News @ M-Media

Tag: JefreyTinOhn

  • “ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဘယ်စံတွေနဲ့ရွေးချယ်ကြမှာလဲ”

    “ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဘယ်စံတွေနဲ့ရွေးချယ်ကြမှာလဲ”

     

    နိုဝင်ဘာ ၂၃ ၊ ၂၀၁၇
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်) ရေးသည်။

    Credit -ကာတွန်း – ဖိုးရှုပ်

    ၂၀၁၇ နိုဝင်ဘာလ ၁၂ရက်နေ့က ရပ်ကွက်၊ကျေးရွာ (ရပ်ကျေး) အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ အတွက် ကြီးကြပ်ရေးအဖွဲ့သား ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၃ ရက်တွင် ရွေးချယ်မှုကို ပြန်လည်ပြုလုပ်ရန် ညွှန်ကြားချက်ကို စာရေးသူတို့ နေထိုင်သည့် သင်္ကန်းကျွန်းမြို့နယ် ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းရှေ့တွင် တွေ့ရပါသည်။ နိုဝင်ဘာလ ၂၂ ရက် စာရေးသူတို့ ရပ်ကွက် တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင် (၅) ဦး ကို အိမ်ထောင်စုတစ်ခု၏ အိမ်ထောင်ဦးစီး သို့မဟုတ် အသက် ၁၈နှစ် ပြည့်ပြီးသည့် မိသားစုဝင် တစ်ဦးဦး က ပုံစံ ၆၆/၆ လဝက သန်းခေါင်းစာရင်းတွင်ပါလျှင် ဆန္ဒပြုရွေးချယ်ခွင့်ရမည်ဖြစ်သည်။

    လက်ရှိတာဝန်ထမ်းဆောင်နေသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ၂၀၁၆ ဇန်နဝါရီလက ရွေးချယ်ခံထားရသူများဖြစ်ပြီး တာဝန်ထမ်းဆောင်ခဲ့သည့်ကာလမှာ လပေါင်း ၂၀ခန့်သာ ရှိပေသည်။

    မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ခရိုင်ပေါင်းမှာ ၆၆ခု၊ မြို့နယ်ပေါင်းမှာ ၃၇၂၊ ရပ်ကွက်ပေါင်းမှာ ၂၈၂၇၊ ကျေးရွာပေါင်း ၆၄၈၅၃ ခု၊ ကျေးရွာအုပ်စုပေါင်းမှာ ၁၃၇၀၈ ဖြစ်ပါသည်။ စာရေးသူတို့နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅မြို့နယ် ရပ်ကွက်ပေါင်း ၇၀၈ ကျေးရွာအုပ်စုပေါင်း ၆၂၅၊ ကျေးရွာပေါင်း ၂၀၉၃ခုရှိလေသည်။

    ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကို ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ ၂ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပေသည်။ ထိုဥပဒေတွင် အုပ်ချုပ်ရေးမှူးသည် သင့်တင့်သောပညာ အရည်အချင်းရှိသူဖြစ်ခြင်းနှင့် စားဝတ်နေရေး ဖူလုံမှုရှိသူ ဖြစ်ခြင်းဆိုသည့် အချက်(၂)ချက်ကို ပယ်ဖျက်ခဲ့သည်။ ရပ်ကွက်ကျေးရွာအတွင်း တစ်ဆက်တည်းနေ အနည်းဆုံး (၁၀)နှစ် နေထိုင်သူဖြစ်ခြင်းအစား (၅) နှစ်နေထိုင်သူဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်သည့် တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း ဆိုသည်ကို ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်သူ ဟူ၍ ပြင်ဆင်ခဲ့ပေသည်။ တတိယအကြိမ်ပြင်ဆင်ချက်တွင်
    ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ သက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်ဟု ဖော်ပြထားပေသည်။ ၂၀၁၇ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို နိုဝင်ဘာလ (၁၀) ရက်မှ ဒီဇင်ဘာလ (၁၀)ရက်အထိ တစ်လအတွင်းကျင်းပရန် အထက်မှ ညွှန်ကြားထားပေသည်။

    ယခင့်၊ ယခင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို လေ့လာဆန်းစစ်ကြည့်သောအခါ အနည်းစု သာ လျှင် ရပ်ကွက်၊ကျေးရွာအကျိုးကို အမှန်တကယ် စွန့်လွတ်အနစ်နာခံပြီး လုပ်ဆောင်ခဲ့ကြောင်း တွေ့ရ သည်။ အုပ်ချုပ်ရေးမှူး အများစုသည် ဘဝမြင့် အောက်ခြေလွတ်ကာ အာဏာရှင်စိတ်ပေါက်လျက် ပြည်သူလူထုအားဟောက်စား၊ ငေါက်စားပြုလုပ်၍ မိမိအား အမြဲမျက်နှာချိုသွေး ငွေလမ်းခင်းပေးနေသူ များနှင့်သာ အဆင်ပြေနေပေသည်။ ထို့ကြောင့်လည်းလူထုက သူတို့အား ပြည်သူ့ချဉ်ဖတ်စာရင်းတွင် သွတ်သွင်းခဲ့ခြင်းဖြစ်ပါသည်။

    ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ပြည်သူအချို့စိတ်မဝင်စားရသည့် အကြောင်းရင်းကို စာရေးသူ လက်လှမ်းမှီသလောက်တင်ပြရလျှင် (၁)စားဝတ်နေရေးအတွက် အချိန်ပြည့် ရုန်းကန်နေရ ခြင်း (၂) ထိုသူတို့၏စိတ်ထဲတွင် “လူတွေသာပြောင်းသွားတယ်။စကားလုံးတွေ ခေါင်းစဉ်တွေသာ ပြောင်းသွားတယ်။ မူကတော့ သိသာထင်ရှားစွာ ပြောင်းလဲမှုမရှိခြင်း” (၃) ဆယ်စုနှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးရန်းမထွက်နိုင်သည့် “အထက်ဖား၊ အောက်ဖိ အုပ်ချုပ်ရေး နွံထဲမှ ရုန်းမထွက်နိုင်ခြင်း” (၄) ဆယ်အိမ်မှူး၊ ရာအိမ်မှူးဆိုသူများသည် လစာမဲ့လုပ်အားပေးသူများဖြစ်၍ လာဘ်ပေး၊လာဘ်ယူစနစ် တွင် သာယာနေခြင်းကို ရပ်ကျေးလူထု အချို့က သတိပြုမိခြင်း။ စသည့် အကြောင်းအချက်တို့ကြောင့် ရပ်ကျေးလူထုသည် အုပ်ချုပ်ရေးမှူးလောင်းရွေးပွဲကို အာရုံစိုက်မှု့ အားနည်းနေခြင်း ဖြစ်ဟန်တူပေ သည်။

    ဒီမိုကရေစီစနစ်ကို သွားချင်သည့် ပြည်သူလူထုသည် အပြောင်းအလဲများကို မိမိကိုယ်တိုင် မိမိ၊ မိသားစုဝင်၊ မိမိနေထိုင်သည့် ရပ်ကွက် စသည်တို့မှ အစပြု၍ ပြုပြင်ပြောင်းလဲမှု့များကို ပြုလုပ်ရပါမည်။
    မိမိရပ်ကွက်၊ကျေးရွာကို အုပ်ချုပ်မည့် အုပ်ချုပ်ရေးမှူးသည် ရပ်ကျေးလူထု အများရဲ့သဘောထား ဆန္ဒ နှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသူဖြစ်ဖို့ လိုပေသည်။ ရပ်ကွက်နေလူထု နှင့် အနီးကပ်ထိတွေ့ဆက်ဆံနေသူကို ဦးစားပေးရွေးချယ်သင့်ပေသည်။

    စာရေးသူအနေဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ကြမည့် ပြည်သူလူထုကြီးအား “စံ” ထား ရွေးချယ်စေချင်တဲ့ အချက်များရှိပါသည်။ ယင်းတို့မှာ ကိုယ်ရွေးချယ်သည့် အုပ်ချုပ်ရေးမှူးသည်
    (၁) အကျင့်စာရိတ္တ ကောင်းသူဖြစ်ရပါမည်။
    (၂) ဒီမိုကရေစီဝါဒကို လိုလားပြီး ဝေဖန်ခံနိုင်သူဖြစ်ရပါမည်။
    (၃) မတူကွဲပြားစွာ ရောပြွမ်းနေထိုင်သည့် ရပ်ကျေးမျိုးတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နှင့် သဟဇာတဖြစ်သူ ဖြစ်ရပါမည်။
    (၄) စာပေဗဟုသုတ နှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်ပြီး၊ ပရဟိတလူမှုရေးစိတ်ဓာတ်ရှိသူဖြစ်ရပါမည်။
    (၅) လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်ကို ယူဆောင်နေသူဖြစ်ပါက ထိုသူသည် လူထုကြား ပြဿနာကြီးငယ်ပေါ်တိုင်း မိမိ အစွမ်းအစနှင့် ပြေလည်အောင် မဖြေရှင်းပဲ၇ဲစခန်းနှင့် တရားရုံးကိုသာ အားကိုးပို့ဆောင်နေသူမျိုးကို မရွေးချယ်မိဖို့ အလွန်အရေးကြီးပါသည်။ ထိုလူမျိုးကို ရွေးချယ်မိပါက ကိုယ့်သေတွင်း၊ ကိုယ်တူးသလို ဖြစ်ပြီးမြွေပွေးခါးပိုက် ပိုက်သလိုမျိုး ဖြစ်နေမည်ဖြစ်ပြီး ပြည်သူလူထု ကြီး စိတ်ဆင်းရဲ ရမည်သာဖြစ်သည်။

    “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်သည်။ “ဘယ်သူမပြု၊ မိမိမှုပင်” ဖြစ်သည်။ မိမိ ရပ်ကွက်၊ကျေးရွာ၏ အလုံးစုံ၊သာယာဝပြောရေးအတွက် ဦးဆောင်လမ်းညွှန်နိုင်သူ အုပ်ချုပ်ရေးမှူး ကောင်းကို စဉ်းစားရွေးချယ်ဖို့ အရေးကြီးပါသည်။
    ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရာထူးသည် ရပ်ကျေးအတွင်းတွင် အမြင့်ဆုံးထိပ်တန်းရာထူး တစ်ခုဖြစ်သော်လည်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ပေးအပ်သည့်လစာမှာ ၁၂၀၀၀၀ ကျပ်ဝန်းကျင်သာ ဖြစ်လေသည်။ယနေ့လို အခြေအနေမျိုးတွင် အဆိုပါလစာငွေသည် မိသားစုတစ်စု၏ စားဝတ်နေရေး အတွက် လုံးဝ လုံလောက်မှုမရှိပေ။ ဒိရေအလားမြင့်တက်နေသည့် ကုန်ဈေးနှုန်းကြီးကို ကာမိစေခြင်းမ ရှိပေ။

    ထို့ကြောင့်လည်း ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် ရပ်ကျေး အုပ်ချုပ်ရေးမှူး များကို သက်ဆိုင်ရာတာဝန်ရှိ အာဏာပိုင်များအနေဖြင့် လုံလောက်သည့် လစာထောက်ပံ့ကြေးကို ပံ့ပိုး ပေးဆောင်နိုင်မှသာ အဆိုပါအုပ်ချုပ်ရေးမှူးများသည် မိမိတို့၏တာဝန်ဝတ္တရားများကို အဂတိတရား ကင်းစွာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်ဖြင့် ရပ်ကျေးပြည်သူလူထု၏ အကျိုးကို ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ပါသည်။ ။

     

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)

     

  • “ငြိမ်းချမ်းရေး ဦးတည်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ”

    “ငြိမ်းချမ်းရေး ဦးတည်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ”

    ဓါတ်ပုံ- ပေါ်ပျူလာမီဒီယာ

    ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၀၀ကျော် ရှိသည့်အနက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်းမှာ ၁၉၅ နိုင်ငံသာရှိပါသည်။ ကမ္ဘာ့လူဦးရေသန်းပေါင်း ၇၀၀၀ကျော် ရှိသည့်အနက်၊ လူမျိုးနွယ်အုပ်စုပေါင်း ၅၀၀၀ကျော်ရှိပြီး ထိုလူသားမျိုးနွယ်များ၊ ပြောဆိုသုံးစွဲနေသော ဘာသာ စကားပေါင်းမှာ ၆၀၀၀ကျော်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူသားများသည် မိမိတို့ အားသန်ရာ ဘသာတရားများကို ကိုးကွယ်ယုံကြည် ကြပါသည်။ ဘာသာတရားအသီးသီးသည် လူ့ဂုဏ်သိက္ခာနှင့်ကိုယ်ကျင့်တရားများ စာရိတ္တမဏ္ဏိုင် များ ဖွံ့ဖြိုးတိုးတက်ကြံ့ခိုင်လာစေရန်နှင့် လောကီနှင့် လောကုတ္တရာ အေးချမ်းစေရာ တရားများကို သာ ညွှန်ပြလျက်ရှိပါသည်။

    ကမ္ဘာ့ပေါ်ရှိ လူသားများ ယုံကြည်ကိုးကွယ်နေကြသည့် ဘာသာတရားများကို ဆန်းစစ် လေ့လာကြည့်လျှင် ခရစ်ယာန်ဘာသာဝင်များက သန်းပေါင်း၂၂၀၀ ကျော်ရှိသည်။ အစ္စလာမ် ဘာသာဝင်များက သန်းပေါင်း ၁၈၀၀ကျော်ရှိသည်။ ဟိန္ဒူဘာသာဝင်ဦးရေက သန်းပေါင်း ၁၁၅၀ ကျော်ရှိသည်။ မဟာယနနှင့်ထေရဝါဒ ဗုဒ္ဓဘသာဝင်ဦးရေက သန်းပေါင်း ၅၃၅ သန်းကျော် ရှိသည်။ မဟာယနဗုဒ္ဓဘာသာဝင်ဦးရေမှာ သန်းပေါင်း ၃၆၀ ကျော်ဖြစ်ပြီး။ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ တောာင်ကိုးရီးယားနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်ဝမ်နိုင်ငံတို့တွင် တွေ့ရပါသည်။ ထေရဝါဒဗုဒ္ဓဘာသာကို အများစုလက်ခံယုံကြည်သည့်နိုင်ငံမှာ သီရိလင်္ကာနိုင်ငံနှင့် စာရေးသူတို့ မြန်မာနိုင်ငံဖြစ်ပါသည်။ မည်သည့်ဘာသာတရား၊ အယူဝါဒကိုမျှ လက်ခံခြင်းမရှိဘဲနေသော လူဦးရေပေါင်းမှာ သန်းပေါင်း ၁၀၀၀ကျော် ရှိနေပြီး ကမ္ဘာ့ကွန်မြူနစ်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ရုရှားနိုင်ငံ၊ ကျူးဘားနိုင်ငံနှင့် မြောက်ကိုးရီးယားနိုင်ငံတို့ဖြစ်ပါသည်။

    ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတူကွဲပြားသော လူမျိုးနွယ်အုပ်စုများရှိကြသည်။ ထိုသူတို့တွင် မတူကွဲပြားသော ဘာသာအယူဝါဒ၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုများ၊ ဘာသာစကားများရှိကြသည်။

    အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံတွင်ပင် လူမျိုးနွယ်အုပ်စုပေါင်း ၃၀၀ကျော်ရှိသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ မဟုတ်ဘဲ နှုတ်မိန့်ညွှန်ကြားချက်အရ ပြောဆိုရေးသားနေသော လူမျိုးနွယ်ပေါင်း ၁၃၅ မျိုးနှင့် ၂၀၁၄ ခု၊ မတ်လ ၃၀ရက်တွင် ကောက်ယူ ခဲ့သော သန်းခေါင်းစာရင်းအရ ပေါ်ထွက်လာသော လူမျိုးနွယ်ပေါင်း ၈၀၀ ကျော်ရှိနေသည်။

    ထို့ကြောင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ရိုးရာဓလေ့ပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ပြည့်နှက်နေသည့် ကမ္ဘာ့လှည့်ခရီးသည်များ စိတ်ဝင်စားခြင်းခံရသည့် နိုင်ငံသည် စာရေးသူတို့ မြန်မာနိုင်ငံဖြစ်လာသည်မှာ ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။ မတူကွဲပြားသော ပန်းအမျိုးအစား ပေါင်းစုံ စုဝေးလျက်ရှိသည့် ပန်းဥယျာဉ်ကြီးသည် လူအများ၏ စိတ်အာရုံကို ညှို့ယူဖမ်းစားနိုင်သကဲ့ သို့ပင်ဖြစ်သည်။

    ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုး ရေးစပ်ခဲ့သလို “ဖိုးလမင်းလည်း သူ့အဆင်းနဲ့ သူ့အလင်းနဲ့၊ ပိုးစုန်းကြူးလေးလည်း သူ့အဆင်းနဲ့ အလင်းနဲ့” ဆိုသလိုပင်ဖြစ်သည်။

