News @ M-Media

Tag: Minority In Myanmar

  • လူမျိုခံရမှုကို တစ်ဆင့်ချင်းတွန်းလှန်လာတဲ့ တိုင်းရင်းသားလူနည်းစုများ

    လူမျိုခံရမှုကို တစ်ဆင့်ချင်းတွန်းလှန်လာတဲ့ တိုင်းရင်းသားလူနည်းစုများ

    ဇူလိုင် ၁၁၊ ၂၀၂၀
    M-Media

    ကရင်အမျိုးသမီးများ၏ အကအလှ

    -မွန်၊ ကရင်နဲ့ ပအို့လူမျိုးတွေဟာ အစိုးရစာရွက်စာတမ်းတွေမှာ သူတို့ရဲ့ တိုင်းရင်းသား ‘ဝိသေသနာမ’ ထည့်ခွင့်ရသွားပြီး ဒါဟာ ဆယ်စုနှစ်ချီရှိခဲ့တဲ့ ‘ဗမာဇာတ်သွင်းမှု’ တိုက်ဖျက်ရေး သေးငယ်တဲ့ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ယူဆနေကြပါတယ်။

    လူဝင်မှုကြီးကြပ်ရေးရုံးက “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ရုံးသွားသူတိုင်း တွေ့မြင်ကြရမှာပါ။

    ‘တိုင်းရင်းသားလူမျိုး’ စာရင်းမှာ မပါဝင်တဲ့သူတွေကို နိုင်ငံသား စီစစ်ရာမှာ စေ့စပ်သေချာစေဖို့ လူဝင်ကြီးကြပ်ရေး ဝန်ထမ်းတွေကို သတိပေးတဲ့ ဆောင်ပုဒ်လို့ ယေဘူယျအားဖြင့် ရှုမြင်ကြပါတယ်။

    ဒါပေမယ့် အစိုးရရဲ့ ဗမာဗဟိုပြုပေါ်လစီတွေအောက် ဆယ်စုနှစ်များစွာ မိမိတို့ စာပေယဉ်ကျေးမှုတွေ ဝါးမျိုဖျက်ဆီးခံနေရတယ်လို့ ခံစားနေရတဲ့ တိုင်းရင်းသားလူနည်းစုတွေကတော့ ဒီဆောင်ပုဒ်ကရည်ရွယ်တဲ့ အခြားအဓိပ္ပါယ်တစ်ခုကို စိုးရိမ်နေကြပါတယ်။

    ဇန်နဝါရီလအစောပိုင်းမှာ မွန်နဲ့ ကရင်ပြည်နယ်အစိုးရတွေက ဗမာမဟုတ်တဲ့လူမျိုးတွေရဲ့ အမှတ်သညာထုတ်ဖော်ခွင့်ကို အားပေးတဲ့ ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ပြည်နယ်အတွင်း နေထိုင်ကြတဲ့ မွန်၊ ကရင်နဲ့ ပအို့လူမျိုးတွေဟာ ကလေးတွေကို ကျောင်းအပ်တဲ့အခါ၊ နိုင်ငံသားစီစစ်ရေးကဒ် လျှောက်တဲ့အခါ၊ သန်ခေါင်းစာရင်းမှာ လူထပ်တိုးတဲ့အခါ ဗမာ ဝိသေသနာမဖြစ်တဲ့ ‘ဦး’၊ ‘ဒေါ်’ ‘မောင်’ တွေအစား သူတို့ရဲ့ ရိုးရာ ဝိ​ေသသနာမတွေ ထည့်ခွင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

    “ဒါဟာ အခြေခံအခွင့်အရေးပဲ ရှိပါသေးတယ်။ နောက်ထပ်တိုက်ယူရမယ့် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်” လို့ မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းရဲ့ အထွေထွေအတွင်းရေးမှူး အသက် ၅၈ နှစ်အရွယ် နိုင်မွန်ရာဇာက ပြောပါတယ်။

    ပြည်နယ်အစိုးရတွေရဲ့ ဒီကြေငြာချက်ကို တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပြီး လူနည်းစုတွေရဲ့ ယဉ်​ကျေးမှုအခွင့်အရေးကို အလေးထားတဲ့ တွေ့ရခဲအရွေ့တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    NLD အစိုးရဟာ ထောက်ခံမှုအဓိကရတဲ့ လူများစုဗမာတွေရဲ့အကြိုက်ကို လိုက်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ရှုမြင်ပြီး NLD ကို တစ်စိုက်မတ်မတ် ဝေဖန်တာတွေလည်း ရှိပါတယ်။

    ဝေဖန်အခံအရဆုံးလို့ ဆိုရမယ့် ကိစ္စတစ်ခုကတော့ မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့တို့ကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုကို လွတ်လပ်ရေးခေါင်းဆောင် ဗမာလူမျိုး ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကကိစ္စ ဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတွေက သူတို့ခေါင်းဆောင်အမည် ဒါမှမဟုတ် သူတို့ရဲ့ ယဉ်ကျေးမှု အမှတ်သညာတစ်ခု ဂုဏ်ပြုမှည့်ခေါ်ဖို့ အလိုရှိကြပြီး ဒီအမည်ပေးမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေ စိုက်ထူမှုကြောင့် တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေဖက်က ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိလာခဲ့ပါတယ်။ ဗမာခေါင်းဆောင်ကို ဂုဏ်တင်လွန်းပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို လစ်လျူရှုကြတယ်လို့ သူတို့က ထောက်ပြကြပါတယ်။

