News @ M-Media

Tag: malaysia

  • မလေးရှားဝန်ကြီးချုပ်အား ဖြုတ်ချရန် ဆော်သြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း မဟာသီ စစ်ဆေးမေးမြန်းခံရ

    မလေးရှားဝန်ကြီးချုပ်အား ဖြုတ်ချရန် ဆော်သြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း မဟာသီ စစ်ဆေးမေးမြန်းခံရ

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    mahathir

    – ပြီးခဲ့သည့်သီတင်းပတ်များအတွင်းက ဖြစ်ပွားခဲ့သော ခြစားမှု ပြဿနာများနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်အား ဖြုတ်ချရန် တိုက်တွန်းခဲ့သော ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်ကို ရဲတပ်ဖွဲ့က ယနေ့တွင် စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရသည်။

    နိုင်ငံတွင် သက်တော်ရှည်ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့ပြီး မလေးရှားပြည်သူအားလုံး၏ လေးစားမှုကို ခံရသည့် မဟာသီမှာ နိုင်ငံတော်ပိုင် 1MDB ကုမ္ပဏီနှင့်ပတ်သက်နေသည့် ခြစားမှုကိစ္စများအတွက် ဖိအားများကို ရင်ဆိုင်နေရသော ၀န်ကြီးချုပ် နာဂျစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်သည်။

    ထို့ပြင် အသက် ၉၀ အရွယ် ရှိပြီဖြစ်သည့် မဟာသီမှာ သြဂုတ်လနှောင်းပိုင်းက ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည့် အစိုးရ ဆန့်ကျင်ဆန္ဒပြမှုတွင်လည်း အံ့အားသင့်ဖွယ် ပါဝင်ခဲ့ပြီး “ပြည်သူ့အင်အား” ဖြင့် နာဂျစ်အား ဖြုတ်ချရန် တိုက်တွန်းခဲ့သည်။

    မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ ခါလစ် အဘူ ဘာကာရ်ကမူ မဟာသီ၏ ထိုမှတ်ချက်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ထွက်ချက်ယူသွားမည်ဟု စောစောပိုင်းက ပြောကြားထားဖူးပြီး ယနေ့တွင် ရုံးခန်းသို့ ထိုကိစ္စအတွက်လာရောက်ခဲ့ကြသည်ဟု ဒေါက်တာ မဟာသီ၏ လက်ထောက် ဆူဖီယူစွဖ်က ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့သည်ကို အသေးစိတ် ပြောပြရန် ငြင်းဆိုခဲ့သည်။

    မဟာသီ၏ ရှေ့နေကမူ အခမ်းအနား အများအပြားတွင် မဟာသီပြောကြားခဲ့သည့် ရှုတ်ချမှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များမှာ တစ်နာရီနီးပါးကြာ မေးမြန်းခဲ့သည်ဟု ပြောကြားခဲ့သည်။

    သြဂုတ်လက ပြုလုပ်ခဲ့သည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ မာရီယာ ချင်အား ဆန္ဒပြခွင့် လျှောက်ထားမှုမရှိဟု ဆိုကာ ငြိမ်းချမ်းစွာစုဝေးခွင့် အက်ဥပဒေဖြင့် ယခုလတွင် မလေးရှားအစိုးရက တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ထိုစွဲဆိုချက်ကို သူမက ငြင်းပယ်ခဲ့သည်။

    ထို့ပြင် နာဂျစ်က အကြံပေးဘုတ်အဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် 1MDB ကုမ္ပဏီ၏ ငွေကြေးအရှုပ်အရှင်းနှင့် ပတ်သက်၍ ဖော်ပြခဲ့သော သတင်းစာနှစ်စောင်အား အာဏာပိုင်များက ရပ်ဆိုင်းခဲ့ပြီးဝဘ်ဆိုက်တစ်ခုကိုလည်း ပိတ်ပင်ခဲ့သည့် အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ်ရှားသူများကိုလည်း အစိုးရက တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။

