News @ M-Media
Tag: Japan
  • ဂျပန်ကာတွန်းစတူဒီယို မီးလောင်မှု ၀တ္ထုရေးဆရာက ရှို့ခြင်းဟု ရဲတပ်ဖွဲ့ပြော
    ဂျပန်ကာတွန်းစတူဒီယို မီးလောင်မှု ၀တ္ထုရေးဆရာက ရှို့ခြင်းဟု ရဲတပ်ဖွဲ့ပြော
    ဇူလိုင် ၁၉၊ ၂၀၁၉
    M-Media
    မီးရှို့ခံခဲ့ရသည့် ကာတွန်း စတူဒီယို
    -လူ ၃၃ ဦးသေဆုံးခဲ့တဲ့ နာမည်ကျော် Kyoto ကာတွန်းစတူဒီယို မီးလောင်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ သံသယရှိသူက သူ့ ၀တ္ထုကို စတူဒီယိုက ခိုးတယ်လို့ ယူဆတာကြောင့် မီးရှို့ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။
    ရှေးဟောင်းမြို့ ကျိုတိုမှာရှိတဲ့ အဲဒီ စတူဒီယိုမှာ ကြာသာပတေးနေ့ မနက်ပိုင်းက မီးလောင်ခဲ့တာဖြစ်ပြီး နှစ် ၂၀ ကျော်အတွင်း အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း ၁၀ ဦးက စိုးရိမ်ရတဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။
    အာဏာပိုင်တွေက ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း အသက် ၄၁ နှစ်အရွယ် ရှင်ဂျီ အေအိုဘာ ဆိုသူကို ဖမ်းဆီးထားပါတယ်။ ရှင်ဂျီအေအိုဘာဟာ ၂၀၁၂ ခုနှစ်က တိုကျိုမှာ ကုန်စုံဆိုင်တစ်ခုကို ဓားပြတိုက်မှုအတွက် ထောင်ဒဏ်ကျခံခဲ့ရပြီး လက်ရှိမှာလည်း ရာဇ၀တ်သားဟောင်းတွေ နေထိုင်တဲ့နေရာမှာ နေထိုင်တဲ့သူ ဖြစ်ပါတယ်။
    ရဲတပ်ဖွဲ့က အေအိုဘာဟာ ဈေးဝယ်လှည်းနဲ့ အနည်းဆုံး ဓာတ်ဆီပုလင်းတစ်ခုကို သယ်ဆောင်လာပြီး ကာတွန်းစတူဒီယိုရဲ့ ၀င်ပေါက်မှာ လောင်းချကာ မီးရှို့ခဲ့ပြီး၊ ပါးစပ်ကလည်း ‘သေကြေတော့’ လို့ ဟစ်အော်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မီးရှို့မှုကို သူလုပ်တာလို့ အေအိုဘာက
    NHK သတင်းဌာနက အေအိုဘာဟာ စိတ်ဝေဒနာကြောင့် ဆေးကုသမှု ခံယူခဲ့ဖူးတယ်လို့ ဖော်ပြခဲ့ပါတယ်။
    ဖမ်းဆီးမှုကို မျက်မြင်တွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက အေအိုဘာဟာ အလွန်ဒေါသထွက်နေပြီး၊ သူ့ဝတ္ထု ခိုးခံရတဲ့အကြောင်းကိုပဲ ထပ်ခါတလဲလဲ ပြောနေကြောင်း ပြည်တွင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
    ဂျပန်နိုင်ငံဟာ ကမ္ဘ္ဘာပေါ်မှာ ရာဇ၀တ်မှုဖြစ်ပွားမှု အနိမ့်ဆုံး နိုင်ငံတွေထဲမှာပါဝင်ပြီး ၂၀၀၁ ခုနှစ်က လူ ၄၄ ဦး သေဆုံးခဲ့တဲ့ တိုကျိုက မီးလောင်မှုတစ်ခုနောက်ပိုင်း မနေ့ကအဖြစ်အပျက်ဟာ နှစ် ၂၀ အတွင်း အဆိုးဝါဆုံး လူအစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပါတယ်။
    Ref : Reuters
  • ကမ္ဘ္ဘာ့ အာကာသသမိုင်းတွင် ဂျပန်နိုင်ငံက မှတ်တိုင်သစ်တစ်ခု စိုက်ထူ
    ကမ္ဘ္ဘာ့ အာကာသသမိုင်းတွင် ဂျပန်နိုင်ငံက မှတ်တိုင်သစ်တစ်ခု စိုက်ထူ
    ဇူလိုင် ၁၂၊ ၂၀၁၉
