News @ M-Media

Tag: Minority In Myanmar

  • ကချင်ပြည်နယ်တွင် တစ်နှစ်ခွဲအတွင်း ခရစ်ယာန်ဘုရားကျောင်း ၆၀ ဖျက်ဆီးခံရ

    ကချင်ပြည်နယ်တွင် တစ်နှစ်ခွဲအတွင်း ခရစ်ယာန်ဘုရားကျောင်း ၆၀ ဖျက်ဆီးခံရ

    ဇူလိုင် ၄၊ ၂၀၁၈
    M-Media

    ကချင်ပြည်နယ်မှ ခရစ်ယာန် ဘုရားကျောင်းတစ်ခု

    – ပြီးခဲ့တဲ့တစ်နှစ်ခွဲအတွင်း ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘုရားကျောင်း ၆၀ လောက်ကို ဖျက်ဆီးခဲ့ပြီး အဲဒီအထဲက တစ်ချို့ကို ဘုရားတွေအဖြစ် အသွင်ပြောင်းခဲ့တယ်လို့ ၀ါရှင်တန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်သတင်းဌာန The Christian Post က ဖော်ပြပါတယ်။

    အဲဒီဒေသကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ အမေရိကန် သင်းအုပ်ဆရာတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့လတွေအတွင်း မြန်မာစစ်တပ်နဲ့ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့အကြား တိုက်ခိုက်မှုတွေ အရှိန်မြင့်ခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ကဲလားမြို့မှာ Northwood Church ဘုရားကျောင်းကို တည်ထောင်ထားပြီး မကြာသေးခင်ကမှ ကချင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ သင်းအုပ်ဆရာ ဘော့ဘ် ရောဘတ်က KIA နဲ့ မြန်မာစစ်တပ်တို့ အပစ်ရပ်ရေး ပျက်ပြယ်သွားတဲ့ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ကချင်ပြည်နယ်မှာ ရွာပေါင်း ၄၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြည်နယ်လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်း ခရစ်ယာန်တွေဖြစ်ကြတဲ့ ကချင်တွေဟာ လတ်တလော တိုက်ခိုက်မှုတွေမှာ ပိုမိုဆိုးဝါးစွာ ထိခိုက်ခံစားခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

    “လွန်ခဲ့တဲ့ ၁၈ လအတွင်း သူတို့ဟာ ခရစ်ယာန်ဘုရားကျောင်း ၆၀ ကို ဗုံးကြဲခဲ့တယ်။ အဲဒီ ဗုံးကြဲခဲ့တဲ့ ၆၀ ထဲက နေရာ ၂၀ ကို ဘုရားတွေတည်ပြီး အပိုင်သိမ်းလိုက်ကြတယ်။ တော်တော်ကို ဆိုးဆိုးဝါးဝါး ကိစ္စပါ။ ရှင်းရှင်းလင်းလင်းပြောရရင် လူမျိုးစုလိုက် ရှင်းလင်းနေသလိုပါပဲ” လို့ သင်းအုပ်ဆရာ ရောဘတ်က The Christian Post နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာကြီးက ရိုဟင်ဂျာကိစ္စကိုသာ အာရုံစိုက်နေတဲ့အချိန် ရခိုင်မှာ အသုံးပြုခဲ့တဲ့ စစ်တပ် တော်တော်မျာများကို ကချင်ပြည်နယ်ကိုရွှေ့ပြီး တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတယ်လို့လည်း ဆိုပါတယ်။

    “ရခိုင်က တပ်ဖွဲ့တွေကို သုံးနေတယ်ဆိုတဲ့ကိစ္စဟာ တော်တော်လေး စိုးရိမ်စရာကောင်းတဲ့ အချက်တွေထဲကတစ်ခုပါ။ ရခိုင်မှာ လူသတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ ဒီလို ဆိုးဆိုးဝါးဝါးတွေ ဖြစ်ခဲ့တယ်။ (ကချင်ပြည်နယ်မှာ) ရိုဟင်ဂျာတွေလို အခြေအနေမျိုး မဖြစ်သေးပေမယ့် လွယ်လွယ်ကူကူ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုလည်း ရှိနေပါတယ်”

