News @ M-Media

Tag: Liverpool

  • မိုဟာမက် ဆာလာဟ်၏ ဘ၀အကြောင်းကို ဖခင်ဖြစ်သူ ဖွင့်ဟ

    မိုဟာမက် ဆာလာဟ်၏ ဘ၀အကြောင်းကို ဖခင်ဖြစ်သူ ဖွင့်ဟ

    မေ ၂၉၊ ၂၀၁၉
    M-Media

    -လီဗာပူးလ်အသင်းတိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ယို့ကျိုးနှိမ့်ချသူ၊ အလုပ်ကြိုးစားသူဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုလည်း အားကြိုးမာန်တက်လုပ်ဆောင်နေတယ်လို့ ဖခင်ဖြစ်သူ ဆာလာဟ် ဂါလီက Arab News နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “မိုဟာမက်ဟာ သာမန်မိသားစုကနေပဲ ကြီးပြင်းလာတာဖြစ်ပြီး မွေးချင်း ၂ ယောက်ရှိပါတယ်။ မိသားစုမှာ ငွေရေးကြေးရေး အခက်အခဲကြောင့် တက္ကသိုလ်တစ်ခုခုကို မပို့နိုင်ခဲ့ဘူး”

    ဆာလာဟ်ဟာ အီဂျစ်နိုင်ငံမြောက်ပိုင်းက နဂ်ျရစ်ဂ်ျဆိုတဲ့ ရွာငယ်လေးမှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပြီး ငယ်ငယ်က ကိုင်ရိုမြို့မှာရှိတဲ့ Arab Contractors ကလပ်အသင်းမှာ ကစားဖို့အတွက် ၄ နာရီလောက် ရထားစီးလာရတာ ဖြစ်ပါတယ်။

    ဂါလီက ဆာလာဟ်ဟာ ရထားအကြာကြီးစီးရတဲ့အတွက် ညည်းညူတဲ့အခါ ကမ္ဘာပေါ်က ကျော်ကြားတဲ့ ကစားသမားတိုင်းဟာ ဒီလို ခက်ခဲတဲ့ အတွေ့အကြုံမျိုးကို ဖြတ်သန်းရလေ့ရှိတယ်လို့ သူက အားပေးခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်က သားကို အမြဲတမ်း အကြံဉာဉ်ပေးတာ၊ ပံ့ပိုးကူညီတာတွေ လုပ်ဆောင်ပေးပါတယ်။ အထူးသဖြင့် အာရပ်နိုင်ငံတစ်ခုကနေ ဥရောပကို ပြောင်းရွှေ့သွားတဲ့အချိန်မှာ ပိုပြီးတော့ ပံ့ပိုးပေးဖြစ်ပါတယ်”

    မွေးဖွားကြီးပြီးခဲ့တဲ့နေရာနဲ့ ကွဲပြားတဲ့ ဒေသတစ်ခုကို ရောက်တဲ့အခါ နေသားကျဖို့ ကူညီဆောင်ရွက်ပေးခဲ့သလို ကွင်းအတွင်းက စွမ်းဆောင်ရည်တွေ တိုးတက်ဖို့၊ ရည်မှန်းချက်တွေ အောင်မြင်ဖို့လည်း ဆာလာဟ်ကို ဖခင်ဖြစ်သူက အားပေး တိုက်တွန်းခဲ့ပါတယ်။

    ဆာလာဟ်ဟာ မွေးရပ်မြေမှာ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး လက်ရှိ Azhari Institute ဆိုတဲ့အမည်နဲ့ စာသင်ကျောင်းတစ်ခုကို ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကာ လာမယ့်ဇွန်လမှာ ဖွင့်လှစ်ဖို့ ရှိနေပါတယ်။ ဂါလီက စာသင်ကျောင်း တည်ဆောက်ပေးရေးဟာ ဆာလာဟ်ရဲ့ အိပ်မက်တွေထဲက တစ်ခုဖြစ်ပြီး မွေးရပ်မြေက ပြည်သူတွေကို ပညာရေးနဲ့ အလုပ်အကျွေးပြုချင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆာလာဟ်ဟာ Mohamed Salah Charity Foundation အမည်နဲ့ ပရဟိတအဖွဲ့တစ်ခုကို ထူထောင်ထားသလို၊ မွေးရပ် နဂ်ျရစ်ဂ်ျရွာမှာ အရေးပေါ် လူနာတင်ယာဉ်စနစ်ကိုလည်း ဖော်ဆောင်ပေးထားပါတယ်။