    M-Media
    -ဂျပန်နိုင်ငံက လွှတ်တင်လိုက်တဲ့ အာကာသယာဉ်တစ်ခုဟာ ကမ္ဘ္ဘာနဲ့ ကီလိုမီတာ သန်းပေါင်း ၃၀၀ လောက်ဝေးတဲ့ ဂြိုဟ်သိမ်တစ်ခုမှာ အောင်မြင်စွာဆင်းသက်ကာ ကျောက်တုံးနမူနာ ရယူနိုင်ခဲ့ပြီး ဒါဟာ အာကာသ လေ့လာစူးစမ်းမှုသမိုင်းမှာ ဂျပန်နိုင်ငံက သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်တာလည်း ဖြစ်ပါတယ်။
    Ryugu လို့ အမည်ပေးထားတဲ့ ဂြိုဟ်သိမ်မှာ Hayabusa2 အာကာသယာဉ်က ရယူနိုင်ခဲ့တဲ့ အဲဒီ မြေကြီး နမူနာဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄.၆ ဘီလီယံက ဖြစ်တည်ခဲ့တဲ့ နေအဖွဲ့အစည်းရဲ့ စတင်ပေါ်ပေါက်ရာ အခြေအနေကို လေ့လာဖော်ထုတ်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။ Hayabusa2 အာကာသယာဉ်ဟာ ဂြိုဟ်သိမ်မှာ တွင်းတစ်ခုတူးကာ အာကာသဓာတ်ရောင်ခြည်နဲ့ အခြား သက်ရောက်မှုတွေ မရှိတဲ့ ကျောက်တုံးတွေကို ယူဆောင်ခဲ့တာ ဖြစ်ပါတယ်။
    ဒါဟာ အာကာသသမိုင်းမှာ ကမ္ဘ္ဘာနဲ့ အလွန်ဝေးကွာတဲ့ ဂြိုဟ်သိမ်တစ်ခုက မြေအောက်ကျောက်တုံးနမူနာတွေကို ပထမဆုံးအကြိမ် အောင်မြင်စွာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အာကာသအေဂျင်စီ NASA ဟာ ဒီလိုစီမံကိန်းမျိုးကို Bennu လို့ အမည်ပေးထားတဲ့ ဂြိုဟ်သိမ်မှာ ထပ်လုပ်ဖို့လည်း စီစဉ်ထားပါတယ်။
    ဂျပန် အာကာသ စူးစမ်းရှာဖွေရေး အေဂျင်စီက Hayabusa2 အာကာသယာဉ်ဟာ ဂြိုဟ်ပေါ်ကို နှစ်ကြိမ်တိုင်တိုင် ဆင်းသက်ခဲ့ရပြီး ပထမအကြိမ်က တွင်းတူးဖို့နဲ့ ဒုတိယအကြိမ်က ကျောက်တုံးနမူနာ ယူဖို့ဖြစ်ကြောင်း၊ အောင်မြင်မှုဟာ မျှော်မှန်းထားတာထက်ကို ပိုခဲ့ပြီး၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဂြိုဟ်ပေါ်ကနေ ပြန်တက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
    “ကျွန်တော်တို့ သမိုင်းရေးထိုးနိုင်ခဲ့ပါပြီ” လို့ အေဂျင်စီက သုတေသန ဒါရိုက်တာ တာကာရှီ ကူဘိုတာက ပြောကြားခဲ့ပါတယ်။
    Hayabusa2 အာကာယာဉ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ လွှတ်တင်ခဲ့တာဖြစ်ပြီး လာမယ့်နှစ်မှာ ကမ္ဘ္ဘာမြေပေါ်ကို ပြန်ရောက်လာဖို့ ရှိနေပါတယ်။ ဒီအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကုန်ကျခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက ဒီစီမံကိန်းကနေ ကမ္ဘ္ဘာတည်ရှိရာ နေအဖွဲ့အစည်းရဲ့ မူလဘူတကို ပိုမိုနားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
    Ref: Aljazeera
  • ဆော်ဒီမွတ်စလင်များ ပြောပြသည့် ဂျပန်နိုင်ငံက အစ္စလာမ်သာသနာ
    ဆော်ဒီမွတ်စလင်များ ပြောပြသည့် ဂျပန်နိုင်ငံက အစ္စလာမ်သာသနာ
    ဇူလိုင် ၄၊ ၂၀၁၉
    M-Media
