News @ M-Media

Tag: malaysia

  • MAS လေယာဉ်တစ်စီး ပြသနာဖြစ်ပြန် ၊ အလိုအလျောက် မောင်းနှင် စနစ် ချို့ယွင်းမှုကြောင့် နောက်ပြန်လှည့်ရ

    MAS လေယာဉ်တစ်စီး ပြသနာဖြစ်ပြန် ၊ အလိုအလျောက် မောင်းနှင် စနစ် ချို့ယွင်းမှုကြောင့် နောက်ပြန်လှည့်ရ

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    a-malaysia-airlines-plane
    – မလေးရှား လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စင်းမှာ အလိုအလျောက် မောင်းနှင် စနစ်ချို့ယွင်းမှုကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု သိရသည်။

    ကွာလာလမ်ပူမှ အိန္ဒိယနိုင်ငံ ဟိုက်ဒါရဘတ်သို့ ပျံသန်းသည့် လေယာဉ်အမှတ် MH198 ဖြစ်ပြီး ယမန်နေ့ ညဥ့်နက်ပိုင်းက ကွာလာလမ်ပူလေဆိပ်မှ ပျံတက်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် အလိုအလျောက် မောင်းနှင်  စနစ်ချို့ယွင်းမှုကြောင့် ပြန်လှည့်ခဲ့ရခြင်းဖြစ်ပြီး ယနေနံနက်စောစောပိုင်းတွင် ကွာလာလမ်ပူလေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။

    “ဒီချို့ယွင်းမှုဟာ လေယာဉ်နဲ့ ခရီးသည်တွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိုခိုက်မှုမရှိပါဘူး။ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လေယာဉ်မှူးက ပြန်လှည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု မလေးရှားလေကြောင်းလိုင်းက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    အဆိုပါလေယာဉ်အား စစ်ဆေးမှုများပြုလုပ်ပြီးနောက် ယနေ့တွင် ပြန်လည်ပြေးဆွဲရန် စီစဉ်ထားသည်။ ယခုနှစ်အတွင်း မလေးရှားလေကြောင်းလိုင်းမှာ ကြီးမားသည့် ပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီး မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ တရုတ်နိုင်ငံသို့ ပျံသန်းသည့် လေယာဉ်အမှတ် ၃၇၀ မှာ ပျောက်ဆုံးခဲ့သည်။ ထို့ပြင် ဇူလိုင် ၁၇ ရက်နေ့တွင် ဟော်လန်မှ ကွာလာလမ်ပူသို့ ပျံသန်းသော လေယာဉ်အမှတ် MH 17 မှာ ယူကရိန်းပိုင်နက်အတွင်း ပစ်ချခံခဲ့ရသည်။

    ref_- AFP/nd

  • ISIL(ISIS) လုပ်ရပ်များအား မလေးရှား အစိုးရ ရှုတ်ချ

    ISIL(ISIS) လုပ်ရပ်များအား မလေးရှား အစိုးရ ရှုတ်ချ

    သြဂုတ် ၂၉ ၊ ၂၀၁၄
    M-Media
    najibrazak24062013_840_592_100
    – ဆီးရီးယားနှင့် အီရတ်နိုင်ငံများ၏ နယ်မြေအချို့ကို သိမ်းပိုက်ထားပြီး အကြမ်းဖက် လုပ်ရပ်များကို လုပ်နေသည့် IS အဖွဲ့အား မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က ယမန်နေ့တွင် ရှုတ်ချခဲ့ပြီး အစ္စလာမ် အမည်ခံကာ ရာဇ၀တ်မှုများကို ကျူးလွန်နေသည့် အတွက် ၀မ်းနည်းမိကြောင်း ပြောကြားခဲ့သည်။

