News @ M-Media

Tag: malaysia

  • မလေးရှားရွေးကောက်ပွဲတွင် အတိုက်အခံများ အောင်ပွဲခံ

    မလေးရှားရွေးကောက်ပွဲတွင် အတိုက်အခံများ အောင်ပွဲခံ

    နို၀င်ဘာ ၂၀၊ ၂၀၂၂
    M-Media

    (ဓာတ်ပုံ – ၀န်ကြီးချုပ်ဟောင်း မုဟ်ယစ်ဒင် ယာစင်(၀ဲ) နှင့် အတိုက်အခံခေါင်းဆောင် အန်၀ါရ် အီဗရာဟင်)

    -မနေ့ကပြုလုပ်တဲ့ မလေးရှား အထွေထွေရွေးကောက်ပွဲမှာ အာဏာရ ညွန့်ပေါင်းပါတီ BN ဟာ အမတ်နေရာအများအပြားဆုံးရှုံးခဲ့ပါတယ်။

    တနင်္ဂနွေနေ့ မနက်ပိုင်း မဲရေတွက်မှုအရ နာမည်ကြီး အတိုက်အခံနိုင်ငံရေးသမား အန်၀ါရ် အီဗရာဟင်ရဲ့ PH ပါတီက အမတ်နေရာ ၈၂ နေရာ နိုင်ရထားပြီး၊ ၀န်ကြီးချုပ်ဟောင်း မုဟ်ယစ်ဒင် ယာစင်ရဲ့ PN ပါတီက ၇၃ နေရာ အနိုင်ရထားပါတယ်။

    အာဏာရ BN ကတော့ နေရာ ၃၀ သာ အနိုင်ရထားပါတယ်။ BN ဟာ အရင်က သူတို့ရဲ့ အဓိက မဲဆန္ဒနယ်တွေမှာပါ အမတ်နေရာအများအပြား ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

    BN ပါတီအကြီးအကဲ အဟ်မဒ် ဇာဟစ် ဟာမီဒီရဲ့ ဒီကနေ့မနက်ပိုင်း ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာဖြစ်ပြီး၊ လူထုက သူ့တို့ပါတီအပေါ် ထားရှိတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း မြင်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ရှုံးနိမ့်မှုကို တရား၀င် လက်ခံခြင်း မရှိသေးပါဘူး။

    လွှတ်တော်မှာ အမတ် ၁၁၂ နေရာ အနိုင်ရတဲ့ပါတီဟာ အစိုးရဖွဲ့ခွင့်ရှိမှာဖြစ်ပြီး လက်ရှိမှာ ဘယ်နိုင်ငံရေးပါတီမှ တစ်ဖွဲ့တည်း အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်မရပါဘူး။

    ဒီကနေ့မနက်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ PH ပါတီ အကြီးအကဲ အန်၀ါရ် အီဗရာဟင်က အခြားအနိုင်ရပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့အတွက် အစိုးရဖွဲ့နိုင်တဲ့ အမတ်နေရာ ပြည့်မီသွားပြီး မကြာခင်အစိုးရအဖွဲ့စာရင်းကို ဘုရင်ထံ တင်ပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    BN ညွန့်ပေါင်းအဖွဲ့ကို ခြစားမှုနဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ UMNO ပါတီက ဦးဆောင်တာဖြစ်ပြီး နာဂျစ်အစိုးရလက်ထက် လုပ်ရပ်တွေကြောင့် မလေးရှားလူထုဟာ UMNO နဲ့ BN အပေါ် ယုံကြည်မှု ကျဆင်းနေတာ ဖြစ်ပါတယ်။

    ၂၀၁၈ ရွေးကောက်ပွဲမှာ အတိုက်အခံနိုင်ငံရေးသမားတွေကို ဦးဆောင်ပြီး တစ်ကျော့ပြန် အနိုင်ရခဲ့တဲ့ သက်တော်ရှည်၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ သူ့ရဲ့ အောင်မြေဖြစ်တဲ့ လန်ကာ၀ီမဲဆန္ဒနယ်မှာ မဲရှုံးခဲ့ပါတယ်။

