News @ M-Media

Tag: malaysia

  • အစ္စရေး အား ပံ့ပိုးခြင်း မရှိဟု Tesco Malaysia ကြေညာချက်ထုတ် ဖြေရှင်းရ

    အစ္စရေး အား ပံ့ပိုးခြင်း မရှိဟု Tesco Malaysia ကြေညာချက်ထုတ် ဖြေရှင်းရ

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media
    Tesco Malaysia ကုမ္ပဏီသည် မိမိ၏ဈေးကွက်ကြီးမှ အကျိုးအမြတ်များနှင့် ပတ်သက်၍ အစ္စရေးအား ပံ့ပိုးမှုကို မည်သည့်အခါမျှ လမ်းကြောင်း မပေးခဲ့ကြောင်း  နေရာအသီးသီးမှ စွပ်စွဲချက် သတင်းများအပေါ် စာထုတ်ပြန်လိုက်သည်။

    အများပြည်သူလူထု ပါဝင်သော နိုင်ငံရေး ကင်းရှင်းသည့် ကုမ္ပဏီဖြစ်သည်နှင့်အညီ နိုင်ငံရေး အခြေတည် လှူဒါန်းမှုနှင့် ပံ့ပိုးမှု မှန်သမျှ  မဖန်တီးပါ ဟူသော မူဝါဒအပေါ် အပြည့်အ၀ ရပ်တည်ကြောင်း Tesco Malaysia ၏ အစိုးရဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဒါရိုက်တာ အဇ်လမ် ရှားအေလိယပ်စ်က ဆိုသည်။

    “ ဘယ်လိုစွပ်စွဲချက်မဆို တနည်းနည်းနဲ့ သိက္ခာချဖို့ ရည်ရွယ်တာလို့ သတ်မှတ်မှာဖြစ်ပါတယ်။ Tesco plc ဟာ အများလူထုပါဝင်တဲ့ ယူကေအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ရှယ်ယာရှင်တွေ ပါဝင်နေပါတယ်။ စီးပွားရေးလုပ်ငန်းကို တာဝန်သိသိ ကျင့်ဝတ် သိက္ခာရှိရှိ လုပ်ဆောင်သွားမယ်ဆိုတာ ကျွန်တော်တို့ရဲ့ ပင်မ တန်ဖိုး(စည်းမျဉ်း)များထဲက တစ်ခုဖြစ်ပါတယ်။ ဒီစည်းကမ်းချက်ကို ကျွန်တော်တို့ ဆုပ်ကိုင် ရပ်တည်လျက် ရှိပါတယ် ” ဟု ကုမ္ပဏီ၏ဖေ့စ်ဘွတ် စာမျက်နှာပေါ်တင်ထားသော ထုတ်ပြန်ချက်၌ တွေ့ရသည်။

    Tesco သည် မလေးရှားနိုင်ငံသားပေါင်း တစ်သောင်း တစ်ထောင် အထက်ကို အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ပေးထားကြောင်း၊ အသေးစားမှ အလတ်စား အဆင့် လုပ်ငန်းများ အပါအ၀င် ပြည်တွင်း လိုအပ်ချက်ပေါင်း ၃၀၀၀ ကျော်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း အဇ်လမ်ရှားက ပြောကြားသည်။

    “ ဒါတင်မကသေးပါဘူး။ လက်ရှိအစီအစဉ်အားဖြင့် ဆင်းရဲနွမ်းပါးချို့တဲ့သူတွေကို ကူညီပေးတဲ့ ထိရောက်သော ပရိုဂရမ်တွေမှာလည်း ပါဝင်ကူညီနေပါတယ်။ အထူးသဖြင့် ရမ်ဿွာန်လမြတ်နဲ့ အီးဒုလ် ဖစ်သ်ွရ် ကာလအတွင်းမှာဖြစ်တယ်”။

    အစ္စရေးနှင့် ချိတ်ဆက်မှု ရှိနေသည်ဆိုသော စွပ်စွဲချက်များကြောင့် ကုမ္ပဏီအား သပိတ်မှောက်ရန် ဆိုရှယ်မီဒီယာအသုံးပြုသူများ၏ လှုံ့ဆော်ဝေဖန်ခြင်းဒဏ်ကို လက်ရှိ အခြေအနေတွင် Tesco မှ ပြင်းထန်စွာ ရင်ဆိုင်နေရသည်။

