – ဂျပန်နိုင်ငံအနောက်ပိုင်းတွင် အင်အားပြင်းထန်သော နန်ကာတိုင်ဖုန်းမုန်တိုင်း ၀င်ရောက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး ရေကြီးမှုများ ဖြစ်ပေါ်နေကာ အာဏာပိုင်များက ပြည်သူ ၂၃၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။
    နိုင်ငံအနောက်ပိုင်း တိုတိုရီစီရင်စုသို့ ယနေ့တွင် မုန်တိုင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီ ၁၅ ကီလိုမီတာနှုန်းဖြင့် မြောက်ဘက်သို့ ရွေ့လျားနေကာ ဂျပန်ပင်လယ်ပြင်သို့ ဦးတည်နေသည်ဟု ဂျပန် မိုးလေ၀သ အေဂျင်စီက ပြောကြားခဲ့သည်။
    နန်ကာတိုင်ဖုန်းမုန်တိုင်းမှာ ယမန်နေ့ညက ဂျပန်နိုင်ငံ၏ အဓိကကျွန်းမကြီးဖြစ်သော ဟွန်ရှူကျွန်းသို့ တစ်နာရီ ၁၂၆ ကီလိုမီတာနှုန်းဖြင့် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ရှင်ကာကူကျွန်းရှိ ကိပ်မူရိုတိုရိုသို့ ကြာသာပတေးနေ့နှောင်းပိုင်းက ၀င်ရောက်ခဲ့သည်။
    အဆိုပါ မုန်တိုင်းကြောင့် ခရီးသွားလာရေး အခက်အခဲဖြစ်ခဲ့ကာ လေကြောင်းခရီးစဉ် ၉၄ ခုကိုလည်း ရပ်ဆိုင်းခဲ့ရသည်။ ထို့ပြင် ဂျပန်နိုင်ငံအနောက်ပိုင်း နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိနေသည်။
    ဟိုဂိုစီရင်စုရှိ အာဝါဂျီကျွန်းတွင် အသက် ၇၁ နှစ်အရွယ် အဖွားအိုတစ်ဦးနှင့် ရှင်ဆိုကျွန်းတွင် ယာခင်းများအား စစ်ဆေးရန် သွားရောက်သည့် အသက် ၈၅ နှစ်အရွယ် အဖိုးအိုတစ်ဦး စုစုပေါင်း ၂ ဦး သေဆုံးနေကြသည်ကို ယမန်နေ့က တွေ့ရှိခဲ့ရသည်။
    အာဏာပိုင်များကမူ မုန်တိုင်းလမ်းကြောင်းတွင် ကျရောက်နေသည့် ဒေသများမှ လူပေါင်း ၂၃၀၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းတားပြီး မုန်တိုင်းကြောင့် ဒဏ်ရာရသူမှာ အနည်းဆုံး ၃၉ ဦးရှိသည်ဟု NHK သတင်းဌာနက ဖော်ပြခဲ့သည်။
    Ref: Aljazeera
  • လုံခြုံရေးဥပဒေမူကြမ်းကို ဂျပန်အောက်လွှတ်တော် အတည်ပြု
    လုံခြုံရေးဥပဒေမူကြမ်းကို ဂျပန်အောက်လွှတ်တော် အတည်ပြု
    ဇူလိုင် ၁၆၊ ၂၀၁၅
    M-Media
    japan
    – ပြည်သူများစွာက ဆန့်ကျင်မှု ရှိနေသော်လည်း စစ်တပ်နှင့်ပတ်သက်၍ ကန့်သတ်ချုပ်ချယ်ထားမှုများအား ဖြေလျော့ပေးထားသော ကာကွယ်ရေးပေါ်လစီအတွက် ဥပဒေမူကြမ်းကို ဂျပန်အောက်လွှတ်တော်က ယနေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။
    ဂျပန်၏ မဟာမိတ်ဖြစ်သော အမေရိကန်က ကြိုဆိုသည့် အဆိုပါပေါ်လစီမှာ တရုတ်နိုင်ငံ၏ ကြီးထွားလာမှုကဲ့သို့ စိန်ခေါ်မှုအသစ်များအား ရင်ဆိုင်ရာတွင် အရေးပါသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။
    အတိုက်အခံများကမူ ထိုပြင်ဆင်မှုများက ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်ဦးဆောင်သည့် ပြဿနာများနှင့် ဂျပန်နိုင်ငံအား ရှုပ်ထွေးစေမည်ဖြစ်ပြီး အမေရိကန်က မူကြမ်းရေးစွဲထားသည့် စစ်ပြီးဖွဲ့စည်းပုံမှ စစ်ဆန့်ကျင်ရေး အပိုဒ် ၉ ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အဆိုပါ ဥပဒေမူကြမ်းကို အထက်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း မဲခွဲခြင်းမပြုပါက အောက်လွှတ်တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကာ အာဘေး၏ မဟာမိတ်များက လွှတ်တော်၏ သုံးပုံနှစ်ပုံထောက်ခံမှုဖြင့် အဆိုပါ ဥပဒေအား အသက်သွင်းနိုင်မည်ဖြစ်သည်။