    အခြေအနေတွေဟာ တစ်ဖြည်းဖြည်းနဲ့ ဆိုးဝါးလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးကြီးမားမား ရှိနေကြောင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရပြီး ပြည်နယ်တစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခိုလှုံနေရတဲ့ ကချင်ပြည်သူ ၁၃၀၀၀၀ လောက်ရှိကြောင်း သင်းအုပ်ဆရာရောဘတ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ကချင်ပြည်နယ်က နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတိုင်းနီးပါးမှာ ဒုက္ခသည် ၄၀၀ ကနေ ၂၀၀၀ လောက်အထိ ရှိနေပါတယ်။ Kachin Baptist Convention အသင်းဟာ ကယ်ဆယ်ရေးလုပ်နေရပြီး၊ သူတို့တွေကို ကူညီဖို့ ကြိုးစားနေကြပါတယ်”

    ရောဘတ်ဟာ ကချင်ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံ စကားပြောခဲ့ပြီး အမျိုးသမီးတွေ အဓမ္မကျင့်ခံရတာ၊ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှုတွေကို မျက်မြင်ကြုံရတာ စတဲ့ အကြောင်းအရာတွေကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

    “သားအဖနှစ်ယောက်ဆိုရင် ကွင်းပြင်မှာ နွားကျောင်းနေရင် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သူတို့ဆီပျံလာကာ ပစ်ခတ်တာနဲ့ ကြုံရပြီး သားကသေသွားတယ်။ ဖအေက ဒူးခေါင်းမှာ ဒဏ်ရာရခဲ့တယ်။ သူ့သားကို အမြန်မြေမြှုပ်ပြီး သူက ရွာကနေ ထွက်ပြေးခဲ့ရတယ်”

    ပြီးခဲ့တဲ့နှစ်အတွင်း ကချင်ပြည်နယ်မှာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှု အကြိမ် ၆ ၀၀ လောက်ရှိခဲ့တယ်လို့လည်း ရောဘတ်က ပြောပါတယ်။

    အနောက်တိုင်းက ခရစ်ယာန်တွေဟာ သူတို့ကို မေ့ထားတယ်လို့ ကချင်ပြည်သူတွေက ခံစားနေရကြောင်း၊ တကယ်လည်း ကချင်ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကို အနောက်နိုင်ငံတွေက မသိကြကြောင်း ရောဘတ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အမေရိကန်က အသင်းတော်အနေနဲ့ ဒီကိစ္စကို ကျယ်ကျယ်လောင်လောင်ပြောကြားဖို့၊ ဒီကိစ္စတွေအပေါ် အရေးယူရေး အစိုးရကို ဖိအားပေးဖို့ တိုက်တွန်းခဲ့သလို၊ သူနဲ့ အခြား ဘာသာရေးခေါင်းဆောင်တွေဟာ ဒီကိစ္စအတွက် သမ္မတထရမ့်နဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ဆီ စာရေးသားကာ မြန်မာနိုင်ငံ အပေါ် ပိုမိုအရေးယူဖို့၊ ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ဖို့ တောင်းဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ရောဘတ်ဟာ အခြားသော ဧ၀ံဂေလိ ခရစ်ယာန်ခေါင်းဆောင်တွေ စာမှာ လက်မှတ်ထိုးဖို့ ပြောဆိုထားပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ ပေးပို့သွားဖို့ ရှိနေပါတယ်။

    Kachin Baptist Convention ကို ငွေကြေးထောက်ပံ့ဖို့လည်း အမေရိကန်အသင်းတော်ကို ရောဘတ်က တိုက်တွန်းခဲ့ပါတယ်။

    Ref: Christian Post

  • စစ်တပ်က ကန့်ကွက်၍ ၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားအခွင့်အရေး ဆွေးနွေးခွင့်မရ

    စစ်တပ်က ကန့်ကွက်၍ ၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားအခွင့်အရေး ဆွေးနွေးခွင့်မရ

    ဇူလိုင် ၂၊ ၂၀၁၈
    M-Media

    – မြန်မာစစ်တပ်ရဲ့ ကန့်ကွက်မှုကြောင့် ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ တတိယမြောက်အစည်းအဝေးမှာ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ထည့်သွင်းဆွေးနွေးမှာမဟုတ်ဘူးလို့ သိရပါတယ်။

    နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အခုလအတွင်း ပြုလုပ်မယ့် တတိယမြောက်အစည်းအဝေးမှာ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ကျားမ တန်းတူညီမျှရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့အတွက် နေပြည်တော်မှာ သောကြာနေ့ကပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်က ကျား မ တန်းတူညီမျှရေးကိုပဲ ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။

    “နိုင်ငံသားအခွင့်အရေးမှာ တိုင်းရင်းသားအခွင့်အရေးပါ ပါပြီးသားလို့ တပ်မတော်က ပြောပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေက တိုင်းရင်းသားအခွင့်အရေး၊ လူနည်းစုအခွင့်အရေးဆိုတာ ရှိရမယ်လို့ ထောက်ပြ ပြောကြားခဲ့ပါတယ်။ နှစ်ဖက် သဘောတူညီမှု မရပါဘူး” လို့ ကချင်ဒီမိုကရေစီပါတီ ဥက္ကဌဖြစ်ပြီး UPDJC ရဲ့ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာ တူဂျာက ပြောကြားခဲ့ပါတယ်။

    “အကြောင်းအရာကို ဆွေးနွေးဖို့ ကန့်ကွက်တာမျိုးထက် အသုံးအနှုန်းကို ကန့်ကွက်တာမျိုးပါ။ တပ်မတော်က လူနည်းစု တိုင်းရင်းသားဆိုတာ နိုင်ငံသားထဲမှာ အကျုံးဝင်တယ်လို့ ပြောတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဆွေးနွေးမှုကို ရပ်တန့်ခဲ့ပါတယ်။ အရေးကြီးတဲ့ ဖက်ဒရယ်ကိစ္စကို အခုအချိန်အထိ မဆွေးနွေးနိုင်သေးပေမယ့် အခြားကိစ္စတွေကိုတော့ ဆွေးနွေးနိုင်မှာပါ” လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းကျော်ညွန့်က ပြောကြားခဲ့ပါတယ်။

    ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံရဲ့ ကနဦး နိုင်ငံရေးဆွေးနွေးပွဲတွေကို ဇွန်လ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ညီလာခံမှာ ဆွေးနွေးမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လယ်ယာကိစ္စ၊ လုံခြုံရေးကိစ္စ စတဲ့ အဓိကခေါင်းစဉ် ၅ ရပ်အတွက် အခြေခံ စည်းမျဉ်တွေ ချမှတ်ရေး ညှိနှိုင်းခဲ့ကြပါတယ်။

    ဒါပေမယ့် သဘောတူညီချက် မရတာကြောင့် UPDJC အစည်းအဝေးကို ဇူလိုင်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

    “အချို့ကဏ္ဍတွေမှာ ကျွန်တော်တို့ဟာ သဘောတူညီချက် မရခဲ့ပါဘူး။ ဒါပေမယ့် ထပ်ပြီး ဆွေးနွေးရင် သဘောတူညီချက် ရကောင်းရနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ဒုတိယဥက္ကဌ ဒေါက်တာ Salai Lian Hmung Sakhong က ပြောကြားခဲ့ပါတယ်။

    သူက တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့် မရမချင်း ဆက်လက်တောင်းဆိုနေမှာဖြစ်ကြောင်း UPDJC အစည်းအဝေးမှာ ပြောကြားခဲ့ပြီး “ခွဲထွက်ခွင့်” ဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးဖြစ်တယ်ဆိုတဲ့ သမိုင်းဝင် ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ ကတိက၀တ်ကို ထောက်ပြခဲ့ပါတယ်။

    စစ်ခေါင်းဆောင်တွေက ဒေါက်တာ Salai Lian Hmung Sakhong ရဲ့ မှတ်ချက်တွေကို သဘောမကျဘူးလို့ UPKDJC အတွင်းရေးမှူးအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဦးစိုင်းကျော်ညွန့်က ပြောကြားခဲ့ပါတယ်။

    “ဒီတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးလို့ မရဘူးဆိုတာကတော့ အရှိတရားပါပဲ”