    Ref : English Astroawani

    malay tesco
    တနင်္ဂနွေနေ့က Facebook စာမျက်နှာပေါ်တင်လိုက်သော Tesco Malaysia ၏ ထုတ်ပြန်စာ
  • ဇူလိုင် ၃ ရက်တွင် အစ္စလာမ်သို့ ကူးပြောင်းမည့် ပလေးဘွိုင်း အဖော်အချွတ် ကိုယ်ဟန်ပြမယ်ဟောင်း Felixia Yeap

    ဇွန်လ ၂၉ ရက်၊ ၂၀၁၄
    M-Media
    bunnyplayboyfelixia
    မလေးရှားမှ လက်ဦးပလေးဘွိုင်းကိုယ်ဟန်ပြမယ် Felixia Yeap (၂၈ နှစ်)သည် လာမည့် ကြာသပတေးနေ့၌ အစ္စလာမ်ကို လက်ခံခြင်းဖြင့် ဘ၀သစ်ကို ပြန်လည်စတင်တော့မည်ဖြစ်သည်။

    သူမ၏မွေးနေ့ဖြစ်သော ဇူလိုင်လ ၃ ရက်တွင် အစ္စလာမ်သာသနာအား သက်ဝင်လက်ခံရန် ရွေးချယ်လိုက်ကြောင်း သူမ၏ဖေ့စ်ဘွတ်ပေါ် ရေးသားဖော်ပြခဲ့သည်။

    Playboy Club Sands Macau ၌ ၂ နှစ်တာ သဘောတူညီချက်ဖြင့် ကိုယ်ဟန်ပြအလုပ်မှ စွန့်ခွာလိုက်ပြီး များမကြာမီမှာပင် မွတ်စ်လင်မ်အမျိုးသမီးတို့၏၀တ်စားဆင်ယင်မှု – ဟိဂျာ့ဗ်ဖြင့် တွေ့လိုက်ရသည်။

    “ ကျွန်မ ရွေးချယ်လိုက်တဲ့ ကျွန်မရဲ့ခရီးစဉ်သစ်အပေါ် မယိုင်မလဲ ရှေ့ဆက်သွားနိုင်အောင် လူတိုင်းက ဆုတောင်းပေးမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မရဲ့ဒီဘ၀သစ်အတွက် ဆုမွန်ကောင်းတောင်းပေးသူအပေါင်းကို ပြန်လည် အစားပေးနိုင်တာကတော့ အလ္လာဟ်အရှင်မြတ်သာလျှင် ဖြစ်တော်မူပါတယ် ” ဟု သူမ၏ Fan Page ပေါ်ရေးသားလိုက်ရာ သူမကိုအားပေးသူများစွာမှ ယင်းဆုံးဖြတ်ချက်အား အကြီးအကျယ် ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး like လုပ်သူ ခုနှစ်သိန်းခွဲကျော် ရှိသွားခဲ့သည်။

    “ ကျွန်မရဲ့ခန္ဒာကိုယ်ကို ဖော်ပြ၀ါကြွားခြင်းထက် ကျွန်မက ပိုပြီး တန်ဖိုးရှိပါတယ်။ အဲ့ဒီအရာထက် ကျွန်မက ပိုပြီး အဖိုးတန်လို့ပါ။ လူတွေ သတိထားမိကြသည်ဖြစ်စေ၊ ကျော်ကြားမှုရှာနေတဲ့ တက်သစ်စ မော်ဒယ်တွေက သူတို့ရဲ့ စံပြလို မြင်သည်ဖြစ်စေ ကျွန်မအနေနဲ့ ဂုဏ်ယူစရာအဖြစ် မခံစားရပါဘူး ” ဟု ယမန်နှစ်က “ ကျွန်မရဲ့ ဟိဂျာ့ဗ်နောက်ကွယ်မှ အမှန်တရား” ခေါင်းစဉ်တပ် ပို့စ်တစ်ခုအတွင်း သူမ ရေးသားခဲ့သည်။

