News @ M-Media

Tag: MiddleEast

  • မိသားစုပြဿနာများ ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များ ဆော်ဒီဖွင့်လှစ်

    မိသားစုပြဿနာများ ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များ ဆော်ဒီဖွင့်လှစ်

    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    Saudi Arabia opened new court to solve family disputes, amid steps aimed at making the kingdom’s legal system faster
    – နိုင်ငံ၏ ဥပဒေရေးရာစနစ်ကို ပိုမိုမြန်ဆန်စေပြီး ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်နေသော ဆော်ဒီအာရေဗျနိုင်ငံမှာ မိသားစုဆိုင်ရာ ပြဿနာများကို အာရုံစိုက်ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များကို သြဂုတ်လ တတိယပတ်အတွင်း ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ အထူးခုံရုံးများကို ရီယာ့ဒ်၊ မက္ကာ၊ ဂျစ်ဒါ၊ မဒီနာနှင့် ဒန်မန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုခုံရုံးများတွင် ရုံးထိုင်မည့် တရားသူကြီးများနှင့် ၀န်ထမ်းများအား မိသားစု ပြဿနာများဖြစ်သည့် ကွာရှင်းခြင်း၊ ဇနီးအား စားရိတ်ထောက်ပံ့ခြင်း၊ ကလေးများအား အုပ်ထိန်းခွင့် စသည်တို့နှင့် ပတ်သက်၍ အထူးသင်တန်းများ ပေးအပ်သွားမည်ဖြစ်သည်။

ုထို့ပြင် ကုန်သွယ်ရေးရာနှင့်သက်ဆိုင်သည့် ပြဿနာများကို ဖြေရှင်းပေးမည့် အထူးခုံရုံးများကို လေးလအတွင်း ဖွင့်လှစ်သွားရန် စီစဉ်နေပြီး အဆိုပါခုံရုံးများ၌ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်သည်။

    ထိုကဲ့သို့ အထူးခုံရုံးသစ်များ ဖွင့်လှစ်ခြင်းမှာ တိုင်းပြည်၏ လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အရေးပါသောခြေလှမ်းဖြစ်ပြီ လူငယ်များ၊ ခေတ်သစ် စီးပွားရေးနှင့် ဆော်ဒီ၏ ရှေးရိုးစွဲ ယဉ်ကျေးမှုအကြား ရင်ကြားစေ့ ပေးခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

    ဆော်ဒီတွင် အစ္စလာမ့်ဥပဒေဖြစ်သည့် ရှရီအာ ဥပဒေကို ကျင့်သုံးသော်လည်း အစ္စလာမ့် ကျမ်းဂန်များထဲမှ ဥပဒေသများကို တရားသူကြီးများက မိမိတို့၏ကိုယ်ပိုင်ပုံစံဖြင့် ပြန်ဆိုကာ အသုံးချနေကြခြင်းဖြစ်သည်။ ထို့ပြင် လျှောက်လဲချက်များကို လက်ခံခြင်း၊ စီရင်ချက်ချခြင်း စသည်လုပ်ဆောင်မှုပိုင်းတွင်လည်း တရားသူကြီးများကသာ လုပ်ပိုင်ခွင့် အလွန်အကျွံရယူထားကြသည့် ဟု ဝေဖန်သူများလဲ ရှိပါသည်။

    _Reuters

  • အစ္စရေး-ပါလက်စတိုင်း ကာလရှည် အပစ်ရပ်ရေး သဘောတူညီမှုရပြီ

    အစ္စရေး-ပါလက်စတိုင်း ကာလရှည် အပစ်ရပ်ရေး သဘောတူညီမှုရပြီ

    သြဂုတ် ၂၇ ၊ ၂၀၁၄
    M-Media

    article-2734438-20D4AE4500000578-935_964x633
    အပြစ်အခတ်ရပ်ဆဲမှု သဘောတူညီချက် ရပြီးနောက် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံနေစဉ်

