News @ M-Media

Tag: LaLiga

  • ခြေစွမ်းမပြနိုင်သော ဘေးလ်အတွက် ဘင်နီတက်ဇ် ကာကွယ်

    ခြေစွမ်းမပြနိုင်သော ဘေးလ်အတွက် ဘင်နီတက်ဇ် ကာကွယ်

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Media၏

    bale

    – နေရာသစ်တွင် ခြေစွမ်းပြနိုင်ဘဲ ပရိတ်သတ်များ၏ လှောင်ပြောင်မှုများကို ခံနေရသည့် ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်အား နည်းပြ ဘင်နီတက်ဇ်က ကာကွယ်ပြောကြားခဲ့သည်။

    ဘေးလ်မှာ ၂၀၁၄-၁၅ တွင် ခက်ခဲသောရာသီကို ဖြတ်သန်းခဲ့ရပြီး ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဝေဖန်မှုအများအပြားကို ခံခဲ့ရသည်။ ထို့ပြင် ယမန်နေ့က တူရကီကလပ် ဂါလာတာစာရေးအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သော ခြေစမ်းပွဲတွင်လည်း ဘေးလ်မှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ပရိတ်သတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။

    ဘင်နီတတ်ဇ်မှာ ရာသီကြိုခြေစမ်းပွဲများတွင် ဘေးလ်အား အလယ်နေရာတွင် ထားကစားပြီး အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘေးလ်အတွက် ထိုနေရာနှင့် အဆင်ပြေခြင်း မရှိပေ။ သို့သော်လည်း ဘင်နီတက်ဇ်ကမူ ဘေးလ်မှာ ယခုနှစ်ဘောလုံးရာသီတွင် အဓိက ကစားသမား ဖြစ်လာမည်ဟု ယုံကြည်နေသည်။

    “ဘေးလ်ရဲ့လှုပ်ရှားမှုကို ဆန်းစစ်ကြည့်ရင် အဲဒီလှုပ်ရှားမှုတွေက အသင်းကို ဆိုင်းငံမှုပေးတယ်ဆိုတာ တွေ့ရမှာပါ။ တကယ်လို့ ဂါလာတာစာရေးနဲ့ပွဲ သူ ဂိုးသွင်းခဲ့ရင် လူတွေက သူ ကစားပုံကောင်းတယ်လို့ ပြောကြမှာပါ။ လော့ဂျစ်အရတော့ အစ္စကို၊ ဂါရသ် (ဘေးလ်)နဲ့ ဂျိမ်းစ် (ရော်ဒရီဂက်စ်)တို့နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ရှိမှာပါ။ ကျွန်တော်တို့ဟာ သူတို့တွေကြားထဲမှာ နားလည်မှုကို ထုဆစ်ပုံဖော်နေပါတယ်” ဟု ဘင်နီတက်ဇ်က AS သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စကိုနှင့် ရော်ဒရီဂက်စ်တို့မှာ ဘေးဘက်တွင်ကစားပြီး ဘေးလ်ကမူ နေရာလွတ်များ ဖန်တီးပေးကာ ခံစစ်နောက်ဘက်သို့ ပြေးရန် ကြိုးစားရကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဘေးလ်မှာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ အစပိုင်းက မန်ယူသို့ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ရီးယဲလ်ကမူ မိမိတို့မှာ ဘေးလ်အား လက်လွှတ်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ရီးယဲလ်နှင့် ရာသီအစတွင် လာလီဂါ ၂၇ ပွဲကစား ၁၅ ဂိုး သွင်းယူနိုင်ခဲ့သည့်ဘေးလ်မှာ ပြီးခဲ့သည့် ရာသီတွင်မူ ၃၁ ပွဲကစား ၁၃ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

    Ref: Goal

  • ဘီဘာအိုအရှုံးအတွက် ဆင်ခြေပေး၍မရဟု ဘာကာနောက်ခံလူပြော

    ဘီဘာအိုအရှုံးအတွက် ဆင်ခြေပေး၍မရဟု ဘာကာနောက်ခံလူပြော

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    baca

    – စပိန်စူပါဖလားတွင် ဘီဘာအိုအသင်းအား ရှုံးနိမ့်ခဲ့မှုအတွက် အသင်းမှာ မည်သည့်ဆင်ခြေမှ ပေး၍မရဟု ဘာစီလိုနာအသင်း၏ ၀ါရင့်နောက်ခံလူ ဒန်နီ အဲလ်ဗက်စ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် ပထမအကျာ့ အဝေးကွင်းတွင် ၄ ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည့် ဘာစီလိုနာအသင်းမှာ ယနေ့နံနက်က ကစားခဲ့သည့် ဒုတိယအကျော့ ပထမပိုင်းတွင် မက်ဆီ၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ခံလူ ပီကေး အထုတ်ခံရမှုနှင့်အတူ ချေပဂိုး ပြန်ပေးလိုက်ရကာ ၁ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

