News @ M-Media

Tag: Minority In Myanmar

  • လူ့အခွင့်အရေးဆုရ အသိုင်းအဝိုင်းမှ ဒေါ်အောင်ဆန်းစုကြည် ဖယ်ရှားခံရ

    လူ့အခွင့်အရေးဆုရ အသိုင်းအဝိုင်းမှ ဒေါ်အောင်ဆန်းစုကြည် ဖယ်ရှားခံရ

    စက်တင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    -ဥရောပလွှတ်တော်ဟာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှုဆု Sakharov Prize ကို ရရှိထားတဲ့ ဆုရအသိုင်းအဝိုင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားလိုက်ပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အလိုတူအလိုပါဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်တာလို့ ဆိုပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုမရခင် တစ်နှစ်အရင် ၁၉၉၀ ပြည့်နှစ်မှာ ဥရောပလွှတ်တော်က Sakharov Prize ဆုကို ချီးမြှင့်ခဲ့တာပါ။

    ၁၉၉၀ ပြည့်နှစ်မတိုင်ခင်က ဆောင်ရွက်ချက်တွေအတွက် ဒီဆုကို ပေးအပ်ခဲ့တာဖြစ်ပြီး ဆုကို ပြန်သိမ်းလို့မရပေမယ့် ဆုရတဲ့အသိုင်းအဝိုင်းကနေ ဖယ်ထုတ်လိုက်တာဟာ ဒီဆုနဲ့ပတ်သက်လို့ အပြင်းထန်ဆုံး အရေးယူမှုဖြစ်တယ်လို့ ဥရောပလွှတ်တော်ရင်းမြစ်တစ်ခုက သတင်းဌာနတွေကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒီလို ဖယ်ရှားခံလိုက်ရတာကြောင့် ဆုရသူတွေအတွက် ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ပေးတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကို ရွေးချယ်ချီးမြှင့်တဲ့ Sakharov ဆုကို ၁၉၈၈ ခုနှစ်က စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်အတွငး် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာအများအပြား အသတ်ခံရသလို ၇ သိန်းကျော်လောက်လည်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    ကုလစုံစမ်းစစ်ဆေးရေးမှူးတွေက ဒီကိစ္စမှာ လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မျိုး ရှိနိုင်တယ်လို့ ပြောကြားခဲ့ပြီး မြန်မာစစ်တပ်နဲ့ အစိုးရအဖွဲ့တို့က ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

    Ref: Aljazeera

  • မြန်မာစစ်သားနှစ်ယောက်၏ ထွက်ဆိုချက်ကို အခြေခံကာ ကနေဒါနှင့် နယ်သာလန်တို့က ICC တွင် တရားစွဲမည်

    မြန်မာစစ်သားနှစ်ယောက်၏ ထွက်ဆိုချက်ကို အခြေခံကာ ကနေဒါနှင့် နယ်သာလန်တို့က ICC တွင် တရားစွဲမည်

    စက်တင်ဘာ ၈၊ ၂၀၂၀
    M-Media

    ထွက်ဆိုချက်ပေးခဲ့သည့် မြန်မာစစ်သားနှစ်ဦး

    -ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ၀န်ခံခဲ့တဲ့ မြန်မာစစ်သားနှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တရားစွဲဆိုနိုင်ရေး ကနေဒါနဲ့ နယ်သာလန်တို့က ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

    ကနေဒါရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ကုလရဲ့ ကနေဒါသံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဘော့ရေးက စစ်သားနှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက စုံစမ်းစစ်ဆေးရာမှာ အကြီးအကျယ် သက်ရောက်မှု ရှိလိမ့်မယ်လို့ မနေ့က Global News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်သားနှစ်ယောက်ဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေကို ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်ပေမယ့် အရေးအကြီးဆုံးအချက်က လုပ်ရပ်တွေ ရာဇ၀တ်မှုမကင်းဘူးဆိုတာနဲ့ ဘယ်သူတွေပါ၀င်လဲဆိုတာ ဒီစစ်သားနှစ်ယောက် သိရှိထားမှု ဖြစ်တယ်လို့လည်း ကနေဒါသံအမတ်က ဆိုပါတယ်။

