News @ M-Media

Tag: Japan

  • တရုတ်နိုင်ငံ အရှေ့ဘက် ကျွန်းစုများအနီး ဂျပန်က စစ်တပ်ချထားမည်

    တရုတ်နိုင်ငံ အရှေ့ဘက် ကျွန်းစုများအနီး ဂျပန်က စစ်တပ်ချထားမည်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    japan

    – ပိုင်နက်ပိုင်ဆိုင်မှုအတွက် တရုတ်နှင့် အငြင်းပွားမှုများမြင့်တက်နေသည့် အချိန်တွင် ဂျပန်က တောင်ဘက်ကျွန်းတစ်ခုပေါ်တွင် ခြေလျင်တပ်သား ၅၀၀ခန့်ကို ဖြန့်ကျက်ချထားရန် စီစဉ်နေပြီဖြစ်သည်။

    တပ်ဖြန့်ချထားမည့် အီရှီဂါကီ ကျွန်းသို့ ရောက်ရှိနေသည့် ဂျပန်ဒုတိယ ကာကွယ်ရေးဝန်ကြီး ကင်ဂျီ ၀ါကာမီယာကမူ ယမန်နေ့က မြို့တော်ဝန် ယိုရှီတာကာ နာကာယာမာအား ၂၀၁၉ ခုနှစ်မှစတင်ကာ အဆိုပါကျွန်း၌ စစ်သားများ ချထားမည့်အစီအစဉ်ကို ရှင်းပြခဲ့သည်။

    အီရှီဂါကီကျွန်းမှာ ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး၊ တရုတ်နိုင်ငံကလည်း ပိုင်ဆိုင်ကြောင်း ပြောကြားနေသည့် ဆန်ကာကူကျွန်းစု (တရုတ်အမည် ဒေးယူကျွန်းစု) နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးမည့် ကျွန်းတစ်ခုလည်းဖြစ်သည်။

    ဂျပန်သည် အငြင်းပွားနေသော ကျွန်းများအနီး တရုတ်စစ်သားများတိုး မြှင့်ချထားမှုနှင့် စစ်ကင်းလှည့်မှုများကို အသင့်ရင်ဆိုင်ရန် ကာကွယ်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

    ပေကျင်းသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်အားလုံးနီးပါးကို အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ရှိကြောင်း အပြင်းအထန် တောင်းဆိုထားသည်။ တောင်တရုတ်ပင်လယ်မှာ ကမ္ဘာ့ရေနံအားလုံး၏ သုံးပုံတစ်ပုံ ဖြတ်သန်းစီးဆင်းရာ မဟာဗျုဟာမြောက် ရေလမ်းကြောင်းတစ်ခုဖြစ်သည်။

    ထိုအငြင်းပွားဖွယ် ရေပြင်ကို ဗီယက်နမ်၊ မလေးရှား၊ ဖီလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်း စသည့်နိုင်ငံများကလည်း တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တစ်ခုလုံးဖြစ်စေ ရပိုင်ခွင့်ရှိသည်ဟု တောင်းဆိုထားမှုများ ရှိသည်။ ထို့ကြောင့် ၎င်းသည် ကမ္ဘာ့စီးပွားရေးနှင့် စစ်အင်အားအကြီးဆုံး နှစ်နိုင်ငံဖြစ်သည့် ပေကျင်းနှင့် ၀ါရှင်တန်တို့အကြား နယ်မြေလုပွဲအတွက် သတ်ကွင်းတစ်ခုဖြစ်လာခဲ့သည်။

    Ref: Aljazeera

  • တိုကျိုရှိ အငြင်းပွားဖွယ်ဗိမာန်တွင် ပေါက်ကွဲမှုဖြစ်

    တိုကျိုရှိ အငြင်းပွားဖွယ်ဗိမာန်တွင် ပေါက်ကွဲမှုဖြစ်

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    – ဒုတိယကမ္ဘာစစ်တွင် သေဆုံးသွားခဲ့သည့် ဂျပန်စစ်သားများကို ဂုဏ်ပြုကာ တည်ဆောက်ထားသည့် တိုကျိုမြို့ရှိ အငြင်းပွားဖွယ် ယာဆုကူနီ ဗိမာန်၌ ယနေ့မနက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အများသုံး သန့်စင်ခန်း ပျက်ဆီးမှု ရှိခဲ့သည်ဟု သိရသည်။

