News @ M-Media

Tag: Minority In Myanmar

  • မြန်မာနိုင်ငံတွင် အမုန်းစကားကို ထိထိရောက်ရောက် မတားဆီးနိုင်ဟု Facebook ၀န်ခံ

    မြန်မာနိုင်ငံတွင် အမုန်းစကားကို ထိထိရောက်ရောက် မတားဆီးနိုင်ဟု Facebook ၀န်ခံ

    သြဂုတ် ၁၆၊ ၂၀၁၈
    M-Media

    Why Facebook is losing the war on hate speech in Myanmar ဆောင်းပါးတွင် ဖော်ပြထားသည့် အမုန်းစကားများမှ အချို့

    – မြန်မာနိုင်ငံက အမုန်းစကားပြဿနာကို ဖြေရှင်းရာမှာ သူတို့ဟာ ‘အရမ်းနှေးနေတယ်’ လို့ Facebook က ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပြီး မြန်မာစကားပြောတဲ့ စောင့်ကြည့်သူတွေ ထပ်ခန့်တာ၊ အမုန်းစကားတွေကို အလိုအလျောက်သိနိုင်မယ့် နည်းပညာကို ပိုမိုကောင်းမွန်လာစေရေး ဆောင်ရွက်တာတွေ ထပ်လုပ်သွားမယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ အမုန်းစကား ဖြန့်ဝေမှုကို Facebook က နှိမ်နင်းနိုင်ခြင်း မရှိဘူးဆိုတဲ့အကြောင်း ရိုက်တာသတင်းဌာနက စုံစမ်းကာ Why Facebook is losing the war on hate speech in Myanmar ခေါင်းစဉ်နဲ့ ဖော်ထုတ်ခဲ့ပြီးနောက်ပိုင်း Facebook က ဒီလို ကြေငြာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

    “မြန်မာနိုင်ငံက လူမျိုးရေးအကြမ်းဖက်မှုဟာ သိပ်ကို ကြောက်စရာကောင်းပြီး Facebook မှာ သတင်းအချက်အလက်အမှားတွေနဲ့ အမုန်းစကားတွေကို တားဆီးဖို့အတွက် ကျွန်တော်တို့ဟာ အရမ်းနှေးနေပါသေးတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    ပြဿနာဖြစ်စေနိုင်တဲ့ ပို့စ်တွေကို စောင့်ကြည့်သူတွေထဲမှာ ၂၀၁၅ ခုနှစ်က မြန်မာစကားပြောသူ ၂ ယောက်သာ ရှိခဲ့ပါတယ်။

    ဒီကနေ့ အွန်လိုင်းကထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ Facebook က သူတို့အနေနဲ့ အမုန်းစကားတွေကို အလိုအလျောက် သိရှိနိုင်တဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုနေပြီး၊ ပို့စ်တွေစောင့်ကြည့်ဖို့အတွက် မြန်မာစကားပြောသူတွေကိုလည်း ပိုမိုခန့်အပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဇွန်လအထိ မြန်မာစကား ကျွမ်းကျင်သူ ၆၀ ကျော် ရှိရာကနေ အခုနှစ်ကုန်မှာ အနည်းဆုံး ၁၀၀ လောက်အထိ ထားရှိသွားဖို့အတွက် စီစဉ်နေတယ်လို့လည်း Facebook က ဆိုပါတယ်။

    ရိုက်တာရဲ့ Why Facebook is losing the war on hate speech in Myanmar ဆောင်းပါးဟာ Facebook ပေါ်မှာ ပြီးခဲ့တဲ့တစ်ပတ်ကအထိ ရှိနေတဲ့ ရိုဟင်ဂျာနဲ့ မွတ်စလင်ဆန့်ကျင်ရေး ပို့စ်တွေ၊ မှတ်ချက်တွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ စုစုပေါင်း တစ်ထောင်ကျော်လောက်ကို ကိုးကားဖော်ပြခဲ့တာဖြစ်ပြီး မွတ်စလင်တွေကို လိင်ပိုင်းဆိုင်ရာနဲ့ စော်ကားထားတဲ့ ဓာတ်ပုံတွေအပါအ၀င် တစ်ချို့ရေးသားချက်တွေဟာ Facebook မှာ ၆ နှစ်လောက်အထိ တောက်လျှောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