    မြို့တော်တိုကျိုမှ ဂျပန်နိုင်ငံ၏ အကြီးဆုံး ဗလီဝတ်ကျောင်းတော် Tokyo Camii
    -ဖူရတ်ဘန်တန်ဟာ ဆော်ဒီ ဘာသာပြန်တစ်ယောက်ဖြစ်ပြီး ဂျပန်မှာ ဘာသာပြန်အဖြစ် လုပ်ကိုင်နေတာ ၁၃ နှစ် ရှိနေပါပြီ။ သူ့ရဲ့ ဘ၀ရည်မှန်းချက်က ရိုးရှင်းပါတယ် – ဂျပန်ဘာသာစကားနဲ့ပတ်သက်ပြီး အကောင်းဆုံး အာရပ် ဘာသာပြန်တစ်ယောက် ဖြစ်လာဖို့၊ အာရပ်ကမ္ဘ္ဘာနဲ့ ဂျပန်နိုင်ငံတို့အကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ဖို့ – ဖြစ်ပါတယ်။
    အရင်ကာ ‘တိုကျို အာရပ် အစ္စလာမ်အသင်း’ မှာ အလုပ်လုပ်ခဲ့တဲ့ ဘန်တန်ဟာ လက်ရှိ လက်ဘနွန်သံရုံးမှာ ဘာသာပြန်တစ်ယောက်အဖြစ် ဆောင်ရွက်နေပါတယ်။ အဲဒီ အာရပ်အစ္စလာမ်အသင်းဟာ ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့ Al-Imam Mohammad ibn Saud တက္ကသိုလ်လက်အောက်မှာ ရှိပါတယ်။ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ဖို့နဲ့ အာရပ်ယဉ်ကျေးမှုအပေါ် နားလည်လာစေရေး မျှော်မှန်းချက်တွေနဲ့ ဆော်ဒီအစိုးရက ဒီအသင်းကို တည်ထောင်ပေးထားတာပါ။
    “ဂျပန်တွေရဲ့ ယဉ်ကျေးမှု၊ ဘာသာတရားကို ပိုမို နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်ချင်ပါတယ်။ ဒါမှသာ ကျွန်တော်ဟာ သူတို့ရဲ့ အတွေးအခေါ်ကို ဆက်စပ်နိုင်ပြီး သူတို့ နားလည် သဘောပေါက်တဲ့ ပုံစံမျိုးနဲ့ အစ္စလာမ့်သင်ကြားမှုတွေကို ဖြန့်ချီနိုင်မှာ ဖြစ်ပါတယ်” လို့ ဘန်တန်က ပြောကြားခဲ့ပါတယ်။
    အစ္စလာမ်သာသနာဟာ ကမ္ဘ္ဘာပေါ်မှာ လိုက်နာကျင့်သုံးမှု အများဆုံး ဘာသာတရားတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘ္ဘာတစ်ဝှမ်း အစ္စလာမ်ဘာသာကို သက်ဝင်သူ ၁.၆ ဘီလီယံလောက် ရှိတယ်လို့ Pew Research Center က ထုတ်ပြန်ထားပါတယ်။
    ဒါပေမယ့် ဂျပန်နိုင်ငံက အစ္စလာမ်ဘာသာဝင် အရေအတွက်ဟာ အခြားသော အရှေ့အာရှ နိုင်ငံတွေနဲ့ယှဉ်ရင် အလွန် နည်းနေပါးသေးတယ်။ မှတ်တမ်း အတိအကျ မရှိပေမယ့် အာဏာပိုင်တွေရဲ့ ထုတ်ပြန်မှုအရ ဂျပန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင် အရေအတွက်ဟာ ၁ သိန်းကနေ ၁၈၅၀၀၀ ကြား ရှိတယ်လို့ သိရပါတယ်။ ဒါဟာ လူဦးရေ ၁၂၆.၈ သန်းလောက်ရှိတဲ့ နိုင်ငံမှာ အလွန်နည်းပါးတဲ့ ပမာဏ ဖြစ်ပြီး ၀.၁ ရာခိုင်နှုန်းအောက်သာ ရှိနေတာပါ။
    အရေအတွက် နည်းပေမယ့် ဂျပန်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်မှုကတော့ ခိုင်မာလှပါတယ်။ အစ္စလာမ့်ရေးရာ သင်ကြားမှုတွေနဲ့ ၀တ်ပြုဆုတောင်းမှုတွေကို ဆောင်ရွက်ဖို့ အသင်းအဖွဲ့ တော်တော်များများ ဂျပန်နိုင်ငံမှာ ရှိနေပြီး ထင်ရှားတဲ့ အဖွဲ့တွေကတော့ Japan Islamic Trust၊ Islamic Center of Japan နဲ့ Nippon Asia Halal Association