    Ref: Irrawaddy

  • မြန်မာအာဏာပိုင်များ၏ ခွဲခြားမှုပေါ်လစီကြောင့် ထိုင်းရောက်မြန်မာမွတ်စလင်များ မှတ်ပုံတင်ရေး အခက်တွေ့

    မြန်မာအာဏာပိုင်များ၏ ခွဲခြားမှုပေါ်လစီကြောင့် ထိုင်းရောက်မြန်မာမွတ်စလင်များ မှတ်ပုံတင်ရေး အခက်တွေ့

    ဇူလိုင် ၁၊ ၂၀၁၈
    M-Media

    ထိုင်း-မြန်မာနယ်စပ် ချောင်းတစ်ခုတွင်တွေ့ရသည့် မြန်မာနိုင်ငံသားများ

    – မြန်မာအာဏာပိုင်တွေ့ရဲ့ ကန့်သတ်ခွဲခြားမှုတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေ ထိုင်းအစိုးရဆီ မှတ်ပုံတင်ရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောကြားလိုက်ပါတယ်။

    ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေ့ပြောင်းလုပ်သားတွေ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်နေပြီး အထောက်အထားမဲ့ လုပ်သားတွေအနေနဲ့ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ မိခင်နိုင်ငံက အသိအမှတ်ပြုစာရွက်စာတမ်းတွေကို တင်ပြရမှာ ဖြစ်ပါတယ်။

    အဲဒီလို မတင်ပြနိုင်ဘူးဆိုရင် တရားမ၀င် ရွှေ့ပြောင်းလုပ်သားအဖြစ် သတ်မှတ်မှာဖြစ်ပြီ ဖမ်းမိရင် ဘတ် ၅ သောင်း (ကျပ် သိန်း ၂၀ ကျော်) ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ကနေ နယ်နှင်ခံရမှာဖြစ်သလို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပါမစ် ၂ နှစ်အထိ လျှောက်လို့ရမှာ မဟုတ်ပါဘူး။

    လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Burma Human Rights Network က မဲဆောက်မှာ ၂၀၁၈ ခုနှစ် မတ်လကနေ မေလအထိ စစ်တမ်းကောက်ယူမှုအတွင်း မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင် ရွှေ့ပြောင်းလုပ်သားတွေဟာ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်မှာ မြန်မာအာဏာပိုင်တွေရဲ့ စနစ်တကျ ခွဲခြားဆက်ဆံမှုကို ခံနေရတယ်ဆိုတာ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ နိုင်ငံမဲ့လိုဖြစ်နေတဲ့ကိစ္စဟာ အခု ထိုင်းနိုင်ငံမှာပါ ပြဿနာတစ်ခု ဖြစ်လာပါပြီ။ အစ္စလာမ်ဘာသာဝင် ရွှေ့ပြောင်းလုပ်သားတွေဟာ ကူရာကယ်ရာမဲ့ဖြစ်လာပြီး ထိုင်းအစိုးရရဲ့ ရွေ့ပြောင်းလုပ်သား မှတ်ပုံရေးလုပ်ငန်းစဉ်ကို ထိုခိုက်စေပါတယ်”

    အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မိခင်နိုင်ငံက CI လို့ခေါ်တဲ့ အသိအမှတ်ပြု ထောက်ခံချက် တင်ပြဖို့အတွက် ထိုင်းအစိုးရက အမိန့်ုထုတ်ပြန်ပါတယ်။

    အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာအာဏာပိုင်တွေဆီက အဲဒီထောက်ခံချက်ရဖို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေသာ တင်ပြရပေမယ့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေဟာ အဲဒီနှစ်ခုအပြင် သူတို့နေထိုင်ရာဒေသက ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာတွေကိုပါ တင်ပြရပါတယ်။ တစ်ချို့လူတွေဆိုရင် အဲဒါတွေအပြင် မြန်မာအာဏာပိုင်တွေက နောက်ထပ် အထောက်အထားတွေကိုပါ ထပ်ပြီးတောင်းတယ်လို့ ဆိုပါတယ်။

