News @ M-Media

Tag: Liverpool

  • ဇာတိရွာတွင် ဆာလာဟ်က အရေးပေါ်ကားစင်တာ ဆောက်လုပ်လှူဒါန်း

    ဇာတိရွာတွင် ဆာလာဟ်က အရေးပေါ်ကားစင်တာ ဆောက်လုပ်လှူဒါန်း

    ဇွန် ၂၊ ၂၀၂၀
    M-Media

    -လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ နိုင်ငံမြောက်ပိုင်း မွေးရပ် နဂ်ရစ်ရွာမှာ အရေးပေါ်ကားစင်တာတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

    ကန်ဒေါ်လာ ၃၇၂၀၀ ကုန်ကျခဲ့တဲ့ အဲဒီ အရေးပေါ်ကားစင်တာကို အခုသီတင်းပတ် အစောပိုင်းမှာ ဖွင့်လှစ်ခဲ့ပြီး ဆာလာဟ်ရဲ့ဖခင် ဟာဂျီဆာလာဟ် ဂါလီ၊ ဒေသခံအာဏာပိုင်တွေ၊ ​ကျန်းမာရေး တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

    ဆာလာဟ်ဟာ ပရဟိတလုပ်ငန်းတွေကို တစ်စိုက်မတ်လုပ်ဆောင်သူတစ်ဦးဖြစ်ပြီး အထူးသဖြင့် မွေးရပ် နဂ်ရစ်ရွာကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်လာအောင် ဆောင်ရွက်ပေးနေပါတယ်။

    ရွာကမိန်းကလေးငယ်တွေဟာ ကျောင်းတက်ဖို့အတွက် အဝေးကြီးသွားရတာကြောင့် ၂၀၁၈ ခုနှစ်မှာ မိန်းကလေးကျောင်းတစ်ခုကို ဆာလာဟ်က ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ရွာမှာ ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ဖို့အတွက် ဆာလာဟ်ဟာ မြေဝယ်လှူဒါန်းခဲ့ဖူးပြီး အခုအချိန်မှာတော့ နဂ်ရစ်ရွာသားတွေဟာ သန့်ရှင်းတဲ့ သောက်သုံးရေကို ရရှိနေပြီ ဖြစ်ပါတယ်။

    ဒေသဆေးရုံမှာ စက်ကိရိယာတွေ ဝယ်ယူလှူဒါန်းပေးတာ၊ စာသင်ကျောင်းမှာ ဘောလုံးကွင်းနဲ့ ကိုယ်ကာယ လေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်ပေးတာ စတာတွေကိုလည်း ဆာလာဟ်က လုပ်ဆောင်ပေးခဲ့ပါတယ်။ Covid-19 ဖြစ်နေစဉ် မကြာသေးခင်ကပဲ ဆာလာဟ်ဟာ ရွာသားတွေကို အစားအသောက်တွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

    Tahya Masr Fund ပရဟိတအဖွဲ့ကို ၂၀၁၆ ခုနှစ်မှာ အီဂျစ်ပေါင် ၅ သန်း လှူဒါန်းခဲ့ပြီး၊ အီဂျစ်အမျိုးသားကင်ဆာအသင်းကိုလည်း အီဂျစ်ပေါင်း သန်း ၅၀ ကျော် လှူဒါန်းထားပါတယ်။

    Ref: Arab News

  • ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးနောက် ​လီဗာပူးလ်နည်းပြ၏ ပူပူနွေးနွေး ရင်တွင်းစကား

    ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးနောက် ​လီဗာပူးလ်နည်းပြ၏ ပူပူနွေးနွေး ရင်တွင်းစကား

    ဇွန် ၂၆၊ ၂၀၂၀
    M-Media

    -မနေ့က ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ မှာ ချယ်ဆီးအသင်းက ဒုတိယနေရာက မန်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ဇယားထိပ်က လီဗာပူးလ်အသင်းဟာ ၇ ပွဲကျန် ၂၃ မှတ်အကွာနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။

    ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း လီဗာပူးလ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားဖြစ်ပါတယ်။ ချန်ပီယံဖြစ်ပြီးပြီးချင်းမှာပဲ Sky Sport သတင်းဌာနက လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကို ဗီဒီယိုကနေတစ်ဆင့် အင်တာဗျူအတို လုပ်ခဲ့ပြီး ရင်တွင်းခံစားချက်ကို မေးခဲ့ပါတယ်။