    တိုင်းရင်းသားတွေရဲ့ ဝိသေသနာမကို အစိုးရက အသိအမှတ်ပြုမှုဟာ ဗမာကြီးစိုးမှု လျော့ချရေး ခြေလှမ်းငယ်တစ်ခုသာ ဖြစ်တယ်လို့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဗမာကြီးစိုးရေးဟာ ဗမာမဟုတ်တဲ့ လူမျိုးတွေရဲ့ အမှတ်သညာ၊ ဘာသာစာပေကို ဖိနှိပ်ရေးအတွက် ပညာရေး၊ ဘာသာရေး၊ ဥပဒေနဲ့ အုပ်ချုပ်ရေးကနေတစ်ဆင့် ဆယ်စုနှစ်ချီ တစ်ဖက်လှည့်နဲ့ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ ဗမာဇာတ်သွင်းမှုလို့ သူတို့က ခေါ်ပါတယ်။

    အခုလို အသိအမှတ်ပြုခဲ့မှုကြောင့် မွန်အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ အမည်ရှေ့မှာ ‘မင်း’၊ ‘မီ’ ထည့်ခွင့်၊ သက်ကြီးအမျိုးသားတွေရဲ့ အမည်ရှေ့မှာ ‘နိုင်’ ထည့်ခွင့်၊ ပိုးကရင်တွေနဲ့ ပအို့အမျိုးသမီးတွေမှာ ‘နန်း’ သုံးခွင့်၊ ပအို့အမျိုးသားတွေ ‘ခွန်’ သုံးခွင့်၊ စကော ကရင်အမျိုးသမီးတွေမှာ ‘နော်’၊ ကရင်အမျိုးသားအားလုံးမှာ ‘စော’ သုံးခွင့် ရမှာဖြစ်ပါတယ်။

    ဝိသေသနာမ

    တိုင်းရင်းသားလူမျိုးစုတွေဟာ အစိုးရစာရွက်စာတမ်းတွေမှာ များသောအားဖြင့် ဗမာ ဝိသေသနာမဖြစ်တဲ့ ‘မ’ တို့ ‘မောင်’ တို့သုံးဖို့ ဖိအားပေးခံရလေ့ရှိပါတယ်။ စစ်အာဏာရှင်စနစ်အောက် ဖမ်းဆီးထောင်ချမှာ ကြောက်တဲ့အတွက် မပြောရဲကြဘူးလို့ ကရင်စာပေနှင့် ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ စောအေးမြက ပြောပါတယ်။

    စစ်အာဏာရှင်တွေဟာ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အမည်ခံအရပ်သားအစိုးရကို၂၀၁၁ ခုမှာ အာဏာလွှဲပေးခဲ့သလို၊ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ကတိတဲ့ ၂၀၁၆ ခုနှစ်မှာ NLD အစိုးရ အာဏာရခဲ့ပေမယ့် ဒီအမွေဆိုးတွေက ဆက်လက်တည်ရှိနေတယ်လို့ စောအေးမြက ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် မော်လမြိုင်မှာ ကားလိုင်စင်လျှောက်တဲ့အချိန် ကရင်ဝိသေသနာမ ထည့်တာကို အာဏာပိုင်တွေက ငြင်းဆန်ခဲ့ပြီး ဗမာဝိသေသနာမ ဖြစ်တဲ့ ‘မောင်’ အသုံးပြုမှ လိုင်စင်ထုတ်ပေးတဲ့အဖြစ်အပျက်ကို သူက ထောက်ပြပါတယ်။

    ဗမာဝိဝေသနာမသာထည့်ဖို့ ဘယ်သူက ညွှန်ကြားလဲလို့ ​မေးမြန်းစုံစမ်းရာမှာ တာဝန်ရှိဝန်ထမ်းတွေက နောက်ထပ်ဌာနတစ်ခုကို လက်ညှိုးထိုးပြီး အဲဒီကိုသွားမေးတဲ့အခါမှာလည်း ခေါင်းရှောင်တယ်လို့ စောအေးမြက ပြေ​ာပါတယ်။

    စင်ကာမှာအလုပ်လုပ်နေတဲ့ ကရင်မိသားစုတစ်ခုကလည်း မြန်မာသံရုံးမှာ မွေးစာရင်းလုပ်တဲ့အခါ ဗမာဝိသေသနာမကိုသာ အသုံးပြုဖို့ ညွှန်ကြားခံရတယ်လို့ ဆိုပါတယ်။

    “ဒါကို ဗမာဇာတ်သွင်းတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်တို့ ရှုမြင်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်တွေကို ဝါးမျိုးဖို့ကြိုးစားတဲ့ အမြင်ကျဉ်းမြောင်းတဲ့ ပေါ်လစီတစ်ခုပါ။ တိုင်းရင်းသားလူမျိုးတွေ ကြုံရတာကိုကြည့်ရင် ဗမာဝိသေသနာမနဲ့ အမည်တွေ မှည့်ခေါ်ရေး ကျွန်တော်တို့ကို ဖိအားပေးဖို့ ပေါ်လစီတစ်ခု ရှိနေတယ်ဆိုတာ မြင်ရပါတယ်။ ဒါဟာ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ်တဲ့ ပေါ်လစီတစ်ခုပါ” လို့ မွန်စာပေနဲ့ ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောကြားခဲ့ပါတယ်။

    တိုင်းရင်သားအမည်နဲ့ ဝိသေသနာမတွေကို အသုံးမပြုနိုင်ရေး နောက်ထပ်ဖိအားတစ်ခုက ခွဲခြားဆက်ဆံမှု ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။