    တို့ ဖြစ်ပါတယ်။
    ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ဗလီဝတ်ကျောင်းတော်ပေါင်း ၂၀၀ ကျော်ရှိပြီး ဗလီအသွင်သဏ္ဍာန် အပြည့်အ၀ရှိတဲ့ Tokyo Camii ဗလီကနေ၊ ရပ်ကွက်၊ တက္ကသိုလ်က ၀တ်ပြုဆောင်တွေ၊ လေဆိပ်၊ ကားဂိတ်တို့က ၀တ်ပြုဆောင်တွေအထိ အရွယ်အစားမျိုးစုံ ရှိနေပါတယ်။
    မြို့ပြနဲ့ ဝေးကွာတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုဖို့ အဆင်ပြေစေရေးအတွက် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှား မွတ်စလင်တွေဟာ ဗလီဝတ်အသေးလေးတွေ ဆောက်လုပ်ဖို့ ရန်ပုံငွေ မတည် ကောက်ခံနေတာတွေလည်း ရှိပါတယ်။
    တိုကျို အာရပ်အစ္စလာမ်အသင်းက အာရဘီ ဘာသာစကား စိတ်ဝင်စားတဲ့ ဂျပန်တွေကို အခမဲ့ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ဘန်တန်က လူတွေ ထင်ထားတဲ့ အရေအတွက်ထက်ပိုပြီး ဂျပန်တွေ ဒီသင်တန်းကို လာတက်ကြောင်း၊ ယနေ့ခေတ် နိုင်ငံရေး အခင်းအကျင်းမှာ ဂျပန်ပြည်သူတွေဟာ အစ္စလာမ်သာသနာအပေါ် ပိုပြီး စိတ်ဝင်စားလာကြောင်း ပြောကြားခဲ့ပါတယ်။
    ဒေသတွင်း အစ္စလာမ့်အသင်းအဖွဲ့တွေထံမှာ အစ္စလာမ်အကြောင်း လေ့လာခဲ့တဲ့ ဂျပန်လူမျိုးတစ်ချို့ နောက်ပိုင်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်လာကြတယ်လို့လည်း သူက ဆိုပါတယ်။
    “အာရပ်အစ္စလာမ်အသင်းမှာ ကျွန်တော် အလုပ်လုပ်တုန်းက တစ်ပတ်ကို လူ ၂ ယောက်၊ ၃ ယောက် အစ္စလာမ်ကို သက်ဝင်လာကြတာ တွေ့ခဲ့ရပါတယ်။ အခုအချိန်မှာ အစ္စလာမ်သာသနာကို ကျွမ်းကျင်တဲ့ ဂျပန်လူမျိုး တရားဟောဆရာ ရှိလာတဲ့အတွက်ကြောင့် ဒီအရေအတွက်က ဆပွားတိုးတက်လာပါတယ်”
    ဂျပန်နိုင်ငံက သေးငယ်လှတဲ့ အစ္စလာမ်ဘာသာဝင် အသိုင်းအဝိုင်းဟာ နိုင်ငံတစ်ဝှမ်း အစ္စလာမ့်သတင်းစကား ပြန့်နှံ့ဖို့အတွက် လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါတယ်။ အခြား အရှေ့အာရှနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် ဂျပန်နိုင်ငံကို အစ္စလာမ်သာသနာ ရောက်ရှိလာမှုဟာ တော်တော်လေး ကွဲပြားပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် တမန်တော် မိုဟမ္မဒ်ကို မှီလိုက်တဲ့ သာဝကကြီးတွေရဲ့ တရားဟောကြားမှုကြောင့် အစ္စလာမ်သာသနာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက ပြန့်နှံ့နေခဲ့ပြီး ဖြစ်ပါတယ်။
    ဂျပန်နိုင်ငံကို အစ္စလာမ်နဲ့ ပထမဆုံး မိတ်ဆက်ပေးခဲ့သူက ၉ ရာစုမှာ ရောက်လာတဲ့ ပါရှန် ပထဝီဗေဒပညာရှင် အစ်ဗနေ့ ခိုရ်ဒါဘတ် ဖြစ်တယ်လို့ ပြောစမတ် ရှိပါတယ်။ ဒါပေမယ့် တာ့က်-တာတာ မွတ်စလင်တွေ ရုရှားရဲ့ ဖိနှိပ်မှုကြောင့် ဂျပန်နိုင်ငံမှာ ခိုလှုံခဲ့ရတဲ့ Bolshevik တော်လှန်ရေးနောက်ပိုင်းမှသာ ဂျပန်နိုင်ငံမှာ အစ္စလာမ်ဘာသာ သိသိသာသာ ထွန်းကားလာခဲ့တာပါ။ ခိုလှုံလာသူတွေထဲက အချို့ဟာ ဒေသခံ ဂျပန်ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံလာရာကနေ အစ္စလာမ်သာသနာကို ဟောကြား ဖြန့်ဖြူးခဲ့ကြတာ ဖြစ်ပါတယ်။