    Yeap သည် အ၀တ်မဲ့အမျိုးသမီးဓာတ်ပုံများကို ဖော်ပြလေ့ရှိသော Playboy Philippines အမျိုးသားကြိုက် မဂ္ဂဇင်းတွင် ကိုယ်ဟန်ပြခဲ့သည့် တတိယမြောက် မလေးရှားသူဖြစ်၏။ သို့သော် သူမသည် အ၀တ်မဲ့သက်သက်ဖြင့် ဖော်ပြခဲ့ခြင်း မရှိချေ။

    ယခုနှစ်အစောပိုင်းတွင် ဆွဲဆောင်ညှို့မြူသောဓာတ်ပုံများအတွက် ကိုယ်ဟန်ပြခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ဖေ့စ်ဘွတ်စာမျက်နှာ၌ မွတ်စ်လင်မ်အမျိုးသမီး အဆင်အယင်ဖြင့် မကြာခဏ ပုံများတင်လာသည်ကို တွေ့ခဲ့ရသည်။ သူမ၏ကိုယ်ဟန်ပြမှုဖြင့် ကုန်အမှတ်တံဆိပ်များစွာ ထင်ရှားအောင်မြင်နေကြပါသည်။

    Ref: The Star

  • နိုင်ငံသား တရုတ်လူမျိုးများကို ကျူးကျော်သူလို့ ပြောသည့် မလေးနိုင်ငံရေးသမား တရားစွဲခံရ

    ဇွန်လ ၁၉ ရက်။ ၂၀၁၄
    M-Media
    HAR_1509
    – နိုင်ငံအတွင်းရှိ တရုတ်လူမျိုးများအား ကျူးကျော်လာသူများဟု ပြောခဲ့မှုကြောင့် နိုင်ငံတော်အား အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် Isma ဥက္ကဌ အဗ်ဒူလာ ဇိုက် အဗ်ဒူလ်ရဟ်မန်က ထိုစွဲချက်အတွက် ၎င်းတွင် အပြစ်မရှိကြောင်း တရားရုံးတွင် လျှောက်ထားခဲ့သည်ဟု သိရသည်။

    အသက် ၄၈ နှစ်အရွယ်ရှိ အဗ်ဒူလာဇိုက်မှာ ယနေ့တွင်ပြုလုပ်သည့် ကြားနာမှု အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မေလ ၆ ရက်နေ့က Isma ရုံးခန်းတွင် ပြောကြား ခဲ့သည့် ၎င်း၏ ထိုမှတ်ချက်ကြောင့် ၁၉၄၈ ခုနှစ် ဥပဒပုဒ်မ ၄(၁)ခ ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃နှစ်၊ သို့မဟုတ် ဒဏ်ငွေ ရင်းဂစ် ငါးထောင်၊ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ် စလုံး ကျခံရမည်ဖြစ်သည်။

    လောလောဆယ်တွင် အဘ်ဒူလာဇိုက်၏ ရှေ့နေဖြစ်သူက အသနားခံ ထားသောကြာင့် တရားသူကြီး နော်ရ်ဟာဇာနီက အဘ်ဒူလာဇိုက်အား ရင်းဂစ် ငါးထောင်ဖြင့် အာမခံပေးထားပြီး၊ ၎င်း၏ နိုင်ငံကူး လက်မှတ်ကိုမူ တရားရုံးမှ သိမ်းဆည်းထားရန် အမိန့်ပေးခဲ့သည်။

    The Star

  • Cadbury ချောကလက်တွင် ၀က်၏ DNA မပါဝင်ဟု JAKIM မှ ကြေညာ၊ ကျန်းမာရေးဝန်ကြီးဌာန မထောက်ခံလျင် သပိတ် ဆက်မှောက်မည်ဟု မလေး မွတ်စလင် စားသုံးသူများ အသင်းပြော

    ဇွန် ၄ ၊ ၂၀၁၄
    M-Media

    MalaysiaClears-Cadbury-Maintains-Boycott
    – Cadbury အမှတ်တံဆိပ်ပါ ချောကလက်များကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက်  ၎င်းတို့ထဲတွင် ၀က်၏ DNA ပါဝင်ခြင်းမရှိဟု မလေးရှား အစ္စလာမ် ဖွံ့ဖြိုးတိုးတက်ရေးဌာန JAKIM မှ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ စောစောပိုင်းစစ်ဆေးမှုများအရ အဆိုပါ အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ချောကလက် ၂ မျိုးတွင် ၀က်၏ DNA တွေ့ရှိခဲ့ရသည်ဟု သိရသည်။ထို့ကြောင့် JAKIM မှ ၎င်းတို့၏ ဟာလာလ်အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခဲ့ပြီး Cadbury ကလည်း ထိုချောကလက်အားလုံးကို ရုပ်သိမ်းမည်ဟု ကြေညာခဲ့သည်။