    Ref: CNA

  • မလေးရှားမှ နာမည်ကြီး အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်တာ၀န်ယူမည်

    မလေးရှားမှ နာမည်ကြီး အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်တာ၀န်ယူမည်

    နို၀င်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -အတိုက်အခံခေါင်းဆောင် အန်၀ါရ် အီဗရာဟင်ဟာ တိုင်းပြည်ရဲ့ ၁၀ ယောက်မြောက် ၀န်ကြီးချုပ်သစ် ဖြစ်လာမယ်လို့ မလေးရှား ဘုရင့်နန်းတော်က ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    အန်၀ါရ်ရဲ့ PH ပါတီဟာ ပြီးခဲ့တဲ့တစ်ပတ် ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ရေး လိုအပ်တဲ့ အမတ်နေရာမရပါဘူး။

    ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေး အနိုင်ရပါတီတွေအကြား ညှိနှိုင်းမှု အဆင်မပြေတဲ့အတွက် ဘုရင်က ကြား၀င်စေ့စပ်ပေးခဲ့ရပြီး ဒီကနေ့မှာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    အန်၀ါရ် အီဘရာဟင်ဟာ အတိုက်အခံခေါင်းဆောင် ဘ၀နဲ့ နှစ်ပေါင်း ၃၀ လောက် မလေးရှားနိုင်ငံရေးမှာ ကျင်လည်ခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ် ဖြစ်လာတာဖြစ်ပါတယ်။

    မလေးရှား ဘုရင့်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ပြည်သူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အစိုးရသစ်ကို ကြိုဆိုဖို့ တိုက်တွန်းထားပါတယ်။

    Ref: CNA

  • မြန်မာနိုင်ငံက တရုတ်လူကုန်ကူးဂိုဏ်းများကို နှိမ်နှင်းပေးရေး မလေးရှား တောင်းဆိုလာ

    မြန်မာနိုင်ငံက တရုတ်လူကုန်ကူးဂိုဏ်းများကို နှိမ်နှင်းပေးရေး မလေးရှား တောင်းဆိုလာ

    အောက်တိုဘာ ၁၈၊ ၂၀၂၂

    M-Media 


    – မြန်မာနိုင်ငံမှာ အခြေစိုက် လှုပ်ရှားနေတဲ့ လူကုန်ကူးဂိုဏ်းတွေ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းရေး မြန်မာစစ်အစိုးရကို တရုတ်က ဖိအားပေးဖို့ မလေးရှားဘက်ကနေ တောင်းဆိုမှုတွေ ရှိလာပါတယ်။

    အရှေ့တောင်အာရှက လူတွေကို နည်းပညာအလုပ်ရမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ကာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်း ငွေလိမ်တဲ့အလုပ်တွေမှာ ကျွန်ပြုခိုင်းစေတဲ့ ဖြစ်ရပ်တွေ ပြီးခဲ့တဲ့နှစ်ကစလို့ တစ်စတစ်စ များပြားလာတာပါ။ 

    ရာနဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေဟာ အဲဒီလို လိမ်လည်ကျွန်ပြုခံရပြီး မဲခေါင်ဒေသမှာ ပိတ်မိနေတယ်လို့ မလေးရှား လူ့အခွင့်အရေးအဖွဲ့ Malaysian International Humanitarian Organisation က ပြောပါတယ်။ 

    လူကုန်ကူးဂိုဏ်းတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အဓိကအားဖြင့် တရုတ်နိုင်ငံသားတွေက ဖွဲ့စည်းတည်ထောင်ထားတဲ့အတွက် သူတို့ကို နှိမ်နှင်းရေး တရုတ်အစိုးက မြန်မာအာဏာသိမ်းအစိုးရကို ဖိအားပေးဖို့လည်း ဒီအဖွဲ့က ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့မှာ အခြေစိုက်တဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေဟာ ကမ္ဘာတစ်၀ှမ်းက လူတွေကို ပစ်မှတ်ထား လိမ်လည်နေတာပါ။ ဒီငွေလိမ်လုပ်ငန်းတွေကြောင့် ဟောင်ကောင်နိုင်ငံသားတွေထံကနေ ကန်ဒေါ်လာ သန်းချီ လိမ်သွားတယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