    ဗမာဝိသေသနာမမပါတဲ့ တိုင်းရင်းသားဘွဲ့ရတွေ အစိုးရအလုပ် လျှောက်တဲ့အခါ အပယ်ခံရပြီး ဗမာလူမျိုးကိုသာ ဦးစားပေးတာမျိုး၊ အလုပ်ခန့်ရင်လည်း ရာထူးတိုးဖို့ ခက်တာမျိုးတွေ ရှိနေတယ်လို့ နိုင်မွန်ရာဇာက ပြောပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားမိဘတွေဟာ သူတို့ကလေးငယ်တွေကို ဗမာအမည်ပေးပြီး ဗမာဝိသေသနာမသုံးရတာ ဖြစ်ပါတယ်။

    “တိုင်းရင်းသားတွေကို ရာထူးတိုးမပေးတာ အထူးသဖြင့် စစ်တပ်မှာ ဒါမျိုးတွေရှိတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ကျွန်တော်တို့ လူမျိုးတင်မကဘဲ အခြားတိုင်းရင်းသားတွေရဲ့ အမှတ်သညာတွေပျောက်မှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်”

    ကိုယ်စားပြုခွင့်ရရေး တိုက်ပွဲဝင်

    ၂၀၁၀ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် လူးနည်းစု ခေါင်းဆောင်တွေဟာ သူတို့ယူဆထားတဲ့ ဗမာဇာတ်သွင်းရေးကို တွန်းလှန်ဖို့နဲ့ သူတို့လူမျိုးကို အသိအမှတ်ပြုမှု၊ အလေးထားမှုပိုရဖို့ ပိုမိုအားထုတ် လုပ်ဆောင်လာနိုင်ကြပါတယ်။

    လမ်းအမည်တွေကို မွန်စာနဲ့ရေးတာလို အရင်က ပိတ်ပင်ထားတဲ့ အမှတ်သညာထုတ်ဖော်ခွင့်မျိုး ပြန်တွေ့လာရတယ်။ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေမှာဆိုရင် မွန်လူမျိုးအမှတ်သညာ ဟင်္သာငှက်ကို ဗမာအမှတ်သညာလို့ ယူဆရတဲ့ နေရာတွေမှာ အစားထိုးလာပါတယ်။ မွန်ကလေးငယ်တွေကလည်း မွန်အမည်တွေ မှည့်လာကြပြီး၊ လူငယ်တွေကိုလည်း ကိုယ့်လူမျိုးအချင်းချင်းသာ လက်ထက်ဖို့ အားပေးလာကြပါတယ်။

    အချို့နယ်ပယ်တွေမှာတော့ တက်ကြွလှုပ်ရှားသူတွေ မျှော်လင့်ထားသလို အစိုးရပေါ်လစီအပြောင်းအလဲဟာ မြန်မြန်ဆန်ဆန်မရှိဘဲ နှေးကွေးပါတယ်။

    နိုင်မွန်ရာဇာဟာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်မှာ မွေးဖွားပြီး စစ်အာဏာရှင်လက်ထက်မှာ ကြီးပြင်းခဲ့သူပါ။ စစ်အာဏာရှင်တွေဟာ ကလေးတွေကို ဗမာဝိသေသနာမတွေ အသုံးပြုဖို့ ဖိအားပေးရုံသာမက၊ မွန်နဲ့ အခြားတိုင်းရင်းသား စာ​ပေ၊ ဘာသာစကားတွေကို စာသင်ကျောင်းတွေနဲ့ ပြည်သူလူထုကြား အသုံးမပြုနိုင်အောင်လည်း ဖိနှိပ်ခဲ့ပါတယ်။

    ဒါ့ကြောင်ပဲ ‘မွန်ပြည်သစ်ပါတီ’ ရဲ့ အဓိကပေါ်လစီတွေထဲကတစ်ခုဟာ မွန်ဘာသာစကား သင်ကြားရေးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေး ဖြစ်လာတာပါ။ မွန်ပြည်သစ်ပါတီဟာ အစိုးရကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွေကတည်းက မွန်စာသင်ကျောင်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ပညာရေးဥပဒေအရ တိုင်းရင်းသားဘာသာစကားတွေကို စာသင်ကျောင်းတွေမှာ တစ်ဖြည်းဖြည်း ထည့်သွင်းသင်ကြားလာနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစတင်ပြီး တိုင်းရင်းသား ဘာသာစကား သင်ကြားရေး အကူဆရာတွေကို ခန့်အပ်တာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးက သင်ရိုးညွှန်းတမ်းမှာ တိုင်းရင်းသား ဘာသာစာပေ သင်ကြားဖို့ ထည့်သွင်းတာတွေ လုပ်ဆောင်လာကြပါတယ်။

    ဒါပေမယ့် အစိုးရအုပ်ချုပ်ရေးနဲ့ လူထုကြားက အချို့နယ်ပယ်တွေမှာတော့ ပညာရေးကဏ္ဍမှာလို သိသိသာသာတိုးတက်မှုမျိုး မရှိဘူးလို့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက စောဒကတက်ကြပါတယ်။

    တရားဝင်နိုင်ငံရေးမှာ ကိုယ်စားပြုခွင့်ကန့်သတ်ခံရမှုကိုလည်း တိုင်းရင်းသားတွေက ကြုံတွေ့နေရပါတယ်။

    ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၀.၁ ရာခိုင်နှုန်းရှိနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဟာ တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ခွင့်ရပါတယ်။ ဒါပေမယ့် မွန်ပြည်နယ်လို လူမျိုးအမည်နဲ့ မှည့်ခေါ်တဲ့ ပြည်နယ်တွေ၊ ဓနုနဲ့ ပအို့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ မှည့်ခေါ်ခြင်းခံရတဲ့ တိုင်းရင်းသားတွေက ဒီလိုဝန်ကြီးမျိုး ခန့်အပ်ခွင့် မရှိပါဘူး။