    ၂၀၁၂ ခုနှစ်က အာဏာရလာခဲ့ပြီး နိုင်ငံ၏ကာကွယ်ရေးအား အထောက်အပံ့ပြုရန်နှင့် စီးပွားရေးပြန်လည် ကောင်းမွန်လာစေရန် ကတိပြုထားသည့် အာဘေးက အဆိုပါ ဥပဒေကြမ်းအပေါ် ပြည်သူများက သံယသရှိနေသည့်အတွက်ကြောင့် ၎င်းအား ထောက်ခံသူများမှာ ၄၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျသွားသည်ဟု ရှုမြင်နေသည်။
    Ref: channelnewsasisa
  • အမေရိကန်စစ်အခြေစိုက်စခန်း ဖယ်ရှားရန် ဂျပန်ပြည်သူများ ဆန္ဒပြ
    အမေရိကန်စစ်အခြေစိုက်စခန်း ဖယ်ရှားရန် ဂျပန်ပြည်သူများ ဆန္ဒပြ
    မေ ၁၇၊ ၂၀၁၅
    M-Media
    japan
    – အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား ပြန်လည်နေရာချထားရန် စီစဉ်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဂျပန်ပြည်သူများမှာ အိုကီနာဝါကျွန်းနှင့် နိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဆန္ဒပြခဲ့ကြပြီး ပြည်သူများ၏ အသံကို နားမထောင်သည့် အစိုးရအား ဝေဖန်ခဲ့သည်။
    အဆိုပါဆန္ဒပြမှုမှာ အိုကီနာဝါကျွန်း ဂျပန်အချုပ်အခြာလက်အောက်သို့ ပြန်လည်ရောက်ရှိသည့် ၄၃ နှစ်မြောက် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သော သောကြာနေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နိုင်ငံတစ်ဝှမ်း၌ ပြန့်နှံ့ ကူးစက်ခဲ့သည်။
    သောကြာနေ့က ဆန္ဒပြမှုတွင် လူပေါင်း ၁၅၀၀၀ ခန့်သာ ရှိခဲ့သော်လည်း အိုကီနာဝါမြို့တော် နာဟာ၌ ယနေ့ဆန္ဒပြမှုတွင် လူပေါင်း ၃၅၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု စီစဉ်သူများက ပြောကြားခဲ့သည်။ ဆန္ဒပြသူများမှာ “အာဏာပိုင်များကို အရှုံးမပေး” ဟူသော စာတမ်းကို ကိုင်ဆောင်ခဲ့ကြပြီး အစိုးရ ဆန့်ကျင်ရေး ကျွေးကြော်သံများကိုလည်း ကျွေးကျော်ခဲ့ကြသည်။
    ဂျပန်နိုင်ငံနှင့် ကာကွယ်ရေးမဟာမိတ် အစိတ်အပိုင်းအဖြစ် အိုကီနာဝါတွင် အမေရိကန် စစ်သည်အင်အား ၂ သောင်းကျော်ရှိနေပြီး ဒေသခံများကမူ ထိုပမာဏမှာ အလွန်များပြားနေသည်ဟု ပြောကြားခဲ့သည်။
    အမေရိကန်စစ်သားသုံးဦးက ဂျပန်ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့် တင်းမာမှုများကို ဖြေလျော့ရန်အတွက် ၁၉၉၆ ခုနှစ်တွင် အိုကီနာဝါရှိ ဖူတန်မာ လေတပ်အခြေစိုက်စခန်းကို ကျွန်းအတွင်း အခြားနေရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်ရှိနေသည်ဟု အမေရိကန်က ကြေညာခဲ့သည်။ ထိုသို့ရွှေ့ပြောင်းရန်အတွက်လည်း အဆောက်အဦးများကို ဆောက်လုပ်နေသည်။
    သို့သော်လည်း ဒေသခံများကမူ အဆိုပါရွှေ့ပြောင်းမှုကို လက်မခံဘဲ အခြေစိုက်စခန်းကို လုံးဝဖယ်ရှားရမည်ဟုဆိုသည်။
    “ဒီကိစ္စ ၁၉ နှစ်လောက် ရပ်နေတာကို အစိုးရက ကျွန်တော်တို့ကို အပြစ်တင်ပါတယ်။ (အခြေစိုက်စခန်းနေရာအတွက်) သူတို့က အခြားနေရာတစ်ခုရှာဖို့ ကျွန်တော်တို့ကို ပြောတယ်။ ဒါဟာ သိပ်လွန်ပါတယ်” ဟု အိုကီနာဝါရှိ နာဂိုမြို့ အုပ်ချုပ်ရေးမှူးဖြစ်သူ ဆူဆူမူ အီနာမိုင်းက ဆန္ဒပြပွဲတွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ အခြေခံဥပဒေအရ အိုကီနာဝါ ဒေသအစိုးရမှာ အဆိုပါ စီမံကိန်းကို ပယ်ချခွင့် ရှိနေသည်။
