News @ M-Media
Tag: Japan
  • လိင်ကျွန်ကိစ္စနှင့်ပတ်သက်၍ ဂျပန်နှင့် တောင်ကိုရီးယားတို့ သဘောတူညီချက်ရရှိ
    လိင်ကျွန်ကိစ္စနှင့်ပတ်သက်၍ ဂျပန်နှင့် တောင်ကိုရီးယားတို့ သဘောတူညီချက်ရရှိ
    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media
    japa
    – ဂျပန်နှင့် တောင်ကိုရီးယားတို့မှာ စစ်အတွင်းက လိင်ကျွန်ကိစ္စများအပေါ် သမိုင်းဝင်သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ နှစ်နိုင်ငံဆက်ဆံရေးအတွက် ခေတ်သစ်တစ်ခုထူထောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ချီးကျူးပြောဆိုလိုက်သည်။
    အဆိုပါ သဘောတူညီချက်မှာ ယမန်နေ့က ရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က ဆောင်ရွက်သော ပြည့်တန်ဆာခန်းများတွင် အတင်းအဓမ္မလုပ်ကိုင်စေခဲ့သည့် ကိုးရီးယားအမျိုးသမီးများအတွက် ယန်းငွေ ၁ ဘီလီယံ
    (ကန်ဒေါ်လာ ၈.၇ သန်း) ကို ထောက်ပံ့သွားမည်ဖြစ်သည်။
    “ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ခေတ်သစ်တစ်ခုကို ကြိုဆိုရတော့မှာပါ။ နှစ်နိုင်ငံစလုံးဟာ ဒီခေတ်သစ်ကို ဖွင့်လှစ်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားပါလိမ့်မယ်” ဟု တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးနှင့် ဖုန်းပြောဆိုပြီးနောက် အာဘေးက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုခီရှိဒါက ကလည်း “ဂျပန်စစ်တပ်က ပါဝင်မှုတွေရှိခဲ့တဲ့ ကိုးရီးယားဇိမ်မယ်များအရေးကိစ္စနဲ့ပက်သက်လို့ ဂျပန်အစိုးရအနေနဲ့ တာဝန်မကင်းဘူးလို့ ခံစားရပါတယ်” ဟု တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး ယွန်ဗြောင်ဆီနှင့် ထိုကိစ္စအတွက် ဆွေးနွေးမှုအပြီးတွင် ပြောကြားခဲ့သည်။
    ခီရှီဒါက ထပ်မံ၍ ၀န်ကြီးချုပ်အနေဖြင့် ကျူးလွန်ခံရသော အမျိုးသမီးများကို နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း တောင်းပန်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အာရှတစ်ခွင်မှ အမျိုးသမီးထောင်ပေါင်းများစွာ (အများစုမှာ ကိုးရီးယားအမျိုးသမီးများ) မှာ ဂျပန်စစ်သားများအား လိင်ကိစ္စဖျော်ဖြေရန် ရှေ့တန်းပြည့်တန်ဆာခန်းများသို့ ပို့ဆောင်ခံခဲ့ရသည်။ တောင်ကိုးရီးယားတွင် လိင်ကျွန်များဖြစ်ခံခဲ့ရပြီး ခုချိန်ထိ အသက်ရှင်ကျန်သူ ၄၆ ယောက်သည် အသက် ၈၀ ကျော် ၉၀ နီးပါးခန့် ရှိနေပြီဖြစ်သည်။
    Ref: Al jazeera
  • အမေရိကန် စစ်အခြေစိုက်စခန်းအတွက် အိုကီနာဝါပြယ်နယ်က ဂျပန်အစိုးရအား တရားစွဲ
    အမေရိကန် စစ်အခြေစိုက်စခန်းအတွက် အိုကီနာဝါပြယ်နယ်က ဂျပန်အစိုးရအား တရားစွဲ
    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    japan