    မွတ်စလင်တွေကို ခွေးတွေ၊ ၀က်တွေ၊ မုဒိမ်းကောင်းတွေလို့ ခေါ်ဝေါ်သုံးနှုန်းထားတာတွေ၊ လူမျိုးတုဉ်းသတ်ဖြတ်ဖို့ လှုံ့ဆော်ထားတာတဲ့ ပို့စ်တွေ၊ ရေးသားချက်တွေလည်း အများကြီး ထပ်ရှိသေးတယ်လို့ ရိုက်တာသတင်းဌာနရဲ့ အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

    လက်ရှိ Facebook ဟာ မြန်မာဘာသာစကားကို ဘာသာပြန်ဖို့ အခက်တွေ့နေတာကြောင့် အသုံးပြုသူတွေရဲ့ တိုင်ကြားမှုကို အားပြုကာ အမုန်းစကားတွေကို တားဆီးနေရတာ ဖြစ်ပါတယ်။

    သုတေသနပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ မွတ်စလင်တွေအပေါ် မုန်းတီးရေး ၀ါဒဖြန့်ရာမှာ Facebook ဟာ အသုံးချခံနေရတယ်ဆိုတာ Facebook ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သတိပေးခဲ့ပါတယ်။

    ဒီကနေ့ Facebook ရဲ့ ကြေငြာချက်မှာတော့ သူတို့ဟာ အမုန်းဝါဒီတွေ၊ အမုန်းဆောင်အဖွဲ့အစည်းတွေရဲ့ အကောင့်တော်တော်များများကို ပိတ်ပစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • စစ်တွေပေါက်ကွဲမှုအတွက် ဖမ်းဆီးထားသူ ၂ ဦးကို နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင် ၆ လချ

    စစ်တွေပေါက်ကွဲမှုအတွက် ဖမ်းဆီးထားသူ ၂ ဦးကို နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင် ၆ လချ

    သြဂုတ် ၁၀၊ ၂၀၁၈
    M-Media

    Photo credit – Irrawaddy

    – ဖေဖော်ဝါရီလက ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှု ၃ ခုမှာ သံသယရှိသူအဖြစ် ဖမ်းဆီးတရားစွဲဆိုခံထားရသူတွေထဲက ၂ ဦးကို တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။

    ကိုသန်းဆွေနဲ့ ကိုမောင်မြင့်ကြည်တို့ ဖြစ်ကြပြီး သူတို့ကတော့ ရဲတပ်ဖွဲ့ဟာ ပေါက်ကွဲမှုတွေအတွက် ဘာသက်သေအထောက်အထားမှ မရှိဘဲနဲ့ သူတို့ဖမ်းဆီးကာ တရားစွဲဆို ထောင်ချခဲ့တာဖြစ်တယ်လို့ အမိန့်ချမှတ်မှုအပြီးမှာ ပြောကြားခဲ့ပါတယ်။

    “ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး သူတို့ဟာ ကျွန်တော့်ကို အဆက်မပြတ် မေးခဲ့ပါတယ်။ ကျွန်တော်က ဘာမှမသိဘူးလို့ပြောလည်း သူတို့က ဘာပဲဖြစ်ဖြစ် တစ်ခုခုပြောလိုက်ဆိုပြီး ပြောခိုင်းပါတယ်။ ကျွန်တော်က ဘာမှပြောစရာမရှိဘူးလို့ပြောရင် သူတို့က ကျွန်တော့်ဇနီးအကြောင်း မေးတယ်။ နယ်စပ်ကို ကျွန်တော်တို့သွားခဲ့လားဆိုတာ ကျွန်တော့်ကို သူတို့မေးတယ်။ ဗုံးခွဲမှုနဲ့ ဘာမှမဆိုင်ဘူးလို့လည်း ပြောတယ်။ အဲဒီလိုပြောဖို့ ကျွန်တော့်ကို ဖိအားပေးခဲ့ပြီး လက်မှတ်ထိုးခိုင်းခဲ့ပါတယ်” လို့ ကိုသန်းဆွေက ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၂၄ ရက်နေ့က စစ်တွေမြို့ တရားရုံးအရှေ့၊ မြေစာရင်းဌာနအရှေ့နဲ့ ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေရဲ့ အိမ်နောက်ဖေးတွေမှာ ပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ပါတယ်။

    အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဒေသခံ ၉ ဦးကို ဖမ်းဆီးကာ အထောက်အထားမခိုင်လုံတဲ့အတွက် မတ်လမှာ ၅ ဦးကို လွှတ်ပေးခဲ့ပါတယ်။ ကိုသန်းဆွေနဲ့ ကိုမောင်မြင့်ကြည်တို့ကို တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားစွဲခဲ့ပြီး ကျန်နှစ်ဦးကိုတော့ အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

    ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးအောင်မြတ်မိုးက ရှာဖွေတွေ့ရှိမှုတွေအရ သက်သေအထောက်အထား ခိုင်လုံတဲ့အတွက် တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု၊ ဗုံးခွဲမှုတွေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ကြောင်း၊ သူတို့ဟာ ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပြီး တရားရုံးက ဆုံးဖြတ်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကိုမောင်မြင့်ကြည်ကတော့ ဗုံးခွဲမှုမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ကို တစ်နေ့လုံး တစ်ညလုံး လုံးဝ အိပ်ခွင့်မပေးဘူးဗျ။ နေ့စဉ်နဲ့အမျှဖြစ်လာတော့ ကျွန်တော်တို့ မခံနိုင်တော့ဘူး။ ဗုံးခွဲတဲ့ကိစ္စကို မသိရင်လည်း တစ်ခုခုပြောဆိုပြီး သူတို့က ပြောခိုင်းတယ်။ ဘာမှမပြောရင် ထောင်ကျမယ်လို့ သူတို့က ပြောပါတယ်”

    အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ၂ ဦးကတော့ လက်ရှိမှာ တရားရင်ဆိုင်နရပါတယ်။

    Ref: Irrawaddy

  • ကျောက်ဖြူစီမံကိန်း တရုတ်ကို မပေးချင်ဘဲ ပေးခဲ့ရသည်ဟု ၀န်ကြီးဟောင်းပြော

    ကျောက်ဖြူစီမံကိန်း တရုတ်ကို မပေးချင်ဘဲ ပေးခဲ့ရသည်ဟု ၀န်ကြီးဟောင်းပြော

    သြဂုတ် ၆၊ ၂၀၁၈
    M-Media

    ကျောက်ဖြူ အထူးစီးပွားရေးဇုန် ပုံစံငယ်

    – ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေကို တရုတ်ထံ မပေးချင်ပေမယ့် ရွေးချယ်စရာမရှိလို့ ပေးလိုက်ရတာဖြစ်တယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက်က အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးကံဇော်က ပြောကြားလိုက်ပါတယ်။

    ဒီစီမံကိန်းနှစ်ခုစလုံးကို တရုတ်နိုင်ငံပိုင်လုပ်ငန်း China International Trust and Investment Corporation (CITIC) က ၂၀၁၅ ခုနှစ်မှာ လုပ်ပိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဦးကံဇော်ကတော့ ဦးသိန်းစိန်အစိုးရဟာ ဒီစီမံကိန်းနှစ်ခုအတွက် အမေရိကန်နဲ့ အီးယူတို့က ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဦးကံဇော်ဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း တင်ဒါရွေးချယ်ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    “နိုင်ငံတကာလုပ်ငန်းတွေကို တင်ဒါအတွက် ကမ်းလှမ်းခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်လာတာကို ကျွန်တော်တို့ မကြိုက်ပါဘူး။ ဟောင်ကောင်လုပ်ငန်းတွေက တင်ဒါလာတင်တယ်။ အမေရိကန်နဲ့ အီးယူတို့ကလာဖို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ မလာပါဘူး” လို့ ဦးကံဇော်က ပြောပါတယ်။

    ကနဦးတွက်ချက်မှုတွေအရ ရေနက်ဆိပ်ကမ်းတန်ဖိုးဟာ ကန်ဒေါ်လာ ၇.၃ ဘီလီယံရှိပြီး၊ အထူးစီးပွားရေးဇုန်က ၂.၇ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ သဘောတူညီချက်အရ ဒီစီမံကိန်း ၂ ခုစလုံးကို CITIC က တည်ဆောက်ကာ ပထမနှစ် ၅၀ ကို လုပ်ကိုင်မှာဖြစ်ပြီး နောက်ထပ် ၂၅ နှစ် သက်တမ်းထပ်တိုးနိုင်ဖို့အတွက်လည်း ခွင့်ပြုထားပါတယ်။