    စာရေးသူတို့ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် အစိုးရများ၏ စီမံ၊ ခန့် ခွဲမှု့၊ ညံ့ဖျင်းမှု၊ လောဘ၊အတ္တ၊ ကိုယ်ကျိုးရှာမှုများနှင့် ပြည်တွင်းစစ်မီးများကြောင့် ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်ခဲ့ရပေသည်။ ယခုအချိန်သည် အရပ်သားအစိုးရ အုပ်ချုပ်နေသော အချိန်ကာလ ဖြစ်၍ တိုင်းပြည်အတွက် မိမိတို့ပေးဆပ်နိုင်သည့် ကာယ၊ ညာဏ၊ စွမ်းအားများကို ပေးဆပ်ချိန် တန် နေပြီ။ အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောစေရန် တိုင်းနှင့်ပြည်နယ်အနှံ့တွင် မတူကွဲ ပြားသော ဘာသာဝင်များ၊ အတူတကွလက်တွဲ၍ “ငြိမ်းချမ်းရေး ဆုတောင်းပွဲ” များကို အလျဉ်းသင့် သလို ကျင်းပနေခြင်းသည် ကောင်းမြတ်သည့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် လည်း ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူး၍ အောက်တိုဘာ (၁၀) ရက်နေ့က “ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ” များကို အောင်ဆန်းအားကစားကွင်း၌ လည်းကောင်း၊ဒုတိယအကြိမ် အင်ယားကန်ပေါင်ပေါ်တွင် လည်းကောင်း၊ တတိယအကြိမ် အနေဖြင့် အောက်တိုဘာ (၂၄)ရက် သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ (Event Park) ၌ လည်းကောင်း ကျင်းပခဲ့ရာ စာရေးသူလည်းတက်ရောက်ခဲ့ပါသည်။ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် ပြည်သူအချို့ စုစုပေါင်း ၅၀၀၀ ကျော် တက်ရောက် ဆုတောင်း မေတ္တာ ပို့သ ခဲ့ကြပါသည်။ ညနေ ၆နာရီကျော်တွင် ဘာသာပေါင်းစုံမှ အမျိုးသမီးကိုယ်စားလှယ်များက “ငြိမ်းချမ်း ရေး ဖယောင်းတိုင်ရှည်ကြီး” ကို ထွန်းညှိ၍ အဆိုပါ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထေရ ဗုဒ္ဓဘာသာအဖွဲ့၊မဟာယနဗုဒ္ဓဘာသာအဖွဲ့၊ အစ္စလာမ်ဘာသာအဖွဲ့၊ ခရစ်ယာန်ဘာသာအဖွဲ့၊ ဟိန္ဒူ ဘာသာကိုယ်စားပြုအဖွဲ့များက ငြိမ်းချမ်းရေးကို အထူးရည်ရွယ်လျက် မိမိတို့ဘာသာအလိုက် ဓမ္မတေးပုံစံ ဖော်ဆောင်ကာ သီဆိုသွားခဲ့သည်မှာ တက်ရောက်ခဲ့သည့် ပရိသတ်အပေါင်း စိတ်နှလုံး အေးချမ်းမှုအပေါင်းကို ပေးစွမ်းခဲ့သည်ဟု စာရေးသူထင်မြင်ခံစားမိပါသည်။

    ထိုအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လူထုပရိသတ်ကြီးအား ကျေးဇူးတင်စကား ပြောကြားရာတွင် “ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာ နိုင်ငံတော်ကြီး ငြိမ်းချမ်းဖို့၊ အေးချမ်း သာယာဖို့ အတွက် ခိုင်မာတဲ့ယုံကြည်ချက်တွေ ရှိနေရင် ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး အဖြစ်သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ဒီလိုရောက်ရှိနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ညီညွတ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ကောင်းမြတ်တဲ့ မေတ္တာတရားနှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ကြိုးပမ်း ကြဖို့ လိုအပ်ပါတယ်။ ဒီအတွက်၊ ဒီနေရာမှာ တူညီတဲ့စိတ်ဓာတ်နဲ့ တူညီဆန္ဒတွေ တူညီတဲ့ မေတ္တာ တရားတွေနဲ့ စုစည်းရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေ၊ မေတ္တာတရားတွေ၊ ခိုင်မြဲတဲ့ လက်တွေနဲ့ နိုင်ငံတော်ကြီး တည်ဆောက်ကြပါစို့။ ကျွန်တော်တို့ရဲ့ ယနေ့ စုစည်းနေတဲ့ စိတ်ဓာတ်ခွန်အားတွေ ရှေ့အနာဂတ်အတွက် မျှော်လင့်ချက်တွေ ကျွန်တော်တို့ မျှော်လင့်နေတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းရုန်းကန်ကြပါစို့” ပြောကြားခဲ့သောအခါ လူထုပရိသတ်ကြီးက တခဲနက် လက်ခုပ်သြဘာတီး အားပေးခဲ့ပါသည်။

    တက်ရောက်လာသော လူထုကြီးက ငြိမ်းချမ်းရေး ဖယောင်းတိုင်များကို ထွန်းညှိကာ အမိ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းရေးအတွက် စုပေါင်း၊ သံပြိုင်၊ မေတ္တာပို့သခဲ့ပေသည်။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြုလုပ်ခြင်းဖြင့်၊ မတူကွဲပြားသော ဘာသာဝင်များ၏ ခံစားမှု၊ လိုလားတောင့်တမှု၊ ချစ်ကြည်ရင်းနှီးမှုများ၊ ယခင်ကထက် ပိုမိုရရှိစေပါသည်။ ညီညွတ်ခြင်းသည် အင်အား၊ စည်းလုံးခြင်းသည်ခွန်အားဟူသော ဆောင်ပုဒ်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

    ထို့ကြောင့်လည်း အောက်တိုဘာ ၃၁ ရက်နေ့ ရန်ကုန် မြို့တော်ခန်းမရှေ့၌ ပြုလုပ်မည့် စတုတ္ထအကြိမ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင်လည်း နိုင်ငံရေး၊ အရည်အသွေး ပြည့်မီသည့် ရန်ကုန်ပြည်သူလူထုကြီးသည် ဖြားယောင်း သွေးဆောင်ခြင်းမရှိဘဲ ခြိမ်းခြောက်ခြင်း မရှိဘဲ တစ်ခဲနက် အားပေးထောက်ခံကြမည်ကို စာရေးသူ ကြိုတင်တွေးမြင်မိပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)

     

     

  • “လမ်းပြကြယ် ကျောင်းသားလူငယ်လေးများ စိတ်ဒဏ်ရာ မခံစား ရလေအောင်”

    “လမ်းပြကြယ် ကျောင်းသားလူငယ်လေးများ စိတ်ဒဏ်ရာ မခံစား ရလေအောင်”

    “ကျောင်းတံခါးကြီးတစ်ချပ်ကို ဖွင့်လှစ်လိုက်ခြင်းသည် အကျဉ်းထောင်တံခါးတစ်ချပ်ကို ပိတ်လိုက်နိုင်ခြင်းဖြစ်ပါသည်။”ဟု စာရေးသူငယ်စဉ်က စာစီစာကုံးများတွင် ဖတ်ခဲ့ဖူးပါသည်။ ဆရာဟူသည် ဘုရား။တရား၊သံဃာ၊မိဘ၊ဆရာသမားဟူသော အနန္တဂိုဏ်းဝင် ရတနာငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ဘုရားသားတော် သံဃာတော်များသည် ဝိနည်းတော်များ နှင့်အညီ ကျင့်ကြံအားထုတ်နေထိုင်နေရသလို အနာဂတ်လမ်းပြကြယ် ကျောင်းသား၊ကျောင်းသူ လေးများရဲ့ ပဲ့ကိုင်ရှင် ဆရာသမားများတွင်လည်း ဆရာကျင့်ဝတ်များ ရှိကြပါသည်။

    “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။”ဟူသည် ဆရာသမားများ၏ ကျင့်ဝတ်များပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရတနာငါးပါးဂိုဏ်းဝင် ကန်တော့ခံ လူတန်းစားစာရင်းဝင် ဆရာသမားများအား “အာစရိယ၊ ဂုဏေ၊ အနန္တော”ဟူ၍ ဂုဏ်ပေးတင်စားကြခြင်းဖြစ်ပါသည်။

    နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာအရင်းအမြစ်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံအနှံ့စာသင်ကျောင်း အသီးသီးရှိ ကျောင်းသား၊ကျောင်းသူလေးများသည် ပညာအရင်းအမြစ်ပိုင်ရှင်လေးများ ဖြစ်ကြသည်။ ပဲ့ကိုင်ရှင် ဆရာသမားတို့အနေနဲ့ မိမိတို့ထံ ပညာလာရောက် ဆည်းပူးနေသော လူ့စွမ်းအား အရင်းအမြစ် ပိုင်ရှင်လေးများအား ပညာသင်ကြား ဆုံးမရာတွင် စည်းကမ်းနည်းလမ်းများသည် စံနမူနာဖြစ်ဖို့ အရေးကြီးလာပါသည်။ “အမျိုးသား စည်း ကမ်းအစ၊ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်သည် ပညာရေးလောကသားတို့ လိုက်နာစံထား ရမည့်အချက်ကို မီးမောင်းထိုးပြနေပေသည်။

