သြဂုတ် ၁၉၊ ၂၀၁၅
M-Media၏
– နေရာသစ်တွင် ခြေစွမ်းပြနိုင်ဘဲ ပရိတ်သတ်များ၏ လှောင်ပြောင်မှုများကို ခံနေရသည့် ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်အား နည်းပြ ဘင်နီတက်ဇ်က ကာကွယ်ပြောကြားခဲ့သည်။
ဘေးလ်မှာ ၂၀၁၄-၁၅ တွင် ခက်ခဲသောရာသီကို ဖြတ်သန်းခဲ့ရပြီး ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဝေဖန်မှုအများအပြားကို ခံခဲ့ရသည်။ ထို့ပြင် ယမန်နေ့က တူရကီကလပ် ဂါလာတာစာရေးအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သော ခြေစမ်းပွဲတွင်လည်း ဘေးလ်မှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ပရိတ်သတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။
ဘင်နီတတ်ဇ်မှာ ရာသီကြိုခြေစမ်းပွဲများတွင် ဘေးလ်အား အလယ်နေရာတွင် ထားကစားပြီး အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘေးလ်အတွက် ထိုနေရာနှင့် အဆင်ပြေခြင်း မရှိပေ။ သို့သော်လည်း ဘင်နီတက်ဇ်ကမူ ဘေးလ်မှာ ယခုနှစ်ဘောလုံးရာသီတွင် အဓိက ကစားသမား ဖြစ်လာမည်ဟု ယုံကြည်နေသည်။
“ဘေးလ်ရဲ့လှုပ်ရှားမှုကို ဆန်းစစ်ကြည့်ရင် အဲဒီလှုပ်ရှားမှုတွေက အသင်းကို ဆိုင်းငံမှုပေးတယ်ဆိုတာ တွေ့ရမှာပါ။ တကယ်လို့ ဂါလာတာစာရေးနဲ့ပွဲ သူ ဂိုးသွင်းခဲ့ရင် လူတွေက သူ ကစားပုံကောင်းတယ်လို့ ပြောကြမှာပါ။ လော့ဂျစ်အရတော့ အစ္စကို၊ ဂါရသ် (ဘေးလ်)နဲ့ ဂျိမ်းစ် (ရော်ဒရီဂက်စ်)တို့နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ရှိမှာပါ။ ကျွန်တော်တို့ဟာ သူတို့တွေကြားထဲမှာ နားလည်မှုကို ထုဆစ်ပုံဖော်နေပါတယ်” ဟု ဘင်နီတက်ဇ်က AS သတင်းစာသို့ ပြောကြားခဲ့သည်။
ထို့ပြင် အစ္စကိုနှင့် ရော်ဒရီဂက်စ်တို့မှာ ဘေးဘက်တွင်ကစားပြီး ဘေးလ်ကမူ နေရာလွတ်များ ဖန်တီးပေးကာ ခံစစ်နောက်ဘက်သို့ ပြေးရန် ကြိုးစားရကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဘေးလ်မှာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ အစပိုင်းက မန်ယူသို့ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ရီးယဲလ်ကမူ မိမိတို့မှာ ဘေးလ်အား လက်လွှတ်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
ရီးယဲလ်နှင့် ရာသီအစတွင် လာလီဂါ ၂၇ ပွဲကစား ၁၅ ဂိုး သွင်းယူနိုင်ခဲ့သည့်ဘေးလ်မှာ ပြီးခဲ့သည့် ရာသီတွင်မူ ၃၁ ပွဲကစား ၁၃ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.