    “သက်သေအထောက်အထားဆိုတာက သူတို့နှစ်ယောက်ထက် သူတို့နှစ်ယောက် သိထားတာတွေပါ။ ဒီနှစ်ယောက်ဟာ သူတို့စိတ်နဲ့ သူတို့ကိုယ်နဲ့ လုပ်လိုက်တာမျိုး မဟုတ်သလို၊ တစ်လှေလုံးကိုပုပ်စေတဲ့ ငါးခုံမတွေလည်း မဟုတ်ပါဘူး။ သူတို့ရဲ့လုပ်ရပ်ဟာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စီစဥ်ထားတဲ့ စစ်တပ်ရဲ့ဗျူဟာ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ သက်သေအထောက်အထားတွေက ပြဆိုနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျန်တဲ့လူတွေကတော့ တရားရုံးမှာ အစမ်းသပ်ခံရမှာပါ”

    လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အဂ်ါနေ့မနက်မှာ ဖော်ပြခဲ့တဲ့ ဒီထွက်ဆိုချက်တွေဟာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ အခြားရာဇ၀တ်မှုကျူးလွန်တာတွေလို့ စစ်တပ်ရဲ့ စီမံကိန်းမှာ ပါ၀င်တဲ့ စစ်သားတွေရဲ့ ပထမဆုံး လူသိရှင်ကြား ၀န်ခံမှုဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် သြဂုတ်လက စတင်တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘဂ်လားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရပါတယ်။ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကို တန်ပြန်တိုက်ခိုက်တာလို့ပြောတဲ့ ဒီစစ်ဆင်ရေးမှာ စစ်သားတွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ နေအိမ် မီးရှို့တာတွေရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အစိုးရကတော့ ဒီသတင်းတွေကို ငြင်းပါတယ်။

    အမျိုးသမီးတွေ ကလေးငယ်တွေ အပါအ၀င် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါ၀င်ခဲ့တယ်လို့ ထွက်ဆိုခဲ့တဲ့ စစ်သားနှစ်ဦးဟာ အသက် ၃၃ နှစ်အရွယ် မျိုး၀င်းထွန်းနဲ့ အသက် ၃၀ အရွယ် ဇော်နိုင်ထွန်းတို့ ဖြစ်ပါတယ်။

    ရိုဟင်ဂျာတွေနေတဲ့ ရွာတွေမှာ မြင်မြင်သမျှ ပစ်သတ်ဖို့အတွက် တပ်မှူးတွေက အမိန့်ပေးခဲ့တယ်လို့ သူတို့က ထွက်ဆိုခဲ့ပြီး၊ အဆင့်မြင့်အရာရှိ ၆ ဦး အပါအ၀င် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ရာမှာ တိုက်ရိုက် ပါ၀င်ပတ်သက်ခဲ့တဲ့ အရာရှိ၊ အကြပ်၊ စစ်သည် ၁၉ ယောက်ရဲ့ အမည်တွေ၊ ရာထူးအဆင့်တွေကိုလည်း ပေးခဲ့တယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

    စစ်သားနှစ်ဦးဟာ ICC ရုံးရှိရာ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့မှာ ရောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

    ဒီသတင်းကို နိုင်ငံတကာသတင်းဌာန တော်တော်များများက ပြန်လည်ဖော်ပြခဲ့ပေမယ့် သူတို့ရဲ့ထွက်ဆိုချက်တွေ ဘယ်လောက်မှန်ကန်လဲဆိုတာ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်တို့ကလည်း ဒီသတင်းအတွက် ထုတ်ပြန်တာမျိုး မရှိပါဘူး။

    Ref: Global News

  • နိုင်ငံရေးစနစ်သစ်မှာ စနစ်ဟောင်းက ခွဲခြားမှုတွေကို ဆက်လက်ကြုံတွေ့နေရတဲ့ ဟိန္ဒူနှင့် မွတ်စလင်များ

    နိုင်ငံရေးစနစ်သစ်မှာ စနစ်ဟောင်းက ခွဲခြားမှုတွေကို ဆက်လက်ကြုံတွေ့နေရတဲ့ ဟိန္ဒူနှင့် မွတ်စလင်များ

    ဩဂုတ် ၃၀၊ ၂၀၂၀
    M-Media

    ရန်ကုန်မြို့မှ ဟိန္ဒူဘုရားကျောင်းတစ်ခု

    -မြန်မာနိုင်ငံက ၅ သန်းသော လူငယ်တွေထဲကတစ်ယောက်ဖြစ်တဲ့ မေသန္တာမောင်ဟာ လာမယ့် နို၀င်ဘာ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးနိုင်ဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်။

    ဒါပေမယ့် မွတ်စလင်တစ်ယောက် ဖြစ်နေတဲ့အတွက် သူမရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်မရဘူးလို့ ဆိုပါတယ်။