    ၂၀၁၄ ခုနှစ်သန်ခေါင်စာရင်းအရ လူဦးရေ ၅၁၄၀၀ ရှိတဲ့ လူမျိုးစုတွေဟာ တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ခန့်အပ်ခွင့်ရမှာဖြစ်ပြီး မွန်ခေါင်းဆောင်တွေက ရန်ကုန်မှာရှိတဲ့ မွန်လူဦးရေဟာ ဒီပမာဏကို အလွယ်တကူ ကျော်လွန်နိုင်တယ်လို့ မှတ်ယူခဲ့ကြပါတယ်။

    ရန်ကုန်အခြေစိုက် ‘မွန်စာပေနှင့် ယဉ်ကျေးမှုအသင်း’ က လွန်ခဲ့တဲ့ ၆ နှစ် လူဦးရေစာရင်းကောက်တဲ့အချိန် ရန်ကုန်မှာ မွန်လူမျိုး ၁ သိန်းလောက် ရှိမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမယ့် ၄၅၀၀၀ သာ တွေ့ခဲ့ပြီး အဲဒီအထဲက ၁၅၀၀ လောက်သာ နိုင်ငံသားစီစစ်ရေးကဒ်ပြားမှာ မွန်လို့ ရေးသားထားပါတယ်။ နိုင်ငံသားစီစစ်ရေးကဒ်ပြားမှာ ကိုင်ဆောင်သူရဲ့ လူမျိုး၊ ဘာသာ အမည်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

    ကျန်တဲ့မွန်လူမျိုးတွေကတော့ သူတို့ကဒ်ပြားမှာ ဗမာလို့အရေးခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလို လူဦးရေနည်းတာဟာ အစိုးရအုပ်ချုပ်ရေးယန္တရားက ခွဲခြားဆက်ဆံမှုစနစ် တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဗမာလို့အရေးခံတဲ့ မွန်တွေကိုယ်တိုင်က သူတို့ရဲ့ ဇာတိသမိုင်းကို သိရှိမှု အားနည်းလို့ ဖြစ်ပါတယ်။

    ဒီအနေအထားကြောင့်ပဲ မန္တလေးတိုင်းဒေသကြီးမှာ ကရင်တွေ တိုင်းရင်းသားရေးရာဝန်ကြီး မရခဲ့ဘူးလို့ စောအေးမြက ပြောပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ရှိရာမှာ ကရင်က ၅ ဦးပါဝင်ပြီး ရန်ကုန်၊ ဧရာ၀တီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာ ဖြစ်ပါတယ်။

    တိုင်းရင်းသားအခွင့်အရေး ရရှိအောင် ကြိုးစားရာမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လားလို့ မေးမြန်းရာမှာ မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ပေါ်လစီပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ စောအေးမြက ပြောပါတယ်။

    “တိုင်းရင်းသားအခွင့်အရေး ဆောင်ရွက်ရာမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ဘယ်လောက် အသုံးဝင်လဲဆိုတာ ဒီကိစ္စက ပြသနေပါတယ်”

    NLD အစိုးရက ၂၀၁၆ ခုနှစ်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပြီး ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးလို့ ဝေဖန်ခံနေရပေမယ့် ဒီဖွဲ့စည်းမှုဟာ ခြေတစ်လှမ်းတိုးတာဖြစ်တယ်လို့ စောအေးမြက ပြောပါတယ်။

    အရင်က တိုင်းရင်းသားကိစ္စနဲ့ ကြုံလာတဲ့အခါ ​မြန်မာအာဏာပိုင်တွေဟာ ‘ဘော်လီဘော ပုတ်နေကြတယ်’ လို့ သူက ဆိုပါတယ်။

    “အခုဆိုရင် ကျွန်တော်တို့ သွားပြောစရာနေရာတစ်ခုရှိပြီပေါ့ဗျာ။ ဒါဟာ ပြောင်းလဲမှုလေးတစ်ခုပေါ့။ မြန်မာအစိုးရအောက်မှာ တိုင်းရင်းသားအခွင့်အရေး တိုက်ပွဲဝင်ရတာ လွယ်တဲ့အလုပ် မဟုတ်ဘူးဗျ။ နိုင်ငံရေးဖိအားပေါ်မူတည်တယ်။ ဒါ့ကြောင့် ကရင်တစ်ဦးတည်းက လုပ်လို့မရဘူး။ ။ တိုင်းရင်းသားအားလုံးပေါင်းပြီး အားကောင်းတဲ့လှုပ်ရှားမှုနဲ့ စုပေါင်းတောင်းဆိုဖို့ လိုအပ်ပါတယ်”

    လူဝင်မှုကြီးကြပ်ရေးရုံးမှာ ‘ကမ္ဘာတည်သ၍ မြန်မာပြည်တည်ရှိရမည်’ ဆိုတဲ့ ဆောင်ပုဒ်တစ်ခုလည်း ရှိနေပါတယ်။

    တိုင်းပြည်တည်တံ့ခိုင်မြဲရေး ခိုင်မာတဲ့သဘောထားကို ဖော်ပြထားတာမျိုး ဖြစ်ပေမယ့် တိုင်းရင်းသားတွေထက် ဗမာလူမျိုးကိုသာ ပိုပြီး ရည်ညွှန်းပုံ ရပါတယ်။ တိုင်းရင်းသားတွေအတွက်ကတော့ သူတို့ရဲ့ ရှင်သန်ရေးတိုက်ပွဲဟာ နိုင်ငံတကာစင်မြင့်မှာ တိုက်နေရတာမျိုးမဟုတ်ဘဲ တိုင်းပြည်ရဲ့ နယ်နမိတ်အတွင်းမှာ တိုက်နေရတာမျိုးပါ။