    “နှစ်ပွဲစလုံးမှာ ကျွန်တော်တို့ လုံလောက်အောင် မဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့တတ်နိုင်သလောက် မာမာကျောကျော မယှဉ်ပြိုင်နိုင်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဥရောပစူပါဖလားပွဲအတွက် ကျွန်တော်တို့ ပေးဆပ်လိုက်ရတာပါ။ ပြီးတော့ ပြင်ဆင်ချိန် ကောင်းကောင်းလည်း မရခဲ့ပါဘူး။ ဒါမျိုးတွေရှိပေမယ့် ဆင်ခြေပေးလို့တော့ မရပါဘူး” ဟု အဲလ်ဗက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    နောက်ခံအလယ်လူ ပီကေးမှာ ၅၆ မိနစ်တွင် တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရပြီး အဲလ်ဗက်စ်ကမူ ပီကေးအထုတ်ခံခဲ့ရခြင်းက အသင်း၏ အခွင့်အလမ်းများကို ထိခိုက်သွားစေခဲ့သည်ဟု ပြောကြားခဲ့သည်။

    “အခြေအနေနဲ့ပတ်သက်ပြီး ပီကေးကတော့ ပေါက်ကွဲခဲ့ပါတယ်။ ကျွန်တော်တို့ကို ပျက်ဆီးစေတဲ့ ဆုံးဖြတ်ချက်မျိုး ဒိုင်လူကြီးက ချခဲ့တာပါ။ ဒါပေမယ့် ဒီအတွက်လည်း ဆင်ခြေပေးလို့ မရပါဘူး”

    Ref: Goal

  • ဘာကာ၏ ဘီဘာအိုအရှုံးအတွက် နည်းပြအန်းရစ် တာဝန်ယူ

    ဘာကာ၏ ဘီဘာအိုအရှုံးအတွက် နည်းပြအန်းရစ် တာဝန်ယူ

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    eng

    – ယနေ့မနက်က ကစားခဲ့သည့် ဘီဘာအိုနှင့်ပွဲတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရမှုအတွက် မိမိသာလျှင် အပြစ်တင်ခံထိုက်သည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ဥရောပစူပါဖလား ဆီးဗီးလားနှင့်ပွဲတွင် အချိန်ပို၌ အနိုင်ရရှိခဲ့သည့် ဘာစီလိုနာမှာ စပိန်စူပါဖလား ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားသည့် ဘီဘာအိုနှင့်ပွဲတွင် ကစားသမားများကို အပြောင်းအလဲလုပ်ခဲ့ပြီး ၄ ဂိုး ပြတ်ဖြင့် ရှုံးနိမ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်တို့မှာ ကြားနားရက်က ၃ ရက်သာရှိတာကြောင့် အပြောင်းအလဲအများကြီး လုပ်ခဲ့ရပါတယ်။ ဒီအရှုံးအတွက် ကျွန်တော် တာဝန်ယူပါတယ်။ အချိန်ဇယားက ကျွန်တော်တို့အတွက် ခက်ခဲပြီး ကျွန်တော်တို့က ဂျော်ဂျီယာ ပြန်ရောက်တာ မကြာသေးပါဘူး။ ဒါပေမယ့် ဒီအချိန်က ဆင်ခြေပေးရမယ့်အချိန် မဟုတ်ပါဘူး။ ပြက္ခဒိန်က ဘယ်လိုလဲ။ အဲလိုပဲ သွားရမှာပါ” ဟု အန်းရစ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဘီဘာအိုမှ အန်ဒူရစ်ဇ်က ဟက်ထရစ်သွင်းယူခဲ့ပြီး အန်းရစ်ကမူ ဘီဘာအိုအား ချီးကျူးခဲ့သည်။ သို့သော်လည်း လာမည့်တစ်ပတ် နျူးကမ့်တွင်ကစားမည့် ဒုတိယအကျော့တွင် အလှည့်အပြောင်းဖြစ်နိုင်ရန် မျှော်လင့်နေသည်။

    “အက်သလက်တစ် (ဘီဘာအို)နဲ့ပွဲဟာ ဘယ်တုန်းကမှ မလွယ်ပါဘူး။ သူတို့ကို ချီးကျူးပါတယ်။ ဒါပေမယ့် တနင်္လာနေ့ကတော့ နောက်ထပ် ၀န်းကျင်တစ်ခု ဖြစ်မှာပါ။ ပြန်နိုင်ဖို့ဖြစ်မလားဆိုရင်တော့ ပထမပိုင်းလောက်မှာပါပဲ။ အလှည့်အပြောင်းလုပ်နိုင်တဲ့ အသင်းဆိုတာရှိရင် ဒါဟာ ဘာကာပါပဲ”

    Ref : Goal

  • ပက်ဒရိုအပြောင်းအရွှေ့အတွက် ဘာကာနှင့် မန်ယူ သဘောတူ

    ပက်ဒရိုအပြောင်းအရွှေ့အတွက် ဘာကာနှင့် မန်ယူ သဘောတူ

    သြဂုတ် ၆၊ ၂၀၁၅
    M-Media

    pedro

    – တိုက်စစ်မှူး ပက်ဒရို အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဘာစီလိုနာနှင့် မန်ယူတို့မှာ သဘောတူညီချက် ရရှိခဲ့ပြီး လာမည့်တစ်ပတ် ယူအီးအက်ဖ်အေ စူပါဖလားပြီးနောက်ပိုင်းမှ မန်ယူသို့ ရောက်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