    – မဟာဗျူဟာမြောက်သည့် ၎င်းတို့၏ကျွန်းတွင် အမေရိကန်စစ်အခြေစိုက်စခန်းအား ပြန်လည်နေရာချထားခြင်းအပေါ် ဒေသခံများ မကျေနပ်ကြမှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံရှိ အိုကီနာဝါပြည်နယ်က ဗဟိုအစိုးရကို တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ပြည်နယ်မြို့တော် နာဟာတွင် ယမန်နေ့က ထိုကဲ့သို့ တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်မည့်နေရာဖြစ်သော နာဂိုရှိ ဟီနိုကိုဧရိယာတွင် နယ်မြေခွင့်ပြုလိုက်ခြင်းနှင့်ပက်သက်၍ ဂျပန်အစိုးရ၏ ဆုံးဖြတ်ချက်ကို သုံးသပ်မှုများ ပြုလုပ်ပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။
    ပြီးခဲ့သည့် အောက်တိုဘာလက အိုကီနာဝါ အုပ်ချုပ်ရေးမှူး တာကီရှီအိုနာဂါသည် အမေရိကန်အခြေစိုက်စခန်းအတွက် အုပ်ချုပ်ရေးမှူးဟောင်းက မြေနေရာချထားပေးမှုမှာ တရားမ၀င်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဂျပန်အစိုးရနှင့် တရားရုံးတော်က ချေဖျက်ခဲ့ပြီး နိုဝင်ဘာတွင် ဗဟိုအစိုးရမှာ အိုကီနာဝါ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အား တရားစွဲဆိုမှုပင် ပြုလုပ်ခဲ့သည်။
    ယမန်နေ့က ပြုလုပ်သည့် ဗဟိုအစိုးရအား တရားစွဲဆိုမှုတွင် ကျွန်းမြောက်ပိုင်း၌ အမေရိကန်စစ်အခြေစိုက်စခန်း နေရာချထားမှုကို ရပ်တန့်ရေးအတွက် မြေနေရာခွင့်ပြုချက်ကို ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။
    ကက်ဘိနတ်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ယူရှီဟိုက် ဆူဂါကမူ အဆိုပါ တရားစွဲဆိုမှုမှာ အလွန်နောင်တရဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်ဟု ဆိုပြီး မူလခွင့်ပြုချက်မှာ တရားဝင်ကာ ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်သည်ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
    ဂျပန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းဖြစ်သော MCAS Futenma မှာ အိုကီနာဝါပြည်နယ် ဂီနိုဝမ်မြို့တွင် ရှိနေပြီး ထောင်ပေါင်းများစွာသော အမေရိကန်စစ်သားများ ပါဝင်သည်။ အမေရိကန်နှင့်ချုပ်ဆိုထားသော ၁၉၉၆ သဘောတူညီမှုအရ ဂျပန်အစိုးရမှာ လူနေဧရိယာတွင်တည်ရှိသော Futenma လေတပ်စခန်းကို နေရာရွှေ့ပြောင်း ပေးရမည်ဖြစ်သည်။
    ဒေသခံများကမူ အဆိုပါစခန်းကို ကျွန်းပေါ်သို့ ရွှေ့ပြောင်းမည့်အစား အပြီးပိတ်ပစ်ရန် လိုလားနေကြသည်။ အမေရိကန်တပ်သားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိခဲ့ခြင်းကြောင့် ဒေသခံများမှာ အလွန်အမင်း ဒေါသူပုန်ထနေကြပြီး ပြင်းပြင်းထန်ထန်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ကျူးလွန်ခဲ့သည့် အမေရိကန်စစ်သား အများစုမှာ အလွန်နည်းပါးသော အပြစ်ဒဏ်ကိုသာ ခံခဲ့ရပြီး အချို့မှာ လုံးဝအရေးယူမခံခဲ့ရပေ။
    Ref: Press TV
  • ဂျပန်အိမ်ထောင်သည်များ မျိုးရိုးအမည်တစ်ခုသာ ရှိရမည်
    ဂျပန်အိမ်ထောင်သည်များ မျိုးရိုးအမည်တစ်ခုသာ ရှိရမည်
    ဒီဇင်ဘာ ၁၇၊ ၂၀၁၅
    M-Media
    japan
    – ဂျပန် တရာရုံးချုပ်က အိမ်ထောင်သည်စုံတွဲများသည် မျိုးရိုးနာမည် တစ်ခုတည်းကိုသာ ဆက်ခံရမည်ဟု ဇနီးသည်၏ မူလမျိုးရိုးနာမည်ကို ဆက်လက်ထိန်းသိမ်းခွင့်မပေးမှုဖြင့် တိုင်ချက်ဖွင့်ထားသည့် ဂျပန်အိမ်ထောင်သည်စုံတွဲ ငါးခုကို ယမန်နေ့က အမိန့်ချမှတ်ခဲ့သည်။