    ဗိမာန်၏တောင်ဘက် အ၀င်အ၀ဂိတ်နားတွင် ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်အတွင်း ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ဘဲ တာဝန်ရှိသူများကမူ မပေါက်ကွဲသေးသော သံသယဖြစ်ဖွယ် ပစ္စည်းများကို ရှာဖွေရန် ဗုံးရှင်းတပ်ဖွဲ့တစ်ခုအား အဆိုပါ ဗိမာန်သို့ စေလွှတ်ခဲ့သည်။

    ဂျပန်နိုင်ငံ၏ သီးနှံရိပ်သိမ်းပွဲဖြစ်သည့် နီနာမီဆိုင်အခမ်းအနားကို ယနေ့မနက်တွင် ထိုဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ပြီး ဂျပန်ပြည်သူအများအပြား လာရောက်ခဲ့ကြကာ ဘေးအန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ပွဲတော်သို့ ကလေးများလာရောက်ခြင်းကို နောက်ပိုင်းတွင် တားမြစ်ခဲ့သည်။

    ယာဆုကူနီဗိမာန်ကို အခြားနိုင်ငံများက ဂျပန်နိုင်ငံ၏ စစ်ဝါဒကို ဖော်ကျူးသည့် အမှတ်အသားတစ်ခုအဖြစ် မှတ်ယူပြီး ထိုဗိမာန်သို့ ဂျပန် နိုင်ငံရေးသမားများ သွားရောက်ဂါရ၀ပြုခြင်းကိုလည်း တရုတ်နှင့် တောင်ကိုရီးယားတို့က ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့နှစ်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်မတိုင်ခင်နှင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၏ ကျူးကျောသိမ်းပိုက်ခြင်းနှင့် ကိုလိုနီဝါဒကို အကြီးအကျယ် ခံစားခဲ့ရသည်။

    Ref: Reuters

  • တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ ယနေ့တွင် တွေ့ဆုံ

    တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ ယနေ့တွင် တွေ့ဆုံ

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    – ၃ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်ခေါင်းဆောင်များမှာ ယနေ့တွင် ဆိုးလ်မြို့၌ တွေ့ဆုံခဲ့ကြပြီး လုံခြုံရေးနှင့် ကုန်သွယ်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    မြောက်အာရှဒေသ စီးပွားရေးအကြီးဆုံး ၃ နိုင်ငံ၏ ထိုတွေ့ဆုံမှုအတွင်း သံတမန်ရေးနှင့် စီးပွားရေးတို့ ပိုမိုနီးကပ်စွာ ဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြပြီး၊ တရုတ်ဝန်ကြီးချုပ် လီကီကွီယန်းကမူ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ကျဆင်းနေသော စီးပွားရေး ပြန်လည် ဦးမော့လာအောင် ဆောင်ရွက်ရန် စိတ်အားထက်သန်နေသည်။

    ထို့ပြင် ၎င်းတို့၏ လုံခြုံရေးအား အဓိက ခြိမ်းခြောက်နေသော မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

    ဂျပန်နှင့် တရုတ်နိုင်ငံတို့မှာ ၂၀၁၂ ခုနှစ်တွင် အရှေ့တရုတ်ပင်လယ်ရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော ကျွန်းကိစ္စနှင့်ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တစ်ဖြည်းဖြည်းဖြင့် ဆက်ဆံရေးကို တိုးမြှင့်လာခဲ့သည်။

    Ref: Aljazeera

  • အငြင်းပွားဖွယ် ဂူဗိမာန်ကို ဂျပန်လွှတ်တော်အမတ်များ သွားရောက်ဂါရ၀ပြု

    အငြင်းပွားဖွယ် ဂူဗိမာန်ကို ဂျပန်လွှတ်တော်အမတ်များ သွားရောက်ဂါရ၀ပြု

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    – ဂျပန်လွှတ်တော်အမတ်များမှာ ဒုတိယကမ္ဘာစစ်က ကျဆုံးသွားသည့် ထိပ်တန်း စစ်ခေါင်းဆောင်များအတွက် အောက်မေ့ဖွယ် ယာဆူကူနီဗိမာန်သို့ ယနေ့မနက်ပိုင်းတွင် သွားရောက်ဂါရ၀ပြုခဲ့ကြပြီး ထိုဗိမာန်အား ဂျပန်နိုင်ငံ၏ ဖက်စစ်ဝါဒကို ဖော်ကျူးသည့် ပြယုဂ်အဖြစ် မှတ်ယူထားသည့် တရုတ်နှင့် တောင်ကိုရီးယားတို့ကို ဒေါသထွက်စေမည်ဖြစ်သည်။