    ဂျပန်နိုင်ငံက အစ္စလာမ်သာသနာသမိုင်းမှာ ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုက ၁၉၆၈ ခုနှစ်မှာ ဂျပန်လူမျိုး အစ္စလာမ်ဘာသာဝင် ရိုအီချီ မီတာက ကုရ်အာန်ကျမ်းတော်မြတ်ကို ဂျပန်ဘာသာ ပြန်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက္ကာအခြေစိုက် ကမ္ဘ္ဘာ့မွတ်စလင်လိဂ်က အတည်ပြုပေးခဲ့ပြီးတဲ့နောက် ၁၉၇၂ ခုနှစ်မှာ ဂျပန်ဘာသာနဲ့ ကုရ်အာန်ကျမ်းစာကို ပထမဆုံး ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ပါတယ်။
    ခေတ်သစ်ဂျပန်ပြည်ဟာ အစ္စလာမ်ကမ္ဘ္ဘာနဲ့ စီးပွားရေးဆက်ဆံမှု ကျယ်ကျယ်ပြန့်ပြန့် ရှိလာပါတယ်။ ဂျပန်နဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံရဲ့ နှစ်စဉ် ကုန်သွယ်မှုပမာဏ တစ်ခုတည်းတင် အမေရိကန်ဒေါ်လာ ၂၆.၆၇ ဘီလီယံ ရှိနေပါတယ်။ ဆော်ဒီအတွက် ဂျပန်ဟာ အကြီးမားဆုံး သွင်းကုန်မိတ်ဖက်နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးနိုင်ငံ၊ ကုန်သွယ်မှု တတိယအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
    ဂျပန် မွတ်စလင်တို့၏ ဘဝ
    ဒီကနေ့ ဂျပန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုဟာ ဘယ်လိုရှိမလဲ။ ဂျပန်မှာ နေထိုင်နေတာ ၁၂ တာ ကြာမြင့်ပြီဖြစ်တဲ့ ဆော်ဒီနိုင်ငံသား အဘ်ဒူလ် အဇစ် အလ် ဖိုရီက အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်ရခြင်းအတွက် ဂျပန်မှာ ထွေထွေထူးထူး အခက်အခဲ မရှိဘူးလို့ ပြောပါတယ်။ ဂျပန်တွေဟာ ဘာသာရေးလို ကိစ္စတွေနဲ့ပတ်သက်ပြီး တစ်စိမ်းတွေနဲ့
    ပြောဆိုတာမျိုး မရှိတဲ့အတွက် ဖြစ်မယ်လို့ သူက သုံးသပ်ပါတယ်။
    “ခင်ဗျားက ဘာသာတရားတစ်ခုခုကို လိုက်နာကျင့်သုံးနေပြီဆိုရင် သူတို့က ဒီဘာသာကို လက်ခံခံ၊ မခံခံ သိပ်ကို အလေးထားပါတယ်။ အပြင်တွေဘာတွေသွားလို့ ထောင့်တစ်နေရာမှာ ကျွန်တော် ဘုရားဝတ်ပြုလို့ရှိရင်လည်း ဘယ်သူမှ ဘာမှ မပြောကြပါဘူး”
    အလ်ဖိုရီဟာ နီပွန် နည်းပညာတက္ကသိုလ်ကနေ မဟာဘွဲ့ရရှိကာ ဂျပန်နိုင်ငံမှာ နေထိုင်နေသူပါ။ ဂျပန်လူမျိုးတစ်ချို့နဲ့ပေါင်းပြီး ကုမ္ပဏီတစ်ခုလည်း သူက ထူထောင်ထားပါတယ်။
    ဟာလာလ်အစားအသောက်ကတော့ ရှာဖို့ခက်တယ်လို့ သူက ပြောပါတယ်။ ဂျပန်စကားပြောတတ်ရင် ရှာရတာ လွယ်ကူပေမယ့် ခရီးသွားနေရာမဟုတ်ရင် အင်္ဂလိပ်ကစကားပြောတဲ့ သူတွေအတွက် ရှာရတာ ခက်တယ်လို့ ဆိုပါတယ်။
    “ဂျပန်စကားပြောတတ်တယ်ဆိုရင်တော့ ဟာလာလ် အစားအသောက် ရှာစားရတာ သိပ်လွယ်ပါတယ်”