    “ကျွန်မရဲ့ ယုံကြည်ကိုးကွယ်မှုကြောင့် နိုင်ငံသားစီစစ်ရေးကဒ် မရနိုင်ပါဘူး” လို့ သူမက APF သတင်းဌာနကို ပြောပါတယ်။

    သူမဟာ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့ကဖြစ်ပါတယ်။ နိုင်ငံသားစီစစ်ရေးကဒ် မရတဲ့အတွက် မဲပေးလို့ မရတော့ပါဘူး။

    တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံသားစီစစ်ရေးကဒ် လျှောက်ထားမှုမှာ အာဏာပိုင်တွေရဲ့ ညစ်တာ၊ ရစ်တာတွေကိုလည်း သူမက ထည့်ပြောပါတယ်။ သူ့အရွယ် ဗုဒ္ဓဘာသာ၀င်လူငယ်တွေကမှာတော့ ဒီလို ကြန့်ကြာမှုတွေ မရှိပါဘူး။ သူမနေထိုင်ရာ မိတ္ထီလာမြို့မှာ ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းဒဏ်ရာတွေက မကျက်သေးပါဘူး။

    နို၀င်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကနေ လုံးလုံးရုန်းထွက်ပြီးတဲ့နောက် ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီသာ ပြန်နိုင်လိမ့်မယ်လို့ တော်တော်များများက မျှော်လင့်ထားကြပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရော မြန်မာနိုင်ငံက ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေမှာ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေပါ မဲပေးခွင့် လုံး၀ မရပါဘူး။

    မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင် အခြားလူမျိုးစုတွေ ရှိနေပြီး တိုင်းပြည်လူဦးရေရဲ့ ၄ ရာခိုင်နှုန်းရှိတဲ့ ဒီအသိုက်အဝန်းဟာ သီအိုရီအရ နိုင်ငံသားအဖြစ် သတ်မှတ်ခံထားရပါတယ်။

    ဒါပေမယ့် လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါဘူး။

    နိုင်ငံသား စီစစ်ရေးကဒ် လုပ်ရာမှာ စနစ်တကျ ခြစားမှုတွေ ရှိနေပြီး ငွေကျပ်သိန်းချီ လက်သိပ်ထိုး ပေးရတယ်လို့ မွတ်စလင်တွေက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လူဦးရေရဲ့ ၄ ပုံ ၃ ပုံ ဆင်းရဲတွင်းထဲ နေထိုင်နေရတဲ့ မြန်မာနိုင်ငံမှာ သိန်းနဲ့ချီတဲ့ငွေကြေးဟာ မတန်တဆ ပမာဏမျိုး ဖြစ်ပါတယ်။

    မိသားစု၀င် ၃ ဦး နိုင်ငံသား စီစစ်ရေးကဒ် လုပ်ဆောင်ရာမှာ တစ်ယောက်ကို ၄ သိန်းလောက်စီ ပေးရတယ်လို့ အသက် ၅၃ နှစ်အရွယ် မောင်ချိုက ပြောပါတယ်။ ဒါဟာ လက်ဖက်ရေဖိုးအဖြစ် ဗုဒ္ဓဘာသာ၀င်တွေပေးရတဲ့ ပမာဏထက် အဆပေါင်းများစွာ ပိုများနေတာပါ။

    သွေးနှော

    ရန်ကုန်အခြေစိုက် လေ့လာစောင့်ကြည့်သူ ဒေးဗစ် မက်သီဆန်က မောင်ချိုလို အခြေအနေမျိုးကို မြန်မာနိုင်ငံတစ်၀ှမ်းက မွတ်စလင်တွေအားလုံး ခံစားနေရတယ်လို့ ဆိုပါတယ်။

    “ကျောင်းတွေမှာ၊ အလုပ်မှာ၊ အစိုးရအလုပ် လျှောက်ထားရာမှာ ခွဲခြားဆက်ဆံမှုပုံစံနဲ့ မွတ်စလင်မုန်းတီးရေးသဘောထားက အမြဲတမ်း ရှိနေတာပါ”

    ကိုင်ဆောင်သူရဲ့ လူမျိုးကို ဖော်ပြတဲ့ ဒီကဒ်တွေ ရရှိထားပေမယ့်လည်း စိန်ခေါ်မှုတွေက ရှိဆဲပါ။