    ကမ္ဘာပေါ်ရှိ တရုတ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ကျူးဘားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံစသည့် ကွန်မြူနစ်ဝါဒ ကျင့်သုံးနေကြသည့် တိုင်းပြည်များတွင် ကျောင်းဆရာ၊ ဆရာမများသည် တပည့်များအား အပြစ်ပေးဆုံးမရာတွင် အလွန် ခက်ထန်ကြမ်းတမ်းလှသည်ကို သတိပြုမိပါသည်။ မကြာသေးမီက အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဆရာမ၏ရိုက်နှက်ဆုံးမမှု့ကြောင့် ကျောင်းသားလေး သေဆုံးခဲ့ရပါသည်။ “အနောက်နိုင်ငံများတွင် ဆရာ၊ ဆရာမများ မဆိုထားဘိ ခလေးမိဘများသည်ပင် မိမိတို့သားသမီးရင်းချာများကို ရိုက်နှက်ဆုံးမခြင်းမပြုရန်” ဥပဒေဖြင့် အခိုင်အမာ သတိပေးတားမြစ်ထားပေသည်။

    သို့သော် စာရေးသူတို့နိုင်ငံတွင် အခြေခံပညာဦးစီးဋ္ဌာန လက်အောက်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းဆရာ၊ ဆရာမများသည် ဆယ်စုနှစ်ပေါင်းများစွာ မလျော်ကန် သည့် နည်းလမ်းများနှင့်ဆုံးမ အပြစ်ပေးနေပါသည်။ ဥပမာတင်ပြရလျှင်

    (၁) တင်ပါးကို အရှိုးရာထင်အောင်၊ သွေးချည်ဥအောင် ရိုက်နှက်ဆုံးမနေခြင်း။

    (၂) စာသင်ခုံပေါ် မှောက်ခိုင်းကာ တင်ပါးကို ကြိမ်လုံး(သို့မဟုတ်) ဝါးခြမ်းပြားနှစ်ပြား ပူးပြီး ရိုက်နှက် ဆုံးမနေခြင်း။

    (၃) စာမရသည့် ကျောင်းသား၊ကျောင်းသူများကို စာသင်ခန်းများအတွင်း၊ ကျောင်းဝင်းအတွင်း၊ ပတ်ပြေးခိုင်းကာ ဆုံးမခြင်း။

    (၄) Assembly ကွင်းပြင်ထဲတွင် ထွက်ခိုင်းကာ အရှိုးရာထပ်နေအောင် ရိုက်နှက်အပြစ်ပေးခြင်း။

    (၅) စာသင်ချိန်ကုန်တဲ့အထိ အတန်းထဲမှာ လက်မြှောက်ခိုင်းခြင်း။

    (၆)စာရသည့်ကျောင်းသားက စာမရသည့်ကျောင်းသူကိုလည်းကောင်း၊ စာရသည့်ကျောင်းသူက စာမရသည့် ကျောင်းသားကို နားရွက်ဆွဲစေခြင်း။ စသည့် နည်းလမ်းမျိုးစုံဖြင့် ယနေ့ခေတ် အခါသမယနှင့် သဟဇာတဖြစ်စွာ၊ လိမ္မာပါးနပ်စွာ၊ ပြောဆို ဆုံးမခြင်းမရှိသူက အတော်များပြားနေပေသည်။

    ထို့ကြောင့်လည်း ပြီးခဲ့တဲ့ သြဂုတ်လက ပညာရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက “အခြေခံပညာကျောင်းများတွင် စာသင်ကြားနေသော ဆရာ၊ဆရာမများအနေဖြင့် မိမိတို့ တပည့်များအား ရိုက်နှက်ပြီး အပြစ်ပေးဆုံးမခြင်း မပြုရန်။”သတိပေးလမ်းညွှန်ခဲ့ပါသည်။ သို့ သော်လည်း လူတိုင်း၏အဓိက ရန်သူကြီးဖြစ်သည့် အတ္တနှင့်ဒေါသကို ထိန်းချုပ်နိုင်စွမ်း မရှိသည့် အတွက် မကြာသေးမီက ဟိုးလေးတကျော်ဖြစ်သွားခဲ့ရသည့် ပညာရေးလောကမှ ဖြစ်စဉ်လေးတစ်ခုကို စာရေးသူတင်ပြချင်ပါသည်။

    စက်တင်ဘာလ ၂၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီးရေတာရှည်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင် အသက်၇နှစ်ခန့်ရှိ စာမရသည့် ဒုတိယတန်းကျောင်းသူ(၂) ဦးနှင့် ကျောင်းသား (၃) ဦးအား ကျောင်းသား၊ကျောင်းသူများ၏ အတန်းရှေ့ဆုံးသို့ထွက်ခိုင်းကာ ဆရာမ ဖြစ်သူ ဒေါ်သန္တာဆွေက ခလေးငယ်များ၏ စကတ်နှင့်ဘောင်းဘီများ ချွတ်ခိုင်းကာ အချိန်အတန် ကြာ မတ်တပ်ရပ်ခိုင်းကာ အပြစ်ပေးခဲ့ပါသည်။ ထို့ကြောင့်ပညာရေး တာဝန်ရှိသူများက ထိုဆရာမ အား စာသင်ကြားမှု့ ရပ်ဆိုင်းစေပြီး ခရိုင်ပညာရေးမှူး ဦးဆောင်သည့် စုံခုံအဖွဲ့က စစ်ဆေးလျက် ရှိကြောင်း ရေတာရှည်မြို့နယ်၊ ဒုတိယပညာရေးမှူး ဦးသက်တင်က ပြောကြားခဲ့ပေသည်။ “ခလေး တွေကလည်း ကျောင်းတက်ရမှာကို စိုးရိမ်ထိတ်လန့်နေပါတယ်။ ဒဏ်ပေးခံရတဲ့ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ မိဘတွေနှင့် ဆရာမ ထိပ်တိုက် မတွေ့မိအောင် ရှောင်ရှားလိုတာကြောင့် ထိုဆရာမအား မြို့နယ် ပညာရေးမှူးရုံးမှာ ရုံးဝန်ထမ်းအနေနဲ့ တာဝန်ပေးထားကြောင်း” သိရပါတယ်။

    “အဆိုပါ လုပ်ရပ်ကြောင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူနိုင်ကြောင်း” အခြေခံပညာဦးစီးဋ္ဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးက ပြောကြားခဲ့ပါသည်။

    အချို့သော ဆရာ၊ ဆရာမများသည် စိတ်မကြည်လျှင် မကြည်သလို ကျောင်းစာသင်ခန်း အတွင်း မရောက်ခင် လူမှုရေး၊ စီးပွားရေးကဏ္ဍအသီးသီးတွင် ရင်ဆိုင်ဖြတ်သန်းရင်း ကြုံတွေ့ခဲ့ရသော အခက်အခဲ၊အကြပ်အတည်း၊ပြဿနာမျိုးစုံ၊ မကျေနပ်မှုမျိုးစုံတို့ကို စာသငင်ခန်း ပြင်ပတွင် ထားရစ်ရမည့်အစား စာသင်ခန်းအတွင်း ယူဆောင်လာသောအခါ “စေတနာ၊ဝါသနာ၊ အနစ်နာ” “နာသုံးနာ ဂုဏ်” ပျောက်ကွယ်ကာ ယခုလို ဖြစ်ရပ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေရ တော့သည်။

    အချို့ဆရာ၊ ဆရာမများသည် “ရိက္ခာနှင့်သိက္ခာ” လဲလှယ်ကြသည့်ဖြစ်စဉ်များလည်း ရှိပါသည်။ မိမိတို့ထံ လစဉ် အခပေးကျူရှင် တက်နေသူများကို မျက်နှာသာပေး၍ ဆက်ဆံခြင်း၊ အသားအရောင်၊လူမျိုးဘာသာ၊ ရာထူးဂုဏ်ဝါ၊ အရှိန်သြဇာအာဏာရှိမှု နောက်ခံကိုကြည့်၍ ကျောင်းသား၊ကျောင်းသူများအားဆက်ဆံနေခြင်း။ တန်ဆိုးလက်ဆောင် အမြဲတမ်းပေးနေသူများ အား ဦးစားပေးကာ ဆက်ဆံနေခြင်း။ စသည်တို့သည် ဆရာ့ကျင့်ဝတ်များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆရာ့ကျင့်ဝတ်များနှင့် လားလားမျှ မအပ်စပ်သော အရာများဖြစ်၍ ရှောင်ရှားသင့်ကြပေသည်။