    နားလည်မှု အလွဲ
    ဂျပန်နိုင်ငံမှာ သတိပြုမိတာတစ်ခုက ဂျပန်မီဒီယာတွေဟာ အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီး ရှုထောင့်အမှားကနေ ဖော်ပြတာ ဖြစ်တယ်လို့ အလ်ဖိုရီက ပြောပါတယ်။ ဂျပန်တွေရဲ့ အဓိက အစားအသောက် ၂ မျိုးဖြစ်တဲ့ ၀က်သား၊ အရက်တွေကို မွတ်စလင်တွေက မစားမသောက်တာနဲ့ပတ်သက်ပြီး ဝေဖန်ဖော်ပြတာတွေ၊ ဆော်ဒီအမျိုးသားတိုင်းဟာ မိန်းမ ၄ ယောက်ယူကြတယ်ဆိုတဲ့ ဖော်ပြချက်မျိုးတွေကြောင့် လူတွေမှာ အသိပညာ ရမယ့်အစား လှုံ့ဆော်မှုတွေ ဖြစ်စေတယ်လို့ အလ်ဖိုရီက ထောက်ပြပါတယ်။
    “ဒီလို အထင်မှား အမြင်မှားတွေကို ကိုယ့်ဘက်ကတော့ နိုင်သလောက် ဖြေရှင်းပေးနေတာပဲ။ ထိရောက်မယ်လို့ မျှော်လင့်ပါတယ်”
    ဂျပန်မှာ ရမ်ဇာန်ဥပုသ်လဆိုရင် ဆော်ဒီထက်ပိုပြီး သက်တောင့်သက်သာဖြစ်တယ်လို့ အလ်ဖိုရီက ပြောပါတယ်။
    “ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေက မွတ်စလင်ဘာလဲဆိုတာ သိကြတယ်။ ကျွန်တော် ဥပုသ်စောင့်ပြီဆိုရင် လုပ်ဖော်ကိုင်ဖက်တွေက စိတ်ဝင်တစားနဲ့ မေးကြ မြန်းကြတယ်။ လိုက်လုပ်ကြည့်ကြတယ်။ အလုပ်တွေများနေတော့ အချိန် ဘယ်လိုကုန်လို့ ကုန်မှန်းတောင် ကျွန်တော် မသိလိုက်ဘူး”
    ဒါပေမယ့် ဝါကျွတ်အီးဒ်ပွဲတော် ဆင်နွှဲတဲ့အချိန်မှာတော့ အိမ်ကို လွမ်းမိတယ်လို့ အလ်ဖိုရီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    Ref: Arab News
    (Arab News သတင်းဌာနတွင် ဖော်ပြထားသည့် Japan-Islam ties in focus as Saudi Crown Prince tours G20 host country ဆောင်းပါးကို လေးမောင်က ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
  • နောက်ဆုံးပေါ်အမေရိကန်တိုက်လေယာဉ် ဂျပန်တွင်ပျက်ကျ
    နောက်ဆုံးပေါ်အမေရိကန်တိုက်လေယာဉ် ဂျပန်တွင်ပျက်ကျ
    ဧပြီ ၁၀၊ ၂၀၁၉
    M-Media
    F-35 တိုက်လေယာဉ်
    – အမေရိကန်လုပ် နောက်ဆုံးပေါ် တိုက်လေယာဉ် F-35 တစ်စင်းဟာ မနေ့က ဂျပန်နိုင်ငံမှာ လေ့ကျင့်ပျံသန်းရင်း ပျက်ကျခဲ့ပြီး အာဏာပိုင်တွေက လေယာဉ်မှူးနဲ့ လေယာဉ် အစိတ်အပိုင်း ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။
    နိုင်ငံမြောက်ပိုင်း Misawa လေတပ်စခန်းကနေ ပျံသန်းပြီး သိပ်မကြာခင်မှာ ရေဒါကနေ ပျောက်ဆုံးသွားတာဖြစ်ပြီး မပျောက်ခင် လေယာဉ်မှူးက လေ့ကျင့်မယ့်အစီအစဉ်ကို ဖျက်သိမ်းဖို့ သတင်းပေးပို့ခဲ့တယ်လို့ ဂျပန်စစ်ဖက် တာဝန်ရှိသူတွေက ပြောပါတယ်။