    တရုတ်၊ မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံသားတွေ ကျွန်ပြုခံရတဲ့အတွက် မိခင်နိုင်ငံအစိုးရတွေက ကယ်ထုတ်ပေးရတဲ့ အဖြစ်အပျက်တွေလည်း ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကမ္ဘာ့မီဒီယာတွေမှာ တွေ့လာရပါတယ်။ 

    Malaysian International Humanitarian Organisation အဖွဲ့က မလေးရှား တရုတ်သံအမတ်ကို ပေးပို့တဲ့စာမှာ မြန်မာနိုင်ငံမှာ ပိတ်မိကာ ညှင်းပမ်းနှိပ်စက်ခံနေရတဲ့ မလေးရှားနိုင်ငံသားတွေကို ကယ်တင်ရေး တရုတ်အစိုးရက ကူညီပေးဖို့ တိုက်တွန်းထားပါတယ်။ 

    မြန်မာနိုင်ငံဟာ တရုတ်ရဲ့ မဟာမိတ်ဖြစ်တဲ့အတွက် တရုတ်အစိုးရရဲ့ ပြောစကားကို မြန်မာအစိုးရက နားထောင်လိမ့်မယ်လို့ အဖွဲ့အတွင်းရေးမှူး ဟီရှာမွတ်ဒင် ဟာရှင်က ပြောပါတယ်။ 

    “မြန်မာနိုင်ငံက အခြေအနေကလည်း သိပ်မကောင်းဘူး။ ဒါ့ကြောင့် မလေးရှားနိုင်ငံသားတွေ လူကုန်ကူးခံရတဲ့ ရာဇ၀တ်မှုကို မြန်မာအစိုးရက လစ်လှူရှုထားပုံ ရပါတယ်”

    မြန်မာနိုင်ငံအရှေ့ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ၀၊ မိုင်းလားတို့လို ဒေသတွေမှာ တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေ အများအပြား ရှိနေတာ ဖြစ်ပါတယ်။ 

    Ref: South China Morning Post

  • မလေးရှားရွေးကောက်ပွဲကြောင့် NUG က မဟာမိတ်တစ်ဦး ဆုံးရှုံးသွားမလား

    မလေးရှားရွေးကောက်ပွဲကြောင့် NUG က မဟာမိတ်တစ်ဦး ဆုံးရှုံးသွားမလား

    အောက်တိုဘာ ၁၅၊ ၂၀၂၂
    M-Media

    -မလေးရှားမှာ လာမယ့် ၂ လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေပြီး ဒီရွေးကောက်ပွဲကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အဓိက မဟာမိတ်တစ်ဦး ဆုံးရှုံးဖွယ် ရှိနေပါတယ်။

    လက်ရှိ မလေးရှား နိုင်ငံခြားရေး၀န်ကြီးအဖြစ် တာ၀န်ယူထားတဲ့ ဆိုက်ဖူဒင် အဘ်ဒူလာရဲ့ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားအလာ နည်းတဲ့အတွက်ကြောင့်ပါ။

    ရွေးကောက်ပွဲအပြီး တက်လာမယ့် မလေးရှားအစိုးရဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာကို အာရုံစိုက်မလားဆိုတာ မသေချာပါဘူး။

    ၂၀၂၁ ခုနှစ် သြဂုတ်လ နိုင်ငံခြားရေး၀န်ကြီး ဖြစ်ကတည်းက ဆိုက်ဖူဒင်ဟာ အာဏာသိမ်းစစ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ပြင်းပြင်းထန်ထန် ၀ေဖန်ပြီး NUG နဲ့ ဆက်သွယ်ပြောဆိုမှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့ပါတယ်။

    အာဆီယံကိုလည်း NUG နဲ့ ပိုမို ဆက်သွယ်ကာ မြန်မာ့အရေးကို ဖြေရှင်းဖို့ ဆိုက်ဖူဒင်ကပဲ ဦးဆောင်လှုံ့ဆော်ခဲ့တာပါ။