    ဂျပန်နိုင်ငံတွင် ကွာရှင်းပြတ်စဲမှုများ အဖြစ်များသော်လည်း ရှေးရိုးစွဲများက မိသားစုအတွင်း မျိုးရိုးနာမည် အမျိုးမျိုးဖြစ်နေခြင်းသည် မိသားစုပြိုကွဲမှုကို ဦးတည်စေမည်ဟု စောဒကတက်ကြသည်။
    ၁၉ ရာစုက လူနေမှုစနစ်ကို ဆက်လက်ကျင့်သုံးနေခြင်းသည် ဂျပန်နိုင်ငံအနေဖြင့် ကျားမတန်းတူညီမျှမှုရှိရေးအတွက် အလှမ်းဝေးနေဆဲ ဖြစ်သည်ဟု ဆိုလိုရာရောက်သည်။ ဂျပန်နိုင်ငံတွင် လင်ယောက်ျားက သဘောတူပါက အမျိုးသမီးအနေဖြင့် မူလမျိုးရိုးနာမည်ကို ဆက်လက်ထိန်းသိမ်းရန် ခွင့်ပြုထားသည်။ သို့သော် အမျိုးသမီး ၉၀ ရာခိုင်နှုန်းကျော်က လင်ယောက်ျား၏ မျိုးရိုးနာမည်ကို ပြောင်းလဲခံယူရန် ဆုံးဖြတ်ခဲ့ကြသည်။
    မျိုးရိုးနာမည် ဆက်ခံမှုဆိုင်ရာ ဥပဒေသည် ဂျပန်နိုင်ငံ အလယ်ခေတ်မိသားစုလူနေမှုစနစ်၏ ခေတ်ဟောင်းဥပဒေတစ်ရပ်ဖြစ်သည်။ ၎င်းဥပေဒအရ မိန်းမနှင့် ကလေးများအားလုံးသည် အိမ်ထောင်ဦးစီဖြစ်သည့် လင်ယောင်္ကျား၏ အုပ်ချုပ်မှုအောက်တွင်သာ နေထိုင်ရသည်။ ဤစနစ်ကို ဒုတိယကမ္ဘာစစ်အလွန် ၁၉၄၈ ခုနှစ်တွင် ဖျက်သိမ်းပြီးဖြစ်သော်လည်း ဂျပန်နိုင်ငံဥပေဒတွင် မျိုးရိုးဆက်ခံသည့် နည်းစနစ်ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။
    ဂျပန်နိုင်ငံ၏ အမြင့်ဆုံးတရားစီရင်ရေးဌာနတစ်ခုဖြစ်သည့် ဂရန်းဘန့်ခ်ျ အထက်တရားရုံးက အဆိုပါဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းမရှိဟု ပြောဆိုခဲ့သည်။
    အမျိုးသမီးများကို အလုပ်ခွင်သို့များများရောက်စေရေးနှင့် ကလေးစောင့်ရှောက်ရေးစင်တာများ အမြောက်အများဖွင့်လှစ်သွားရန် တိုက်တွန်းခဲ့သည်။ ၎င်းသည် ၂၀၂၀ ခုနှစ်တွင် ကုမ္ပဏီများ၌ အမျိုးသမီးများကို မန်နေဂျာရာထူးများ ၃၀ ရာခိုင်နှုန်းလောက်ထိ ခန့်အပ်သွားရန် မျှော်မှန်းထားသည်။
    တစ်ချိန်တည်းမှာပင် ကွာရှင်းပြတ်စဲထားသည့်အမျိုးသမီးများသည် ၆ လအတွင်း နောက်ထပ်ထိမ်းမြားလက်ထပ်မှုမပြုရန် တားမြစ်ထားသည့် အခြေအနေလည်း ရှိနေသည်။ တရားရုံးက ရက် ၁၀၀ အတွင်း နောက်ထပ်ထိမ်းမြားခွင့် မပေးလျှင် အဆိုပါဥပေဒသည် အခြေခံဥပေဒေနှင့် ဆန့်ကျင်ရာရောက်မည်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။
    ဤဆုံးဖြတ်ချက်မှာ အမျိးသမီးများကိုသာ နောက်ထပ် ရက် ၁၀၀ အတွင်း ထပ်မံလက်ထပ်ထိမ်းမြားခွင့်မပြုရဟု တားမြစ်ထားပြီး ယောကျာ်းများအတွက်မှု အကျုံးဝင်မှုမရှိပေ။
    Ref: AFP
  • ကမ္ဘာစစ်လိင်ကျွန်ကိစ္စအတွက် ဂျပန်နှင့် တောင်ကိုရီးယား ဆွေးနွေးမည်
    ကမ္ဘာစစ်လိင်ကျွန်ကိစ္စအတွက် ဂျပန်နှင့် တောင်ကိုရီးယား ဆွေးနွေးမည်
    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media
    – ဒုတိယကမ္ဘာစစ်အတွင်း ကိုးရီးယားအမျိုးသမီးများကို ဂျပန်က လိင်ပိုင်းဆိုင်ရာ ကျွန်ပြုမှုများအတွက် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဟု ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    စစ်အတွင်း ဂျပန်စစ်တပ်များက ပြည့်တန်ဆာအိမ်များတွင် လုပ်ကိုင်ရန် ကိုးရီးယားအမျိုးသမီးများကို ဇိမ်မယ်များအဖြစ် အတင်းအကြပ်ခိုင်းစေခဲ့သော ကိစ္စအပေါ် ဆွေးနွေးမည့် ၁၁ ကြိမ်မြောက် အဆိုပါ အစည်းအဝေးကို ဒီဇင်ဘာ ၁၅ တွင် တိုကျို၌ ကျင်းပမည်ဖြစ်သည်။