    မေး – ခံစားချက်လေး ပြောပြနိုင်မလား

    ဖြေ – ပြောစရာစကားတောင်မရှိဘူးဗျ။ မယုံနိုင်လောက်စရာပါပဲ။ အသင်းနဲ့ ချန်ပီယံဖြစ်ပါ့မလားလို့ ကျွန်တော်ထင်ထားတာထက်တောင် ပိုပါတယ်။ဒီအောင်မြင်မှုဟာ ကျွန်တော့်ကစားသမားတွ ၂ နှစ် ၃ အရင်က ကြိုးပမ်းအားထုတ်မှုကနေ ပေါ်ထွက်လာတာပါ။ သူတို့ကို နည်းပြခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။

    မေး – နှစ် ၃၀ လောက်စောင့်ရတော့ ပျော်တာအပြင် စိတ်သက်သာရာ ရသွားတာမျိုးလား

    ဖြေ – နှစ် ၃၀ လောက်တော့ ကျွန်တော်မစောင့်ရပါဘူး။ ဒီရောက်တာ ၄ နှစ်ခွဲရှိပြီ၊ ပြီးခဲ့တဲ့နှစ်တုန်းကမှစပြီး ဒီလိုအခွင့်အရေးမျိုးရခဲ့တယ်။ အခုနှစ်ကတော့ ဒုတိယမြောက်နှစ်ပေါ့။ အောင်မြင်မှုကောင်းတစ်ခုရတယ်။ စိတ်သက်သာရရတယ်လို့လည်း ပြောလို့ရတယ်။ ကြားထဲမှာ ၃ လလောက် အဆက်ပြတ်သွားပြီး ဘာတွေဆက်ဖြစ်မလဲ၊ အသင်းကရော ရာနှုန်းပြည့်ပြန်လာနိုင်မလားဆိုတာ ဘယ်သူမှ မသိကြဘူးလေ။

    မနေ့ကချယ်ဆီးနဲ့ မန်စီးတီးပွဲကတော့ ကစားတွေအတွက်ရော၊ ပရိတ်သတ်တွေအတွက်ပါ အရေးပါတယ်။ ဒီနေ့ကစားမယ့်ပွဲအတွက် အဆင်ပြေသွားတာပေါ့လေ။ အောင်မြင်မှုက ပရိတ်သတ်တွေအတွက်ပါပဲ။ အိမ်မှာပဲနေပါ။ မနေနိုင်ရင်လည်း အိမ်ရှေ့လောက်ပဲထွက်ပါ။ တရားလွန်အောင်ပွဲခံတာမျိုး မလုပ်ပါနဲ့။

    Ref: Sky Sport

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    မတ် ၂၊ ၂၀၂၀
    M-Media

    လတ်တလောသမိုင်းတွင် မန်စီးတီး၏ အောင်မြင်မှုကို မည်သူမျှ မယှဉ်နိုင်

    အင်္ဂလိပ်ဘောလုံးလောကရဲ့ လတ်တလောကာလမှာ မန်စီးတီးအသင်းရဲ့ အောင်မြင်မှုဟာ ပြိုင်ဘက်မရှိဘူးလို့ နည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟား မနေ့က အက်စတွန်ဗီလာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ လိဂ်ဖလား Carabao Cup ကို ၃ နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့တာပါ။ ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ၂ ကြိမ်၊ FA ဖလား တစ်ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ်ကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ ဂွါဒီယိုလာက ပြီးခဲ့တဲ့ ၉ နှစ်အတွင်း ၈ နှစ်မှာ မိမိတို့ ဖလားရခဲ့ကြောင်း၊ ဥရောပဖလားကို ထည့်မတွက်ရင် ဒီကာလအတွင်း မိမိတို့လို ပြည်တွင်းအောင်မှုမျိုး ဘယ်အသင်းမှ မရဖူးကြောင်း၊ လီဗာပူးရဲ့ အအောင်မြင်ဆုံးအချိန် ၁၉၈၀ ပြည့်နှစ်တွေမှာ ဒီလိုမရှိခဲ့သလို၊ ဆာအဲလက်စ်ဖာဂူဆန်၊ မော်ရင်ဟို၊ အာဆင်ဝင်းဂါးတို့လည်း ဒီလို မရခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