    ၎င်းအား လူသိရှင်ကြား ဝေဖန်ခဲ့သည့် ဒုတိယ၀န်ကြီးချုပ်နှင့် အခြားသော ၀န်ကြီးများကိုလည်း နာဂျစ်က ထုတ်ပယ်ပစ်ခဲ့ပြီး ထိုခြစားမှုကိစ္စအား စုံစမ်စစ်ဆေးနေသော တရားသူကြီးချုပ်ကိုလည်း အစားထိုးခန့်အပ်ခဲ့သည်။

    Ref: Channelnewsasia

  • အာရှ စကားရည်လုပွဲတွင်တွင် မလေးရှား နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်အဖွဲ့ ဗိုလ်စွဲ

    အာရှ စကားရည်လုပွဲတွင်တွင် မလေးရှား နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်အဖွဲ့ ဗိုလ်စွဲ

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    malay

    – ၂၀၁၅ ခုနှစ် အာရှဗြိတိန် ပါလီမန် စကားရည်လုပွဲ ချန်ပီယံရှစ်ပြိုင်ပွဲ (2015 Asian British Parliamentary (ABP) Debating Championship) တွင် မလေးရှား နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ် IIUM မှ နောက်ဆုံးနှစ်ကျောင်းသား ဆယဒ် ဆဒ်ဒစ်က် အဘ်ဒူလ် ရဟ်မန်က တတိယအကြိမ်မြောက် အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    အသက် ၂၃ နှစ်အရွယ်ရှိ ဆယဒ်မှာ ၎င်း၏တစ်ဖွဲ့တည်းဖြစ်သော IIMU ကျောင်းသား အသက် ၂၄ နှစ်အရွယ် မူဘာရတ် ၀ါဆေးနှင့် ပူးတွဲရရှိခဲ့ခြင်း ဖြစ်သည်။ ၀ါဆေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်သည်။ အဆိုပါ စကားရည်လုပွဲကို အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ အာရှပစိဖိတ်တက္ကသိုလ် AUP တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အာရှ ၁၀ နိုင်ငံမှ အဖွဲ့ ၈၂ ဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

    ဆယဒ်မှာ ယခင်ကလည်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပခဲ့သည့် United Asian Debating Championship (UADC) စကားရည်လုပွဲနှင့် ၂၀၁၂ ခုနှစ်တွင် ဂျကာတာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ABP စကားရည်လုပွဲများတွင်လည်း ဗိုလ်စွဲထားသူဖြစ်သည်။

    ငြင်သာပြီး အာဝဇ္ဇန်းကောင်းသည့် ဆယဒ် ဆဒ်ဒစ်က်က စကားရည်လုခြင်းမှာ ဝေဖန်ခြင်းထက် ပိုသည်ဟု ဆိုသည်။

    “စကားရည်လုတယ်ဆိုတာက ငြင်းတာ ခုံတာမျိုး မဟုတ်ပါဘူး။ ပိုကောင်းတဲ့ကမ္ဘာကြီးကို ဖန်တီးဖို့အတွက် ပြဿနာရဲ့ အဖြေတွေကို အပြိုင်အဆိုင် ပြောပြကြရတာပါ”

    နောက်ဆုံး ဖိုင်နယ်တွင် IIUM အသင်းမှာ အတိုက်အခံဘက်မှ ပါဝင်ရပြီး လွှတ်တော်မှ အတည်ပြုသည့် ဆေးဘက်ဆိုင်ရာ ကိစ္စရပ်တစ်ခုကို ငြင်းဆန်ကြောင်း ပြန်လည်ချေပသည့် ပုံစံမျိုး စကားရည်လုခဲ့ရခြင်းဖြစ်သည်။ ယခု 2015 ABP ပြိုင်ပွဲမှာ ဆယဒ်အတွက် စကားရည်လုသူတစ်ယောက်အဖြစ် နောက်ဆုံးပြိုင်ပွဲလည်း ဖြစ်သည်။

    သို့သော်လည်း ထိုနယ်ပယ်မှ လုံးဝ ထွက်သွားခြင်းမျိုး မဟုတ်ဘဲ စကားရည်လုပွဲများတွင် အဆုံးအဖြတ်ပေးရသည့် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

    “(စကားရည်လုသူတစ်ယောက် မဟုတ်တော့ပေမယ့်လည်း) ကျွန်တော်ဟာ အတိတ်ကို သတိရနေမှာပါ။ ဒါပေမယ့် ကျွန်တော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေ ဗဟုသုတွေကို နိုင်ငံရေးမှာ ပြည်သူတွေကို အသိပညာပေးတဲ့နေရာမှာ အသုံးချဖို့ စိတ်လှုပ်ရှားနေပါတယ်” ဟု ဆယဒ်က ပြောကြားခဲ့သ်ည။

    လက်ရှိချိန်တွင် နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အတွက် ယူကေရှိ ကမ်းဘရစ်ခ်ျ တက္ကသိုလ်၌ ပြုလုပ်မည့် Cambridge Intervarsity စကားရည်လုပြိုင်ပွဲအတွက် ဆယဒ်အား ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသည်။

    ဆယဒ်မှာ နိုင်ငံရေးဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းအတွက် အမျိုးသား အကြံပေးကောင်စီတွင် တာဝန်ထမ်းဆောင်နေပြီး ဂျိုဟိုးရှိ တတ်သိပညာရှင်များအဖွဲ့ဖြစ်သော Bait al-Amanah တွင်လည်း သုတေသန ပညာရှင်အဖြစ် ဆောင်ရွက်နေသည်။ ထို့ပြင် ၀န်ကြီးချုပ်ရုံးရှိ ဥပဒေရေးရာ ဌာနတွင်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

    Ref: The Star

  • မလေးရှားမှာ ဒီမိုကရေစီကျဆုံးမည့် အန္တရာယ်ရှိနေဟု HRW ပြော

    မလေးရှားမှာ ဒီမိုကရေစီကျဆုံးမည့် အန္တရာယ်ရှိနေဟု HRW ပြော

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    malay

    – အစိုးရအား ဝေဖန်သူများကို ဖိနှိပ်မှုများ ဆက်လက် ပြုလုပ်နေမည်ဆိုပါက မလေးရှားမှာ ဒီမိုကရေစီ ကျဆုံးသည့်နိုင်ငံ ဖြစ်သွားမည့် အခြေအနေ ရှိနေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) အဖွဲ့က ပြောကြားလိုက်သည်။

    Creating a Culture of Fear, The Criminalization of Peaceful Expression in Malaysia အမည်ဖြင့် ယမန်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မလေးရှားအစိုးရမှာ ဝေဖန်မှုများကို ပိတ်ပင်ရန် ဥပဒေများကို နည်းမျိုးစုံဖြင့် အသုံးချနေသည်ဟုလည်း ဖော်ပြထားသည်။

    လွတ်လပ်စွာပြောဆိုမှုအား နှိမ်နင်းခြင်းမှာ အာဏာရ Barisan Nasional ညွှန့်ပေါင်းအစိုးရက လွတ်လပ်ရေးပြီးနောက် ပထမဆုံးအကြိမ် မဲအများစု ဆုံးရှုံးခဲ့သည့် ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲပြီးနောက် စတင်ခဲ့သည်။

    သို့သော်လည်း နိုင်ငံ၏ စီးပွားရေး ကျဆင်းမှု၊ အစိုးရ ရင်းနှီးမြှုပ်မှု လုပ်ငန်းဖြစ်သော 1MDB ၏ ချစားမှု သတင်းများ၊ ၀န်ကြီးချုပ်နာဂျစ်ဘ်၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ ကန်ဒေါ်လာ သန်း ၇၀၀ ရောက်ရှိမှု စသည်တို့နှင့် ပတ်သက်၍ ပြည်သူများက မကျေနပ်မှုများ ကြီးထွားသည့် ယမန်နှစ်က ဖိနှိပ်မှုများ အရှိန်မြင့်လာခြင်း ဖြစ်သည်ဟု HRW က ထည့်သွင်း ဖော်ပြခဲ့သည်။