    ” Mohamed Salah Charity Foundation က ကျွန်တော်တို့ရွာနဲ့ ဘေးပတ်ဝန်းကျင်ရွာတွေက လူတွေကို ကူညီပေးနေပါတယ်။ လူငယ်ရေးရာဝန်ကြီးက အမည်နဲ့ ပြတိုက်တစ်ခု တည်ဆောက်ပေးမယ်လို့ ကျွန်တော်နဲ့ တွေ့တုန်းက ပြောကြားခဲ့ပြီး အဲဒီစကားအတွက် ကျွန်တော် တော်တော်လေး ဂုဏ်ယူ ပျော်ရွှင်မိပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလည်း ချီးမွမ်းမိပါတယ်။ တီဗီမှာ ကျွန်တော့်သားကိုမြင်တိုင်း ကျွန်တော် ပျော်ပါတယ်” လို့ ဆာလာဟ် ဂါလီက အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကမ္ဘာကျော် Time မဂ္ဂဇင်းက ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း သြဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်းမှာ မိုဟာမက်ဆာလာဟ် ပါဝင်ခဲ့ပါတယ်။ ဆာလာဟ်ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု၊ တစ်နှစ်တာ အကောင်းဆုံးဆု၊ ဖီဖာရဲ့ Puskas ဆုအပြင် ဘောလုံးလောကမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။

    Ref: Arab News

  • မိမိတစ်သက်တွင် လီဗာပူးလ်ဖလားရရန်မရှိဟု မန်ယူဂိုးသမားဟောင်း ဝေဖန်

    မိမိတစ်သက်တွင် လီဗာပူးလ်ဖလားရရန်မရှိဟု မန်ယူဂိုးသမားဟောင်း ဝေဖန်

    မေ ၄၊ ၂၀၁၉
    M-Media

    -လီဗာပူးလ်အသင်း ဖလားရတာကို မိမိ အသက်ရှင်နေသ၍ မြင်ရဖို့ မရှိဘူးလို့ မန်ယူနဲ့ အဲဗာတန် ဂိုးသမားဟောင်း တင်ဟောင်းဝပ်က ပြောကြားလိုက်ပါတယ်။

    လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်အထိ ဖလား ၂ လုံးလမ်းကြောင်းမှာ ရှိနေပမယ့် ကြာသာပတေးနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်းမှာ ဘာစီလိုနာကို ၃ ဂိုးပြတ်နဲ့ရှုံးပြီး ဗိုလ်လုပွဲရောက်မယ့် အခွင့်အလမ်း အနည်းငယ်သာ ရှိပါတော့တယ်။

    ပရီးမီးယားလိဂ်မှာတော့ ရာသီပြီးဆုံးဖို့ ၂ ပွဲအလိုမှာ ထိပ်ဆုံးက မန်စီးတီးနဲ့ တစ်မှတ်အကွာ ဒုတိယနေရာမှာ ရှိနေပြီး ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် ရှိနေပါသေးတယ်။

    လီဗာပူးလ်ရဲ့ ခါးသီးတဲ့ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့ဖူးတဲ့ တင်ဟောင်းဝပ်က သူ့တစ်သက်မှာ လီဗာပူးအသင်း ဖလားရတာကို မြင်ရမှာမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

    “ကျွန်တော့တစ်သက် လီဗာပူးလ်ဖလားရဖို့ လမ်းမမြင်ပါဘူး။ ဖလားရမယ့် လမ်းကြောင်းပေါ်မှာ ၂ သင်းရှိတယ်။ နောက်ဆုံးပွဲမှ အဖြေထွက်မှာပါ။ ဘယ်သူမှ ခြေမချော်ဘူးဆိုရင်တော့ မန်စီးတီးပဲ ဖလားရမှာပါ”

    ဟောင်းဝပ်ဟာ လက်ရှိ မေဂျာလိဂ်ကလပ် Colorado Rapids အသင်းမှာ ကစားနေပါတယ်။

    မန်ယူအသင်းရဲ့ ဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်ကလည်း လီဗာပူးလ်အသင်းကို ‘ဆူညံတဲ့ အိမ်နီးချင်း’ လို့ ကင်ပွန်းတပ်ခဲ့ဖူးပြီး သူ့ရဲ့ အကြီးမားဆုံးစိန်ခေါ်မှုဟာ ‘လီဗာပူးလ်အသင်းကို အတောင်ချိုးဖို့’ ဖြစ်တယ်လို့ ပြောကြားဖူးပါတယ်။

