News @ M-Media

Tag: Lebanon

  • လက်ဘနွန်ပြည်သူ ထက်၀က်ကျော် စားနပ်ရိက္ခာ ပြဿနာ ရင်ဆိုင်ရမည်

    လက်ဘနွန်ပြည်သူ ထက်၀က်ကျော် စားနပ်ရိက္ခာ ပြဿနာ ရင်ဆိုင်ရမည်

    ဩဂုတ် ၃၁၊ ၂၀၂၀
    M-Media

    ပေါက်ကွဲမှုပ​ြီးနောက် လက်ဘနွန်ဆိပ်ကမ်း မြင်ကွင်း

    -​ဘေရွတ်ပေါက်ကွဲမှုနောက်ဆက်တွဲအဖြစ် အခုနှစ်ကုန်မှာ လက်ဘနွန်ပြည်သူတွေရဲ့ ထက်ဝက်လောက်ဟာ စားနပ်ရိက္ခာ ပြဿနာနဲ့ ကြုံတွေ့နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

    လက်ဘနွန်ဟာ အရင်ကတည်းက စီးပွားရေးပြဿနာကို ကြုံတွေ့နေရတာဖြစ်ပြီး ဩဂုတ် ၄ ရက်နေ့ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုနောက်ပိုင်း ဒီအခြေအနေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၈၈ ဦးသေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရကာ သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မြို့တော်ဘေရွတ် တစ်စိတ်တစ်ပိုင်းလည်း လုံး၀ ပျက်ဆီးသွားခဲ့ပါတယ်။

    ကုလရဲ့ အာရှအနောက်ခြမ်း စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကော်မှရှင် ESCWA က ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် နှစ်ကုန်ပိုင်းမှာ ပြည်သူထက်ဝက်ကျော်လောက်ဟာ အခြေခံစားသောက်ကုန် ပြတ်လတ်မှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    လက်ဘနွန်ဟာ ပြည်တွင်း ရိက္ခာလိုအပ်ချက်ရဲ့ ၈၅ ရာခိုင်နှုန်းကို နိုင်ငံခြားက တင်သွင်းရတာပါ။ အစိုးရဟာ အရင်ကတည်းက အကြွေးကိစ္စကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြည်ပကတင်သွင်းတဲ့ စားနပ်ရိက္ခာတွေကို အဓိကသိုလှောင်ရာ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုနောက်ပိုင်း ငွေတန်ဖိုးကျဆင်းလာသလို၊ ဆင်းရဲမွဲတေမှု ပမာဏလည်း မြင့်တက်လာပါတယ်။ ဒါ့အပြင် ကိုရိုနာကပ်ရောဂါကိုလည်း လက်ဘနွန်က ရင်ဆိုင်နေရပါတယ်။

    စားနပ်ရိက္ခာအကြပ်အတည်းကို တားဆီးဖို့အတွက် စားသောက်ကုန်စျေးနှုန်းကို အစိုးရက ထိန်းချုပ်ဖို့၊ လယ်ယာထွက်ကုန် ထုတ်လုပ်သူတွေကို စားသုံးသူတွေထံ တိုက်ရိုက်ရောင်းချခွင့်ပေးဖို့ ESCWA က လက်ဘနွန်အစိုးရကို တိုက်တွန်းခဲ့သလို၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်ဘနွန်မှာ စားနပ်ရိက္ခာ ဖူလှုံရေးအစီအစဉ်ကို တိုးချဲ့ဆောက်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

    Ref: Aljazeera

  • ဘေရွတ်ဆိပ်ကမ်းမှ ဧရာမပေါက်ကွဲမှုဟာ တိုက်ခိုက်ခံရမှုလား?

    ဘေရွတ်ဆိပ်ကမ်းမှ ဧရာမပေါက်ကွဲမှုဟာ တိုက်ခိုက်ခံရမှုလား?