    – ဂါဇာဒေသ အမြဲတမ်း အပစ်ရပ်ရေးအတွက် အီဂျစ်၏ ကြားဝင်မှုဖြင့် ကိုင်ရိုတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ နောက်ဆုံး သဘော တူညီမှု ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါအပစ်ရပ်ရေးမှာ ဂစ်နစ်စံတော်ချိန် ယမန်နေ့ ညနေ ၁၆ နာရီတွင် စတင် သက်ရောက်မည်ဖြစ်ပြီး သဘောတူညီမှုတွင် ဂါဇာကမ်းမြှောင်အား အစ္စရေးမှ ပိတ်ဆို့ထားမှုကို ချက်ခြင်း ဖွင့်ပေးရန်၊  အစ္စရေး စစ်တပ်အား နဂို တပ်စွဲထားသည့်နေရာမှ မီတာ ၂၀၀ နောက်ဆုတ်ရန်၊ ကုန်သွယ်ခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန်၊ နယ်စပ်ဝင်ပေါက် ၅ ခုအား ပြောင်းလဲရန်၊ ပင်လယ်ပြင်တွင် ငါးဖမ်းမှု ကန့်သတ်ချက်ကို ၃ မိုင်မှ ၆ မိုင်ထိ တိုးပေရန်၊ အီဂျစ်ဘက်ဝင်ပေါက် ရာဖာနယ်ခြားဒေသအား ပြန်လည်ဖွင့်ပေးရန် တို့ ပါဝင်သည်။

    ဒါအပြင် ဂါဇာဒေသမှ လေဆိပ်တည်ဆောက်ေ၇းနှင့် ပင်လယ်ဆိပ်ကမ်းတည်ဆောက်ရေးတို့ကို မူအားဖြင့် သဘောတူခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။

    ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်ကမူ အဆိုပါ အပစ်ရပ်ရေး သဘောတူညီချက်မှာ နိုင်ငံသစ်တစ်ခုတည်ဆောင်ရေးနှင့် ကျူးကျော်သိမ်းပိုက်ခံရမူ အဆုံးသတ်ရေးအတွက် အခွင့်အရေးတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အပစ်ရပ်ရေး ဆွေးနွေးမှုတွင် ပါဝင်ခဲ့ကြသည့် အီဂျစ်၊ ကာတ၊ အမေရိကန် တို့ကိုလည်း ကျေးဇူးတင်ကြောင်း ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့သော မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

    အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် ပါလက်စတိုင်းပြည်သူများမှာ လမ်းမများပေါ်သို့ ထွက်၍ ၎င်းတို့၏ ပျော်ရွင်မှုကို ဖော်ထုတ်ခဲ့ကြသည်။

    အစ္စရေး အာဏာပိုင်များကလည်း ၎င်းတို့အနေဖြင့် အပစ်ရပ်ရေးကို သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

    ဟားမက်စ်တို့က ဒုံးကျည်ဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင်လ အစောပိုင်းမှစ၍ အစ္စရေးက ဂါဇာဒေသအား ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး သီတင်းပတ် ၇ ပတ် ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၄၉၀ အပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၁၄၂ ဦး သေဆုံးခဲ့သည်။

    အစ္စရေးဘက်ကမူ ၆၉ ဦး သေဆုံးခဲ့ပြီး အားလုံးနီးပါးမှာ ဂါဇာကမ်းမြှောင်သို့ ကျူးကျော်တိုက်ခိုက်သည့် အစ္စရေး စစ်သားများဖြစ်သည်။

    _ref-Al Jazeera and agencies

  • ကမ္ဘာကျော် အစ္စလာမ့် အတွေးအခေါ် ပညာရှင် ဖသုလ္လာဟ်ဂူလန်မှ ISIL(ISIS) ၏ လုပ်ရပ်များကို ပြင်းထန်စွာ ရှုံ့ချဝေဖန်

    ကမ္ဘာကျော် အစ္စလာမ့် အတွေးအခေါ် ပညာရှင် ဖသုလ္လာဟ်ဂူလန်မှ ISIL(ISIS) ၏ လုပ်ရပ်များကို ပြင်းထန်စွာ ရှုံ့ချဝေဖန်

    သြဂုတ် ၂၇ ၊ ၂၀၁၄
    M-Media
    fethullah-gulen-75
    ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်၊ လူမှုရေးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားသူ၊ တူရကီ အစ္စလာမ်ပညာရှင် ဖသုလ္လာဟ်ဂူလန်က အစ္စလာမ့် နိုင်ငံတော်ဟု ကိုယ့်ဖာသာ ကိုယ်နာမည်ပေးထားတဲ့ ISIS အဖွဲ့၏ ကြမ်းကြုတ် ရက်စက်မှုများကို ပြင်းထန်စွာ ရှုံ့ချလိုက်ပြီး အကြမ်းဖက်ခံများနဲ့ အတူ အသတ်ခံခဲ့ရတဲ့ အမေရိကန် ဂျာနယ်လစ်တို့ အပေါ် စာနာ ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

