ဇွန်လ ၁၀၊ ၂၀၁၃
M-Media
ဆူးထက်
အကြမ်းဖက်ခံရသည့် မိတ္တီလာမှ ဒုက္ခသည်များမှ ၄င်းတို့ မူလပိုင်ဆိုင်တဲ့ မြေနေရာသာ ပြန်ပေးရန် သမ္မတထံ အသနားခံစာပို့
မတ်လ နှောင်းပိုင်း တွင် အကြမ်းဖက်သမားများ မီးရှို့ တိုက်ခိုက်မှုများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရသော မိတ္ထီလာမြို့မှ ဒုက္ခသည်များမှ ၄င်း၏ ဆန္ဒမပါဘဲ နေအိမ် အဆောက်အဦး ဆောက်လုပ်မည့် ကိစ္စအား ဟန့်တား ကူညီဆောင်ရွက်ပေးပါရန် အသနားခံစာကို ဇွန်လ ၉ရက်နေ့က သမ္မတကြီးထံ တင်ပြခဲ့ကြောင်း သိရသည်။
မိတ္ထီလာဒုက္ခသည်များမှ သမ္မတကြီးထံပေးစာ တွင်
” ကျွန်တော်များ၏ ဆုံးရှုံးသွားသော အိုးအိမ်များအတွက် တိုင်းဒေသကြီး လူမှုရေး ၀န်ကြီးမှ ကွန်ဒို အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ပေးမည့် အကြောင်း ပြောကြားအပြီးတွင် (၂၉. ၄. ၂၀၁၃) ရက်စွဲဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ၎င်းစီမံကိန်းအား လုံးဝ လက်မခံနိုင်ကြောင်း၊ မိမိပိုင် ၀ိုင်းမြေများတွင် (၆. ၂. ၂၀၁၃) ရက်နေ့ထုတ် ကြေးမုံသတင်းတွင် အတိအလင်း ဖော်ပြပါရှိသော ၀န်ထမ်း အိမ်ယာပုံစံ အဆောက်အဦးများသာ ဆောက်လုပ်ပေးပါရန် အသနားခံ လျှောက်ထားပြီး ဖြစ်ပါသည်။
တဖန် မိတ္ထီလာအုပ်ချုပ်ရေးမှူးရုံးတွင် ( )ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး နယ်စပ်လုံခြုံရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး တို့နှင့် ဒုက္ခသည်များ၏ တာဝန်ခံ ကိုယ်စားလှယ် (နာယက) လူကြီးများ တွေ့ဆုံပွဲတွင်လည်း ကျွန်တော်များ၏ လူနေမှုစရိုက်နှင့် ကိုက်ညီမှု မရှိခြင်းကြောင့် အထပ်မြင့် ကွန်ဒိုများအစား လုံးခြင်း အိမ်ယာများသာ ဆောက်လုပ်ပေးပါရန် ဆန္ဒပြုလျှောက်ထား တင်ပြခဲ့ကြပါသည်။
ယခုအချိန်တွင် အိမ်ထောင်စု (၆၀၀)ကျော်၊ လူဦးရေ (၂၀၀၀)ကျော်၏ ဆန္ဒ၊ ငြင်းဆိုချက်၊ တင်ပြချက်များကို အလေးမထားဘဲ လူနေမှုစရိုက်နှင့် ကိုက်ညီမှုမရှိသော ( မိတ္ထီလာမြို့၏ မည်သည့်နေရာတွင်မျှ မရှိသေးသော) အထပ်မြင့်ကွန်ဒိုများသာ ဆောက်လုပ်ပေးမည်ဟု သတင်းစာ၊ ဂျာနယ် အသီးသီးတွင် တွေ့ရှိနေရပါသည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းကြည်တို့ (၃)ဦး အထူး တွေ့ဆုံညှိနှိုင်းပွဲမှ မူဝါဒ (၆)ရက် ထုတ်ပြန်ကြေငြာရာတွင် မိတ္ထီလာမီးဘေးသင့် ပြည်သူများအား မူလပိုင်ဆိုင်သော မြေနေရာများတွင် ပြန်လည်နေရာချထားပေးပါရန် ဟူသော အချက်(၁)ချက် ပါဝင်ခဲ့သည် ” ဟု ယင်းစာတွင် ထည့်သွင်းဖော်ပြထားကြောင်း တွေ့ရသည်။


Leave a Reply
You must be logged in to post a comment.