    နောက်ခံလူလိုဗရန်ကို ကလော့ပ်က ကာကွယ်ပြောဆို

    ဝဒ်ဖို့အသင်းကို ရှုံးနိမ့်မှုမှာ နောက်ခံလူ လိုဗရန်ကို အပြစ်တင်တာဟာ မတရားဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ စနေနေ့က ၃ ဂိုးပြတ်နဲ့ ဒီအရှုံးဟာ လီဗာပူးလ်အသင်းရဲ့ ၄၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ရတဲ့ပွဲပါ။ ဒီအတွက် နောက်ခံအလယ်လူ လိုဗရန်ဟာ ဝေဖန်ခံခဲ့ရပြီး ကလော့ပ်ကတော့ အသင်းရှုံးနိမ့်မှုအတွက် တစ်ဦးတစ်ယောက်တည်းကို ပြစ်တင်လို့မရကြောင်း၊ မိမိတို့တစ်သင်းလုံး ကစားပုံမကောင်းခဲ့ကြောင်း၊ ဝက်ဖို့ဒ်အသင်းရဲ့ နောက်ခံလူ ၆ ယောက်ထားကစားပုံကလည်း မိမိတို့ကို အခက်တွေ့စေခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘာကာနိုင်သော်လည်း ဇီဒိန်း မပျော်နိုင်

    မနေ့က ဘာစီလိုနာအသင်းကို အနိုင်ရတာဟာ နှစ်မြို့ဖွယ်ရာအချိန်တစ်ခုဖြစ်တယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ရီးယဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ လာလီဂါ ၂ ပွဲမှာ ၁ မှတ်သာ ရရှိထားပြီး၊ ပြီးခဲ့တဲ့တစ်ပတ် ချန်ပီယံလိဂ်မှာလည်း မန်စီးတီးကို ရှုံးနိမ့်ထားတာပါ။ မနေ့ကပွဲမှာတော့ ဗီနီစီယက်စ် ဂျူနီယာ၊ မာရီယာနိုတို့ရဲ့ ဂိုးတွေနဲ့ ဘာစီလိုနာကို အနိုင်ရခဲ့ပြီး ဘာစီလိုနာကို တစ်မှတ်ဖြတ်ကာ လာလီဂါကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဇီဒိန်းက ဒီ ၃ မှတ်ဟာ ဘာအပြောင်းအလဲမှမလုပ်ပေးနိုင်ကြောင်း ရှေ့ဆက်ရမယ့်ခရီးဟာ ရှည်လျားပြီး ပိုမိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Goal, BBC

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀
    M-Media

    လေ့ကျင့်ရေးကွင်းတွင် လက်ဆွဲနှုတ်ဆက်မှုကို နယူးကာဆယ်ပိတ်ပင်

    ကမ္ဘာတစ်ဝှမ်း လူပေါင်း ၈ သောင်းကျော်လောက်မှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ နယူးကာဆယ်အသင်းက လေ့ကျင့်ရေးကွင်းမှာ အချင်းချင်း လက်ဆွဲနှုတ်ဆက်တာကို ပိတ်ပင်လိုက်ပါတယ်။ ယူကေမှာ ကူးစက်သူဦးရေဟာ သောကြာနေ့အထိ ၁၉ ဦး ရှိနေပါတယ်။ ဗိုင်းရပ်စ်မကူးစက်ဖို့ ကြိုတင်ကာကွယ်ရေးမှာ လက်ဆေးတာဟာ အရေးကြီးတယ်လို့ နိုင်ငံတကာ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးထားတာပါ။ နယူးကာဆယ်နည်းပြ စတီဗ်ဘရုစ်က အသင်းဆရာဝန်ရဲ့ အကြံပေးမှုကြောင့် လေ့ကျင့်ကွင်းလာရင် အချင်းချင်း လက်ဆွဲနှုတ်ဆက်တဲ့ အလေ့အကျင့်ကို ရပ်ဆိုင်းလိုက်ကြောင်း၊ သတင်းတွေကို စောင့်ကြည့်နေပြီး ယူကေမှာ ဆိုးဆိုးဝါးဝါး မဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လျှင် ဆုတံဆိပ်ရသည်ဆိုသည်ကို မာနေးမသိ

    ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲရင် တစ်ဦးချင်း ဆုတံဆိပ်ရတယ်ဆိုတာ အရင်က မသိခဲ့ဘူးလို့ လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေးက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ၁၁ ပွဲကစားဖို့ ကျန်ရှိနေချိန် ၂၂ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး နောက်ထပ် ၄ ပွဲ အနိုင်ရရုံနဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံဖြစ်လာမှာ ဖြစ်ပါတယ်။ မာနေးက‌ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရင် ကစားသမားတစ်ဦးချင်း ဆုတံဆိပ်ရတယ်ဆိုတာ မနေ့ကမှ သိတာဖြစ်ပြီး တစ်ဦးချင်းဆုတံဆိပ်တွေကို သိပ်ပြီး ဦးစားမပေးကြောင်း၊ မိမိတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ ဦးဆောင်နေနိုင်တာဟာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာမဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အိပ်မက် အမှန်တကယ်ဖြစ်လာတဲ့ မန်ယူတိုက်စစ်မှူး

    ဖိအားတွေရှိနေပေမယ့် မန်ယူမှာ ပထမဆုံး ဂိုးသွင်းနိုင်တဲ့အတွက် ကျေနပ်မိတယ်လို့ နိုက်ဂျီးရီးယားတိုက်စစ်မှူး အီဂ်ဟာလိုက ပြောကြားလိုက်ပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာကနေ ရောက်ရှိလာတဲ့ အီဂ်ဟာလိုဟာ ဒီကနေ့မနက်က ဘရုဂျက်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ပထမဆုံး ဂိုးသွင်းနိုင်ခဲ့တာပါ။ သူ့ကိုခေါ်ယူတဲ့အချိန် ဆိုရှယ်မီဒီယာမှာ Trend ဖြစ်ခဲ့သလို ဒီကနေ့မနက် ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်မှာလည်း Trend ထပ်ဖြစ်ခဲ့ပါတယ်။ အီဂ်ဟာလိုက မိမိဟာ မန်ယူအသင်းကို ငယ်ငယ်ကတည်းက အားပေးခဲ့ပြီး ဒီလိုဂိုးသွင်းနိုင်ဖို့လည်း အိပ်မက်မက်ခဲ့တယ်လို့ ဆိုပါတယ်။

    Ref: BBC

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၈၊ ၂၀၂၀
    M-Media

    FA နိုင်ပွဲရသည့်အသင်းကို အာဆင်နယ်နည်းပြ ချီးကျူး

    FA ဖလား ဘုန်းမောက်နဲ့ပွဲကို အနိုင်ကစားခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို အလွန်ကျေနပ်မိတယ်လို့ အာဆင်နယ်နည်းပြအာတီတာက ပြောကြားလိုက်ပါတယ်။ လူငယ်တွေကို ဦးစားပေးအသုံးပြုခဲ့တဲ့ အာဆင်နယ်အသင်းဟာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ အာတီတာက အသင်းဟာ တာဝန်ယူစိတ်အပြည့်နဲ့ သတ္တိရှိရှိ ကစားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဆန်းချက် ခြစွမ်းပြန်ပြမည်ဟု ဆိုးလ်ရှားယုံကြည်နေ

    အသက် ၃၁ နှစ်အရွယ် ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မန်ယူကို ပြန်ရောက်လာပြီး ခြေစွမ်းကောင်းတွေ ပြန်လည်ပြသလိမ့်မယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီက အာဆင်နယ်ကနေပြောင်းရွှေ့လာပြီးနောက်ပိုင်း ဆန်းချက်ဟာ မန်ယူအတွက် ၄၅ ပွဲကစားကာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အခုရာသီအစ အင်တာမီလန်ကို အငှားနဲ့ သွားရောက်ကစားခဲ့ပေမယ့် ဒဏ်ရာကြောင့် ၇ ပွဲသာကစားရပြီး ၁ ဂိုး သွင်းယူထားပါတယ်။ ကစားသမားသစ်တွေ ဝယ်ယူရေးမှာ ရုန်းကန်ရမှုတွေ ရှိနေတယ်လို့လည်း ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။

    ဒဏ်ရာကြောင့် ဆာဒီယိုမာနေး ၂ ပွဲနားရမည်

    လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ဝုလ်ဗ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရရှိတဲ့ ကြွက်သား စုတ်ပြဲဒဏ်ရာကြောင့် လာမယ့် ဝက်စ်ဟမ်းနဲ့ ဆောက်သက်တမ်အသင်းပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၅ ဂိုး သွင်းယူပေးထားတဲ့ မာနေးဟာ ဖလားရရှိရေး ကြိုးပမ်းနေတဲ့ လီဗာပူးလ်ရဲ့ အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ နည်းပြ ယာဂန်ကလော့ပ်ကတော့ မာနေးရဲ့ဒဏ်ရာဟာ မပြင်းထန်တဲ့အတွက် ကံကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Goal, BBC