    Ref: CNN

  • ဆာလာဟ်၏ တစ်ကိုယ်ကောင်းမဆန်သည့်စိတ်ဓာတ်ကို လီဗာပူးလ်နည်းပြ ချီးကျူး

    ဆာလာဟ်၏ တစ်ကိုယ်ကောင်းမဆန်သည့်စိတ်ဓာတ်ကို လီဗာပူးလ်နည်းပြ ချီးကျူး

    ဒီဇင်ဘာ ၃၀၊ ၂၀၁၈
    M-Media

    – မနေ့က အာဆင်နယ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒုတိယပိုင်းရရှိတဲ့ ပင်နယ်တီကို ကိုယ်တိုင်မကန်ဘဲ တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုကို ပေးကန်ခဲ့တဲ့ မိုဟာမက် ဆာလာဟ်ရဲ့လုပ်ရပ်ကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့က ချီးကျူးလိုက်ပါတယ်။

    အန်ဖီးလ်မှာကစားခဲ့တဲ့ပွဲ အဲဒီပွဲမှာ အာဆင်နယ်အသင်းက ဦးဆောင်ဂိုး အရင်သွင်းခဲ့ပေမယ့် ဖာမီနိုက ၂ ဂိုး၊ မာနေးနဲ့ ဆာလာဟ်တို့က ၁ ဂိုးစီ ပြန်သွင်းခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာ လီဗာပူးလ်က ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

    ပထမပိုင်းမှာရတဲ့ ပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တဲ့ ဆာလာဟ်ဟာ ဒုတိယပိုင်းမှာထပ်ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်မကန်ဘဲ ဖာမီနို ဟက်ထရစ်ရဖို့အတွက် ပေးကန်ခဲ့ပါတယ်။

    ကာလော့ပ်က ဆာလာဟ်ရဲ့ ဒီလုပ်ရပ်အတွက် မျက်ရည်တောင်ကျမိမလို ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒုတိယပိုင်းမှာ ပွဲမပြီးသေးဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဒါ့ကြောင့် ပွဲကို ကျွန်တော်တို့ ထိန်းထားချင်တယ်။ မို ဆာလာဟ်က ဘော့ဘီ(ဖာမီနို) ကို ပင်နယ်တီပေးကန်တဲ့အခါ ကျွန်တော် မျက်ရည်ကျမိမလိုတောင် ဖြစ်ခဲ့ပါတယ်။ မိုက ဘယ်လောက်တောင် ဂိုးသွင်းချင်လဲဆိုတာ ကျွန်တော် သိတာကိုး။ ဒီလိုပေးကန်လိုက်တာ တော်တော်ကောင်းတဲ့လုပ်ရပ်ပါ။ ဒီကစားသမားနှစ်ယောက်အတွက် ခရစ္စမတ်ဟာ မပြီးသေးပါဘူး”

    အာဆင်နယ်ကို အနိုင်ရခဲ့တာကြောင့် လီဗာပူးလ်ဟာ ဒုတိယနေရာက စပါးကို ၉ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။

    ကလော့ပ်က တစ်ဂိုးအရှုံးကနေ အနိုင်ရအောင် စွမ်းဆောင်နိုင်တဲ့ အသင်းရဲ့စွမ်းဆောင်ရည်ဟာ ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်မျိုး ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal

  • ဘီဘီစီ၏ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို မိုဟာမက် ဆာလာဟ် ၂ ကြိမ်ဆက် ရရှိ

    ဘီဘီစီ၏ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို မိုဟာမက် ဆာလာဟ် ၂ ကြိမ်ဆက် ရရှိ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – BBC က ရွေးချယ်တဲ့ တစ်နှစ်တာ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်အသင်းရဲ့ အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ရရှိခဲ့ပါတယ်။

    အသက် ၂၆ နှစ်အရွယ် ဆာလာဟ်ဟာ မဒ်ဟီ ဘီနာတီယာ၊ ကာလီဒူ ကူလီဘလီ၊ ဆာဒီယိုမာနေးနဲ့ သောမတ်စ် ပါတေးတို့ကို ကျော်ဖြတ် ရရှိခဲ့တာဖြစ်ပြီး၊ ၂ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။

    “ဒီနှစ်မှာ ထပ်ရတဲ့အတွက် တော်တော်လေး ပျော်ရွှင်မိပါတယ်။ နောက်နှစ်လည်း ဒီလိုပဲ ဆက်ရချင်ပါတယ်” လို့ ဆာလာဟ်က ပြောကြားခဲ့ပါတယ်။