    ဂူလန် လူမှုရေးလှုပ်ရှားမှုနှင့် ဆက်နွယ်နေတဲ့ အဖွဲ့အစည်းများအား ကိုယ်စားပြုထားသည့် ‘မျှဝေခံစား တန်ဖိုးများ မဟာမိတ်အဖွဲ့’မှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ဖသုလ္လာဟ် ဂူလန်က လွဲမှားသည့် ဘာသာရေး အမည်ခံ ဟောပြောရေးသားမှုများဖြင့် တကယ့်သရုပ်မှန်ကို ဖုံးကွယ်ထားသည့် ၎င်းအကြမ်းဖက် အဖွဲ့၏ ရက်စက်သည့် အကြမ်းဖက်မှုများမှာ အင်မတန် ဆိုးဝါးကြောင်းပြောကြားထားပါတယ်။ ၎င်းကျူးလွန်သူများ၏ လူသားမဆန်သည့် ရက်စက်မှုများကို ချက်ချင်းရပ်တန့်ရန် ဆော်သြနေတဲ့ တစ်ကမ္ဘာလုံးရှိ ပြည်သူများနှင့် အတူရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
    “လူနည်းစုတွေနဲ့ အပြစ်မဲ့ အရပ်သားတွေကို တိုက်ခိုက်တဲ့၊ ဖိနှိပ်တဲ့ ဒါမှမဟုတ် နှိပ်စက်တဲ့ ဘယ်လုပ်ရပ်မဆို ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကျွန်တော်တို့ရဲ့ တမန်တော်မြတ် (ကိုယ်တော့်အပေါ်သို့ ငြိမ်းချမ်းမှု ကျရောက်ပါစေ)ရဲ့ ကျင့်သုံး သွန်သင်မှုတွေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်”ဟု ဂူလန်မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်သမားတွေက အစ္စလာမ်ရဲ့ အနှစ်သာရနဲ့ အစ္စလာမ့်ရဲ့ တမန်တော်ကို လုံးဝကို မသိတာ၊ သို့မဟုတ် သူတို့ရဲ့ လုပ်ရပ်တွေဟာ သူတို့တစ်ဦးချင်းရဲ့ သို့မဟုတ် သူတို့ရဲ့ နိုင်ငံရေး ဆရာသခင်တွေရဲ့ အကျိုးအတွက် ပုံစံသွင်းခံထားရတာဖြစ်မယ်လို့ ဂူလန်က မှတ်ချက်ပေးပါတယ်။

    “ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ လုပ်ရပ်တွေက သူတို့ဟာ အကြမ်းဖက်အဖွဲ့ဆိုတာကို ပေါ်လွင်နေစေပြီး သူတို့ကို တရားဥပဒေဆီကို ပို့ဆောင်သင့်တယ်” လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

    ဖသုလ္လာဟ်ဂူလန်ရဲ့ အဆိုအရ ဘာသာတရားရဲ့ ရည်ရွယ်ချက်ဟာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့တန်ဖိုးကောင်းကို အခြေပြုပြီး ကမ္ဘာမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဖြစ်ပါတယ်။ ဒီသဘောတရားနဲ့ ဆန့်ကျင်တဲ့ ဘယ်လို ဖွင့်ဆို ပုံဖော်မှုမျိုးမဆို ပဋိပက္ခတွေကို မီးလောင်လေပင့်လုပ်ဖို့ ဘာသာတရားကို အလွဲ သုံစားလုပ်တာပဲဖြစ်ပြီး လွဲမှားပြီး အမှန်တရားကို မျက်ကွက်ပြုတာပဲ ဖြစ်တယ်လို့ ဆက်လက်ရှင်းပြခဲ့ပါတယ်။ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ အတွေးအခေါ်ဟာ အစ္စလာမ်ရဲ့ ပင်ရင်း စည်းမျဉ်းတွေပေါ်မှာပဲ အခြေခံပြီး တရားတော်နဲ့ပတ်သက်ပြီး ဖွင့်ဆို ကောက်ယူတဲ့ နည်းလမ်းတွေဟာ ၎င်းတို့ကိုယ်တိုင် တရားတော်နဲ့ ညီဖို့လိုကြောင်း ကိုလည်း ပြောဆိုခဲ့ပါတယ်။ “အဲ့လိုမှ မဟုတ်ရင် အဲ့ဒီတွေးခေါ်မှု လုပ်ဆောင်မှုဟာ အာဏာ အကျိုးအတွက် လူတွေကို လှည့်ဖျားဖို့ မရိုးမသား နည်းလမ်းတွေ သုံးတာ သက်သက်ပါပဲ” ဟု ဂူလန်က ပြောကြားခဲ့ပါတယ်။