    Ref: RT, Aljazeera
  • ဒုတိယကမ္ဘာစစ်အတွင်း လုပ်ရပ်များအတွက် ဂျပန်တောင်းပန်
    ဒုတိယကမ္ဘာစစ်အတွင်း လုပ်ရပ်များအတွက် ဂျပန်တောင်းပန်
    ဧပြီ ၃၀၊ ၂၀၁၅
    M-Media
    shinzo abe
    – အမေရိကန် ကွန်ဂရက်တွင် ပြောကြားသည့်မိန့်ခွန်း၌ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ တောင်းပန်လိုက်ပြီး အလွန်အမင်း နောင်တရမိသည်ဟု ပြောကြားခဲ့သည်။
    အရေးပါသည့် ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီချက်အတွက် အိုဘားမားနှင့် ဆောင်ရွက်နေသည့် ရှင်ဇိုအာဘေးမှာ ယမန်နေ့က မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်အတွင်း ဂျပန်နိုင်ငံ၏ ကျူးလွန်မှုများကိုလည်း ၀န်ခံခဲ့သည်။
    “ဂျပန်နိုင်ငံနဲ့ ဂျပန်ပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော်ဟာ လေးစားသမှုနဲ့အတူ ဒုတိယကမ္ဘာစစ်အတွင်း ဆုံးရှုံးခဲ့ရတဲ့ အမေရိကန်ပြည်သူတွေရဲ့ အသက်တွေအတွက် အဆုံးအစမရှိ ၀မ်းနည်းမိကြောင်း ကျွန်တော် ပြောလိုပါတယ်။ သမိုင်းကတော့ ဆိုးပါတယ်။ ဒါပေမယ့် ဖြစ်ပြီးခဲ့တာတွေကိုတော့ ပြန်ပြင်လို့ မရတော့ပါဘူး” ဟု အာဘေးက ပြောကြားခဲ့သည်။
    ထို့ပြင် ဂျပန်၏ လုပ်ရပ်များကြောင့် အာရှဒေသတွင်းရှိ အခြားသော နိုင်ငံများ၏ ခံစားရမှုများကိုလည်း အာဘေးက အသိအမှတ်ပြုခဲ့သည်။ သို့သော်လည်း စစ်အတွင်း အာရှနိုင်ငံများမှ အမျိုးသမီး ၂ သိန်းခန့်ကို ဂျပန်စစ်သားများအတွက် လိင်ကျွန်အဖြစ် အသုံးပြုနှင့်ပတ်သက်၍ ထင်ထင်ရှားရှားပြောဆိုတောင်းပန်မှုများ ပြုလုပ်ရန် အများက မျှော်လင့်ထားကြသော်လည်း အာဘေးက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။
    မိန့်ခွန်းမပြောကြားမီအလျင် ရှင်ဇိုအာဘေးမှာ ၀ါရှင်တန်ရှိ ဒုတိယကမ္ဘာစစ် အောက်မေ့ဖွယ် အဆောက်အဦးသို့ သွားရောက်ကာ လွမ်းသူ့ပန်းခွေချခဲ့ပြီး၊ သေဆုံးသွားသူများအတွက် နောင်တများဖြင့် ဆုတောင်းပေးခဲ့သည်ဟု ၎င်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အချို့သော စစ်ပြန်များကမူ အာဘေးမှာ စစ်အတွင်း ဂျပ၏ လုပ်ရပ်များနှင့်ပတ်သက်၍ လုံလုံလောက်လောက် ၀န်ခံခဲ့ခြင်းမရှိဟု ဆိုသည်။
    စစ်အတွင်း ဂျပန်စစ်သားများ၏ လိင်ကျွန်ပြုမှုကို ခံခဲ့ရသည့် အသက် ၈၄ နှစ်အရွယ် ကိုရီးယားအမျိုးသမီး လီ ယွန် ဆူးကလည်း အဆိုပါ မိန့်ခွန်းအား တက်ရောက်နားထောင်ခဲ့သည်။
    ကွန်ဂရက်တွင် အာဘေးအား မိန်းခွန်းပြောကြားခိုင်းခြင်းမှာ အမေရိကန်နှင့် အာရှပစိဖိတ်နိုင်ငံ စုစုပေါင်း ၁၂ နိုင်ငံပါဝင်မည့် ကုန်သွယ်ရေးသဘောတူညီချက်အတွက် အိုဘားမား၏ သဘောထားက ဒီမိုကရက်တစ် အမတ်များအပေါ် လွှမ်းမိုးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဒီမိုကရက်တစ်များကမူ အဆိုပါ သဘောတူညီချက်မှာ အမေရိကန်ရှိ အလုပ်ကိုင်အခြေအနေကို ဆိုးရွားနိုင်သည်ဟုဆိုကာ ဆန့်ကျင်နေကြသည်။
    အာဘေး၏ အမေရိကန်ခရီးစဉ်အတွင်း အိုဘားမားက တရုတ်နှင့် ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုများ ဖြစ်နေသည့် ဂျပန်နိုင်ငံ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု ကတိပြုခဲ့သည်။
    Ref: Aljazeera, Channelnewsasia