    ကာကွယ်ရေးဝန်ကြီး တာကာရှီ အီဝါယာက ပျောက်ဆုံးသွားတဲ့ F-35 လေယာဉ်က အစိတ်အပိုင်းတစ်ချို့ကို ဒီကနေ့မနက်ပိုင်းမှာ တွေ့ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    လေယာဉ်မှူးဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး လေယာဉ်မောင်းချိန် နာရီ ၃၂၀၀ ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့် အမည်ဖော်ပြခြင်း မရှိပါဘူး။ လက်ရှိမှာတော့ လေယာဉ်မှူးနဲ့ လေယာဉ်အစိတ်အပိုင်းတွေကို ရှာဖွေနေပါတယ်။
    အမေရိကန်ကုမ္ပဏီ Lockheed Martin က ထုတ်လုပ်တဲ့ F-35 တိုက်လေယာဉ်ဟာ ကမ္ဘာ့ အဆန်းသစ်ဆုံး အင်ဂျင်၊ လေကြောင်းဆိုင်ရာ နည်းပညာတွေနဲ့ လက်နက်စနစ်တွေ တပ်ဆင်ထားတဲ့ ကိုယ်ပျောက်လေယာဉ် ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်က ဒီလေယာဉ်ဟာ ထုတ်ခဲ့သမျှ တိုက်လေယာဉ်အားလုံးမှာ အကြမ်းခံဆုံး၊ စိတ်ချရဆုံးဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
    ၂၀၁၈ ခုနှစ် သြဂုတ်လအထိ Lockheed Martin ဟာ F-35 တိုက်လေယာဉ် စုစုပေါင်း အစင်း ၃၁၀ ကျော်ကို ကမ္ဘာတစ်ဝှမ်းက စစ်တပ်တွေဆီ ရောင်းချထားပါတယ်။ ကန်ဒေါ်လာ သန်း ၁၀၀ တန် အဲဒီတိုက်လေယာဉ်ကို ဂျပန်က ပြီးခဲ့တဲ့ ၁၁ ရက်ကမှ စတင်အသုံးပြုတာဖြစ်ပြီး Misawa လေတပ်စခန်းမှာ စုစုပေါင်း ၁၃ စင်း ထားရှိထားပါတယ်။
    အီဝါယာက မနေ့က F-35 လေယာဉ် ပျက်ကျမှုအတွက် စုံစမ်းစစ်းဆေးမှု ပြီးတဲ့အချိန်အထိ ကျန်တဲ့ ၁၂ စင်းကို ပျံသန်းမှု ရပ်ဆိုင်းထားမယ်လို့ ပြောကြားခဲ့ပါတယ်။ ပျက်ကျမှုဟာ လေယာဉ်ထုတ်လုပ်မှု လုပ်ငန်းမှာ မှားယွင်းချွတ်ချော်မှုတွေ ရှိခဲ့လို့ဖြစ်တယ်လို့ အမေရိကန် စစ်ရေးကျွမ်းကျင်သူတစ်ချို့က သုံးသပ်ထားပါတယ်။
    Ref: CNN
  • ဘုန်းကြီးများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စ ဂျပန်ကက်သလစ်အသင်းတော် စုံစမ်းစစ်ဆေးမည်
    ဘုန်းကြီးများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စ ဂျပန်ကက်သလစ်အသင်းတော် စုံစမ်းစစ်ဆေးမည်
    ဧပြီ ၉၊ ၂၀၁၉
    M-Media
    နာဂါဆာကီမြို့မှ ခရစ်ယာန်ဘုရားကျောင်းတစ်ခု
    – ဘုန်းကြီးတစ်ချို့ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဂျပန် ခရစ်ယာန်ကက်သလစ်အသင်းတော်က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအသင်းရဲ့ ညီလာခံမှာ ကက်သလစ်သာသနာ့နယ် ၁၆ ခုစလုံးမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဘုန်းတော်ကြီးများအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    ဂျပန်နိုင်ငံမှာ ခရစ်ယာန်ကက်သလစ်သာသနာဝင်တွေဟာ လူနည်းစုဖြစ်ပြီး အရေအတွက်အားဖြင့် ၄ သိန်း ၅ သောင်းလောက်သာ ရှိပါတယ်။