    ဦးသိန်းစိန်အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ ကနဦးသဘောတူညီချက်အရ CITIC ဟာ ရေနက်ဆိပ်ကမ်းရဲ့ ရှယ်ယာ ၈၅ ရာခိုင်နှုန်း၊ အထူးစီးပွားရေးဇုန်ရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရယူမယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် မြန်မာနိုင်ငံက တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ထိလွယ်ရှလွယ်မှုတွေ ရှိလာနိုင်တာကြောင့် နောက်ပိုင်းမှာ တရုတ်က ရေနက်ဆိပ်ကမ်းရဲ့ ရှယ်ယာကို ၇၀ ရာခိုင်နှုန်းသာ ရယူတော့မယ်လို့ Asia Maritime Transparency Initiative က ဖော်ပြပါတယ်။ အထူးစီးပွားရေးဇုန်ရဲ့ ပိုင်ဆိုင်မှုကိစ္စကို အပြီးမသတ်ရသေးပါဘူး။

    ဦးကံဇော်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် မဲခွဲမှုမှာ အမတ်တွေရဲ့ ၉၅ ရာခိုင်နှုန်းက စီမံကိန်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပြီး၊ ဆွေးနွေးမှုမှာ အဲဒီတုန်းက လွှတ်တော်အမတ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “စီမံကိန်းကို လွှတ်တော်မှာ အသေးစိတ် ရှင်းပြခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် (ထိုစဉ်က လွှတ်တော်အမတ်) ဟာ လွှတ်တော်က ဆုံးဖြတ်ချက်ချတဲ့အချိန်၊ ဦးရွှေမန်း (ယခင် အမျိုးသားလွှတ်တော်ဥက္ကဌ) ဦးဆောင်တဲ့ ဆက်စပ်အစည်းအဝေးလုပ်တဲ့အချိန်တွေမှာလည်း ရှိခဲ့ပါတယ်။ NLD က ပါထောက်ခံလို့ ထောက်ခံမဲ ၉၅ ရာခိုင်နှုန်း ရခဲ့တာပါ”

    စီမံကိန်းဟာ ပွင့်လင်မြင်သာမှုမရှိဘူးဆိုတဲ့ စကားတွေကို မိမိလက်မခံကြောင်း၊ ရခိုင်အမတ်တွေကလည်း ဒီစီမံကိန်းကို ထောက်ခံခဲ့ကြောင်း၊ မိမိအနေနဲ့ စိတ်သန့်ပြီး၊ တာဝန်အပြည့်အ၀ယူကြောင်းလည်း ဦးကံဇော်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကျောက်ဖြူမြို့နယ်က လွှတ်တော်အမတ် ဦးဘရှိန်က ရခိုင်လွှတ်တော်အမတ်တွေဟာ တရုတ်နဲ့ မြန်မာအကြား ၈၅-၁၅ ပိုင်ဆိုင်ခွင့်ကို မထောက်ခံခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “အရင်အစိုးရတုန်းက သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ကျွန်တော်တို့ အခြေအတင် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအစိုးရလက်ထက်မှာတော့ ကျွန်တော်တို့ကို ဘာမှ အသိမပေးပါဘူး။ သတင်းစာတွေမှာ ဖော်ပြတာထက် ဘာမှပိုပြီး ကျွန်တော်တို့ မသိပါဘူး”

    ဘဏ္ဍာရေးနဲ့ စီမံကိန်း ဒုဝန်ကြီးဖြစ်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီရဲ့ ဥက္ကဌဖြစ်သူ ဦးဆက်အောင်က တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ ကျရောက်မှာကို စိုးရိမ်တဲ့အတွက် ရေနက်ဆိပ်ကမ်းတန်ဖိုးကို ကန်ဒေါ်လာ ၇.၃ ဘီလီယံကနေ ၁.၃ ဘီလီယံအထိ လျှော့ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကိုသွားရောက်စဉ် ကျောက်ဖြူကနေ ကူမင်းအထိ စီးပွားရေးလမ်းကြောင်းတစ်ခု ဖော်ဆောင်ဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သဘောတူခဲ့ပါတယ်။