    မည်သို့ပင်ဆိုစေ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မူလတန်းလွန်ကျောင်း ဆရာမ လုပ်ရပ်ကြောင့် အရှက်ခွဲ အပြစ်ပေးခံရသည့် ကလေးများမှာ စိတ်ဒဏ်ရာရသွားနိုင်ပါသည်။ အပြစ် ပေးဆုံးမတတ်သည့် ဆရာမအား နာကျည်းစိတ်ဝင်သွားကာ ပညာရေးကို ကျောခိုင်းခဲ့ပါက ကာယ ကံရှင်ကလေးများနှင့် နိုင်ငံအတွက် များစွာ ထိခိုက်နစ်နာပါသည်။

    ထို့ကြောင့် စာသင်သက် ၃၀ ဖြတ်သန်းခဲ့သည့် စာရေးသူအနေဖြင့် အကြံပြုလိုသည်မှာ စာသင်သား တပည့်များအား ဥပမာများသုံး၍ နှိုင်းယှဉ်သင်ကြားပေးခြင်း၊ အတုယူစရာများပြော၍ သင်ကြားပေးခြင်း၊ အခွင့်အလမ်းများပြောပြခြင်း ခလေးများစိတ်ကို တိုက်တွန်းဆွဲခေါ်လှုံ့ဆော်ပေး ခြင်းတို့ဖြင့် ပညာသားပါပါ သင်ကြားဖို့ အချိန်တန်ပေပြီ။ ထို့အပြင် စာသင်သားခလေးများအား အတန်းလိုက် အလှည့်ကျစီ အပြိုင်အဆိုင် စာဆိုစေခြင်း။ အုပ်စုလိုက်ယှဉ်ပြိုင်စေခြင်း။ အားကျစိတ်များဖြစ်အောင် လှုံ့ဆော်သင်ကြားခြင်းတို့ဖြင့် တိုင်းပြည်၏ အနာဂတ်လမ်းပြကြယ် လေးများဘဝကို ပိုမိုထွန်းတောက်အောင် အရောင်တင်ပေးဖို့ လိုနေပြီဖြစ်ပါသည်။

    မည်သို့သော အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်စေ ဆုံးမပဲ့ပြင်ရာတွင် တပည့်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို ထိခိုက်နာကျင်ခံစားသွားအောင် မလုပ်မိစေရေးသည် အလွန်ကြီးလေးသော တာဝန်ကြီးတစ်ရပ်ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)

  • “ယူတတ်လျှင် အတုယူစရာ စင်္ကာပူနိုင်ငံ”

    “ယူတတ်လျှင် အတုယူစရာ စင်္ကာပူနိုင်ငံ”

    အရှေ့တောင်အာရှတွင် စည်းကမ်းအရှိဆုံးနိုင်ငံတစ်ခုအနေဖြင့် ကမ္ဘာပေါ်တွင်လူသိအများ ဆုံးသော နိုင်ငံလေးတစ်ခုမှာ ရန်ကုန်မြို့ထက်ပင်သေးသော စင်္ကာပူကျွန်းနိုင်ငံလေးတစ်ခုပင်ဖြစ်ပါ သည်။ မလေးရှားနိုင်ငံမှ ခွဲထွက်ခဲ့သော နိုင်ငံငယ်လေးဖြစ်သည်။မြေပေါ်၊မြေအောက်၊ရေပေါ်၊ရေ အောက်တွင်းထွက်သံယံဇာတများ၊ မထွက်ရှိသဖြင့် လူ့စွမ်းအား အရင်းအမြစ်များကို အမှီသဟဲပြု အားကိုးပြီး အာဆီယံ (၁၁)နိုင်ငံထဲတွင် နိုင်ငံတကာရင်းနှီးမြှပ်နှံသူများ သွားရည်ကျရသည့် နိုင်ငံတစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် လူဦးရေ ၅,၇၈၀,၀၀၀ ဦးကျော်နေထိုင်ကြသည်။

    စင်္ကာပူတွင် ဝန်ကြီးချုပ်သည် အာဏာအရှိဆုံးခေါင်းဆောင်ဖြစ်သည်။ သမ္မတတွင်မူ ပြည်သူပိုင်ကဏ္ဍတွင် ရာထူးခန့်အပ်ခြင်းကိုတားဆီးနိုင်ခြင်း၊အကျင့်ပျက်ခြစားမှုများကို စစ်ဆေးနိုင် ခြင်းနှင့် ဝန်ကြီးချုပ်ကိုခန့်အပ်ခြင်းအပါအဝင် အရေးပါသော တာဝန်ဝတ္တရားများလည်းရှိပါသည်။

    ၂၀၁၆ ခုနှစ်တွင် စင်္ကာပူပါလီမန်က “နိုင်ငံ၏လူမျိုးနွယ်အုပ်စုများဖြစ်တဲ့ အိန္ဒိယမျိုးနွယ်၊ တရုတ်မျိုးနွယ်၊မလေးမျိုးနွယ် စသည့်တို့ထဲမှ အဖွဲ့ဝင်တစ်ဦးဦးသည် နှစ် ၃၀ကြာ သို့မဟုတ် ၅ကြိမ်ဆက်တိုက် သက်တမ်းများအတွင်း တစ်ကြိမ်မျှ သမ္မတမဖြစ်ဖူးလျှင် သမ္မတရာထူးကို ထိုလူမျိုးနွယ်အုပ်စုထဲမှ ရွေးချယ်သတ်မှတ်ရမည်” ဟု ဆုံးဖြတ်ခဲ့ပေသည်။

    သမ္မတအဖြစ် ရွေးကောက်ခံလိုသူများသည် စင်္ကာပူသမ္မတ ရွေးချယ်ရေးကော်မတီသို့ အမည်စာရင်းတင်သွင်းရသည်။ သမ္မတရွေးချယ်ခန့်အပ်ရေးဇကာတင်၊ သံမဏိစည်းမျဉ်းအချို့နှင့် ညှိစွန်းမှု့ကြောင့် သမ္မတလောင်း အမည်စာရင်းတင်သွင်းသူများ ပလပ်ခံခဲ့ရသည်။  သမ္မတ ရွေးကောက်ရေး သံမဏိစည်းမျဉ်းများမှာ အများပြည်သူဆိုင်ရာ ထိပ်တန်းရာထူးတာဝန်ထမ်း ဆောင်ဖူးခြင်းရှိ၊ မရှိ (သို့မဟုတ်) သတ်မှတ်ရှယ်ယာအရေအတွက်ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲဖူးခြင်းရှိ၊ မရှိစသည်တို့ကို မှတ်ကျောက်တင်၊ ရွေးချယ်လိုက်သောအခါ မလေးနွယ်ဖွား အသက် ၆၃ နှစ်ရှိ အစ္စလာမ်ဘာသာဝင် အမျိုးသမီးဟလီမာဘင်ယာကွတ် တစ်ဦးကိုသာလျှင် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့် ခွင့်ပြုချက်လက်မှတ်ထုတ်ပေးနိုင်ခဲ့ပြီး စင်္ကာပူနိုင်ငံ၏ ၈ဦးမြောက် အမျိုးသမီးသမ္မတ တစ်ဦးဖြစ်လာခဲ့ပေသည်။ ရွေးကောက်ပွဲမရှိဘဲ ပြိုင်ဖက်ကင်းစံချိန်တင်နိုင်ခဲ့ပြီး သမ္မတဖြစ်လာသောကြောင့် စင်္ကာပူသမိုင်းတွင်ထူးကဲလှပေသည်။ စင်္ကာပူတက္ကသိုလ်မှ ဥပဒေပညာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး မွေးချင်း၅ဦးအနက် အငယ်ဆုံးဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံရေးလောကသို့ဝင်ခဲ့ပြီး ၂၀၁၃ ခုတွင် ပါလီမန်ဥက္ကဋ္ဌရာထူးကို ထမမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

    သမ္မတသစ်က “သမ္မတရဲ့အဓိက အခန်းကဏ္ဍမှာ ညီညွတ်ရေးကောင်းအောင် ဆောင်ရွက်ရ မှာဖြစ်ပြီး ကျမ အရေးကြီးဆုံးပြောချင်တာကတော့ စင်င်္ကာပူနိုင်ငံသားတွေ ကျမနှင့်အတူ ပူးပေါင်း ဆောင်ရွက်ဖို့ပါ” ဟု စင်္ကာပူအခြေစိုက်ရုပ်သံ Channel News Asia သို့ပြောကြားခဲ့ပေသည်။