    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး မြန်မာနိုင်ငံသားမှန်ရင် ဘာသာမရွေး CI လျှောက်နိုင်တယ်လို့ ဖြေကြားပါတယ်။

    “မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိရင်တောင်မှ မြန်မာနိုင်ငံမှာ သူတို့နေထိုင်တဲ့ ဒေသက အလုပ်သမားရုံးကိုပြောပြီး CI လျှောက်လို့ရပါတယ်။ မွတ်စလင်၊ ဗုဒ္ဓဘာသာဆိုပြီး မခွဲပါဘူး”

    ထိုင်းနိုင်ငံမှာ အဖမ်းအဆီးတွေ တိုးမြှင့်လုပ်ဆောင်လာနေပေမယ့် သူတို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ မြန်မာနိုင်ငံသား အားလုံးနီးပါးဟာ မြန်မာနိုင်ငံကို မပြန်ချင်ဘဲ ထိုင်းမှာပဲ ဆက်နေချင်တယ်လို့ ဖြေကြားခဲ့ကြောင်း BHRN က ဖော်ပြခဲ့ပါတယ်။ ၄ ပုံ ၃ ပုံက သူတို့ဟာ စီးပွားရေးအဆင်မပြေတာကြောင့် မြန်မာနိုင်ငံကနေ ထွက်လာတာဖြစ်ကြောင်း ဖြေကြားခဲ့ပြီး၊ ဘာသာရေးဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးလာရတယ်လို့ ဖြေကြားသူလည်း အနည်းငယ် ရှိခဲ့ပါတယ်။

    Ref: Frontier Myanmar

  • မြန်မာ့ကျောက်စိမ်းလုပ်ငန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကမ္ဘာ့ကုမ္ပဏီများ ပါဝင်နေ

    မြန်မာ့ကျောက်စိမ်းလုပ်ငန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကမ္ဘာ့ကုမ္ပဏီများ ပါဝင်နေ

    ဇွန် ၂၂၊ ၂၀၁၈
    M-Media

    – ကချင်ပြည်နယ်က ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ သတ္တုတွင်းလုပ်ငန်းသုံးပစ္စည်းတွေ ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၃ ခု ပါဝင်နေတယ်လို့ ဆွီဒင်အခြေစိုက် ပရဟိတအဖွဲ့ Swedwatch က အခုတစ်ပတ်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက ကျောက်စိမ်းနဲ့ အခြား တန်ဖိုးကြီး တွင်းထွက်ပစ္စည်းတွေ အမြောက်အများထွက်ရာ နေရာတွေဟာ တိုင်းရင်းသားတွေနေထိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။

    ကချင်ပြည်နယ်က ကျောက်မြတ်ရတနာ လုပ်ငန်းတွေမှာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေရဲ့ မဆင်မခြင် လုပ်ငန်းလုပ်ကိုင်မှုကြောင့် ဒေသခံတွေရဲ့ မြေယာတွေ ဆုံးရှုံးတာ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ပျက်ဆီးတာ၊ မြေပြိုတာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ ဖြစ်ပေါ်နေပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရက တွင်းထွက်လုပ်ငန်းတွေကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သွားမယ်လို့ ပြောကြားခဲ့ပေမယ့် အခုအချိန်အထိ အကောင်အထည်မဖော်နိုင်သေးပါဘူး။

    “ကျောက်စိမ်းထွက်ရာဒေသတွေမှာ စက်ကိရိယာတွေကို အသုံးပြုမှုရဲ့ ထိခိုက်မှုက တော်တော်လေး ဆိုးဝါးနေပါတယ်။ (၂၀၀၀ ပြည့်နှစ်တွေနောက်ပိုင်း) ဧရာမစက်ကြီးတွေကို အသုံးပြီး လုပ်ငန်းတွေ စတင်လုပ်ဆောင်ကတည်းက မြေပြိုမှုတွေ၊ ရေကြီးမှုတွေကြောင့် လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ မြေယာအခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် အိမ်ထောင်စု တော်တော်များများဟာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရသလို၊ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေလို အကာကွယ်မဲ့တဲ့သူတွေဟာလည်း ကျန်းမာရေး သိသိသာသာ ဆိုးရွားမှုတွေ၊ မလုံခြုံမှုတွေကို ခံစားခဲ့ရပါတယ်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုလည်း ဆိုးရွားလာပြီး ဒေသခံပြည်သူတွေရဲ့ ရေရရှိမှု၊ တစ်ကိုယ်ရည် သန့်ရှင်းမှုတွေအပေါ် ထိခိုက်စေပါတယ်” လို့ Swedwatch ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကျောက်မြတ်ရတနာ တူးဖော်မှုနဲ့ သတ္တုတွင်းလုပ်ငန်းတွေဟာ ဒေသခံပြည်သူတွေအပေါ် ထိုခိုက်မှုအပြင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

    ခြစားမှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Global Witness က မြန်မာ့ ကျောက်မြတ်ရတနာလုပ်ငန်းဟာ ကန်ဒေါ်လာ ၃၁ ဘီလီယံတန်ဖိုးရှိနေပြီး ထွက်ကုန် ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်က တိုင်းပြည်အပြင်ဖက်ကို တရားမ၀င် ထွက်နေတယ်လို့ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေမှာ သူတို့ဆီကထုတ်တဲ့ စက်ပစ္စည်းတွေကို အသုံးပြုနေတယ်ဆိုတာ သတ္တုထွင်းလုပ်ငန်းသုံး ပစ္စည်းတွေထုတ်လုပ်တဲ့ Caterpillar၊ Volvo နဲ့ Komatsu တို့က လွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက သိရှိခဲ့ကြကြောင်း၊ ဒါပေမယ့် ဒါကို လျော့ပါးသွားအောင် မလုပ်ဆောင်ခဲ့ကြောင်း Swedwatch ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

    Ref: Coconuts

  • ကမ္ဘာ့ ဒုက္ခသည်အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၄ နေရာ ရှိနေ

    ကမ္ဘာ့ ဒုက္ခသည်အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၄ နေရာ ရှိနေ

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင် ဒုက္ခသည်စခန်း

    – ကမ္ဘာပေါ်က ဒုက္ခသည်အရေအတွက်မှာ မြန်မာနိုင်ငံက ထွက်ပြေးရသူတွေဟာ ၁.၂ သန်းလောက်ရှိနေပြီး စတုတ္ထမြောက်အများဆုံးဖြစ်နေတယ်လို့ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ သန်းဝက်လောက် ရှိခဲ့ရာကနေ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ နှစ်ဆကျော် တက်လာတာဖြစ်ပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အများဆုံးရှိတဲ့နိုင်ငံဟာ ၇ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ ဖြစ်ပြီး သူ့နောက်မှာ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်နဲ့ မြန်မာတို့က အသီးသီး ရပ်တည်နေပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံက ဒုက္ခသည် အများဆုံးလက်ခံထားရတဲ့ နိုင်ငံအဖြစ် စာရင်းဝင်နေပြီး ၉၃၂၀၀၀ လောက်ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးရတဲ့ ဒုက္ခသည် တစ်သိန်းလောက် ရှိနေကာ မလေးရှားမှာ ၉၈၀၀၀၊ အိန္ဒိယမှာ ၁၈၁၀၀ လောက်ရှိနေပါတယ်။

    ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ကမ္ဘာတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၆၈.၅ သန်းအထိ မြင့်တက်လာပြီး စံချိန်တင် မြင့်တက်လာတာဖြစ်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီစောင့်ရှောက်ပေးတဲ့ သူတွေကိုလည်း မဟာမင်းကြီးက ချီးကျူးခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ UNHCR ဟာ ကရင်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးတွေမှာ ‘ကမ္ဘာ့ဒုက္ခသည်များနေ့’ အခမ်းအနားတွေ ကျင်းပခဲ့ပြီး အစိုးရတာဝန်ရှိသူတွေ၊ ကရင်အမျိုးသားအစည်းအရုံးက ကိုယ်စားလှယ်တွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ ဒုက္ခသည်ဘ၀ကနေ မိမိနေရပ် ပြန်ရောက်လာကြသူတွေ တက်ရောက်ခဲ့ကြပါတယ်။

    Ref: Frontier Myanmar