    “ဆီးရီးယားနဲ့ အီရတ်က IS စစ်သွေးကြွတွေရဲ့ လုပ်ရပ်ကို မလေးရှားက ပြတ်ပြတ်သားသား ရှုတ်ချပါတယ်။ ငြိမ်းချမ်းရေး သာသနာဖြစ်တဲ့ အစ္စလာမ်ရဲ့ အမည်အောက်မှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေကြတဲ့ အတွက်လည်း ကျွန်တော်တို့ အလွန့်အလွန် ၀မ်းနည်းမိပါတယ်။ ဒီလုပ်ရပ် အတွက် တာဝန်ရှိသူတွေကို ကန့်ကွက်ပြီး ဒီလိုအကြမ်းဖက်မှုတွေ ပြန့်နှံ့တာကို တားဆီးဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အတူတကွ အရေးယူဆောင်ရွက်မှုတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်” ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သော လေးမျက်နှာရှိသည့် ကြေညာချက်တွင် နာဂျစ်ရာဇတ်က ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ စစ်သွေးကြွများ၏ လုပ်ရပ်များမှာ အစ္စလာမ်သာသနာ၏ ယုံကြည်ချက်၊ ယဉ်ကျေးမှုနှင့် လူသားဆန်မှုများကို ပြောင်းပြန် ဆောင်ရွက်နေခြင်း သာဖြစ်သည်ဟု ၎င်းက ထည့်သွင်းဖော်ပြခဲ့သည်။

    “ငြိမ်းချမ်းရေးနဲ့ အလယ်အလတ်ဝါဒီကြီးဖြစ်တဲ့ တမန်တော်မြတ်ကြီးရဲ့လမ်းစဉ်နဲ့၊ အစ္စလာမ့် ရှရီအသ် ဥပဒေက ပြောထားတဲ့ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကာကွယ်ဖို့ ဆိုတာတွေနဲ့ သူတို့ရဲ့လုပ်ရပ်တွေက ကွဲလွဲနေပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ မွတ်စလင် လူများစုကြီးဟာ သူတို့ရဲ့ အသက်တွေကို အကြမ်းဖက်မှုတွေကနေ လွတ်ကင်းစွာ ရှင်သန်ဖို့ ကြိုစားကြပါတယ်။ စွန်နီ၊ ရှီအာ၊ ခရစ်ယာန် ဘယ်သူပဲဖြစ်ဖြစ် အပြစ်မဲ့တဲ့ အရပ်သားတွေ အပေါ် သေနတ်ပြောင်းထောက် အတင်း အဓမ္မ အနိုင်ကျင့် နေတဲ့ သာသနာ အဖြစ် ရှုမြင်လာကို ကျွန်တော်တို့ လက်မခံပါဘူး” ဟု ၎င်းက ထည့်သွင်း ရေးသားခဲ့သည်။

    မလေးရှားအစိုးရလည်း အဆိုပါ IS အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့၏ လုပ်ရပ်များကို လက်မခံဟု ပြောဆိုထားသည်။

    မလေးရှားနိုင်ငံသားများမှာ IS အဖွဲ့သို့သွားရောက်ပူးပေါင်းများရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး၊ ရဲတပ်ဖွဲ့မူ နိုင်ငံ အတွင်း အစွန်းရောက် အတွေးအခေါ်များ လွှမ်းမိုးလာမှုများ မရှိစေရန် ဆောင်ရွက်နေသည်။

    နာဂျစ်ကမူ အစွန်းရောက် ၀ါဒအား အလယ်အလတ် လမ်းစဉ်ဖြင့် တိုက်ဖြတ်ရန်နှင့် စစ်ပွဲကြောင့် ပြန့်ကြဲသွားသော လူ့အဖွဲ့အစည်းများအား ပြန်လည်စုစည်း တည်ဆောက်ရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။

    ref_The Malaysian Insider

  • တရုတ်နွယ်ဖွား မလေးရှားနိုင်ငံသား အပြာဘလော့ဂါ တစ်ဦးအား အင်တာပို ရှာဖွေနေ

    တရုတ်နွယ်ဖွား မလေးရှားနိုင်ငံသား အပြာဘလော့ဂါ တစ်ဦးအား အင်တာပို ရှာဖွေနေ

    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    alvivi5
    – မလေးရှားမှ နာမည်ကြီး အပြာ ဘလော့ဂ်ဂါတစ်ဦးဖြစ်သည့် အလ်ဗင်တန်အား နိုင်ငံသို့ ပြန်လာ၍ တရားရင်ဆိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က ရှာဖွေနေသည်ဟု သိရသည်။