    ဆာလာဟ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲပေါင်းစုံ ၄၄ ဂိုး သွင်းပေးခဲ့သလို၊ ၂၀၁၈ ခုနှစ်
    ကမ္ဘာဖလားမှာလည်း အီဂျစ်အသင်းအတွက် ၂ ဂိုး သွင်းပေးခဲ့ပါတယ်။

    “၂၀၁၈ ခုနှစ်မှ အချိန်ကောင်းတွေ တော်တော်များများ ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရိုးမားနဲ့ ပထမအကျော့ပွဲဟာ မယုံနိုင်စရာပါပဲ။ ကျွန်တော် ဂိုးတွေသွင်းပြီး အမှတ်ပေးဇယားမှာ ထိပ်ဆုံးနားရောက်အောင် အသင်းကို ကူညီပေးနိုင်ခဲ့တယ်။ တော်တော်လေးကို ပျော်ရွှင်စရာ ကောင်းပါတယ်” လို့ ဆာလာဟ်က ပြောပါတယ်။

    ၂၀၁၉ ခုနှစ်မှာတော့ အသင်းနဲ့အတူ ဆုတံဆိပ်တစ်ခုခုရချင်ပြီး အားလုံး စိတ်အားထက်သန်နေကြတယ်လို့လည်း ဆိုပါတယ်။ အခုနှစ် ဘီဘီစီရဲ့ အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ရွေးချယ်မှုမှာ မဲပေးသူ ၆ သိန်း ၅ သောင်းလောက် ရရှိခဲ့ပြီး ဒီဆုအတွက် စံချိန်တင်အရေအတွက်လည်း ဖြစ်ပါတယ်။

    နိုက်ဂျီရီးယားကစားသမား ဂျေဂျေအိုကိုချာနောက်ပိုင်း ဆာလာဟ်ဟာ ဒီဆုကို ၂ ကြိမ်ဆက်ရတဲ့ ပထမဆုံး ကစားသမားလည်း  ဖြစ်ပါတယ်။

    Ref: BBC

  • Ballon d’Or ဆု ဇကာတင်စာရင်းတွင် ဆာလာဟ် ပထမဆုံးအကြိမ် ပါဝင်လာ

    Ballon d’Or ဆု ဇကာတင်စာရင်းတွင် ဆာလာဟ် ပထမဆုံးအကြိမ် ပါဝင်လာ

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    – ၂၀၁၈ ခုနှစ်အတွက် ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆန်ကာတင် ၃ ဦးစာရင်းမှာ လီဗာလ်ပူးတိုက်စစ်မှူး မိုဟာမက်ဆာလာဟ် ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။

    ဇကာတင်စာရင်းမှာ ပါဝင်သူ အခြား ၂ ဦးကတော့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ရီးယဲလ်ကွင်းလယ်လူ လူကာ မိုဒရစ်တို့ ဖြစ်ပါတယ်။ Ballon d’Or ဆုကို ၅ ကြိမ်တိုင်တိုင် ရရှိထားပြီး ပြီးခဲ့တဲ့ ၁၂ နှစ်လုံးလုံး ဇကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ ဒီနှစ်မှာ ပါဝင်ခြင်း မရှိပါဘူး။

    ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်မှာ ဒုတိယနဲ့ ရာသီသိမ်းပြီး ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ လီဗာပူးလ်အသင်းမှာ ဆာလာဟ်ဟာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲအားလုံးမှာ ၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဆာလာဟ်တစ်ယောက် မှတ်တမ်းဝင်ခဲ့ပြီး ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် တစ်နှစ်တာ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

    ဇကာတင်စာရင်းမှာ ပါဝင်နေတဲ့ ရော်နယ်ဒိုဟာ အခုနှစ် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရရင် ၃ နှစ်ဆက်တိုက် ရရှိသူ ဖြစ်လာမှာ ဖြစ်ပါတယ်။

    နိုင်ငံတကာ ဘောလုံးအသင်းနည်းပြတွေ၊ အသင်းခေါင်းဆောင်တွေ၊ မီဒီယာသမားတွေ၊ ပရိတ်သတ်တွေ စုပေါင်းမဲပေးပြီး ရွေးချယ်မယ့် ဒီဆုကို စက်တင်ဘာ ၂၄ ရက်နေ့ လန်ဒန်မှာ ကြေငြာချီးမြှင့်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera