News @ M-Media

Tag: Liverpool

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရ ၂၇၊ ၂၀၂၀
    M-Media

    FA ဖလား ပြန်ကန်ပွဲကို လီဗာပူးလ် ကစားမည်မဟုတ်

    ဖေဖော်ဝါရီ ပထမအပတ်မှာ ကစားမယ့် FA ဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်အတွင်း Shrewsbury Town နဲ့ပွဲကို ကစားမှာမဟုတ်ဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့မနက်ကပွဲမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တဲ့လီဗာပူးလ်ဟာ နောက်ပိုင်းမှာ ချေပဂိုးတွေ ပေးခဲ့ရကာ သရေကျခဲ့တာပါ။ ပြန်ကန်ပွဲဟာ ပရီးမီးယားလိဂ် ဆောင်းရာသီနားရက်ကာလဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ကစားသမားတွေအတွက် နားရက်ကာလကို အလေးမထားပေမယ့် မိမိတို့က အလေးထားတယ်လို့ ကလော့ပ်က ဆိုပါတယ်။

    ပရိတ်သတ်တွေကြောင့် အက်စပန်ညိုကွင်း ပိတ်ခံရဖွယ်ရှိနေ

    စနေနေ့က ၁ ဂိုးစီသရေကျတဲ့ပွဲမှာ ပြိုင်ဘက် ဘီဘာလ်အို တိုက်စစ်မှူး အီနာဂီ ဝီလီယံကို အက်စပန်ညိုပရိတ်သတ်တွေက လူမျိုးရေးခွဲခြားမှုအတွက် အက်စပန်ညိုအသင်း ကွင်းတစ်စိတ်တစ်ပိုင်းပိတ်တဲ့ ပြစ်ဒဏ်မျိုးချမှတ်ဖို့ လာလီဂါပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူတွေက စပိန်ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုလိုက်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်က ဒီကိစ္စကို ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ လာလီဂါတာဝန်ရှိသူတွေက ဒီအဖြစ်အပျက်မှာ ပါဝင်တဲ့ ပရိတ်သတ်တွေကို စုံစမ်းဖော်ထုတ်ကာ အမုန်းရာဇဝတ်မှုနဲ့ တရားစွဲဆိုဖို့လည်း လုပ်ဆောင်နေပါတယ်။

    ဆော်ဒီက နယူးကာဆယ်အသင်းကို ဝယ်ယူရန် နီးစပ်လာ

    ဆော်ဒီအာရေဗျရဲ့ နိုင်ငံပိုင် ရန်ပုံငွေအဖွဲ့ PIF က ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကို ပေါင် သန်း ၃၄၀ နဲ့ဝယ်ယူဖို့အတွက် ပြီးခဲ့တဲ့လအနည်းက ပြုလုပ်လာခဲ့တဲ့ ဆွေးနွေးမှုဟာ တိုးတက်မှု ရနေပါတယ်။ အသင်းကို ဗြိတိန် ဘီလီယံနာ မိုက် အက်ရှ်လေက ၂၀၀၇ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့တာပါ။ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပရီးမီးယားလိဂ်ဘောလုံးကလပ်အသင်း တစ်ခုခုကို ဝယ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ယူအေအီးကို အုပ်စိုးသူမိသားစုထဲက တစ်ဦးဖြစ်တဲ့ ဘီလီယံနာ ရှိခ်ခါလစ်ဟာ ပြီးခဲ့တဲ့နှစ်က နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သဘောတူညီချက် ပျက်ပြယ်ခဲ့ပါတယ်။

    Ref: BBC

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၀၊ ၂၀၂၀
    M-Media

    အမှတ်ဖြတ်ထားသော်လည်း လီဗာပူးလ်နည်းပြ မပျော်နိုင်သေး

    အသင်း ပရီမီးယားလိဂ်ဖလား ရရှိတော့မယ်လို့ ပရိတ်သတ်တွေ ယုံကြည်လာတာကို မြင်ရတာ ပျော်ရွှင်မိပေမယ့် မိမိတို့ကတော့ အပြည့်အ၀ မပျော်နိုင်သေးဘဲ လက်ကျန် တစ်ပွဲချင်းစီကို အာရုံစိုက်သွားဖို့ လိုအပ်တယ်လို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ မန်ယူကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဒီ‌နေ့မနက်ပွဲမှာ ပရိတ်သတ်တွေက ‘ငါတို့ ပရီးမီးယားလိဂ်ဖလား ရတော့မယ်’ ဆိုတဲ့ သီချင်းကို ဆိုခဲ့‌ကြပါတယ်။ လီဗာပူးလ်ဟာ ရာသီပြီးဆုံးဖို့ ၁၆ ပွဲအလိုမှာ ၁၆ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပြီး ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီးနောက်ပိုင်း ပထမဆုံး ချန်ပီယံဖြစ်မယ့် အားအလာကောင်းကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