    တရုတ်နွယ်ဖွား ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ်ရှိ အလ်ဗင်တန်နှင့် အသက် ၂၄ နှစ်အရွယ်ရှိ ၎င်း၏ ချစ်သူ ဗီဗီယန်လီမေလင်းတို့မှာ အပြာဓာတ်ပုံများ၊ ၎င်းတို့နှစ်ဦး ချင်တင်းနှောနေသော ဗီဒီယိုများနှင့် ၎င်းတို့၏ လိင်အင်္ဂါများ၏ ဓာတ်ပုံများကို ဘလော့ဂ်စာမျက်နှာတွင် လွှင့်တင်ခြင်းကြောင့် စင်ကာပူနှင့် မလေးရှားတို့တွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူများဖြစ်သည်။

    စင်ကာပူအမျိုးသားတက္ကသိုလ်မှ ဥပေဒဖြင့်ဘွဲ့ရထားကြသည့် ၎င်းတို့နှစ်ဦးအားအပြာဗီဒီယိုဓာတ်ပုံများတင်ခြင်းအတွက် မလေးရှား ဗီဒီယိုဆင်ဆာ အက်ဥပဒေဖြင့် လည်းကောင်း၊ မလေး လူမျိုးတို့၏ ဥပုသ်ထွက် စားသောက်မှုကို စော်ကားသည့် ဓာတ်ပုံကို လွှင့်တင်မှုဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် လည်းကောင်း မလေးရှား တရားရုံးက တရားစွဲဆိုထားသည်။

    မလေးရှားရဲတပ်ဖွဲ့မှ အင်စပက်တာ ခါလစ်အဘူဘာကာကလည်း အလ်ဗင်တန် မလေးရှားသို့ ပြန်လည်ရောက်ရှိရန်နှင့် ၎င်း၏ နိုင်ငံကူး လက်မှတ်အား ပြန်လည် သိမ်းယူရန် အတွက် အင်တာပိုလ်နှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

    The Malaysian Insider သတင်းစာကမူ ၎င်းတို့နှစ်ဦးမှာ Documentary ရိုက်ရန်အတွက် ပြီးခဲ့သည့်မေလက စင်ကာပူသို့ထွက်သွားခဲ့ကြောင်း၊ သို့သော်လည်း စင်ကာပူတွင် ဆက်လက်ရှိနေလားဆိုသည်မှာ မသေချာကြောင်း ရေးသားဖော်ပြခဲ့သည်။

    – Agencies

  • တရုတ် အနုပညာ လက်ရာများဖြင့် ဗလီဝတ်ကျောင်း မလေးရှား ပီနန်မြို့တွင် ဆောက်လုပ်တော့မည်

    တရုတ် အနုပညာ လက်ရာများဖြင့် ဗလီဝတ်ကျောင်း မလေးရှား ပီနန်မြို့တွင် ဆောက်လုပ်တော့မည်

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media

    Titi_PapanChinese_Mosque_2_1308_840_559_100
    1893 ခုနှစ်က ဆောက်လုပ်ခဲ့သည့် နှစ် ၁၂၀ ကျော်ရှိပြီဖြစ်တဲ့ ပီနန်မြို့မှ ဗလီတလုံး

    – တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်များအတွက် မလေးရှားနိုင်ငံ ပီနန်မြို့တွင် တရုတ်ရှေးဟောင်း အနုပညာလက်ရာများ အသုံးပြုထားသည့် ဗလီဝတ်ကျောင်း တော်သစ်တစ်လုံးကို ဆောက်လုပ်ခွင့်ရခဲ့ပြီဟု သိရသည်။