    “မြန်မာနိုင်ငံတည်သ၍ ငါတို့ရဲ့ စာပေယဉ်ကျေးမှု တည်ရှိရမည်” ဆိုတဲ့ တိုက်ပွဲမျိုး ဖြစ်ပါတယ်။

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် Call me Mi: Ethnic groups celebrate honorifics victory ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးပါ အကြောင်းအရာများသည့် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)

  • ပလက်၀တွင် တပ်မတော်၏ လေကြောင်းမှတိုက်ခိုက်မှု စစ်ရာဇဝတ်မှု မြောက်နိုင်

    ပလက်၀တွင် တပ်မတော်၏ လေကြောင်းမှတိုက်ခိုက်မှု စစ်ရာဇဝတ်မှု မြောက်နိုင်

    ဇူလိုင် ၈၊ ၂၀၂၀
    M-Media

    တိုက်ခိုက်မှုပြီးနောက် ပလက်၀မှ မြင်ကွင်းတစ်ခု

    -မတ်လနဲ့ ဧပြီလက ချင်းပြည်နယ် ပလက်၀မြို့မှာ အစိုးရစစ်တပ်ရဲ့ အရပ်သား၊ သူပုန် မခွဲခြားဘဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးတဲ့ ဖြစ်စဉ်ဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က အစီရင်ခံစာသစ်မှာ ဖော်ပြထားပြီး စုံစမ်းစစ်ဆေးဖို့ ကုလ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    ပလက်၀မှာ မတ်လ ၁၄၊ ၁၅ ရက်တွေက ​ေလကြောင်းကနေ တိုက်ခိုက်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး၊ ဧပြီလ ၇ ရက်နေ့ တိုက်ခိုက်မှုမှာလည်း ၇ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ Amnesty International ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ တိုက်ခိုက်ခံရသူတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ တွေ့ဆုံမေးမြန်းမှု၊ တစ်ခြားအထောက်အထားတွေကို ဖော်ပြထားပါတယ်။

    အရပ်သား၊ သူပုန် မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးရပြီး ဒါဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း Amnesty International က ပြောပါတယ်။

    ပလက်၀မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ အစိုးရပ်တပ်ဖွဲ့အကြား တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး မတ်လမှာတော့ အခြေအနေ ပိုမိုပြင်းထန်ခဲ့ပါတယ်။

    “Covid-19 ပြန့်နှံ့မှုကို ရပ်တန့်နိုင်ရေး ပြည်သူတွေ အိမ်တွင်းမှာသာနေထိုင်ကြဖို့ မြန်မာအာဏာပိုင်တွေက တိုက်တွန်းထားတဲ့အချိန် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ စစ်တပ်ဟာ အရပ်သား၊ သူပုန် မခွဲခြားဘဲ တိုက်ခိုက်တာ၊ နေအိမ်တွေ မီးရှို့တာ၊ အရပ်သားတွေကို သတ်​ဖြတ်တာ လုပ်နေပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်” လို့ Amnesty International အဖွဲ့ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ နီကိုလက်စ် ဘီကွီလင်က ပြောကြားခဲ့ပါတယ်။

    လေကြောင်းကနေ အဓိကထား တိုက်ခိုက်တာ၊ အင်တာနက်ဖြတ်တောက်တာတွေကို အခုမှ တွေ့ရပေမယ့် အရပ်သားတွေရဲ့ အသက်အိုးအိမ်ကို အလေးမထားမှုဟာ စစ်တပ်ရဲဉာဉ်ဖြစ်နေကြောင်း၊ ဒီလိုချိုးဖောက်မှုဟာ နိုင်ငံတကာခုံသမာဓိရုံး ICJ နဲ့ဆိုင်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ICJ ရောက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း နီကိုလက်စ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၃ နှစ်အရင်က ရိုဟင်ဂျာ သိန်းချီး ထွက်ပြေးခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းက စစ်တပ်ရဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ICJ ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရတာပါ။ ဇန်နဝါရီလက ကြားနာမှုအတွင်း တရားရုံက ရိုဟင်ဂျာတွေဟာ ပြန်လည်ကုစားလို့မရ​တော့တဲ့ နစ်နာဆုံးရှုံးမှုတွေကို ခံစားခဲ့ရပြီး လူမျိုးတုန်းသတ်ဖြတ်မှုအဆင့်အထိ မရောက်အောင် တားဆီးရေး အလျင်အမြန်ဆောင်ရွက်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ စစ်တပ်က တရားလက်လွတ် ဖမ်းဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှုအတွက် မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုမှုတွေကို စု​ဆောင်းထားပြီး ဒီပြောကြားမှုတွေကို ဗီဒီယို အထောက်အထားတွေနဲ့လည်း အတည်ပြုနိုင်ခဲ့တယ်လို့ Amnesty International က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်မှာ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို စစ်သားတွေက လှေပေါ်မှာ နှိပ်စက်တဲ့ဗီဒီယိုတစ်ခု မေလမှာ ထွက်ပေါ်ခဲ့ပြီး အစိုးရစစ်တပ်ကလည်း ဒီအဖြစ်အပျက်ကို ဝန်ခံခဲ့ပါတယ်။ အရပ်သားတွေကိုအပေါ် နှိပ်စက်မှုတွေ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတယ်ဆိုတာ ဒီဗီဒီယိုက အထောက်အထားဖြစ်ပြီး၊ ဂြိုဟ်တုဓာတ်ပုံတွေအရ ရွာလုံးကျွတ် မီးရှို့တဲ့ နည်းလမ်းကိုလည်း စစ်တပ်က အခုအချိန်အထိ အသုံးပြုနေတယ်ဆိုတာ တွေ့ရကြောင်းလည်း Amnesty International က ပြောကြားခဲ့ပါတယ်။