    လူမျိုးနေရာမှာ များသောအားဖြင့် တောင်အာရှက နိုင်ငံအမည်တွေကို မလိမ့်တစ်ပတ် ထည့်ပေးတာမျိုးတွေ ပိုမိုများပြားလာတယ်လို့ မွတ်စလင်တော်တော်များများက ပြောပါတယ်။

    မောင်ချိုတို့ မိသားစုဟာ မြန်မာနိုင်ငံမှာ မျိုးဆက်များစွာ နေထိုင်လာခဲ့ပေမယ့် နိုင်ငံသားစီစစ်ရေးကဒ် သွားလဲရာ လူမျိုးနေရာမှာ “အိန္ဒိယ-မွတ်စလင်” လို့ အထည့်ခံလိုက်ရပါတယ်။

    “ဒီဒဏ်ကို ကျွန်တော် ရှေ့လျှောက် ခံစားရတော့မှာပါ”

    “သွေးနှော” လို့ သတ်မှတ်ခံထားရတဲ့ အခြားလူတွေလိုပဲ အခုတော့ သူဟာ မှတ်ပုံတင်စစ်တဲ့ နေရာတိုင်းမှာ လိုတာထက် ပိုမို စစ်ဆေးခံနေရပြီး လူ၀င်မှုကြီးကြပ်ရေးရုံးတွေမှာလည်း သီးခြားတန်းစီနေရပါပြီ။

    လူဦးရေ ၂ သိန်းခွဲလောက်ရှိတဲ့ ဟိန္ဒူလူမျိုးတွေလည်း “သွေးနှောတံဆိပ်” ကပ်ခံရပြီး မွတ်စလင်တွေလို ခွဲခြားဆက်ဆံမှုတွေ ခံနေရပါတယ်။

    ရန်ကုန်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုထွန်းမင်းက နိုင်ငံသားစီစစ်ရေးကဒ် လုပ်ရာမှာ ၁၀ နှစ် ကြာခဲ့တယ်လို့ AFP ကို ပြောပါတယ်။

    ဒါတွေကို သူက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြောလာပါတယ်။ သူ့ရဲ့ Facebook စာမျက်နှာမှာတင်တဲ့ ဗီဒီယိုမှာ ဟိန္ဒူလူ့အဖွဲ့အစည်း ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံမှုတွေကို သူက ရှင်းပြထားပါတယ်။

    “ကျွန်တော် တက္ကဆီမောင်းလာတာ ၈ နှစ်ရှိပါပြီ။ ဒါပေမယ့် ညဘက်ပဲ မောင်းရပါတယ်။ မှတ်ပုံတင်မရှိတဲ့အတွက် လိုင်စင်လျှောက်မရလို့ပါ”

    ဘင်္ဂါလီတံဆိပ်

    ဒါပေမယ့် နှာခေါင်းရှုံ့အခံရဆုံး လူမျိုးအမည်ကတော့ ‘ဘင်္ဂါလီ’ ဖြစ်ပြီး အဖိနှိပ်ခံ ရိုဟင်ဂျာတွေကို ရှုတ်ချချိုးနှိမ်တဲ့ စကားလုံး ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်က စစ်သွေးကြွတွေကို ရှင်းလင်းတယ်ဆိုတဲ့ စစ်ဆင်ရေးမှာ စစ်တပ်က ရိုဟင်ဂျာ ၇ သိန်း ခွဲလောက်ကို မောင်းထုတ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ခုံသမာဓိရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆို ခံထားရပါတယ်။

    မြန်မာနိုင်ငံမှာ ရှိနေတဲ့ ၆ သိန်းသော ရိုဟင်ဂျာတွေရဲ့ အများစုဟာလည်း နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရတာ၊ အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေပြီး Amnesty International က ခွဲခြားဆက်ဆံခံရမှု အခြေအနေမှာ နေထိုင်နေရတယ်လို့ ပြောကြားထားပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံတစ်၀ှမ်းက အခြားမွတ်စလင်တွေရဲ့ မှတ်ပုံတင်မှာ ဘင်္ဂါလီအဖြစ် အဓမ္မ ထည့်သွင်းသတ်မှတ်ခံရမှု အများအပြားရှိလာတယ်လို့ မက်သီဆန်က ပြောပါတယ်။

    တရား၀င် ပြဌာန်းထားတဲ့ ဥပဒေကြောင့်မဟုတ်ဘဲ အုပ်ချုပ်ရေးယန္တရားရဲ့ လူမျိုးရေး ခွဲခြားတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် ဒီလိုဖြစ်တာဖြစ်ပြီး အစိုးရကလည်း ဒီအခြေအနေ ပပျောက်အောင် ဆောင်ရွက်မှု မရှိဘူးလို့ မက်သီဆန်က ထောက်ပြပါတယ်။