    HRW ၏ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ် အဒမ်စ်က မလေးရှားတွင် လူ့အခွင့်အရေးပြဿနာ ဖြစ်လာနိုင်သည်ဟူသော အယူအဆကို လူအများစုက လက်ခံမည် မဟုတ်သော်လည်း၊ အတိုက်အခံခေါင်းဆောင် အမှုဆင် ထောင်ချခံရခြင်း၊ အာဏာပိုင်များက မီဒီယာများကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့၏ ပြောကြားသည်ကိုသာ ပုံနှိပ်ဖော်ပြရခြင်း၊ အစိုးရအား သာမန်ဝေဖန်သူများကို တရားစွဲဆိုမှု များပြားနေခြင်း ထိုသို့သော ကိစ္စများ ရှိနေသည့် နိုင်ငံမျိုးတွင် ဒီမိုကရေစီ ပျက်သုဉ်းမည့် အန္တရာယ် ရှိနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ယူကရိန်းတွင် ပျက်ကျသည့် မလေးလေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်

    ယူကရိန်းတွင် ပျက်ကျသည့် မလေးလေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    mh1

    – ပြီးခဲ့သည့်နှစ်က ပဋိပက္ခများဖြစ်ပွားရာ ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 17 လေယာဉ်မှာ ရုရှားက ထုတ်လုပ်သည့် BUK ဖြင့် ပစ်ချခံလိုက်ရခြင်းဖြစ်သည်ဟု ဒက်ခ်ျစုံစမ်းစစ်ဆေးရေးအဖွဲ့ Dutch Safety Board က ယနေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။

    ဒုံးကျည်မှာ ခရီးသည်နှင့် လေယာဉ်အမှုထမ်းပေါင်း ၂၉၈ ဦး လိုက်ပါသွားသည့် အဆိုပါ လေယာဉ် လေယာဉ်မှူးအခန်း၏ ဘယ်ဘက်ကို ထိမိခဲ့ခြင်းကြောင့် ပေါက်ကွဲပျက်ကျခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သေဆုံးသူများထဲတွင် နယ်သာလန်မှ ၁၉၃ ဦးဖြင့် အများဆုံးဖြစ်သည်။

    “ဒီထိပ်ဖူးဟာ မြေပြင်က ဝေဟင်ပစ် BUK ဒုံးကျည်စနစ်မှာ တပ်ဆင်တဲ့ ဒုံးကျည်နဲ့ ကိုက်ညီနေပါတယ်” ဟု ဘုတ်အဖွဲ့၏ ဥက္ကဌ တီဂျီဘီ ဂျူစထရာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုဒုံးကျည်ပစ်ခတ်မှုအတွက် တာဝန်ရှိသူကိုမူ ဖော်ပြခဲ့ခြင်းမရှိဘဲ ရုရှားလိုလားသူများနှင့် စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံအရှေ့ပိုင်း လေပိုင်နက်ကို ယူကရိန်းက ပိတ်ပစ်သင့်သည်ဟု ဂျူစထရာက ပြောကြားခဲ့သည်။ ယူကရိန်းနှင့် ပဋိပက္ခများဖြစ်နေသည့် အဆိုပါ ခွဲထွက်ရေးသူပုန်များကို ရုရှားက BUK ဒုံးကျည်စနစ် ပေးထားသည်ဟု ယခင်က သတင်းထွက်ဖူးသည်။

    ထို့ပြင် ထိုလေပိုင်နက်အတွင်း ပျံသန်းနေသည့် လေကြောင်းလိုင်း ၆၁ လိုင်းအနေဖြင့် ဖြစ်လာနိုင်သည့် အန္တရာယ်ကို သတိပြုရန်လည်း ဘုတ်အဖွဲ့က သတိပေးခဲ့ကာ လေကြောင်းလိုင်းများမှာ ၎င်းတို့၏ လမ်းကြောင်းရွေးချယ်မှုအတွက် ပိုမို ပွင့်လင်းမြင်သာမှုရှိစေရန် တွန်းအားပေးသည့် ဥပဒေများကိုလည်း နိုင်ငံတကာ လေကြောင်းဥပဒေများတွင် ထည့်သွင်းပြဌာန်းသင့်သည်ဟု အကြံပြုခဲ့သည်။

    Ref: Channelnewsasia

  • အစိုးရအား ဝေဖန်သူ ၂ ဦးကို မလေးရှား ဖမ်းဆီး

    အစိုးရအား ဝေဖန်သူ ၂ ဦးကို မလေးရှား ဖမ်းဆီး

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    malay

    – အစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်သူ ၂ ဦးကို နိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးစနစ်များအား နှောင့်ယှက်သည်ဟုဆိုကာ မလေးရှားအစိုးရက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ခိုင်ရူဒင် အဘူဟာဆန်နှင့် မက်သီယက်စ် ချန် တို့ ဖြစ်ကြပြီး ၂၀၁၂ ခုနှစ် လုံခြုံရေးချိုးဖောက်မှု (အထူး) အက်ဥပဒေ SOSMA ဖြင့် ယနေ့တွင် ထိန်းသိမ်းခဲ့သည်။ အဘူဟာဆန်မှာ အာဏာရပါတီဟောင်း UMNO ပါတီ ဌာနတစ်ခု၏ ဥက္ကဌဖြစ်ပြီး ချန်ကမူ ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်၏ အနီးကပ်အကြံပေးတစ်ဦး ဖြစ်သည်။

    အစိုးရရုံးစိုက်ရာ ပူထရာဂျာယာ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ မဟာသီမှာ ထိုတရားစွဲဆိုခြင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သဘောထားကွဲလွဲသူများကို မရှုနိုင်မကယ်နိုင်ဖြစ်အောင် အာဏာအလွဲသုံးစားလုပ်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၀န်ကြီးချုပ် နာဂျစ်ဘ်အား ဖယ်ရှားရန်အတွက် လွှတ်တော်ထဲတွင် အယုံအကြည်မရှိ အဆိုတင်သွင်းရန်လည်း တိုက်တွန်းခဲ့သည်။

    “SOSMA က အကြမ်းဖက်သမားတွေအတွက်ပဲ။ မာသီယက်စ်ချန် ဒါမှမဟုတ် ခိုင်ရူဒင်တို့က အကြမ်းဖက်သမားတွေ မို့လို့လား။ သူတို့က အစိုးရရဲ့ တစ်လွဲလုပ်တာတွေကို ထောက်ပြရုံပဲ။ သူတို့ဟာ (ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးခြင်းမှာ) အစိုးရရဲ့ ပါဝင်မှု၊ နိုင်ငံခြားအစိုးရတွေရဲ့ ပါဝင်မှုကို ဖော်ထုတ်တာပါပဲ” ဟု မဟာသီက ပြောကြာဲး့သည်။

    ခိုင်ရူဒင်နှင့် ချန်တို့မှာ အကြွေးနွံနစ်နေသော နိုင်ငံတော်ပိုင် မလေးရှားဖွံ့ဖြိုးရေးဘဏ် 1MDB နှင့် ဆက်စပ်နေသည့် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသူများကို နိုင်ငံခြားသို့ သွားရောက်က သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    ခိုင်ရူဒင်ကမူ “ကျွန်တော်တို့ နာဂျစ်ဘ်ကို အဆုံးအထိ တိုက်သွားမှာပါ။ နာဂျစ်ဘ်လက်တွေ လက်ထိပ်ခတ် ခံရအောင် ကျွန်တော် အသေအချာ ဆောင်ရွက်သွားမှာပါ” ဟု တရားရုံးတွင် သတင်းထာက်များအား ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦးမှာ အောက်တိုဘာ ၂၆ ရက်နေ့တွင် တရားရုံးသို့ လာရောက်၍ တရားရင်ဆိုင်ရဖွယ် ရှိနေပြီး အပြစ်ရှိကြောင်း တွေ့ရှိရပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ် ရှိနေသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    Ref: Channelnewsasia