    Ref: Irrawaddy

  • နိုင်ငံဖြတ် တရုတ်ရေနံပိုင်လိုင်းကြောင့် ရခိုင်ပြည်သူများ နစ်နာမှု မြင့်တက်

    နိုင်ငံဖြတ် တရုတ်ရေနံပိုင်လိုင်းကြောင့် ရခိုင်ပြည်သူများ နစ်နာမှု မြင့်တက်

    ဇူလိုင် ၉၊ ၂၀၁၈
    M-Media

    မြန်မာစစ်တပ်၏ ကာကွယ်မှုကို အပြည့်အ၀ ရထားသည့် နိုင်ငံဖြတ် တရုတ်ပိုက်လိုင်း

    – လက်ရှိ ဆောက်လုပ်ဆဲ တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြေယာဆုံးရှုံးမှုတွေ ရှိတဲ့အတွက် ရခိုင်ပြည်သူတွေဟာ ပြီးခဲ့တဲ့လတွေမှာ မကြာခဏဆိုသလို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်အထိ သွယ်တန်းထားတဲ့ အဲဒီ ပိုက်လိုင်းဟာ မြန်မာနိုင်ငံကို ကန့်လန်ဖြတ်သွားပြီး ရခိုင်ပြည်နယ်ကထွက်တဲ့ ဓာတ်ငွေ့နဲ့ အရှေ့အလယ်ပိုင်းက တင်သွင်းတဲ့ ရေနံတွေကို တရုတ်နိုင်ငံကို တင်ပို့ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ဧပြီလ ၂၆ ရက်နေ့မှာ အမ်းမြို့နယ်က လယ်သမားတွေဟာ ပိုက်လိုင်းကို အဓိက ပိုင်ဆိုင်တဲ့ တရုတ်နိုင်ငံပိုင်လုပ်ငန်း China National Petroleum Corporation (CNPC) ကို ဆန္ဒပြခဲ့ကြပြီး ပိုက်လိုင်းကြောင့် လယ်ယာတွေ ဆုံးရှုံးမှု၊ သီးနှံတွေ ပျက်ဆီးမှုတွေကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကြပါတယ်။ CNPC ကို Petro-China လို့လည်း ခေါ်ဆိုပါတယ်။

    စီမံကိန်းကြောင့် ရခိုင်ပြည်သူတွေရဲ့ လယ်ယာမြေတွေ တော်တော်များများ အသိမ်းခံခဲ့ရပြီး အဲဒီမြေအတွက် လျော်ကြေးမရမှုကို မကျေနပ်တာကြောင့် မတ်လ ၂၂ ရက်နေ့မှာ ရခိုင်လယ်သမား ၁၀၀၀ လောက်ဟာ Petro-China ကို ဆန္ဒပြခဲ့ကြပါတယ်။

    ပိုက်လိုင်းစီမံကိန်းမှာ အရာရှိနဲ့ ကျွမ်းကျင်လုပ်သားတွေကို တရုတ်နိုင်ငံကနေ ခေါ်ယူအသုံးပြုပြီး ဒေသခံတွေကို ကာယလုပ်သားအဖြစ်သာ ခန့်အပ်မှုအပေါ် ရခိုင်ပြည်သူတွေက ဝေဖန်နေကြပါတယ်။

    ကျောက်ဖြူမှာ အထူးစီးပွားရေးဇုန်တစ်ခုနဲ့ ရေနက်ဆိပ်ကမ်းတစ်ခု ဆောက်လုပ်နေပြီး တရုတ်နိုင်ငံပိုင် လုပ်ငန်းက ရှယ်ယာအများစုကို ရယူထားကာ၊ မြန်မာအစိုးရကတော့ အနည်းငယ်ပဲ ပါဝင်ပါတယ်။ မြန်မာအစိုးရဟာ တရုတ်ထံကနေ အတိုးနဲ့ ငွေချေးကာ ဒီစီမံကိန်းမှာ ထည့်ဝင်ထားရပြီး ကျွမ်းကျင်သူတွေက မြန်မာနိုင်ငံဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ ကျဆင်းမယ့်အန္တရာယ် ရှိနေတယ်လို့ သတိပေးထားပါတယ်။