    တိုကျိုမြို့ရှိ အဆိုပါ ဂူဗိမာန်သို့ ဆောင်းဦးရာသီပွဲတော် အထိမ်းအမှတ်အဖြစ် လာရောက် ဂါရ၀ပြုခြင်း ဖြစ်ပြီး လွှတ်တော် အမတ် ၉၆ ဦးအပြင် နိုင်ငံရေးသမား ၇၃ ဦးပါသော အဖွဲ့တစ်ခုလည်း ပါဝင်ခဲ့သည်။ ယမန်နေ့ကမူ ဂျပန်ကတ်ဘိနတ်မှ ၀န်ကြီး ၂ ဦးက လာရောက်ဂါရ၀ပြုခဲ့ပြီး ၀န်ကြီးချုပ်ရှင်ဇိုအာဘေးမှာ လာရောက်ခြင်းမရှိဘဲ စနေနေ့က ဆုတောင်းမှုသာ ပြုခဲ့သည်။

    အဆိုပါဗိမာန်မှာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရာဇ၀တ်မှု ကျူးလွန်ထားသော ဂျပန်စစ်အရာရှိများနှင့် ထိပ်တန်းနိုင်ငံရေးသမားများကို ဂုဏ်ပြုသည့် ဗိမာန်ဖြစ်ပြီး၊ ဂျပန်အစိုးရ တာဝန်ရှိသူများ သွားရောက်ဂါရ၀ပြုခြင်းမှာ စစ်အတွင်း ဂျပန်နိုင်ငံ၏ ကျူးကျော် နှိပ်စက်မှုကို ခံစားခဲ့ရသည့် မိမိတို့ဘိုးဘေးများကို မထိလေးစားပြုခြင်းဟု တရုတ်နှင့် တောင်ကိုရီးယားတို့က သတ်မှတ်ထားသည်။

    Ref: Channelnewsasia

  • ဂျပန်ရေတပ် အင်အားပြပွဲ ယမန်နေ့က ပြုလုပ်

    ဂျပန်ရေတပ် အင်အားပြပွဲ ယမန်နေ့က ပြုလုပ်

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    – ဂျပန် ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့ JMSDF မှ ၃ နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိသည့် ရေတပ်အင်အားပြပွဲကို ယမန်နေ့က ဆာဂါမီပင်လယ်အော်တွင် ပြုလုပ်ခဲ့ပြီး ရေတပ်မှ သယ်ယူပို့ဆောင်ရေး သင်္ဘောများ၊ ခရုဇ်ဒုံးကျည်တပ် သင်္ဘောများ၊ ဖျက်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများကို ထည့်သွင်း ပြသခဲ့သည်။

    ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံမှ တည်ဆောက်ခဲ့သည့် စစ်ရေယောဉ်များတွင် အကြီးဆုံးဖြစ်သော ရဟတ်ယာဉ်တင်သင်္ဘော အီဇူမိုလည်း ထိုအင်အားပြပွဲတွင် ပါဝင်ခဲ့ပြီး အနောက်ပစိဖိတ်ဒေသတွင် အရေးပါသည့် အမေရိကန် တတိယ ရေယာဉ်အုပ်စုမှ တပ်မှူးနှင့်အတူ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးမှာ ထိုပြပွဲသို့ တက်ရောက်ကြည့်ရှုခဲ့သည်။

    ထိုအင်အားပြပွဲတွင် အမေရိကန် ရေတပ်မှ ရေယာဉ်များလည်း ပါဝင်ခဲ့သည်။ တောင်တရုတ်ပင်လယ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းများတွင် တရုတ်က ကျွန်းတုများ ဖန်တီးနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ဂျပန်နှင့် အမေရိကန်တို့မှာ စစ်းရေးအရ ပိုမို ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

    Ref: RT