    ဩဂုတ် ၁၂၊ ၂၀၂၀
    M-Media

    ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်ကွင်း

    -လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်းမှာ ဩဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဧရာမပေါက်ကွဲမှုကြီးဟာ မတော်တဆဖြစ်တာမဟုတ်ဘဲ တိုက်ခိုက်ခံရတာဆိုတဲ့ အယူအဆ ပေါ်လာခဲ့ပြီး ပေါက်ကွဲမှုမဖြစ်ခင် တိုက်လေယာဉ်တွေကို မြင်ရတဲ့ မျက်မြင်သက်သေတွေလည်း ပေါ်လာပါတယ်။

    ဒီပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၇၁ ဦးသေဆုံးပြီး အဆောက်အဦးအမြောက်အများပျက်ဆီးကာ သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ကုန်လှောင်ရုံတစ်ခု မီးလောင်ရာကနေ အဲဒီထဲမှာ သိုလှောင်ထားတဲ့ အမိုနီယံနိုက်ထရိတ် တန်ပေါင်း ၂၇၀၀ ကျော်ပေါက်ကွဲတာလို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေကဆန္ဒပြကြလို့ လက်ဘနွန်အစိုးရတစ်ဖွဲ့လုံး တနင်္လာနေ့မှာ နှုတ်ထွက်ခဲ့ပါတယ်။

    အစိုးရက မတော်တဆမှုလို့ ထုတ်ပြန်ထားပေမယ့် ပေါက်ကွဲမှုမဖြစ်ခင် စက္ကန့်ပိုင်းအလို ဆိက်ကမ်းအနီး တိုက်လေယာဉ်တွေ ပျံသန်းလာတာကို မြင်ရသူတွေ၊ အသံကြားရသူတွေ ဘေရွတ်မြို့မှာ အမြောက်အများ ရှိခဲ့ပါတယ်။

    ဘေရွတ်မြို့ကို စီးပြီးမြင်နေရတဲ့ တောင်ကုန်းက တိုက်အမြင့်တစ်ခုရဲ့ ၁၁ လွှာမှာနေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် အာရက်ဇ် ဘီဒရို့ဇ်နဲ့ သူမရဲ့ခင်ပွန်းတို့ဟာ ပေါက်ကွဲမှုမဖြစ်ခင် အသံအကျယ်ကြီးတစ်ခုကို ကြားခဲ့ရတာကြောင့် ၀ရန်တာကို ထွက်ကြည့်ခဲ့ကြပါတယ်။

    “၀ရန်တာကို ထွက်ကြည့်လိုက်တဲ့အချိန်မှာ အနက်ရောင် တိုက်လေယာဉ် ၂ စင်းကို မြင်ရတယ်။ အစ္စရေးလေယာဉ်တွေဖြစ်မယ်လို့ ကျွန်မခင်ပွန်းကို ပြောလိုက်သေးတယ်။ အဲဒီနောက်မှာ ဧရာမပေါက်ကွဲမှုကြီး ဖြစ်လာပါတယ်” လို့ ​ဘီဒရို့ဇ်က ပြောပါတယ်။

    ဘီဒရို့ဇ်တို့ ဇနီးမောင်နှံနှစ်ဦးဟာ ၁၉၇၅ ခုနှစ်က ၁၉၉၀ ခုနှစ်အထိဖြစ်ခဲ့တဲ့ လက်ဘနွန်ပြည်တွင်းစစ်၊ ၂၀၀၆ ခုနှစ် ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့အကြားဖြစ်ပွားခဲ့တဲ့ စစ်တွေကို မှီခဲ့သူပါ။ တစ်လတာကြာမြင့်တဲ့ ၂၀၀၆ ခုနှစ်စ်ပွဲမှာ အစ္စရေးဟာ ဘေရွတ်မြို့ ဆင်ခြေဖုံးက ရှီအာလူမျိုးအများစုရှိရာ ဒါဟိုင်ရပ်ကွက်ကို ဗုံးကြဲခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်က တိုက်လေယာဉ် ၂ စင်းဟာ ဒီရပ်ကွက်ကို ဗုံးထပ်ကြဲလိမ့်မယ်လို့ ဘီဒရို့ဇ်က ထင်ခဲ့ပါတယ် ။

    ဒါပေမယ့် တိုက်လေယာဉ်နှစ်စီးဟာ ထပ်မံတိုက်ခိုက်မှု မလုပ်တော့ဘဲ မြေထဲပင်လယ်ထဲကို ပျံသန်းသွားတယ်လို့ သူမက ဆိုပါတယ်။

    ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဘေရွတ်ဆိပ်ကမ်းကို စစ်ရေးအရ အသုံးပြုနေတယ်လို့ အစ္စရေးက ပြီးခဲ့တဲ့နှစ်မှာ စွပ်စွဲခဲ့ပြီး ၂၀၁၈ ခုနှစ်တုန်းကလည်း ဝန်ကြီးချုပ် နေတန်ယာဟုက ဟစ်ဇ်ဘိုလာဟာ ဘေရွတ်မြို့က အပြစ်မဲ့ အရပ်သားတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုနေတယ်လို့ သတိပေးဖူးပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ်က ပေါက်ကွဲမှုကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ငြင်းပါတယ်။

    ဘီဒရို့ဇ်တို့ ဇနီးမောင်နှံလိုပဲ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုမဖြစ်ခင် စက္ကန့်ပိုင်းအလိုမှာ ဆိပ်ကမ်းအနီး တိုက်လေယာဉ်တွေ ရောက်လာတာကို အသေအချာ မြင်တွေ့လိုက်ရတဲ့၊ အသံကြားလိုက်ရတဲ့သူတွေ ရှိခဲ့သလို တိုက်လေယာဉ်တွေကို လက်ညှိုးထိုးကြည့်ရှုနေတဲ့ လူတွေရဲ့ CCTV မှတ်တမ်းရုပ်ပုံတွေလည်း ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့နေပါတယ်။

    ပေါက်ကွဲမှုဖြစ်ပွားတာကို မှတ်တမ်းတင်ထားတဲ့ဗီဒီယိုတွေထဲမှာ အနီးဆုံးလို့ဆိုရမယ့် ဗီဒီယိုတစ်ခုကို အလ်-အာရေဗျသတင်းဌာနက ဩဂုတ်လ ၅ ရက်နေ့မှာ လွှင့်တင်ထားပြီး အဲဒီအထဲမှာလည်း ပေါက်ကွဲမှုမဖြစ်ခင် စက္ကန့်ပိုင်းအလိုမှာ တိုက်လေယာဉ်သံကို ကြားခဲ့ရပါတယ်။

    အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်က ပေါက်ကွဲမှုဖြစ်ချိန်မှာ သူတို့တိုက်လေယာဉ်တွေ ဘေရွတ်မြို့ပေါ်မှာ ပျံသန်းတာမျိုး မရှိပေမယ့် ကင်းထောက်ဒရုန်းတွေကိုတော့ ဘေရွတ်မှာ ပုံမှန်လိုလို ပျံသန်းလေ့ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Asia Times

    (ဗီဒီယို – ဆိပ်ကမ်းမှ ပေါက်ကွဲမှုကို အနီးကပ်မြင်ရသည့် ဗီဒီယို)

  • ဘေရွတ်ပေါက်ကွဲမှုအတွက် လူ ၁၆ ဦးကို ဖမ်းဆီးထား

    ဘေရွတ်ပေါက်ကွဲမှုအတွက် လူ ၁၆ ဦးကို ဖမ်းဆီးထား

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    -ဘေရွတ်မြို့ ဆိပ်ကမ်းက ဧရာမ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူ ၁၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ လက်ဘနွန် အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    အင်္ဂါနေ့က ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၅၇ ဦး သေဆုံးပြီး ၅ ထောင်ကျော် ဒဏ်ရာရကာ နေအိမ်အဆောက်အဦးတွေ ပျက်ဆီးသွားတာကြောင့် လူပေါင်း ၂ သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း ပျောက်ဆုံးသူတွေအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

    လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ဆိပ်ကမ်းကုန်လှောင်ရုံမှာ သိမ်းဆည်းထားတဲ့ အမိုနီယံ နိုက်ထရိတ် တန်ပေါင်း ၂ ထောင်ကျော်ကြောင့် ဒီလိုပေါက်ကွဲအား ပြင်းထန်သွားတာလို့ လက်ဘနွန်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာ ဆိပ်ကမ်းနဲ့ အကောက်ခွန်တာဝန်ရှိသူတွေ၊ အလုပ်သမားတွေ စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးထားသလို အခြား တာဝန်ရှိတဲ့သူတွေကိုလည်း စစ်ဆေးနေတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ လက်ဘနွန် ဗဟိုဘဏ်ကလည်း ဆိပ်ကမ်းနဲ့ အကောက်ခွန်ဌာနက တာဝန်ရှိသူတွေရဲ့ ဘဏ်စာရင်းတွေကို ယာယီ ပိတ်ထားလိုက်ပါတယ်။