    တောင်ကိုးရီးယားသမ္မတ ပတ်ဂျုံဟေးနှင့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးတို့ ယင်းကိစ္စနှင့်ပက်သက်၍ အလျင်အမြန်ဆွေးနွေးရန် ပြီးခဲ့သောလတွင် သဘောတူညီမှုယူခဲ့ရာမှ အစည်းအဝေးပွဲ ဖြစ်လာခြင်းဖြစ်သည်။
    ၁၉၁၀-၄၅ အတွင်း ကိုးရီးယားကျွန်းဆွယ်ကို ကိုလိုနီပြုခဲ့စဉ် ဖြစ်ပွားခဲ့သော သမိုင်းနှင့်ချီသည့် အငြင်းပွားမှုများ အထူးသဖြင့် ကိုးရီးယားအမျိုးသမီးများကို ဂျပန်က လိင်ကျွန်အဖြစ် အသုံးပြုမှုအတွက် ယခုဆွေးနွေးပွဲမှာ ပက်ဂျုံဟေးနှင့် ရှင်ဇိုးအာဘေးတို့အကြား ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးမှု ဖြစ်မည်ဖြစ်သည်။ ယခင်က ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် တောင်ကိုရီးယားသမ္မတက ငြင်းဆိုခဲ့သည်။
    တောင်ကိုရီးယားမှာ အာဘေးထံမှ စိတ်ပါလက်ပါတောင်းပန်မှုကို အလိုရှိနေပြီး လိင်ကျွန်ပြုခံ ကိုရီးယားအမျိုးသမီးများအတွက် သင့်တင့်လျောက်ပတ်သည့် နစ်နာကြေးကိုလည်း ပေးအပ်စေချင်သည်။ သို့သော်လည်း ဂျပန်ကမူ ထိုကိစ္စကို ဂျပန်နှင့် တောင်ကိုရီးယားတို့ သံတမန်ဆက်ဆံရေး စတင်ခဲ့သည့် ၁၉၆၅ ခုနှစ်ကတည်းက ဖြေရှင်းပြီးဖြစ်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
    Ref: Xinhua
  • ဆီးရီးယားဒုက္ခသည်များအတွက် ဂျပန်က ဒေါ်လာ ၂.၄၄ သန်း ကူညီမည်
    ဆီးရီးယားဒုက္ခသည်များအတွက် ဂျပန်က ဒေါ်လာ ၂.၄၄ သန်း ကူညီမည်
    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media
    japan
    – ဥရောပဆောင်းတွင်၏ အအေးဒဏ်ကို ကာကွယ်ရန်အတွက် ဂျပန်မှာ ဆီးရီးယားဒုက္ခသည်များအား ယန်းငွေ သန်း ၃၀၀ (ဒေါ်လာ ၂.၄၄ သန်းခန့်) ကူညီမည်ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။
    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး အန်တိုနီယို ဂူတာရက်စ်နှင့် တွေ့ဆုံစဉ် အာဘေးက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး UNHCR သို့ နှစ်စဉ်ပေးအပ်သော ယန်းငွေ သန်း ၃၉၀၀ (ဒေါ်လာ ၃၁.၈၁ သန်းခန့်) ၏ အချို့ကို ဒုက္ခသည်စခန်းများ၌ အပူပေးကရိယာများဝယ်ယူ တပ်ဆင်ရန်၊ အအေးဒဏ်ခံနိုင်မည့် အသုံးအဆောင်ပစ္စည်းများ ၀ယ်ယူရန် အသုံးပြုမည်ဖြစ်သည်။
    ထိုအကူအညီအား ကျေးဇူးတင်သောအားဖြင့် ဂူတာရက်စ်သည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အကြီးဆုံးဖြစ်သည့် ယခု ဒုက္ခသည်ပြဿနာကို ဖြေရှင်းရန် UNHCR ၏ လုပ်ငန်းစဉ်များသည် ဂျပန်အစိုးရ၏ အကူအညီမပါဘဲ မည်သို့မျှမဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
    အာဘေးနှင့် ဂူတာရက်စ်တို့ တွေ့ဆုံမှုကို ကုလတိုးတက်မှုစီမံကိန်းဌာနမှူး ဟယ်လင်ကလာခ်က ဆက်သွယ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ အာဘေးက UNHCR နှင့် UNDP ရုံးများ၌ ဂျပန်ဝန်ထမ်းများ တိုးမြှင့်ခန့်အပ်ရန် ရည်ရွယ်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: IINA News