    ပြောင်းရွှေ့ကြေး ကနဦး ပေါင် ၁၈.၁ သန်းနှင့် နောက်ထပ် ဘောနပ်စ် ပေါင် ၄.၂ သန်းတို့ဖြင့် ၎င်းတို့နှစ်သင်းမှာ သဘောတူညီချက် ရရှိထားသော်လည်း ပက်ဒရိုနှင့် မန်ယူတို့မှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက် မရသေးပေ။

    သို့သော်လည်း ဥရောပချန်ပီယံဖြစ်သော ဘာစီလိုနာမှာ ယူရိုပါလိဂ်ချန်ပီယံ ဆီးဗီးလားအသင်းနှင့် ဥရောပ စူပါဖလားကို လာမည့် အင်္ဂါနေ့တွင် ကစားရန်ရှိနေပြီး ပက်ဒရိုအား ထိုပြိုင်ပွဲတွင် ထည့်သွင်းအသုံးပြုရန် ဆန္ဒရှိနေသည်။

    ထို့ကြောင့် လာမည့်စနေနေ့တွင် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် စပါးအသင်းနှင့်ကစားမည့်ပွဲတွင် ပက်ဒရိုမှာ မန်ယူ၌ ပါဝင်ကစားနိုင်မည် မဟုတ်ချေ။

    ပက်ဒရိုမှာ ပြီးခဲ့သည့် ဇွန်လအတွင်းကပင် အသင်းနှင့် ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ထိုစာချုပ်တွင် ပက်ဒရို အသင်းမှထွက်ခွာလိုပါက ထွက်ခွာနိုင်သည်ဟူသော ခွင့်ပြုချက်ကိုလည်း ထည့်သွင်းထားသည်။ ပက်ဒရိုကိုယ်တိုင်ကလည်း ကစားခွင့် ပိုမိုရရှိမည့်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ချင်နေသည်။

    ဗန်ဂါးလ်က ပက်ဒရိုအား ခေါ်ယူချင်နေသည်ဟု မကြာသေးမီက ၀န်ခံပြောဆိုထားသည်။ ပက်ဒရိုမှာ ဘာစီလိုနာအသင်းအတွက် ၃၁၈ ပွဲကစာထားပြီး ၉၈ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်သည်။

    Ref: Goal

  • ယခုနွေရာသီတွင် ရီးယဲလ်က မည်သူ့ကိုမှ ရောင်းမည်မဟုတ်

    ယခုနွေရာသီတွင် ရီးယဲလ်က မည်သူ့ကိုမှ ရောင်းမည်မဟုတ်

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    real

    – ယခုနှစ်နွေရာသီ အပြောင်းအရွှေ့တွင် အသင်းမှ မည်သည့်ကစားသမားကိုမှ ထုတ်ရောင်းမည်မဟုတ်ဟု ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်က ပြိုင်ဘက်အသင်းများအား သတိပေး ပြောကြားလိုက်သည်။

    နောက်ခံအလယ်လူ ဆာဂျီယိုရာမို့စ်ကို မန်ယူက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အသည်းအသန် ဆက်သွယ်နေပြီး အာဆင်နယ်အသင်းကလည်း တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    သို့သော်လည်း အသင်းမှ ကစားသမားများ ထွက်ခွာမှုမှာ လုံးဝ ဖြစ်နိုင်ဖွယ်ရာမရှိဟု စပါးအသင်းအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ယမန်နေ့က ခြေစမ်းပွဲပြီးနောက် ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

    “ကရင်မ် (ဘန်ဇီမာ) အကြောင်းပြောရရင်၊ ကောလဟာလတွေ တော်တော်လေးများပါတယ်။ အဲဒါတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော် ဘောလုံးမှာပဲ အာရုံစုစည်းထားချင်ပါတယ်။ ကစားသမားအားလုံးဟာ ဒီမှာ ဆက်ရှိနေမှာပါ” ဟု ဘင်နီတက်ဇ်က ဆိုသည်။

    စပါးနှင့်ပွဲတွင် တိုနီကရုစ်နှင့် မိုဒရစ်တို့ ပါဝင်ခဲ့ခြင်းမရှိဘဲ ဘင်နီတက်ဇ်ကမူ ယနေ့တွင်ကစားမည့် ဘိုင်ယန်နှင့်ပွဲအတွက် လူချန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရီးယဲလ်မှာ ရာသီအကြို ခြေစမ်းပွဲ ၄ ပွဲကို အနိုင်ရရှိထားပြီး ဘိုင်ယန်နှင့်ကစားမည့်ပွဲမှာ Audi Cup နောက်ဆုံးဗိုလ်လုပွဲလည်း ဖြစ်သည်။

    Ref: Goal