    ဒီကိစ္စနဲ့ဆက်စပ်ပြီး အစိုးရနှုတ်ထွက်ပေးဖို့ လက်ဘနွန်ပြည်သူတွေ မနေ့က ဘေရွတ်မြို့လယ်ခေါင်မှာ ဆန္ဒပြခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး လူစုခွဲခဲ့ရပါတယ်။

    Ref: Aljazeera

  • လက်ဘနွန်တွင် ဧရာမပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

    လက်ဘနွန်တွင် ဧရာမပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

    ဩဂုတ် ၅၊ ၂၀၂၀
    M-Media

    -လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က သင်္ဘောဆိပ်ဂိုထောင်မှာ မနေ့က ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၀၀ ကျော်သေဆုံးကာ ၄၀၀၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။

    ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးဘဲ အာဏာပိုင်တွေကတော့ လွန်ခဲ့တဲ့ ၆ နှစ်အရင်ကတည်းက သိမ်းဆည်းပြီး ဂိုထောင်ထဲထည့်ထားတဲ့ အမိုနီယမ်နိုက်ထရိတ် တန်ပေါင်း ၂၇၅၀ ကြောင့် ပေါက်ကွဲအား ဒီလောက်ကြီးမားခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    ပေါက်ကွဲမှုကြောင့် မြို့တစ်ဝိုက်က အဆောက်အဦးတော်တော်များများမှာ ပျက်ဆီးမှုတွေ ရှိခဲ့ပြီး လူ ၂ သိန်းလောက်လည်း အိမ်မဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

    လက်ဘနွန်သမ္မတ ​မိုက်ကယ် အေအွန်က အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ကာ ၂ ပတ်တာ အရေပေါ်အခြေအနေ ကြေငြာမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဝန်ကြီးချုပ် ဟာဆန် ဒီယဘ်က ဗုဒ္ဓဟူးနေ့ကို နိုင်ငံတော် ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ဒီအဖြစ်အပျက်မှာ တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • လက်ဘနွန်တွင် သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံး

    လက်ဘနွန်တွင် သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံး

    ဧပြီ ၂၂၊ ၂၀၂၀
    M-Media

    -လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တောင်ဖက်က ဆင်ခြေဖုံးတစ်ခုမှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး ခေတ်သစ် လဘနွန်သမိုင်းမှာ အဆိုးဝါးဆုံး အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုလည်း ဖြစ်ပါတယ်။

    ဘက်လိုင်းလို့ခေါ်တဲ့ မြို့ငယ်လေးမှာ မနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘာ့ကြောင့် ဒီလို ပစ်ခတ်ရလဲဆိုတာကို မသိရသေးပါဘူး။ သေနတ်သမားဟာ လက်ရှိမှာ လွတ်မြောက်နေပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ ကြိုးစားနေပါတယ်။

    သေဆုံးသူ​တွေဟာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၂ ဦးတို့ဖြစ်ပါတယ်။ ၆ ဦးက ဆီးရီးယားနိုင်ငံသားဖြစ်ပြီး ၃ ဦးက လက်ဘနွန်နိုင်ငံသားပါ။ မြို့တော်ဝန် အဘ်ဒူလာ အလ် ဂူဆိုင်နီက သေနတ်သမားဟာ အမဲလိုက်တဲ့သေနတ်နဲ့ မြင်မြင်သမျှကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံက ကာယလုပ်သားတွေဟာ နှစ်စဉ် လက်ဘနွန်နိုင်ငံကိုလာကာ ရာသီပေါ်အလုပ်တွေ လုပ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ် ပြည်တွင်းစစ်ဖြစ်ကတည်းက ဆီးရီးယားဒုက္ခသည်တွေဟာ လက်ဘနွန်နိုင်ငံထဲမှာ ဝင်ရောက်ခိုလှုံခဲ့ရပြီး ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ မှတ်ပုံတင်ထားသူက ၉ သိန်းလောက် ရှိနေပါတယ်။

    ၁၉၉၀ ပြည့်နှစ် ပြည်တွင်းစစ်ပြီးတဲ့နောက်ပိုင်း စစ်လက်ကျန် လက်နက်တွေဟာ လက်ဘနွန်ပြည်သူတွေကြားမှာ ပြန့်နှံ့နေပေမယ့် အခုလိုမျိုး အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။

    Ref: Aljazeera