    “သူဟာ လူသားချင်း စာနာထောက်ထားမှုနဲ့ ဒီမိုကရေစီ ရည်မှန်းချက်တွေကို ဦးထိပ်ထားတဲ့ အမျှော်အမြင်ရှိတဲ့ ၀န်ကြီးတစ်ဦးပါ။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အရေးယူရေး ပွင့်ပွင်းလင်းလင်း ထုတ်ဖော်ပြောဆိုသူလည်း ဖြစ်ပါတယ်။ နိုင်ငံခြားရေး၀န်ကြီးရာထူးမှာ ဆိုက်ဖူဒင်သာ မရှိတော့ဘူးဆိုရင် မလေးရှားထံကနေ ဒီလိုအသံတွေ သိပ်ကြားရဖို့ မရှိတော့ပါဘူး” လို့ မလေးရှား Institute of Strategic and International Studies (ISIS) အဖွဲ့ရဲ့ နိုင်ငံခြားရေးဆိုင်ရာ ကျွမ်းကျင်သူ သောမတ်စ် ဘင်ဂျမင် ဒန်နီယဲလ်က ပြောပါတယ်။

    ဆိုက်ဖူဒင်ရဲ့ မူ၀ါဒကြောင့် မလေးရှားဟာ ဧပြီလမှာ NUG အစိုးရနဲ့ တွေ့ဆုံခဲ့ပြီး အာဆီယံမှာ NUG နဲ့ တရား၀င်ဆက်သွယ်တဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာပါတယ်။

    ၂၀၂၁ ခုနှစ် ဧပြီလက ရရှိခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာအာဏာသိမ်းစစ်ကောင်စီက မလိုက်နာတဲ့အတွက် အခြားနည်းလမ်းတစ်မျိုးနဲ့ မြန်မာအရေးကို ချဥ်းကပ်ဖြေရှင်းဖို့လည်း ဆိုက်ဖူဒင်က ပထမဆုံး တိုက်တွန်းခဲ့တာပါ။

    လာမယ့်နို၀င်ဘာ အာဆီယံထိပ်သီးအစည်းအ၀ေးမှာ မြန်မာ့အရေးကို အကျေအလည်ဆွေးနွေးဖို့ ဆိုက်ဖူဒင်က စောစောပိုင်းမှာ တိုက်တွန်းထားပေမယ့် ဒီအစည်းအ၀ေးကို သူ တက်ရောက်နိုင်ဖို့ မရှိပါဘူး။

    မလေးရှား၀န်ကြီးချုပ် ဆာဘရီယာကွဘ်က အောက်တိုဘာ ၁၀ ရက်နေ့မှာ လွှတ်တော်ကိုဖျက်သိမ်းခဲ့ပြီး သူတို့အစိုးရကလည်း ရွေးကောက်ပွဲမပြီးမီအထိ အိမ်စောင့်အစိုးရအဖြစ်နဲ့ တာ၀န်ထမ်းဆောင်မယ်လို့ ကြေငြာသွားလို့ ဖြစ်ပါတယ်။

    ဆိုက်ဖူဒင်ဟာ ၀န်ကြီးချုပ်ဟောင်း မုဟ်ယစ်ဒင် ယာစင်ရဲ့ Bersatu ပါတီ၀င်ဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ Bersatu ပါတီဟာ အမတ်နေရာ များများစားစား အနိုင်ရနိုင်ခြေ မရှိဘူးလို့ မလေးရှား နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    မလေးရှားအစိုးရသစ်ဟာ လက်ရှိနိုင်ငံခြားရေးမူ၀ါဒအတိုင်း မြန်မာအာဏာသိမ်းအစိုးရကို ဆက်လက်ဆန့်ကျင်သွားမှာ ဖြစ်ပေမယ့် ဆိုက်ဖူဒင်လို ပြတ်ပြတ်သားသား ပြောဆိုထောက်ပြတဲ့ နိုင်ငံခြားရေး၀န်ကြီးမျိုး ပြန်လာမလားဆိုတာ မရေရာမသေချာတဲ့ အနေအထားပါ။

    Ref: RFA

  • မလေးရှားအစိုးရ၏ တမန်တော်မွေးနေ့ ဂုဏ်ပြုဆုကို တရုတ်အမျိုးသမီးတစ်ဦး ရရှိ

    မလေးရှားအစိုးရ၏ တမန်တော်မွေးနေ့ ဂုဏ်ပြုဆုကို တရုတ်အမျိုးသမီးတစ်ဦး ရရှိ

    အောက်တိုဘာ ၁၀၊ ၂၀၂၂
    M-Media

    -၂၀၂၂ ခုနှစ် မလေးရှား၀န်ကြီးချုပ်ရဲ့ တမန်တော်မွေးနေ့ အထိမ်းအမှတ် အထူးဂုဏ်ပြုဆု (Perdana Maulidur Rasul award) ကို မူကြိုကျောင်းဆရာမဟောင်း တရုတ်အမျိုးသမီး ချီဟွိုင်လန်က ရရှိသွားပါတယ်။

    နိုင်ငံတစ်၀ှမ်းက ထူးချွန်သူတွေ၊ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသူတွေကို စီစစ်ရွေးချယ်ပြီး မလေးရှားအစိုးရက နှစ်စဥ် Perdana Maulidur Rasul award ဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်နေတာ ဖြစ်ပါတယ်။

    အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ချီဟွိုင်လန်ဟာ သူ့ရဲ့ မူကြိုကျောင်းမှာ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးငယ်တစ်ဦးကို မိဘတွေရဲ့ ကိုးကွယ်မှုအတိုင်း အစ္စလာမ်ဘာသာ၀င်အဖြစ် ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် အခုလို ဂုဏ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။

    သူမရဲ့သမီး ရိုဟာနာ အဘ်ဒူလာဟာ အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးနဲ့ မလေးအမျိုးသားတို့ အိမ်ထောင်ကျပြီး ရရှိတဲ့ကလေး ဖြစ်ပါတယ်။ အသက် ၂ လအရွယ်မှာ မိခင်က ချီဟွိုင်လန်ရဲ့ မူကြိုကျောင်းမှာ ကလေးကို စွန့်ပစ်ခဲ့ပါတယ်။

    ချီဟွိုင်လန်ဟာ ဒီကလေးကို အခက်အခဲအမျိုးမျိုးကြားထဲက အစ္စလာမ်ဘာသာ၀င်အဖြစ် လူလားမြောက်အောင် တစ်ဦးတည်း ရုန်းကန်ပြီး ပြုစုပြိုးထောင်လာခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ် ရိုဟာနာ အဘ်ဒူလာရဲ့ နိုင်ငံသားလျှောက်ထားမှု အဆင်မပြေ ဖြစ်ရာကနေ ချီဟွိုင်လန်တို့ရဲ့အကြောင်းကို မလေးရှားတစ်နိုင်ငံလုံး သတိထားမိခဲ့ပြီး စာနာဖေးမမှုတွေ ရှိလာပါတယ်။

    ရိုဟာနာရဲ့ နိုင်ငံသားလျှောက်ထားမှု လုပ်ငန်းစဥ်မှာ ပါ၀င်ကူညီပေးမယ်လို့ ၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်က ကတိပြုခဲ့ပြီး အခုနှစ် ဧပြီလမှာ ရိုဟာနာတစ်ယောက် နိုင်ငံသားကတ် ရရှိခဲ့ပါတယ်။

    လက်ရှိမှာ ရိုဟာနာဟာ မလာကာ နည်းပညာတက္ကသိုလ်မှာ ပညာဆက်လက် သင်ယူနေပါတယ်။

    တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ဆုပေးပွဲအခမ်းအနားမှာ ချီဟွိုင်လန်ကို မလေးရှားဘုရင်က ဆုချီးမြှင့်ခဲ့ပြီး Ibu Sejati-Keluarga Malaysia (မလေးရှား၏ မိခင်မွန်) အဖြစ် သတ်မှတ်ခဲ့ပါတယ်။

    Ref: Free Malaysia Today