    “တရုတ်ဗလီဝတ်ကျောင်းတော်ရဲ့ ရည်ရွယ်ချက်ကတော့ အစ္စလာမ်ရဲ့ လူမျိုးမခွဲခြားတဲ့ စကြ၀ဠာလုံးဆိုင်ရာ ဇစ်မြစ်ကို ပြသဖို့ပါပဲ” ဟု ပီနန်သာသနာရေးရာ ကော်မတီမှ ဥက္ကဌ အဘ်ဒူလ် မာလစ် အဘူလ် ကာစင်မ်က သြဂုတ် ၁၃ ရက်နေ့တွင် Malay Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    ပီနန်ရှိ တရုတ်မွတ်စလင်လူနည်းစုများ ၀တ်ပြုစုတောင်းရန်နှင့် လူ့အဖွဲ့အစည်းနှင့် ပတ်သက်သော လှုပ်ရှားမှုများ ဆောင်ရွက်ရန်အတွက် တရုတ်ရိုးရာကို အခြေခံသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖြစ်မြောက်ရေး လှုပ်ရှားမှုကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်မှာ ပြည်နယ်၏ ပထမဆုံးသော တရုတ်ရိုးရာအခြေပြု ဗလီဝတ်ကျောင်းတော် ဖြစ်လာမည်ဖြစ်ပြီး၊ ထိုဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့ ခွသ်ဗဟ်(တရားဒေသနာတော်) ကိုလည်း တရုတ်လူမျိုးတို့၏ မန်ဒရင်း ဘာသာစကားဖြင့် ဟောကြားမည်ဖြစ်သည်။

    “ပြောင်မြောက်တဲ့ တရုတ်အနုပညာလက်ရာတွေနဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ဖို့ အစိုးရက စီစဉ်ထားပြီး ဒါဟာ နိုင်ငံအတွင်းမှာရှိတဲ့ မလေးလူမျိုး၊ တရုတ်လူမျိုးနဲ့ အိန္ဒိယလူမျိုးတွေရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ရောင်ပြန်ဟပ်စေမှာပါ” ဟု အဘူကာစင်မ်က ထပ်လောင်းပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် မလေးရှားရှိ ကလန်တန်းပြည်နယ်နှင့် အီပိုးပြည်နယ်တို့တွင် ရှေးဟောင်း တရုတ်အနုပညာများဖြင့် ဆောက်လုပ်ထားသော သမိုင်းဝင် ဗလီဝတ်ကျောင်းတော်နှစ်လုံး ရှိနေသည်။

    “လူမျိုးစုံရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာကို ဖော်ပြတဲ့ ဗလီဝတ်ကျောင်းတော်တွေ ပီနန်မှာ အများကြီးရှိပါတယ်။ အာရဗ်ဗလီ၊ အာချေးဗလီ၊ ကီလင်းဗလီနဲ့ နောက်ထပ်အများကြီး ရှိနေပါတယ်။ အစ္စလာမ်ဆိုတာ သဘောထားကြီးပြီး စကြ၀ဠာလုံးဆိုင်ရာ ဘာသာတရားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ပြချင်ပါတယ်။ ဗလီဝတ်ကျောင်းထဲကိုဝင်ဖို့ ဘယ်သူ့ကိုမှ ကန့်သတ်မထားပါဘူး။ အစ္စလာမ်ဆိုတာ မလေးလူမျိုးပိုင်မဟုတ်ပါဘူး” ဟု အဘူကာစင်မ်က ဆိုသည်။

    မလေးရှားနိုင်ငံတွင် လူဦးရေ ၂၆ သန်းရှိပြီး မလေးလူမျိုးအများစုမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြကာ အစ္စလာမ်ဘာသာဝင် ၆၅ ရာခိုင်နှုန်းရှိနေသည်။ တရုတ်နှင့် အိန္ဒိယလူမျိုးအများစုမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်မှာ ခန့်မှန်းခြေအားဖြင့် ၅၇၀၀၀ ခန့်ရှိနေသည်။