    အစ္စလာမ့်ပညာရှင်ဂူလန်က အီရတ်နဲ့ ဆီးရီးယားက သေဆုံးသူတွေရဲ့ မိသားစုဆွေမျိုး မိတ်ဆွေတွေနဲ့ သတင်းထောက် ဂျိမ်းဖိုလေးရဲ့ မိသားစူဆွေမျိုး မိတ်ဆွေတွေကို စာနာ ဝမ်းနည်းကြောင်းပါးခဲ့ပါတယ်။
    .
    “အလ္လာဟ်အရှင်မြတ်မှ သူတို့ကို သည်းခံမှုနဲ့ ကြံ့ကြံ့ခိုင်နိုင်မှုတို့ကို ပေးသနားတော်မူပြီး သူတို့ရဲ့ ခံစားနေရမှုတွေကို ဖယ်ရှားပေးစေတော်မူပါစေ။ ကျွန်ုပ်အနေနဲ့ အခြားပြန်ပေးဆွဲခံထားရတဲ့ သူတွေ ချက်ချင်းလွတ်မြောက်ဖို့ကို တောင်းဆုပြုပြီး အပြန်အလှန်လေးစားမှုနဲ့ ငြိမ်းချမ်းမှုအတိပြီးတဲ့ ကမ္ဘာတစ်ခုဆီကို ကျွန်တော်တို့ အားလုံးကို ဆောင်စေတော်မူဖို့ အနန္တကရုဏာတော်ရှင်ထံပါးမှာ ဆုတောင်းလိုက်ပါတယ်။ ဒီတောင်းဆုမှာ အတူတကွပါဝင်ဆုတောင်းဖို့ လူတိုင်းကိုလည်း ဖိတ်ခေါ်ပါတယ်” ဖသုလ္လာဟ်ဂူလန်မှ နိဂုံးချုပ်ပြောထားပါတယ်။

    တူရကီလူမျိုး အစ္စလာမ့်ပညာရှင် ဖသုလ္လာဟ်ဂူလန်ဟာ မွတ်စလင်မ်ကမ္ဘာရဲ့ ငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေးနဲ့ လူသားအကျိုးပြု လှုပ်ရှားမှုတွေရဲ့ ပြယုဂ်ဖြစ်ပါတယ်။ သူဟာ ဟိဇ်မသ် လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူမှုရေးလှုပ်ရှားမှုကြီးရဲ့ ခေါင်းဆောင်ဖြစ်ပြီး ထိုလှုပ်ရှားမှုမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များ၊ အလှူနဲ့ ဖောင်ဒေးရှင်းများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေး အသင်းအဖွဲ့များ၊ သတင်းစာနှင့် ဂျာနယ်ထုတ်ဝေမှုများ၊ ရုပ်သံနဲ့ ရေဒီယိုဌာနများ စသည်တို့ပါဝင်ပါတယ်။

    Ref: fgulen.com (Official Website of Fethullah Gülen)
    ခေတ်လူ  ဘာသာပြန်တင်ဆက်သည်။

  • ဂါဇာရှိ အထပ်မြင့် လူနေ အဆောက်အဦးအား အစ္စရေး လေကြောင်းမှ တိုက်ခိုက်၊ သေဆုံးသူ ၂၂၀၀ နီးပါးရှိလာ

    ဂါဇာရှိ အထပ်မြင့် လူနေ အဆောက်အဦးအား အစ္စရေး လေကြောင်းမှ တိုက်ခိုက်၊ သေဆုံးသူ ၂၂၀၀ နီးပါးရှိလာ