    သာသနာ့ဘောင်ဝင်သူတွေ အိမ်ထောင်မပြုရစည်းမျဉ်းရှိတဲ့ ခရစ်ယာန် ကက်သလစ်သာသနာက ဘုန်းကြီးတစ်ချို့ဟာ သီလရှင်တွေ၊ ဒကာမတွေ၊ ယောက်ျားလေး၊ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကမ္ဘာ့နိုင်ငံတစ်ချို့မှာ သတင်းထွက်ခဲ့ပြီး သြစတေးလျ၊ ချီလီနဲ့ အမေရိကန်အစိုးရတွေကတော့ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။
    ဒီကိစ္စကို တိုက်ဖျက်ဖို့ ကမ္ဘာတစ်ဝှမ်းက ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေကို ဆင့်ခေါ်ကာ ပုပ်ရဟန်မင်းကြီးက ဖေဖော်ဝါရီလမှာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
    ဂျပန်နိုင်ငံက ကက်သလစ်အာဏာပိုင်တွေဟာ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်က သာသနာ့နယ်အားလုံးမှာ စစ်တမ်းကောက်ခဲ့ပြီး ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုတဲ့ တိုင်ကြားမှုပေါင်း အနည်းဆုံး ၅ ခု ရရှိခဲ့ပါတယ်။
    ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက စုံစမ်းဖော်ထုတ်မှုရဲ့ ပထမအဆင့်အဖြစ် တိုင်ကြားခံထားရတဲ့ အမှု ၅ ခုကို စစ်ဆေးဖော်ထုတ်ကာ ကျူးလွန်သူတွေကို အရေးယူမှာဖြစ်ပြီး အသေးစိတ်အချက်အလက်ကို အများပြည်သူထံ ထုတ်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဒုတိယအဆင့်မှာတော့ တိုင်ကြားမှုမရှိသေးတဲ့ ကျူးလွန်မှုတွေကို စုံစမ်းဖော်ထုတ်မှာဖြစ်ပါတယ်။
    ဘုန်းတော်ကြီးများအသင်းရဲ့ တာဝန်ရှိသူတွေဟာ တနင်္ဂနွေနေ့က ကျူးလွန်ခံရတယ်လို့ တိုင်ကြားထားတဲ့ လူတွေနဲ့ တိုကျိုမှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအထဲက အသက် ၆၂ နှစ်အရွယ် အဖိုးအိုတစ်ဦးက ကလေးဘ၀ ကက်သလစ် တိုကျိုမြို့အနောက်ပိုင်း ကက်သလစ် ယောက်ျားလေးကျောင်းမှာ တက်နေစဉ် ဘုန်းကြီးတစ်ပါးရဲ့ လိင်စော်ကားမှုကို ခံစားခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
    တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ နာဂါဆာကီဒေသ ဂိုဏ်းအုပ်ဘုန်းတော်ကြီး မိုင်နီချီ ရှင်ဘွန်က ‘ကျူးလွန်မှုကို ဖော်ထုတ်ဖြေရှင်းဖို့ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တဲ့အတွက် ၀မ်းနည်းမိတယ်’ လို့ ပြောကြားခဲ့ပါတယ်။
    ဂျပန်နိုင်ငံမှာ ကက်သလစ်အသင်းတော်က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ဘုန်းကြီးတွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို ဂျပန်မီဒီယာတွေက ယခင်က ဖော်ပြခဲ့ဖူးပါတယ်။ နိုင်ငံတစ်ဝှမ်း ဘယ်လောက်များများ ရှိနေလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လာမယ့် နိုဝင်ဘာလမှာ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ရှိနေပြီး ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ နောက်ပိုင်း နှစ် ၄၀ အတွင်း ပထမဆုံးလာရောက်တဲ့ ပုပ်လည်း ဖြစ်ပါတယ်။
    Ref: CNA