    Amnesty International ရဲ့ ဒီအစီရင်ခံစာအသစ်အတွက် မြန်မာအစိုးရနဲ့ စစ်တပ်တို့ဖက်က တုန့်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

    Covid-19 နောက်ဆက်တွဲ သွားလာမှု ကန့်သတ်ချက်ကြောင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ လှုပ်ရှားမှုတွေ၊ ကျူးလွန်မှုတွေကို မှတ်တမ်းမယူနိုင်ခဲ့ဘူးလို့ Amnesty International က ပြောပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေကို ဓားစာခံပုံစံမျိုး ဖြစ်စေတာ၊ ဒေသခံလူအဖွဲ့အစည်းတွေကို ခြိမ်းခြောက်တာတွေ ပါအဝင် ကျူးလွန်မှုပုံစံအမျိုးမျိုးကို AA က ဆက်လက်လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို ထပ်မံ လက်မခံနိုင်တော့ဟု မလေးရှားပြော

    မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို ထပ်မံ လက်မခံနိုင်တော့ဟု မလေးရှားပြော

    ဇွန် ၂၆၊ ၂၀၂၀
    M-Media


    -ကိုဗစ်နောက်ဆက်တွဲ စီးပွားရေးကျဆင်းနေပြီး၊ ကြည့်ရှုစောင့်ရှောက်ဖို့ ရင်းမြစ်တွေလည်း နည်းလာတာကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေကို ဆက်ပြီး လက်မခံနိုင်တော့ဘူးလို့ မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြေးခိုလှုံနေရတာပါ။ မလေးရှားဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်လက်ခံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်းမရှိပေမယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ၊ တိုင်းရင်းသားဒုက္ခသည်တွေကို လက်ခံထားပါတယ်။

    “ကျွန်တော်တို့ရဲ့ရင်းမြစ်တွေ၊ လုပ်နိုင်စွမ်းတွေက အကန့်အသတ်ကို ရောက်သွားပြီး၊ Covid-19 ကပ်ရောဂါကလည် ဖြစ်နေတာကြောင့် နောက်ထပ် လက်မခံနိုင်တော့ပါဘူး။ နောက်ထပ်လာမယ့် ဒုက္ခသည်တွေကို မလေးရှားက ထပ်ပြီး နေရာထိုင်ခင်းပေးဖို့ မျှော်လင့်ထားတာမျိုးက မတရားပါဘူး” လို့ ဒီကနေ့ အွန်လိုင်းကနေတစ်ဆင့် ပြုလုပ်တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ မုဟ်ယစ်ဒင်က ပြောကြားခဲ့ပါတယ်။

    မလေးရှားက ရိုဟင်ဂျာဒုက္ခသည်တွေ တတိယနိုင်ငံမှာ အခြေချနိုင်ရေး ပိုမို မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ ကုလ UNHCR ကို တိုက်တွန်းခဲ့သလို၊ ရိုဟင်ဂျာဒုက္ခသည်တွေ လူကုန်ကူးခံရမှုတိုက်ဖျက်ရေး ပိုမိုအားထုတ်လုပ်ဆောင်ဖို့ လည်း ဆော်ဩခဲ့ပါတယ်။

    “မြန်မာနိုင်ငံကို ကူညီရေး အာဆီယံက ပိုမိုလုပ်ဆောင်ရမှာဖြစ်သလို၊ ဒီပြဿနာ ကျွန်တော်တော်တို့နဲ့ မဆိုင်တော့တဲ့အထိ မြန်မာနိုင်ငံက ကိုယ့်ဟာကိုယ်လုပ်ဖို့ လိုအပ်ပါတယ်”

    ကိုဗစ်ရောဂါပြန့်နှံ့ပြီးနောက်ပိုင်း မလေးရှားအစိုးရဟာ ရိုဟင်ဂျာတွေအပေါ် သည်းမခံနိုင်တဲ့ ပေါ်လစီမျိုး ထုတ်ပြောလာပြီ။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရေပိုင်နက်ထဲဝင်လာတဲ့ ရိုဟင်ဂျာလှေကို ပြန်လှည့်ခိုင်းထာတွေ ရှိခဲ့ပါတယ်။

    Ref: CNA

  • ၂၀၂၀ မှာ မွတ်စလင်မ်တွေ ရွေးကောက်ပွဲဝင်သင့်သလား?

    ၂၀၂၀ မှာ မွတ်စလင်မ်တွေ ရွေးကောက်ပွဲဝင်သင့်သလား?