    ချန်ပီယံလိဂ်ဝင်ခွင့်ကိုသာ အာရုံစိုက်တော့မယ့် မန်စီးတီး

    မန်စီးတီးအသင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရရေး ဖြစ်တယ်လို့ နည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မနေ့က ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂ ဂိုးစီသရေကျ‌ပြီးတဲ့နောက် လက်ရှိချန်ပီယံ မန်စီးတီးဟာ ပထမနေရာက လီဗာပူးလ်နဲ့ ၁၆ မှတ်အထိ ကွာဟသွားတာပါ။ ဂွါဒီယိုလာကတော့ အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် ကံမကောင်းခဲ့ဘူးလို့ ဆိုပါတယ်။

    မန်ယူ၏ လူခေါ်ယူမှုကို ဂယ်ရီနဗီးလ် ဝေဖန်

    မန်ယူအသင်းရဲ့ ကစားသမားခေါ်ယူမှု ပေါ်လစီကို နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်လိုက်ပြီး အဲဒီရဲ့အကျိုးဆက်ကို လာမယ့်ရာသီဝက်မှာ ခံစားရလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပေါ့ဘာ၊ လူကာကူ၊ ဆန်းချက်ဇ်တို့လို နာမည်ကြီးကစားသမားတွေကို ခေါ်ယူအားဖြင့်ခဲ့ပေမယ့် မျှော်မှန်းထားသလောက် ခြေစွမ်းမပြနိုင်ကြပါဘူး။ ပြီးခဲ့တဲ့နွေရာသီကလည်း ပေါင် သန်း ၁၃၀ လောက် အသုံးပြုကာ ကစားသမားတွေ ခေါ်ယူခဲ့ပေမယ့် လက်ရှိ အမှတ်ပေးဇယားမှာ ထိပ်ဆုံးက လီဗာပူးလ်ထက် အမှတ် ၃၀ ကွာကာ၊ ချန်ပီယံလိဂ်ဝင်ခွင့်နေရာထက် ၅ မှတ်လျော့နည်းနေပါတယ်။ နဗီးလ်ကတော့ မန်ယူအသင်းဟာ နေရာပေါင်းစုံမှာ နောက်ပြန်သွားနေပြီး ဆိုးဆိုးဝါးဝါး အခြေအနေတွေနဲ့ ကြုံတွေ့ရမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: BBC

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရ ၁၈၊ ၂၀၂၀
    M-Media

    အာဖရိကဘောလုံးပြိုင်ပွဲက အသင်းအတွက် ကပ်ဆိုးဟု ကလော့ပ်ပြော

    ၂၀၂၁ ခုနှစ် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို ဇန်နဝါရီလ ပြောင်းရွှေ့လိုက်တာဟာ အသင်းအတွက် ‘ကပ်ဆိုးကြီး’ တစ်ခုလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ပြိုင်ပွဲကျင်းပမယ့် ကင်မရွန်းနိုင်ငံက ရာသီဥတုအခြေအနေကြောင့် ကျင်းပမယ့်အချိန်ကို ဒီလိုရွှေ့ဆိုင်းလိုက်တာပါ။ ပြိုင်ပွဲအတွက် အသင်းမှာ အားထားရတဲ့ ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေး၊ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်နဲ့ ဂီနီကွင်းလယ်လူ နဘီ ကီတာတို့ကို လီဗာပူးလ်က ဆုံးရှုံးမှာ ဖြစ်ပါတယ်။ ကလော့ပ်ကတော့ ကစားသမားတွေကို ပြိုင်ပွဲမသွားဖို့ သွေးဆောင်တာဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘဲ၊ ပြိုင်ပွဲကလည်း ကစားသမားတွေအတွက် အထောက်အကူမဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။ အရင်က ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲကို ၂၀၁၉ ခုနှစ်ကစတင်ကာ ဇွန်လမှာ ပြောင်းရွှေ့ကျင်းပခဲ့ပြီး ဥရောပထိပ်တန်းဘောလုံးလိဂ်တွေက ကြိုဆိုခဲ့ကြပါတယ်။

