News @ M-Media

ဆာလာဟ်၏ တစ်ကိုယ်ကောင်းမဆန်သည့်စိတ်ဓာတ်ကို လီဗာပူးလ်နည်းပြ ချီးကျူး

ဒီဇင်ဘာ ၃၀၊ ၂၀၁၈
M-Media

– မနေ့က အာဆင်နယ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒုတိယပိုင်းရရှိတဲ့ ပင်နယ်တီကို ကိုယ်တိုင်မကန်ဘဲ တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုကို ပေးကန်ခဲ့တဲ့ မိုဟာမက် ဆာလာဟ်ရဲ့လုပ်ရပ်ကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့က ချီးကျူးလိုက်ပါတယ်။

အန်ဖီးလ်မှာကစားခဲ့တဲ့ပွဲ အဲဒီပွဲမှာ အာဆင်နယ်အသင်းက ဦးဆောင်ဂိုး အရင်သွင်းခဲ့ပေမယ့် ဖာမီနိုက ၂ ဂိုး၊ မာနေးနဲ့ ဆာလာဟ်တို့က ၁ ဂိုးစီ ပြန်သွင်းခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာ လီဗာပူးလ်က ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပထမပိုင်းမှာရတဲ့ ပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တဲ့ ဆာလာဟ်ဟာ ဒုတိယပိုင်းမှာထပ်ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်မကန်ဘဲ ဖာမီနို ဟက်ထရစ်ရဖို့အတွက် ပေးကန်ခဲ့ပါတယ်။

ကာလော့ပ်က ဆာလာဟ်ရဲ့ ဒီလုပ်ရပ်အတွက် မျက်ရည်တောင်ကျမိမလို ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒုတိယပိုင်းမှာ ပွဲမပြီးသေးဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဒါ့ကြောင့် ပွဲကို ကျွန်တော်တို့ ထိန်းထားချင်တယ်။ မို ဆာလာဟ်က ဘော့ဘီ(ဖာမီနို) ကို ပင်နယ်တီပေးကန်တဲ့အခါ ကျွန်တော် မျက်ရည်ကျမိမလိုတောင် ဖြစ်ခဲ့ပါတယ်။ မိုက ဘယ်လောက်တောင် ဂိုးသွင်းချင်လဲဆိုတာ ကျွန်တော် သိတာကိုး။ ဒီလိုပေးကန်လိုက်တာ တော်တော်ကောင်းတဲ့လုပ်ရပ်ပါ။ ဒီကစားသမားနှစ်ယောက်အတွက် ခရစ္စမတ်ဟာ မပြီးသေးပါဘူး”

အာဆင်နယ်ကို အနိုင်ရခဲ့တာကြောင့် လီဗာပူးလ်ဟာ ဒုတိယနေရာက စပါးကို ၉ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။

ကလော့ပ်က တစ်ဂိုးအရှုံးကနေ အနိုင်ရအောင် စွမ်းဆောင်နိုင်တဲ့ အသင်းရဲ့စွမ်းဆောင်ရည်ဟာ ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်မျိုး ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: Goal