    ဇွန် ၂၆၊ ၂၀၂၀

    M-Media

    ဆောင်းပါးရှင် – နေမျိုး

    ရွေးကောက်ပွဲ မဲရေတွက်မှုမြင်ကွင်းတစ်ခု

    ဒီမေးခွန်းကိုဖြေဖို့အတွက် အဓိကစဉ်းစားရမဲ့အချက်က ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အမတ်လုပ်ပြီး ဘာကို ဖော်ဆောင်ချင်တာလဲဆိုတာပါဘဲ။ မိမိပုဂ္ဂိုလ်ရေးဆန္ဒအတွက် အမတ်ဖြစ်ချင်တယ်ဆိုရင် ရှင်းပါတယ်။ လူတိုင်းဟာ အခွင့်အရေးကိုယ်စီ ရှိကြတဲ့အတွက် အမတ်ရွေးချယ်ပိုင်ခွင့်၊ အမတ်ဖြစ်ခွင့်ရှိတယ်။ ဒါကြောင့် များများစား စားဆွေးနွေးစရာမရှိပါဘူး။

    ဒါပေမဲ့ ကိုယ့်နိုင်ငံရေးရပ်တည်ချက်ဟာ မွတ်စလင်မ်လူထုအတွက်တန်းတူအခွင့်အရေးရရှိရေး ခွဲခြားမှုပပျောက်ရေး သော်လည်းကောင်း၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်သော်လည်းကောင်း ဆိုရင် လက်ရှိပါတီတွေရဲ့ အမတ်လောင်းအနေနဲ့ ဝင်မပြိုင်သင့်ပါဘူး။ ပါတီ ဝင်တောင်မဖြစ်သင့်ပါဘူး။ ဘယ်ပါတီဝင်မှမဖြစ်သင့်သလို ဘယ်ပါတီရဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့မှလည်း မဝင်ပြိုင်သင့်ပါဘူး။

    ဘာကြောင့်ပါလဲ။

    မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးပါတီအားလုံးလိုလိုဟာ မွတ်စလင်မ်မလိုလားတဲ့ပါတီတွေဖြစ်တယ်။ မွတ်စလင်မ်ပါတီ ဝင်တွေကိုနေရာပေးတဲ့ ဓလေ့အရင်ကမရှိခဲ့သလို အခုလည်းမရှိပါဘူး။ မွတ်စလင်မ် ပါတီဝင်အများစုဟာ ပါတီက လိုအပ် တဲ့အခါ အသုံးတော်ခံရပြီး ရာထူးနေရာကိစ္စရောက်လာရင် အမြဲချောင်ထိုးခံရပါတယ်။ မွတ်စလင်မ်မလို့ ခွဲခြားတယ်ဆို တာကို တိတ်တဆိတ်လုပ်ကြတာတောင်မဟုတ်ဘဲ ပေါ်တင်ပြောဆိုခွဲခြားတာကို ခနခန ကြားရတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို လက်မခံတဲ့ နိုင်ငံရေးပါတီမှာ အဖွဲ့ဝင်ဖြစ်မနေသင့်ပါဘူး။ အဲ့ဒီပါတီတွေရဲ့ အသုံးတော်ခံနဲ့ ပျာတာတွေ ဖြစ်မနေသင့်ပါဘူး။

    ကံကောင်းထောက်မလို့ မွတ်စလင်မ်ကင်းစင်လွတ်တော်လို့ ထပ်အခေါ်မခံချင်လို့ တယောက်တလေ အမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့အရွေးခံရတယ်ဆိုပါစို့။ ကိုယ်က မွတ်စလင်မ်တန်းတူအခွင့်အရေး၊ မွတ်စလင်မ်လူမှုဖူလုံရေးပြောခွင့်ရှိမယ်လို့ထင်ပါသလား။ ပါတီရဲ့ မူဝါဒနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးဗျူဟာအရ ကိုယ့်အမှန်တရားဘေးချပြီး မယောင်ရာဆီလူးရပါလိမ့်မယ်။ ကိုယ့်ရဲ့အခွင့်အရေးဆိုတာဟာလည်း နားနဲ့မနာ ဖဝါးနဲ့နာပါလို့ဆိုပြီး ပြောရရင် ဆင်အဟွာခွေးမျှော်ဆိုသလိုသာဖြစ်ပါလိမ့်မယ်။

    ရွေးကောက်ပွဲနိုင်လို့ လွတ်တော်ထဲရောက်ရင်တောင် မွတ်စလင်မ်တွေ တန်းတူခွင့်ရရေးအတွက် ဖော်ဆောင်ခွင့်ရမှာ မဟုတ်ဘဲ အထက်ကချပေးတဲ့ နိုင်ငံရေး ရေစီးကြောင်းနောက်လိုက်ရင်း အချိန်ကုန်သွားပါလိမ့်မယ်။ အရင်က ပါတီတွင်း အသုံးတော်ခံဘဝကနေ လွတ်တော်တွင်းအသုံးတော်ခံသာဖြစ်ပါလိမ့်မယ်။

    ပင်မရေစီးကြောင်း နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းအတွင်း ရောက်သွားကြတဲ့ မွတ်စလင်မ်များဟာ ဘယ်တုန်းကမှ မွတ်စလင်မ်တန်းတူရေးဆိုတာကို လုပ်ခွင့်မရကြပါဘူး။ အဖွဲ့အစည်းက အခွင့်မပေးသလို လုပ်ဖော်ကိုယ်ဖက်အများစုရဲ့ ဟန့်တားခွဲခြားခြင်းသာခံ ရပါတယ်။ မွတ်စလင်မ်တန်းတူအခွင့်အရေးအတွက်ဆိုရင် ပရိုဂရမ်တွေ သတ်မှတ် ဖော်ဆောင်တာ၊ ရံပုံငွေချပေးထားတွေ ခနထား မွတ်စလင်မ် တန်းတူအခွင့်အရေးရရှိရေးဆိုတဲ့ခေါင်းဆောင်နဲ့ အကြောင်းအရာတောင် ဆွေးနွေးတင်ပြခွင့် မရတာများပါတယ်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းအများစု အတူတူပါဘဲ။