    စင်္ကာပူနိုင်ငံသမိုင်းတွင် ပထမဦးဆုံး အမျိုးသမီးသမ္မတဖြစ်လာသူ ဟလီမာယာကွတ်သည် အစ္စလာမ်ဘာသာဝင် အိန္ဒိယ-မလေးနွယ်ဝင်ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံပြည်သူလူထု အကျိုးကို မိမိအနေနဲ့ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့လည်း ကတိပေးခဲ့ပါသည်။ ၁၉၆၅ခုမှ ၁၉၇၀ ခုထိ ပထမဆုံး သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့သည့် Yusof Ishak သည်လည်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ခဲ့လေ သည်။

    ၁၉၆၅ခု သြဂုတ်လ ၉ရက်နေ့မှစ၍ လွတ်လပ်သောနိုင်ငံတစ်ခု ဖြစ်လာခဲ့သောစင်္ကာပူနိုင်ငံ ၏သမ္မတများမှာ

    (၁) Yusof Ishak (၁၉၆၅-၁၉၇၀)

    (၂) Benjamin Sheares (၁၉၇၁- ၁၉၈၁)

    (၃) Devan Nair (၁၉၈၁- ၁၉၈၅)

    (၄) Wee Kim Wee (၁၉၈၅- ၁၉၉၃)

    (၅) Ong Teng Cheong (၁၉၉၃- ၁၉၉၉)

    (၆) S.R Nathan (၁၉၉၉- ၂၀၁၁)

    (၇) Tony- Tan (၂၀၁၁-၂၀၁၇) နှင့် ရွေးကောက်ပွဲမရှိဘဲ၊ ပြိုင်ဘက်မရှိဘဲ၊ စက်တင်ဘာလ ၁၄ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတဖြစ်လာသော ဦးခေါင်းတွင် ဟီဂျပ်ပဝါခြုံလေ့ရှိသူ ဟလီမာယာကွတ်ပင်ဖြစ်သည်။ စင်္ကာပူနိုင်ငံသမ္မတ၏ နှစ်စဉ်ပျှမ်းမျှလစာမှာ စင်္ကာပူဒေါ်လာ ၄သန်း ဖြစ်သည်။ စင်္ကာပူဝန်ကြီးချုပ်၏တစ်နှစ်တာ ပျှမ်းမျှလစာမှာ ၂၀၁၇ ခုနှစ်တွင် ၂ဒသမ ၂သန်း ဖြစ်ပါသည်။ သမ္မတ၏လစာသည် စင်္ကာပူနိုင်ငံ့ဝန်ထမ်းခေါင်းဆောင်များတွင် အမြင့်ဆုံးဖြစ်သည်။

    စင်္ကာပူနိုင်ငံကိုတည်ထောင်သူ အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယူသည် ၁၉၅၉ခုနှစ်မှ ၁၉၉၀ခုနှစ်ထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ နအဖစစ်အစိုးရ လက်ထက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့စဉ် စင်္ကာပူဝန်ကြီးချုပ်က “မြန်မာစစ်ဗိုလ်ချုပ်ကြီး တွေနဲ့စကားပြောရတာ လူသေတွေကို စကားပြောနေရသလိုမျိုး ခံစားရတယ်”ဟု ဝေဖန်ပြောဆိုချက်သည် မြန်မာပြည်သူ လူထုကြား ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးပါသည်။ လီကွမ်ယူ အနားယူပြီးနောက် ဒုတိယကြိမ်မြောက်ဝန်ကြီးချုပ် ဂိုချောက်ထောင်သည် ၂၈ ရက်နိုဝင်ဘာလ ၁၉၉၀မှ ၁၂ရက် သြဂုတ်လ ၂၀၀၄ ခုနှစ်ထိ တာဝန်ယူခဲ့ပြီး ပထမဆုံး ဝန်ကြီးချုပ်လီကွမ်ယူ၏ သားအကြီးဆုံးဖြစ်သူ Lee  Hsein Loong သည် သြဂုတ်လ ၁၂ရက် ၂၀၀၄မှ ယနေ့တိုင် စင်္ကာပူ နိုင်ငံ၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူနေဆဲဖြစ်ပါသည်။ စာရေးသူရင်ထဲ အသဲထဲစွဲမှတ်မိနေသော ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ၏စကားလေး တစ်ခုဝေမျှလိုပါသည်။ “ယခုအခါ စစ်လက်နက် ပစ္စည်းတွေနဲ့နိုင်ငံတစ်ခုကို တက်သိမ်းစရာမလိုဘူး။ ပညာတတ်အောင်လုပ်ပါ။ သူ့ဟာသူ ကျွန်ခံလာလိမ့်မည်”ဟု ပြောဆိုလုပ်ဆောင်ချက်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၂၃၀ကျော်မှာ မသိသူ၊မရှိ သည့် ကမ္ဘာကျော်နိုင်ငံတစ်ခုဖြစ်သွားခြင်းက ပညာအရင်းအမြစ်ကို အခြေခံခဲ့သောကြောင့် ဖြစ်ပါသည်။

    နိုင်ငံတစ်နိုင်ငံသည် အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လိုပါက ဘာသာ၊လူမျိုးမခွဲခြားဘဲ အရည် အချင်းရှိသည့် လူ့ဂုဏ်သိက္ခာရှိသည့် တိုင်းပြည်အကျိုးသည်ပိုးလိုသည့် နိုင်ငံသားများကို သူနှင့် ထိုက်တန်သည့် နေရာတွင် ခန့်အပ်တာဝန်ပေးဖို့လိုပါသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် အစ္စလာမ်ဘာသာဝင် ကာကွယ်ရေးဦးစီးချုပ်များ၊ သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ပေါ်ထွန်းခဲ့ဖူးသည်။ ကမ္ဘာကျော်အနုပညာရှင်များ၊ ကမ္ဘာကျော်အားကစားသမားများ အစ္စလာမ်ဘာ သာဝင်များထဲမှ ပေါ်ထွန်းနေစဉ်တွင် စာရေးသူတို့ မြန်မာ့အားကစားလောကတွင် တာဝန်ရှိသူ လူကြီးဆိုသူများက ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့်မူမှာ “ဖလားမပါရင်နေပါစေ၊ ကုလားမပါ ရင်ပြီးရော” ဆိုသည့် လူမျိုးစွဲ၊ ဘာသာစွဲ၊ မှိုင်းများအောက်မှ ရုန်းမထွက်နိုင်သော လူတန်းစားများကား ယနေ့တိုင် နေရာအနှံ့ ရှိနေပေသည်။

    “တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး” ဟု ကြားကောင်းအောင် ပြောဆိုနေသူများသည် ၁၉၆၂ခု မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်မှ ပြည်သူ့အစိုးရဆီမှ နိုင်ငံတော် အာဏာကို မတရားသိမ်းယူခဲ့ပြီးသည့် အချိန်မှစ၍ သမ္မတရာထူး ဝန်ကြီးချုပ်ရာထူး၊ ဝန်ကြီးရာထူး၊ ကာကွယ်ရေးဦးစီးချုပ် စသော ရာထူးများကို ဗမာလူမျိုးနွယ်ဝင် မဟုတ်သော အခြားတိုင်းရင်းသား များထဲမှ ခန့်အပ်တာဝန်ပေးခဲ့ခြင်းသည် ထင်ရှားသော သက်သေ သာဓက တစ်ခုပင်ဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များနှင့် DVB  debate ဆွေးနွေးပွဲများတွင် တိုင်းရင်းသားများထဲမှ ရင်တွင်းဖြစ် ခံစားချက်အသံကို ကြားခဲ့ဖူးပါသည်။

    ထို့အပြင် ၂၀၁၅ခု နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲအတွက် NLD ပါတီထဲမှ နိုင်ငံရေး အတွေ့အကြုံရှိ ဘွဲ့ရ၊ ပညာတတ် လူ့ဂုဏ်သိက္ခာရှိသည့် ပုဂ္ဂိုလ်များ၊ ပြည်သူ့ကိုယ်စားလှယ်များ