    Ref : Economic Times

  • ချင်းလူမျိုးများကို ဒုက္ခသည်အဖြစ်သတ်မှတ်မှု ကုလ ရပ်ဆိုင်းမည်

    ချင်းလူမျိုးများကို ဒုက္ခသည်အဖြစ်သတ်မှတ်မှု ကုလ ရပ်ဆိုင်းမည်

    ဇူလိုင် ၆၊ ၂၀၁၈
    M-Media

    မလေးရှားရှိ ချင်းလူမျိုးများ ဆန္ဒပြမှု မြင်ကွင်း

    – ချင်းပြည်နယ်မှာ အခြေအနေတွေဟာ တည်ငြိမ်ပြီး လုံခြုံလာတာကြောင့် ချင်းလူမျိုးတွေကို ဒုက္ခသည်အဖြစ် သတ်မှတ်မှုကို ရပ်ဆိုင်းသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပြီး ချင်းလူမျိုးတွေကတော့ ဒါကို ကန့်ကွက်ခဲ့ပါတယ်။

    မလေးရှားနိုင်ငံမှာရှိတဲ့ UNHCR အဖွဲ့က သူတို့ဟာ သြဂုတ်လကစပြီး ချင်းလူမျိုးတွေကို ဒုက္ခသည်အဆင့်ကနေ ပယ်ဖျက်တော့မယ်လို့ ဇွန်လ ၁၃ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ ချင်းလူမျိုးတွေဟာ မလေးရှားမှာ ဒုတိယအများဆုံး ဒုက္ခသည်အုပ်စု ဖြစ်ပါတယ်။

    ချင်းလူမျိုးတွေကတော့ UNHCR ရဲ့ ဒီကြေငြာချက်ကို ကန့်ကွက်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့က UNHCR ရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြမှုကို ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ ACR က ဦးဆောင်တာဖြစ်ပြီး ကျောင်းသားကလေးငယ်တွေလည်း ပါဝင်ပါတယ်။

    “ကျွန်တော်တို့ဟာ ဒုက္ခသည်တွေဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားတွေ မဟုတ်ပါဘူး။ နောက်တစ်ပတ်မှာ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များအစည်းအဝေး ကျင်းပဖို့ ရှိနေပြီး ကျွန်တော်တို့အခြေအနေကို သူတို့ အာရုံစိုက်လာစေဖို့ ဒီဆန္ဒပြမှုကို ပြုလုပ်တာဖြစ်ပါတယ်” လို ACR အဖွဲ့ရဲ့ ညှိနှိုင်းဆွေးနွေးရေးမှူး James Bawi Thang Bik က ပြောကြားခဲ့ပါတယ်။

    UNHCR ကတော့ မြန်မာနိုင်ငံ ချင်းပြည်နယ်က နိုင်ငံရေ၊ လူမှုရေး၊ လုံခြုံရေးဆိုင်ရာ တိုးတက်မှုတွေကို သုံးသပ်ခဲ့ပြီး ရေရှည်တည်တံ့မယ့် အနေအထားကို မြင်နေရတဲ့အတွက် ဒီလို ဆုံးဖြတ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ချင်းဒုက္ခသည်တွေဟာ မြန်မာအစိုးရရဲ့ ကာကွယ်ပေးမှုကို ရရှိကာ အန္တရာယ်ကင်းမှာ ဖြစ်တဲ့အတွက် UNHCR ရဲ့ ကာကွယ်ပေးမှုကို မလိုအပ်တော့ဘူးလို့ UNHCR က ယူဆပါတယ်”

    သြဂုတ်လကစလို့ UNHCR မှာ သက်တမ်းလာတိုတဲ့ ချင်းဒုက္ခသည်တွေအနေနဲ့ အင်တာဗျူးဖြေစရာမလိုဘ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ ဒုက္ခသည်ကဒ်ကို သက်တမ်းတိုးပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကနေစပြီး ဒီကဒ်တွေရဲ့ အကျုံးဝင်မှုကို ရပ်ဆိုင်းမှာဖြစ်ပြီး နောက်ထပ် ထုတ်ပေးမှာ မဟုတ်တော့ပါဘူး။

    ဒီဆုံးဖြတ်ချက်ဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့အတွက် မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယတို့က ချင်းဒုက္ခသည်တွေအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

    Ref: The Star