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media

    Gaza high-rises hit by Israeli strikes
    အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှ လူနေအိမ်အပျက်အစီးများ

    – ဂါဇာရှိ အမြင့်ဆုံးအဆောက်အဦးများထဲမှ တစ်ခုကို အစ္စရေးက ယနေ့တွင် လေကြောင်းမှ ၅ ကြိမ်ခန့် တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး ဂါဇာပြည်သူ ၂၀ ဦး ဒဏ်ရာရခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ၁၃ ထပ်မြင့်သည့် အဆောက်အဦးဖြစ်ပြီး ၁၁ ထပ်အထိ လူနေတိုက်ခန်းများဖြစ်ကာ မိသားစု ၇၀ ကျော်နေထိုင်ကြသည်။ ကျန်ရှိသည့် ၂ ထပ်တွင် စီးပွားရေးရုံးခန်းများ၊ ကော်ဖီဆိုင်များလည်း ပါဝင်သည်။

    ယာယီအပစ်ရပ်ရေး ပျက်ပြယ်သွားပြီးနောက်ပိုင်း အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် အရပ်သားများ သေဆုံးမှုမှာ မြင့်တက်လာခဲ့သည်။

    တနင်္ဂနွေနေ့ လေကြောင်းမှ တိုက်ခိုက်မှုများအတွင်း ၁၃ ဦးသေဆုံးခဲ့ကာ၊ ယမန်နေ့တိုက်ခိုက်မှုတွင်လည်း အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့သည်။ နေ့ခင်းပိုင်းတိုက်ခိုက်မှုအတွင်း ဗလီဝတ်ကျောင်းတော် ၄ လုံး ပျက်ဆီးခဲ့ပြီး ဇူလိုင်အစောပိုင်းက စတင်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပျက်ဆီးခဲ့သည့် ဗလီဝတ်ကျောင်းတော် အရေအတွက်မှာ ၇၁ လုံး ရှိလာပြီဖြစ်သည်။

    ဟားမက်စ်တို့၏ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ အစ္စရေးမှ ပြုလုပ်ခဲ့သည့် ကျူးကျော်တိုက်ခိုက်မှုအတွင်း၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ မသန်းစွမ်းပြန်လည်ထူထောင်ရေးစင်တာများ၊ ဗလီဝတ်ကျောင်းတော်များ စသည့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများမှာ ပစ်မှတ်ထားခြင်းခံခဲ့ရပြီး စုစုပေါင်း သေဆုံးသူဦးရေမှာ ၂၁၃၅ အထိရှိလာခဲ့သည်။ ဒဏ်ရာရရှိသူများမှာ သောင်းချီရှိနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူများမှာ သန်းနှင့်ချီ၍ ရှိနေသည်။

  • ISIS အား ဆန့်ကျင်သော အွန်လိုင်း လှုပ်ရှားမှု အီဂျစ်ရှိ ဒုတိယ အကြီးဆုံး အစ္စလာမ် ဘာသာရေး အဖွဲ့မှ  စတင်

    ISIS အား ဆန့်ကျင်သော အွန်လိုင်း လှုပ်ရှားမှု အီဂျစ်ရှိ ဒုတိယ အကြီးဆုံး အစ္စလာမ် ဘာသာရေး အဖွဲ့မှ စတင်

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media

    Dar-Al-Ifta
    အီဂျစ်ထိပ်တန်း အစ္စလာမ် ဘာသာရေး အဖွဲ့ဖြစ်သည့် Fatwa House (Dar al-Ifta) ၏ ရုံး

    – ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေအချို့ကို သိမ်းယူကာ အစ္စလာမ့်မစ် နိုင်ငံတော် အဖြစ် ကြေညာ ထားသည့် ISIS ၏ အစ္စလာမ် သာသနာအား ပုံဖျက်မှုများကို ဆန့်ကျင်ရန်အတွက် အွန်လိုင်း လှုပ်ရှားမှု တစ်ခုကို အီဂျစ်ထိပ်တန်း အစ္စလာမ် ဘာသာရေး အဖွဲ့ဖြစ်သည့် Fatwa House (Dar al-Ifta) က စတင်လိုက်သည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုကို သြဂုတ်လ ၂၄ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်ဟု အီဂျစ်နိုင်ငံ အစ္စလာမ့် သာသနာရေးဆိုင်ရာ ဒုတိယ အကြီးဆုံးဖြစ်သည့် Dar al-Ifta ပြောရေးဆိုခွင့်ရှိသူ မွဖ်သီကြီး အီဘရာဟင် နအီမ်းက အလ်-အာရေဗျ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