    မဖြစ်ရေး လွှတ်တော်ထဲမရောက်ရေးအတွက် အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထားကာ နောက်ကွယ်က လက်မဲကြီးအုပ်စုက အယောင်ဆောင် မျိုးချစ်များ၊ ကြေးစားမျိုးချစ်များ၊ အခွင့်ထူးခံ များနှင့် ဗုဒ္ဓ၏ဝိနည်းတော်နှင့် မညီသည့် သင်္ကန်းဝတ်များကို မြှောက်ထိုးပင့်ကော် အဆိပ်မှိုင်းများ သွတ်သွင်းကာ ဘာသာရေးခုတုံးလုပ် နိုင်ငံရေး အမြတ်ထုတ်ကာ ရှက်ဖွယ်လိလိ ကိစ္စများကို ပေါ်ပေါ်တင်တင် ပြုလုပ်ခဲ့သောကြောင့် NLD ပါတီထဲမှ တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေး အစဉ်အလာ ရှိသူများ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းများအဖြစ်  အမည်စာရင်းတင်သွင်းခြင်းကို ကျောခိုင်းခဲ့ လေသည်။ “မြန်မာပြည်ကြီးကို ချစ်ပါသည်။ မြန်မာလူထုကို ချစ်ပါသည်။ ပြည်သူလူထုအတွက်ဆို အသက်ကိုပင်ပေးဆပ်ဖို့ အဆင်သင့်ရှိနေပါသည်။” ဟုပြောဆိုနေသော ဗမာလူမျိုး၊ဗုဒ္ဓဘာသာဝင် များကို မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက “တို့ရဟန်းမှာ လူမျိုးမရှိဘူး။ ဘာသာမရှိဘူး။ တိုင်းပြည်မရှိဘူး။ မရှိတဲ့အတွက် ငါ့လူမျိုးမှ၊ ငါ့လူမျိုး။ ငါ့ဘာသာမှ၊ ငါ့ဘာသာ။ ငါ့တိုင်းပြည်မှ၊ ငါ့တိုင်းပြည်ဆိုတာမျိုးမရှိဘူး” ဟုလည်းကောင်း၊ သီတဂူဆရာတော်ကြီးကလည်း “လူတွေကို ကုလားလား? ဗမာလား? မွတ်စလင်မ်လား? ခရစ်ယာန်လား? ခွဲနေစရာမလိုဘူး။ လူဆိုးလား? လူကောင်းလား? ခွဲတတ်ရင်တော်ပြီ။ အဲဒါမှ ဗုဒ္ဓဝါဒ၊ မြန်မာ့ဝါဒ” ဟူ၍ ဟောကြားခဲ့ဖူးပါသည်။

    စာရေးသူ အနေဖြင့် အကြံပြုတင်ပြလိုသည်။ နိုင်ငံဦးသျှောင်တာဝန်ကို ယူထားသော လုပ်ပိုင်ခွင့်ရှိသော ခေါင်းဆောင်ဆိုသူများ အနေဖြင့် မိမိတို့၏ ရာဇဝင်သမိုင်း မရိုင်းဖို့ တာဝန်ယူမှု၊ တာဝန်သိမှု အပြည့်အဝရှိဖို့တော့လိုသည်။ မျက်စိကိုမှိတ်၊ နားကိုပိတ်၍ မျက်မှန်စိမ်းတတ်ကာ “ငါ့လူမျိုး၊ ငါ့ဘာသာမှ၊ အခရာ” လုပ်နေလို့ကတော့ ကမ္ဘာ့ခေါင်းဆောင်များ တံတွေးခွက်ထဲတွင် ပက်လက်မျှောသွားလိမ့်မည်။ “အမှန်တရားဘက်တော်သား” ဖြစ်ဖို့လိုသည်။ လူတော်လျှင်၊ စင်ပေါ် ခေါ်သည့်မူကျင့်သုံးပြီး အံ့မခန်း ဖွံ့ဖြိုးတိုးတက် ကြီးပွားနေသော နိုင်ငံမျိုးကို အတုယူစံနမူနာယူဖို့ လိုသည်။ ကျဉ်းမြောင်းသော လူမျိုးရေး၊ဘာသာရေး အစွန်းရောက်အတွေးအခေါ်များ၊ ခေါက်ရိုး ကျိုးနေသော ကြားကောင်းယုံ ဖြစ်သော အပေါ်ယံ သကာရည်လူးထားပြီး မြန်မာပြည်သူလူထု ကြီးအတွက် အာမခံချက်မရှိသော လုပ်ရပ်များကို ရပ်တံ့ဖို့ အချိန်တန်ပြီ ဖြစ်ပါသည်။ အာဆီယံ ထိပ် တန်းဝင် ရှစ်ဦးမြောက် အစ္စလာမ်ဘာသာဝင် အမျိုးသမီး သမ္မတသစ် ဟလီမာဘင်ယာကွတ်ကို ရွေးချယ်တင်မြှောက်ခဲ့သည့် စင်္ကာပူနိုင်ငံငယ်လေးကို အတုယူသင့်ပါကြောင်း လေးနက်စွာ တင်ပြလိုက်ပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)

     

  • “တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ဖောင်အပယ် မခံရလေအောင်”

    “တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ဖောင်အပယ် မခံရလေအောင်”

    တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးသည် မြန်မာနိုင်ငံတွင် ကျောင်းသား၊ကျောင်းသူ၊မိဘများ၊ ညီအစ်ကို၊ မောင်နှမများ၊ ဆွေမျိုးသားချင်းများ စိတ်ဝင်စားရဆုံး စိတ်လှုပ်ရှားရဆုံးသော စာမေးပွဲ တစ်ခုဖြစ်နေပါသည်။ ၂၀၁၇ခုနှစ် မတ်လ ၈ရက်မှ ၁၇ ရက်ထိကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်း သိပ္ပံတွဲ၊ဝိပ္ပံတွဲ၊ဝိဇ္ဖာတွဲများ ဖြေဆိုရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ခွင့်လျှောက်တင်သွင်း ပေါင်းမှာ ၇၆၇၄၂၂ ဦးရှိခဲ့သော်လည်း အမှန်တကယ်ဖြေဆိုခဲ့သူပေါင်းမှာ ၇၁၆၁၈၈ ဦးသာ ရှိခဲ့ပါသည်။

    “၂၀၁၈ ခုနှစ် မတ်လအတွင်း ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် လျှောက် လွှာများကို ကျောင်းဖြေရော၊ အပြင်ဖြေရော စက်တင်ဘာလ ၁ရက်မှ ၂၉ ရက်အတွင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဋ္ဌာနသို့ အပြီး တင်သွင်းရမည်ဟု” မြန်မာနိုင်ငံစာစစ်ဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောကြားခဲ့ပေသည်။

    မြန်မာနိုင်ငံတွင် အခြေခံပညာ အထက်တန်းကျောင်းများ၊ကျောင်းခွဲများ၊တွဲဖက် အထက ကျောင်းများနှင့် (ပုဂ္ဂလိက) ကိုယ်ပိုင်အထက်တန်းကျောင်းများ တက်ရောက်နေသူများကို “ကျောင်းဖြေ”ဟု သိထားကြပါသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တစ်နှစ်ကျရှုံးပြီး အဆိုပါ ကျောင်းများ မတက်ဘဲ စာဖြေသူများကို “အပြင်ဖြေ”ဟု နားလည်ထားကြပါသည်။

    ကျောင်းဖြေသူများသည် မိမိတို့ အတန်းပိုင်ဆရာ၊ ဆရာမများမှ တဆင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့လည်းကောင်း၊ အပြင်ဖြေသူများသည် မိမိတို့၏သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးများတွင်လည်းကောင်း စာမေးပွဲဖြေဆိုခွင့်ဖောင်နှင့် ကတ်ပြားများကို သတ်မှတ် ထားသော ရက်အတွင်း အချိန်မီတင်ရမည်ဖြစ်သည်။

    စာမေးပွဲဖြေဆိုမည့် လျှောက်လွှာရှင်များသည် မိမိတို့ဖြေဆိုကြမည့် ဘာသာတွဲများ ၁၊၅၊၆၊ ၇၊၈ ဖြစ်ပါက အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားအစိမ်းကိုလည်းကောင်း၊ဘာသာတွဲ ၂၊ ၃၊၄ဖြင့် ဖြေဆိုမည့်သူများသည် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ပန်းရောင်ကတ်ပြားများဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့်ကို ဖြည့်စွက် တင်ထားရမည်ဖြစ်ပါသည်။

    ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးရှိ အခြေခံပညာဦးစီးဋ္ဌာန လက်အောက်ရှိ မြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများအား မြန်မာနိုင်ငံစာစစ်ဦးစီးဋ္ဌာန အနေဖြင့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတစ်စုံလျှင် ၂၀၀ကျပ် ငွေသွင်းတံဆိပ်ခေါင်းခ ၇၀၀ကျပ်တို့ဖြင့်ရောင်းချရန် ညွှန်ကြား ထားခဲ့သော်လည်း လက်တွေ့တွင် စာရေးသူအနေဖြင့် လေ့လာကြည့်ရာ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာ အထက်တန်းကျောင်းများတွင်ပင် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာရောင်းချသည့် နှုန်းထားများ မတူညီကြောင်း သိရှိရပေသည်။ ဥပမာပြရလျှင် ရန်ကုန် တိုင်းဒေသကြီးရှိ သင်္ကန်းကျွန်းမြို့နယ်တွင် လျှောက်လွှာ တစ်စုံလျှင် ၃၀၀ ကျပ် (တံဆိပ်ခေါင်းခမ ပါ) ဒေါပုံမြို့နယ်တွင် ၅၀၀ကျပ် (တံဆိပ်ခေါင်းခ မပါသေး) ဖြင့် စာရေးသူကိုယ်တိုင်ဝယ်ယူခဲ့ပါ သည်။ အခြေခံပညာကျောင်း၊ အထက်တန်းကျောင်း အတော်များများတွင် စာမေးပွဲဖြေဆိုခွင့် ဖောင် နှင့် တံဆိပ်ခေါင်းခများအတွက် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ၁၅၀၀ကျပ် ကောက်ခံနေသော ကျောင်းများရှိသလို ၁၇၀၀ကျပ် ကောက်ခံနေသော ကျောင်းများလည်း ရှိနေပါ သည်။

    တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးဖြေဆိုခွင့် ကတ်ပြားများကို စာမေးပွဲကြီးမတိုင်မီ ၁၀ ရက် အလိုတွင် ကျောင်းဖြေဆိုသူများအတွက် မိမိတို့ တက်နေသည့် အခြေခံပညာအထက်တန်း ကျောင်းများ၊ (အထက)တွဲဖက်ကျောင်းခွဲများ၊ (ပုဂ္ဂလိက) ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ထုတ်ယူနိုင်ပြီး အပြင်ဖြေများသည် မိမိတို့ စာမေးပွဲဖြေဆိုခွင့်တင်ထားခဲ့သည့် မြို့နယ် ပညာရေးမှူး ရုံးများတွင် ထုတ်ပေးနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိခဲ့ပေသည်။ ထိုစာမေးပွဲဖြေဆိုခွင့်ကတ် ပြားများကို ထုတ်ယူပြီးတိုင်း မိတ္ထူ တစ်စုံလောက် အနည်းဆုံးကူးယူထားကြပါရန် စာရေးသူ အနေဖြင့် အကြံပြုတိုက်တွန်းလိုပါသည်။

    ထိုစာမေးပွဲဖြေဆိုခွင့် အစိမ်းရောင်ကတ်ပြား (သို့မဟုတ်) ပန်းရောင်ကတ်ပြားကို တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ဖြေဆိုသည့်နေ့တွင် သက်ဆိုင်ရာ စာစစ်ဋ္ဌာနရှိ တာဝန်ခံက သိမ်း ဆည်းလေ့ရှိသည်။ အချို့စာစစ်ဋ္ဌာနများတွင်မူ စာမေးပွဲကြီး ဖြေဆိုပြီးစီးသည်မှ သိမ်းဆည်းလေ့ရှိပါသည်။

    စာရေးသူအနေဖြင့် ပညာရေးလောကကို နှစ်၃၀လောက် ဖြတ်သန်းခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝကို ပုံဖော်ရာတွင် အရေးအကြီးဆုံးဖြစ်နေသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကြီး စာမေးပွဲဖြေဆိုခွင့် ဖောင်များတင်ကြရာတွင် သတိပြုစရာ ဆောင်ရန်၊ ရှောင်ရန် တို့ကို တင်ပြလိုပါသည်။

    ၁။ စာဖြေမည့်သူတိုင်းသည် မိမိတို့၏ဖခင်နှင့် မိခင်တို့၏အမည်များကို အင်္ဂလိပ်လိုရေးသားရာတွင် စကားလုံးတိုင်းကို စာလုံးကြီး capital letter ရေးသားရပါမည်။ ဥပမာ U MAUNG TUN , DAW HTAY HTAY WIN
    ၂။ဓာတ်ပုံကို ကာလာအရောင် သို့မဟုတ် အဖြူ၊အမဲတစ်လက်မ (သို့မဟုတ်) တစ်လက်မခွဲ ပတ်လည်အရွယ်အစားကို ဖောင်ရဲ့ သတ်မှတ်ထားသော နေရာ ၂ ခုတွင် ကပ်ပေးရပါမည်
    ၃။ ဖြေဆိုမည့်သူသည်နှစ်တက် (Fresher) ဖြစ်လျှင် ၊ နဝမတန်း ခုံအမှတ်နှင့် ဖြေဆိုအောင်မြင်ခဲ့ သည့် ကျောင်းအမည်နှင့်မြို့နယ်တို့ကို တိတိကျကျဖော်ပြရပါမည်။ ဖြေဆိုသည် နှစ်ကျ (Repeater) ဖြစ်လျှင် နဝမတန်းခုံအမှတ်အပြင် မနှစ်ကဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်တန်းခုံအမှတ် စာစစ်ဋ္ဌာန မြို့နယ်တို့ကို ဖြည့်စွက်ရပါမည်။ အကြောင်းအမျိုးမျိုးကြောင့် ခုံအမှတ်တို့ကို မေ့လျော့ နေပါက မိမိဖြေဆိုခဲ့သည့် မြို့နယ်ပညာရေးမှူးရုံးတွင် စုံစမ်းနိုင်ပါသည်။
    ၄။ဖြည့်စွက်ချက်၊ အမှားအယွင်းရှိပါက တာဝန်ရှိသူမှ လိုအပ်ချက်များကို တောင်းခံနိုင်ရန် ဖောင်၏ ဖုန်းနံပါတ် ဖြည့်သည့်နေရာတွင် မိမိအားအချိန်မရွေး ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ကိုသာ ဖြည့်စွက်ပေးစေချင်ပါသည်။
    ၅။ဖြေဆိုခွင့်ကတ်ပြားအစိမ်း (သို့မဟုတ်) ပန်းရောင်ပေါ်တွင် မည်သည့် အမှားကိုမျှ မပြုလုပ်ရပါ။ မှားခဲ့သော အမှားနေရာကို correction pen ဖြင့်လုံးဝ မပြင်ရပါ။ အရမ်းအရေးကြီးပါသည်။
    ၆။ ထို့ကြောင့် မူရင်းဖောင်ကို မဖြည့်မီ အရင်ဦးဆုံး ဖောင်စာရွက်နှင့်ကတ်ပြားတို့ကို မိတ္ထူကူးထား သင့်ပါသည်။ ပြီးမှ ထိုမိတ္ထူစာရွက်ပေါ်တွင် တိတိကျကျ ဖြည့်စွက်ပြီး နားလည်တတ်ကျွမ်းသူတစ်ဦး ဦး ဆရာ၊ဆရာမ၊ကျောင်းစာရေး မြို့နယ်ပညာရေးမှူးမှအတွေ့အကြုံရှိသူ တစ်ဦးဦးအား ပြသပြီးမှ မူရင်းဖောင်နှင့်ဖြေဆိုခွင့်ကတ်ပြားပေါ်တွင် ဖြည့်စွက်သင့်ပါသည်။
    ၇။မိမိဖြေဆိုမည့် ဘာသာတွဲကို ဖြည့်စွက်ရာတွင် ဇီဝဗေဒဘာသာတွဲ၊ ဘောဂဗေဒဘာသာတွဲ စသည်တို့ကို မှားယွင်းစွာမဖြည့်မိဖို့ လုံးဝ၊လုံးဝ အရေးကြီးပါသည်။

    “သတိမမူ၊ ဂူမမြင်”၊ သတိမူက၊ မြူမှုန်ကိုပင် မြင်နိုင်စွမ်းရှိသည်ကို အနာဂတ်လူငယ်ကျောင်းသားတိုင်း သတိချပ်သင့်လှပေသည်။ မိမိတို့ အနာဂတ်ရည်မှန်းချက်များ လှမ်းတက်ရာတွင် လှေကားထစ်သဖွယ်ဖြစ်သည့်၊ ပေါင်းကူးတံတားတစ်ခုဖြစ်သည့် တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုခွင့်ဖောင်နှင့်ကတ်ပြားကို ပြီးစလွယ် ပေါ့ပေါ့တန်တန် သဘောထားပြီး ဖြည့်စွက်ခဲ့ပါက နှောင်းနောင်တရမည့်သူမှာ မိမိသာဖြစ်ကြောင်း။ ထို့ကြောင့် အသိ၊သတိနှင့်ယှဉ် ကာ “ဆောင်ရန်၊ ရှောင်ရန်” တို့ကို အလေးထားဂရုပြုပြီး လုပ်ဆောင်သင့်ပါကြောင်း လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။

    လေးစားလျက်
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)