    “လူမျိုရေးခွဲခြားတဲ့ ဒီစနစ်မျိုး ပယ်ဖျက်ရေးဆိုတာထက် အခြား လုပ်ငန်းတွေကို NLD က ပိုအလေးထားနေပြီး၊ NLD ထောက်ခံသူ တော်တော်များများကလည်း ဒီစနစ်မျိုးကို သဘောခွေ့ကြပါတယ်”

    လာဘ်ငွေတောင်းတယ်၊ ခွဲခြားဆက်ဆံမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လူ၀င်မှုကြီးကြပ်ရေးဌာနရဲ့ အမည်မဖော်လိုသူ အရာရှိတစ်ယောက်ကတော့ ငြင်းဆိုပြီး မှတ်ပုံတင်တွေကို ဥပဒေအတိုင်း ထုတ်ပေးတာလို့ ဖြေကြားခဲ့ပါတယ်။

    တိုးတက်မှု မရှိ

    လက်ရှိကာလ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုဟာ စစ်အာဏာရှင်လက်ထက်ကထက် ပိုဆိုးပြီး “မိမိတို့ လူ့အဖွဲ့အစည်းဟာ ဒီအတွက် စိတ်ပျက်ရတယ်လို့” မောင်ချိုက ပြောပါတယ်။

    သူသိသူ တော်တော်များများဟာ စိတ်ပျက်လက်ပျက် ဖြစ်နေပြီး လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးဖို့အထိ စဥ်စားနေကြတယ်လို့ သူက ဆိုပါတယ်။

    မဲမပေးရေးလှုပ်ရှားမှုကလည်း အရှိန်ရလာပါတယ်။

    NLD ပါတီရဲ့ ၁၁၄၃ ဦးသော လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ မွတ်စလင် ၂ ဦး ပါ၀င်ပြီး ကျောင်းသားခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုစည်သူမောင်ဟာ အဲဒီအထဲက တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် NLD ဟာ မွတ်စလင်ကိုယ်စားလှယ်လောင်း တစ်ဦးမှ မထည့်ပါဘူး။

    ကိုစည်သူမောင်က မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ စိတ်ပျက်အားငယ်မှုကို နားလည်တယ်လို့ဆိုပြီး၊ စစ်အာဏာရှင်လက်ထက်ကထက် ပိုဆိုးတယ်လို့ ပြောကြားမှုကိုတော့ သူက ငြင်းပါတယ်။

    “အနာဂတ်အတွက် အကောင်းမြင်ဖို့လိုပါတယ်။ NLD အာဏာရတာ ၅ နှစ်ပဲ ရှိပါသေးတယ်”

    မေသန္တာမောင်လို လူငယ်တွေကြားမှာတော့ အနာဂတ်မှာ ပိုကောင်းလာနိုင်တယ်ဆိုတဲ့ မျှော်လင့်မှုမျိုး သိပ်မရှိပါဘူး။

    “ကျွန်မ ဒီနိုင်ငံမှာ မွေးပေမယ့် ခွဲခြားဆက်ဆံမှုတွေကြောင့် မဲပေးခွင့်မရှိပါဘူး”

    Ref : AFP

    (AFP သတင်းဌာနတွင် ဖော်ပြထားသည့် ‘I want to vote’: Myanmar’s Muslims, Hindus sidelined in election ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသသည်)

  • မြန်မာအခြေစိုက်သူပုန်များ တိုက်ခိုက်မှုကြောင့် အိန္ဒိယက နယ်စပ်တွင် တပ်လှန့်ထား

    မြန်မာအခြေစိုက်သူပုန်များ တိုက်ခိုက်မှုကြောင့် အိန္ဒိယက နယ်စပ်တွင် တပ်လှန့်ထား

    ဩဂုတ် ၉၊ ၂၀၂၀
    M-Media

    -မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ခွဲထွက်ရေးသူပုန်တွေ ချုံခိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက် မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ တပ်လှန့်ထားတယ်လို့ အိန္ဒိယနိုင်ငံက ထုတ်ပြန်ထားပါတယ်။

    အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ကင်းလှည့်အဖွဲ့တစ်ခုဟာ ဇွန်လိုင်လ ၂၉ ရက်နေ့က မဏိပူရပြည်နယ်ရဲ့ နယ်စပ် ချန်ဒါလ်ခရိုင်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံခြေစိုက် သူပုန်အဖွဲ့ ၃ ခုက တိုက်ခိုက်မှုကို သူတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ နယ်ချယ်မှုကို လက်တုန့်ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    တိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက ဒီတိုက်ခိုက်မှုနောက်ပိုင်း နိုင်ငံအရှေ့မြောက်ပိုင်း မြန်မာနိုင်ငံနဲ့ကပ်နေတဲ့ နယ်စပ်က တိုက်ခိုက်ခံရနိုင်ချေရှိတဲ့နေရာတွေမှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံနဲ့ အိန္ဒိယတို့ရဲ့ နယ်စပ်ထိစပ်မှုဟာ ၁၆၄၃ ကီလိုမီတာရှိပြီး ချန်ဒါလ်ခရိုင်ဟာ တိုက်ခိုက်မှု မကြာခဏဖြစ်ပွားရာနေရာလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ဖြစ်ခဲ့တဲ့ ချုံခိုတိုက်ခိုက်မှုအတွင်း အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးခဲ့ပါတယ်။

    ချန်ဒါလ်ခရိုင်ရဲ့ တစ်ဖက် မြန်မာဘက်အခြမ်းမှာ ‘ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ (မဏိပူရ)’ နဲ့ ‘ညီညွတ်သော အမျိုးသားလွတ်မြောက်ရေးတပ်ဦး’ တို့လို အင်အားတောင့်တဲ့ အိန္ဒိယသူပုန်အဖွဲ့ အနည်းဆုံး ၂ ခုအထိ ရှိနေတာပါ။ ဇူလိုင်လ ၂၉ ရက်နေ့ တိုက်ခိုက်မှုမှာ ဒီအဖွဲ့နှစ်ခုအပြင် အသစ်ဖွဲ့စည်းထားတဲ့ ‘မဏိပူရ နာဂလွတ်မြောက်ရေးတပ်ဦး’ လည်း ပါဝင်လာပါတယ်။

    Ref: The Diplomat

  • မြန်မာတာဝန်ရှိသူများ၏ အချက်အလက်များ ဂမ်ဘီယာကတောင်းဆိုမှုကို Facebook ပယ်ချ

    မြန်မာတာဝန်ရှိသူများ၏ အချက်အလက်များ ဂမ်ဘီယာကတောင်းဆိုမှုကို Facebook ပယ်ချ

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    ICJ တွင် ကြားနာမှု

    -ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်ခံရတယ်ဆိုတဲ့ ကိစ္စအတွက် မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ဆက်သွယ်ပြောဆိုမှု အချက်အလက်တွေ ထုတ်ပေးရေး ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုမှုကို Facebook က ပယ်ချလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှု၊ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးရမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ ခုံသမာဓိရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံဟာ မြန်မာတာဝန်ရှိသူတွေရဲ့ Facebook အကောင့်က အချက်အလက်တွေ ရရှိရေးအတွက် ဇွန်လအတွင်းမှာ အမေရိကန်ခရိုင်တရားရုံးတစ်ခုကို လျှောက်ထားခဲ့တာပါ။

    Facebook ကတော့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ထုတ်ပေးရေး တားမြစ်ထားတဲ့ အမေရိကန်ဥပဒေအရ ဒီတောင်းဆိုမှုကို လက်မခံဘူးလို့ ဩဂုတ်လ ၄ ရက်နေ့က တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။

    ဂမ်ဘီယာ ရှေ့နေချုပ် ဒေါင်ဒါ ဂျာလိုက Facebook ရဲ့ တုန့်ပြန်မှုကို သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် အမုန်းစကားတွေ ဖြန့်ဝေရာမှာ Facebook ဟာ အဓိကကျတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခု ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေက ၂၀၁၈ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။ Facebook ကလည်း သူတို့အနေနဲ့ အမုန်းစကား ဖယ်ရှားရေး လုပ်ဆောင်နေတယ်လို့ တုန့်ပြန်ပါတယ်။

    Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ဟာ အမုန်းစကားနဲ့ အကြမ်းဖက်မှု ပပျောက်ရေး လုပ်ဆောင်နေတယ်လို့ မနေ့မှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “နိုင်ငံတကာ ရာဇဝတ်မှုတွေအပေါ် အရေးယူတာမျိုးကို ကျွန်တော်တို့ ထောက်ခံပြီး ဒီကိစ္စ စုံစမ်းစစ်ဆေးမှုတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်”

    ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုလုပ်ငန်းမှာ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း Facebook က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Reuters