    အထုတ်မခံရမချင်း မန်စီးတီးနည်းပြ အသင်းတွင် ဆက်ရှိမည်

    အသင်းက မထုတ်မချင်း ဆက်ရှိသွားမယ်လို့ မန်စီးတီးအသင်းနည်းပြ ပက်ပ်ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။ စံချိန်တင်အမှတ်တွေနဲ့ ပရီးမီးယားလိဂ်ကို ၂ ကြိမ်ဆက်ရရှိအောင်စွမ်းဆောင်ပေထားနိုင်တဲ့ ဂွါဒီယိုလာရဲ့ စာချုပ်မှာ ၂၀၂၁ ဘောလုံးရာသီရောက်ရင် ထွက်ခွာနိုင်တယ်ဆိုတဲ့အချက် ပါဝင်နေတာပါ။ ဂွါဒီယိုလာက အသင်းရဲ့စွမ်းဆောင်ရည် မကောင်းရင်တောင်မှ အသင်းကနေ ထွက်ခွာသွားမှာမဟုတ်ဘဲ အမြဲတမ်း အနိုင်ရအောင် ဘယ်နည်းပြမှ စွမ်းဆောင်မပေးနိုင်ကြောင်း၊ လက်ရှိ ကစားသမားတွေနဲ့ အလုပ်လုပ်ရတာကို ပျော်ရွှင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စီးရီးအေအသင်း အားလုံးနီးပါးကို ဂိုးသွင်းထားသည့် စံချိန်တစ်ခု ရော်နယ်ဒိုရရှိ

    ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိ စီးရီးအေမှာ ကစားနေတဲ့ အသင်းအားလုံးနီးပါးကို ဂိုးသွင်းနိုင်တဲ့ စံချိန်တစ်တစ်ခု ရရှိထားတယ်လို့ အီတလီဂျာနယ်လစ်တစ်ဦးက ရေးသားဖော်ပြခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဂျူဗင်တပ်စ်ကို ရောက်လာပြီးနောက် ပထမဆုံးရာသီမှာ ရော်နယ်ဒိုဟာ ၄၃ ပွဲကစားပြီး ၂၈ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာကြောင့် ပွဲစဉ်တွေ လွဲချော်ထားပေမယ့် ၂၃ ပွဲကစားကာ ၁၆ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ လက်ရှိ စီးရီးအေက အသင်းတွေထဲမှာ ရော်နယ်ဒို ဂိုးမသွင်းထားတဲ့အသင်းဟာ ဘရက်စီယာနဲ့ လက်ချီ ၂ သင်းသာရှိပြီး ဒီအသင်းတွေနဲ့ပွဲတွေမှာ သူ ပါဝင်ကစားနိုင်ခြင်း မရှိတဲ့အတွက် ဖြစ်ပါတယ်။ လာလီဂါမှာလည်း ရော်နယ်ဒိုဟာ အသင်းအားလုံးကို ဂိုးသွင်းနိုင်တဲ့စံချိန် ရရှိခဲ့ပါတယ်။

    Ref: BBC

  • အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်တိုက်စစ်မှူး မာနေး ဆွတ်ခူး

    အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်တိုက်စစ်မှူး မာနေး ဆွတ်ခူး

    ဇန်နဝါရီ ၉၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါတိုက်စစ်မှူး ဆာဒီယို မာနေးက ရရှိသွားပါတယ်။

    မာနေးဟာ လီဗာပူးလ်က အသင်းဖော် အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်၊ မန်စီးတီးအသင်းရဲ့ အလ်ဂျီးရီးယားတိုက်စစ်မှူး ရီယာ့ဒ် မဟ်ရဇ်တို့ကို ကျော်ဖြတ်ကာ အာဖရိကအကောင်းဆုံး ကစားသမားအဖြစ် ပထမဆုံး ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ၂၀၁၇၊ ၂၀၁၈‌ ခုနှစ်တွေတုန်းက အသင်းဖော် အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာပါ။

    “ဒီဆုကို ရရှိတဲ့အတွက် ပျော်ရွှင်မိသလို၊ ဂုဏ်လည်းယူပါတယ်။ ဘောလုံးဆိုတာ ကျွန်တော့်အလုပ်ဖြစ်ပြီး အဲဒီအလုပ်ကို ကျွန်တော် ချစ်ပါတယ်” လို့ အီဂျစ်နိုင်ငံ ဟူရ်ဂါဒါမြို့မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ဆုပေးပွဲအခမ်းအနားမှာ မာနေးက ပြောကြားခဲ့ပါတယ်။

    မာနေးဟာ အာဖရိက အကောင်းဆုံးကစားသမားဆုကို ရရှိတဲ့ ဒုတိယမြောက် ဆီနီဂေါ ကစားသမားဖြစ်ပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၂ ခုနှစ်မှာ ဆီနီဂေါတိုက်စစ်မှူး အလ် ဟာဂျီ ဒီအော့ဖ်က ဒီဆုကို ဆွတ်ခူးခဲ့ဖူးပါတယ်။

    ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ မာ‌နေးဟာ ၂၀၁၉ ခုနှစ် အာဖရိကဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်းကို နောက်ဆုံးဗိုလ်လုပွဲအထိ‌ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

    ပြီခဲ့တဲ့ ဘောလုံးရာသီမှာ မာနေးဟာ လီဗာပူးလ်အတွက် ပွဲ ၅၀ ကစားပြီး ၂၆ ဂိုး သွင်းယူပေးခဲ့သလို၊ ပရီးမီးယားလိဂ်မှာ ၂၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဆာလာဟ်၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမေယန်တို့နဲ့အတူ ရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။

    Ref: CNN

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၆၊ ၂၀၂၀
    M-Media

    လူမျိုးရေးခွဲခြားသည့် လာဇီယိုပရိတ်သတ်များကို ဘာလော့တယ်လီ ရှုတ်ချ

    မနေ့က စီးရီးအေ အိမ်ကွင်းပွဲစဉ်မှာ လူမျိုးရေးခွဲခြားစော်ကားခဲ့တဲ့ လာဇီယိုပရိတ်သတ်တွေကို ဘရက်စီယာတိုက်စစ်မှူး ဘာလော့တယ်လီက ‌ဝေဖန်ရှုတ်ချလိုက်ပါတယ်။ စီးရီး‌အေးမှာ ပရိတ်သတ်တွေရဲ့ လူမျိုးရေးခွဲခြားစော်ကားမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ဘာလော့တယ်လီကလည်း ဒီလိုအခြေအနေမျိုးကို မကြာခဏ ခံစားနေရပါတယ်။ မနေ့ကပွဲစဉ်မှာ ဘာလော့တယ်လီအပေါ် လူမျိုးရေးခွဲခြားမှုကြောင့် ပွဲကိုခဏတာ ရပ်ဆိုင်းခဲ့ရပါတယ်။ ဘာလော့တယ်လီက လာဇီယို ပရိတ်သတ်တွေ အရှက်မရှိဘူးလို့ ပွဲအပြီး ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    ကစားသမားသစ်များ၏ စွမ်းဆောင်ရည်ကို လီဗာပူးလ်နည်းပြ ချီးကျူး

    အသင်းရဲ့စွမ်းဆောင်ရည်ဟာ အလွန်အမင်း ကောင်းမွန်နေတယ်လို့ ဒီကနေ့မနက် အဲဗာတန်အသင်းကို အနိုင်ရတဲ့ FA ဖလားပွဲအပြီးမှာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်ကို ၁၃ မှတ်ဖြတ် ဦးဆောင်ထားနိုင်တဲ့ လီဗာပူးလ်ဟာ မနက်ကပွဲမှာ ၉ နေရာအထိ အပြောင်းအလဲလုပ်ကာ ကစားသမားသစ်တွေ ထည့်သွင်းကစားခဲ့ပေမယ့် ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပြီး ၁ ဂိုး ဂိုးမရှိတဲ့ အနိုင်ရခဲ့ပါတယ်။ ကလော့ပ်က ကစားသမားသစ်တွေရဲ့ စွမ်းဆောင်အတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

    FA ဖလားတွင် အနိုင်ရလိုစိတ်ပြင်းပြရန် အာဆင်နယ်အသင်းကို နည်းပြတိုက်တွန်း

    အသင်းအနေနဲ့ FA ဖလားကို အာရုံစိုက်ကာ အနိုင်ရလိုစိတ် ပြင်းပြဖို့လိုတယ်လို့ အာဆင်နယ် နည်းပြ မီခေးလ် အာတီတာက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ၃ ကြိမ်အပါအဝင် FA ဖလား စုစုပေါင်း ၁၃ ကြိမ် ရရှိထားတဲ့ အာဆင်နယ်ဟာ တတိယအဆင့်ပွဲစဉ်အဖြစ် ဒီကနေ့ညမှာ လိဒ်ယူနိုက်တက်အသင်းနဲ့ ကစားရမှာပါ။ ပြီးခဲ့တဲ့လက ၃ နှစ်ခွဲစာချုပ်နဲ့ နည်းပြအဖြစ် ပြန်ရောက်လာတဲ့ ကစားသမားဟောင်း အာတီတာက ချိမြိန်တဲ့အတွေ့အကြုံမျိုးကို အသင်းမှာ ဆက်လက်မွေးမြူထားသင့်တယ်လို့လည်း ဆိုပါတယ်။

    Ref: Aljazeera, BBC