  • Facebook အား ပိတ်ပင်ရန် သင့်/မသင့်  မလေးအစိုးရ စစ်တမ်းကောက်ယူမည်

    Facebook အား ပိတ်ပင်ရန် သင့်/မသင့် မလေးအစိုးရ စစ်တမ်းကောက်ယူမည်

    သြဂုတ် ၁၄ ၊ ၂၀၁၄
    M-Media
    bill-facebook-banned-640x241
    – ပြီးခဲ့သည့် နှစ်များအတွင်း ဆိုရှယ်မီဒီယာများကို အသုံးပြု၍ စော်ကားမှုများ မြင့်တက်လာခဲ့ပြီေးနာက် Facebook အား ပိတ်ပင်ရန်သင့် မသင့်ကို မလေးရှားအစိုးရမှ လေ့လာ ဆန်းစစ်သွားမည်ဟု သိရသည်။

    Facebook ကဲ့သို့ ဆိုရှယ်မီဒီယာများကို အသုံးပြု၍ မလေးရှားလူ့အဖွဲ့အစည်း အတွင်း စော်ကားမှုများ ရှိနေပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားထားသော အမှုမှာ ၂၀၀၀ ကျော်ရှိလာခြင်းကြောင့် ထိုပြဿနာအား ကိုင်တွယ်ရန် အစိုးရက ထိုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။

    သို့သော်လည်း မလေးရှား ဆက်သွယ်ရေးနှင့် မီဒီယာ ၀န်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ အမြင်များကို စစ်တမ်းကောက်ယူသွားမည်ဖြစ်ပြီး ပြည်သူများက သဘောတူက Facebook အား ပိတ်ပင်ရန် ဆောင်ရွက်သွားမည်ဟု ၀န်ကြီး အဟ်မဒ်က သတင်းထောက်များအား သြဂုတ်လ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

    Facebook သုံးစွဲသူ ၁၅ သန်းကျော်ရှိသည့် မလေးရှားတွင် တိုင်ကြားမှု ၂၀၀၀ ကြောင့် ပိတ်ပင်ခြင်းမှာ မဖြစ်နိုင်ကြောင်း၊ Facebook ကို အသုံးပြုကြသော စီးပွားရေး လုပ်ငန်းရှင်များနှင့် သာမန်မိသားစုများမှာ နိုင်ငံရေးနှင့် ပတ်သက်မှုမရှိကြောင်း၊ ထို့ကြောင့် Facebook ပိတ်ပင်ရန် ဆောင်ရွက်ခြင်းအား ဆန်းစစ်ရန် လိုအပ်ကြောင်း အဟ်မဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    မတော်တဆမှုကြောင့် သွေးထွက်သံယိုဖြစ်ပွားခဲ့သည့် ဓာတ်ပုံအား မလေးရှား ဘုရင်ဖြစ်သူ အဘ်ဒူလ် ဟာလင်မ် မူအဒ်ဇမ်ရှား၏ မျက်နှာဖြင့် ဖြတ်ဆက်၍ Facebook ပေါ်တွင် လွှင်တင်ခဲ့သည့် ဖြစ်ရပ်တစ်ခု မကြာသေးမီက ဖြစ်ပွားခဲ့ပြီးနောက် Facebook အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ဝေဖန်မှုများ ပေါ်ထွက်လာပြီး ဆက်သွယ်ရေးနှင့် မီဒီယာကော်မရှင်ကလည်း ဘုရင်မင်းမြတ်အား စော်ကားခဲ့သူကို စုံစမ်းရှာဖွေနေသည်။

    မလေးရှားနိုင်ငံ ၀န်ကြီးချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် မဟာသီယာ မုဟမ္မဒ် ကလည်း အစိုးရအနေဖြင့် အင်တာနက်အသုံးပြုမှုကို ကန့်သတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။

    Bernama