    အစ္စလာမ်သာသနာ၏ စစ်မှန်သော သင်ကြားချက်များဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ဘာသာတရားများနှင့် အသက်ခန္ဓာများအား ကာကွယ်ပေးရေး စသည့်တိုက်တွန်းမှုများနှင့် ကွဲလွဲ ဆန့်ကျင်ကာ လုပ်ဆောင်နေသည့် ISIS ၏လုပ်ရပ်များကို မွတ်စလင်အားလုံးက လက်မခံဟု မွဖ်သီကြီးက ဆိုသည်။

    ထိုပြင့် ISIS အဖွဲ့အားဖော်ပြရာတွင် “အစ္စလာမ့်မစ်နိုင်ငံတော်” ဟု သုံးနှုန်းခြင်းကို ရှောင်ရှားရန် အတွက် နိုင်ငံခြားမီဒီယာများသို့ ရောက်ရှိစေမည့် နိုင်ငံတကာ ဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို Dar Al-Ifta မှ ဆောင်ရွက်ခဲ့သည်ဟု မွဖ်သီကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    ISIS ၏ အဖွဲ့ဝင်အများစုမှာ ဆီးရီးယားသမ္မတ ဘာရှာအလ် အာဆတ်ကို ဖြုတ်ချရန်အတွက် အမေရိကန်နှင့် အနောက်နိုင်ငံတို့မှ လက်နက်တပ်ဆင် ပေးထား သူများဖြစ်ပြီး အမေရိကန် စစ်တပ်အရာရှိများကိုယ်တိုင် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခဲ့သည့်ဟု အနောက် မီဒီယာများက ဖော်ပြခဲ့ကြသည်။

    ဆီးရီးယားနှင့် အီရတ် နယ်မြေအချို့ကို ထိုအဖွဲ့က သိမ်းယူပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့်  တိုက်ခိုက် သတ်ဖြတ်မှုများကို ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခေါင်းဆောင်များနှင့် အစ္စလာမ်ဘာသာရေး ပညာရှင်များက ကန့်ကွက်ခဲ့ကြသည်။

    ယခုလအစောပိုင်းကပင် အီဂျစ်မှ ထိပ်တန်း မွဖ်သီတစ်ဦးဖြစ်သည့် ရှောကွီ အလမ်က အစ္စလာမ် သာသနာ၏ သင်ကြားမှုများကို ချိုးဖောက်ကာ ဆောင်ရွက်နေသော အဆိုပါအဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။

    ထိုအဖွဲ့ဝင်များမှာ အစွန်းရောက် အဖွဲ့အစည်းမှ အကြမ်းဖက်သမားများဖြစ်ကြောင်း၊ အစ္စလာမ်သာသနာ တစ်ခုလုံးအတွက် အန္တရာယ်ရှိကြောင်း ရှောကွီအလမ်က ထည့်သွင်းပြောကြားခဲ့သည်။

    Dar Al-Ifta မှ ဆောင်ရွက်မည့် လှုပ်ရှားမှုတွင် ISIS အဖွဲ့အား ဆန့်ကျင်သည့် Facebook ပေ့ခ်ျ တည်ထောင်မှုလည်း ပါဝင်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခေါင်းဆောင်များနှင့် အစ္စလာမ် ဘာသာရေး ပညာရှင်များ၏ ထိုအဖွဲ့အား ဆန့်ကျင်သော အမြင်များကို ဖော်ပြသွားမည်ဖြစ်သည်။

    ဆော်ဒီမှ အကြီးဆုံးမွဖ်သီချုပ်ကလည်း ISIS ၏ လုပ်ရပ်များမှာ အစ္စလာမ်သာသနာ၏ သွန်သင်ချက်နှင့် ဗြောင် ဆန့်ကျင်နေပြီး ထိုအဖွဲ့မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူသာဖြစ်သည်ဟု မကြာသေးမီကပင် ပြောကြားခဲ့သေးသည်။

    OnIslam & News Agencies