    ထို့ကြောင့် မလေးရှားရှိ မွတ်စလင်စားသုံးသူများအသင်းအပါအ၀င် NGO ၃၀ ကျော်ကလည်း Cadbury အမှတ်တံဆိပ်ပါ စားသောက်ကုန်များကို သပိတ်မှောက်ရန် ဆော်သြခဲ့သည်။

    နောက်ပိုင်းတွင် JAKIM မှ Cadbury Dairy Milk Hazelnut နှင့် Cadbury Dairy Milk Roast Almond အမှတ်တံဆိပ် စားသောက်ကုန် နမူနာ ၁၁ မျိုးကို စစ်ဆေးခဲ့ပြီးနောက် ၀က်၏ DNA မပါရှိကြောင်း ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    JAKIM မှ ကြေညာချက်ထွက်လာခဲ့သော်လည်း ထိုကြေညာချက်အား ကျန်းမာရေးဝန်ကြီးဌာမှ ထောက်ခံခြင်းမပြုလျှင် ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲသွားမည်မဟုတ်ဟု မွတ်စလင်စားသုံးသူများ အသင်းက ပြောကြားခဲ့သည်။

    Cadbury ကမူ ၎င်းတို့မှာ ကြိုတင်တားဆီးသည့်အနေဖြင့် ၀က်၏ DNA တွေ့ရှိခဲ့ရသည့် ထုတ်ကုန် ၂ ခုအား ပြန်လည်သိမ်းဆည်းထားပြီး အခြားသော ထုတ်ကုန်များတွင် ၀က်နှင့် ဆက်စပ်သည့်ပစ္စည်းများ ပါဝင်ရန် အကြောင်းမရှိဟု ဖော်ပြထားသည်။

    Ref: OnIslam & News Agencies ,The Star

  • ဇနီးအား သတ်မှုဖြင့် တရားစွဲခံ ထားရသည့် မြန်မာတဦး မလေးရှား တရားရုံးမှ တရားသေလွှတ်

    မေ ၂၇ ၊ ၂၀၁၄
    M-Media

    myanmarcourt
    – ဇနီးသည်အား သတ်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားတရားရုံးချုပ်က ယမန်နေ့တွင် တရားသေ လွှတ်ပေးခဲ့သည်ဟု သိရသည်။

    အသက် ၃၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား မောင်စိုးမှာ ၂၀၁၂ ခုနှစ် မေလ ၂၆ ရက် ည ၁၁ နာရီမှ မေလ ၂၇ ရက် နံနက် ၇ နာရီခွဲကြား အချိန်အတွင်း ဆရန်ဘန်း ပရိုင်းရှိ နေအိမ်တွင် ဇနီးဖြစ်သူကို သတ်ခဲ့သည်ဟု ယူဆရသောကြောင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။

    အမှုတွင် တရားခံဘက်မှ ခုခံချေပမှုမှာ အောင်မြင်ခဲ့သောကြောင့် တရားသူကြီး Wong Teck Meng က တရားသေ လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အမိန့်ချမှတ်ခဲ့ပြီးနောက် ရှပ်အင်္ကျီအပြာရောင် ၀တ်ထားသည့် မောင်စိုးမှာ ၀မ်းမြောက်စွာဖြင့် တရားရုံးမှ ထွက်ခွာသွားခဲ့ပြီး ရှေ့နေဖြစ်သူ E. Gnasegaran ကိုလည်း ကျေးဇူးတင်သည့်အနေဖြင့် ပွေ့ဖက်ခဲ့သည်။

    ဓါတ်ပုံအညွန်း- တရားစွဲခံထားရသည် မောင်စိုးအား  ၄င်း၏ ရှေ့နေနှင့်အတူ တွေ့ရစဉ်

    Ref: The Star