    ခေတ်အဆက်ဆက်နဲ့ နေရာတိုင်း အဖွဲ့အစည်းတိုင်းမှာ ဒီလိုချည်းဖြစ်နေတဲ့အတွက် လွတ်တော်ထဲမှာလဲ ဒီလိုဘဲ ဆက်ဖြစ်နေပါအုံးမယ်။ ဒါကြောင့် ကိုယ့်ရည်မှန်းချက်ဟာ မွတ်စလင်မ်များတန်းတူ အခွင့်အရေးရဖို့ဆိုရင် ပါတီဝင်ခြင်း၊ ပါတီအမတ်လောင်းအနေနဲ့ အရွေးခံခြင်းဟာ မျှော်လင့်ချက်အမှားလို့ ယူဆလို့ရပါတယ်။

    မွတ်စလင်မ်အခွင့်အရေးပြောလို့မရမှတော့ အမတ်ဖြစ်တာနဲ့ မဖြစ်တာ ဘာမှမထူးခြားပါ။

    ဒါပေမဲ့ မွတ်စလင်မ်အခွင့်အရေးကို ဦးတည်ပြီး လှုပ်ရှားမှုစတင်နိုင်မှာကတော့ မွတ်စလင်မ်ပါတီထောင်တာ၊ ဒါမှ မဟုတ် တသီး ပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်တာဖြစ်ပါမယ်။ ရွေးကောက်ပွဲနိုင်ချင်မှနိုင်မယ် ဒါပေမဲ့ မွတ်စလင်မ်အရေးကို ဦးတည်ပြီးမဲ ဆွယ်ခြင်းကြောင့် အနည်းဆုံး မွတ်စလင်မ်တွေရဲ့ ခံစားရတာကို လူတွေသိအောင် ထုတ်ပြောပြ နိုင်မယ်၊ နောင်လာနောင်သား မွတ်စလင်မ်လူငယ်တွေအတွက် အားကျအတုယူစရာဖြစ်ပြီး အနာဂတ်မှာ ဒီထက်ပိုကောင်းအောင် လုပ်မဲ့ လူငယ်တွေရှေ့ကိုထွက်လာပါလိမ့်မယ်။

    ရွေးကောက်ပွဲမနိုင်ပေမဲ့ မွတ်စလင်မ်တွေခံစားနစ်နာတဲ့အကြောင်းထုတ်ဖော်ပြောနိုင်တာ၊ ကမ်ပိန်းလုပ်နိုင်တာ၊ အနာဂတ် လူငယ်ခေါင်းဆောင်တွေကို ကိုယ့်ကိုခွဲခြားတဲ့ပါတီအောက်အတင်းလက်ဝင်စရာမလိုဘဲ ကိုယ့်နိုင်ငံရေးကိုယ် လုပ်ဖို့ နည်းလမ်းပြနိုင်မယ်ဆိုရင် လွတ်တော်ထဲဝင်ပြီး အသုံးတော်ခံရတာထက် ပိုအကျိုးရှိပါလိမ့်မယ်။

    (ယခုဆောင်းပါးပါ အကြောင်းအရာများမှာ ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်)

  • လူမျိုးဘာသာမေးပြီး လူသတ်တာအမုန်းဆောင်ရာဇဝတ်မှု (Hate Crime) ဖြစ်လား?

    လူမျိုးဘာသာမေးပြီး လူသတ်တာအမုန်းဆောင်ရာဇဝတ်မှု (Hate Crime) ဖြစ်လား?

    ဇွန် ၂၃၊ ၂၀၂၀
    M-Media

    အမုန်းဆောင်ရာဇဝတ်မှု ဆိုတာဘာလဲ

    မသန်းစွမ်းဖြစ်လို့၊ အမျိုးသားဖြစ်လို့၊ အမျိုးသမီးဖြစ်လို့၊ ဘာလူမျိုးဖြစ်လို့၊ ဘာ ဘာသာဝင်ဖြစ်လို့ စသဖြင့် လူတစ်ဦးရဲ့ ဖြစ်တည်မှုကို ဦးတည်ပြီး တိုက်ခိုက်တာကို အမုန်းဆောင်ရာဇဝတ်မှုလို့ ခေါ်တာပါ။

    အမုန်းဆောင်ရာဇဝတ်မှုဆိုတာ ကိုယ်ထိလက်ရောက်တိုက်ခိုက်တာတစ်ခုတည်း မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ် အခြေခံပြီး နှုတ်နဲ့ စော်ကားပြောဆိုတာ၊ အရှက်ရအောင်လုပ်တာတွေလည်း အမုန်းဆောင်ရာဇဝတ်မှုထဲမှာ ပါဝင်ပါတယ်။ ဆိုရှယ်မီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာတဲ့ အခုခေတ်မှာ အွန်လိုင်းက အမုန်းစကားတွေကလည်း အမုန်းရာဇဝတ်မှုထဲမှာ ပါဝင်ပါတယ်။

    အမုန်းဆောင်ရာဇဝတ်မှုနှင့် အမုန်းဆောင်လုပ်ရပ်

    သာမန်ရာဇဝတ်မှုတွေဟာ ဒေါသ၊ မောဟတွေကြောင့် ကျူးလွန်ကြတာဖြစ်ပေမယ့်၊ အမုန်းဆောင်ရာဇဝတ်မှုမှာတော့ ကျူးလွန်သူတွေဟာ ‘ဘယ်သူဘယ်ဝါ’ နဲ့ ‘ဘယ်လိုပုံစံ’ ဆိုတဲ့ ဖြစ်တည်မှုကို အခြေခံပြီး ကျူးလွန်ကြတာ ဖြစ်ပါတယ်။

    အမုန်းဆောင်ရာဇဝတ်မှုကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

    “လူမျိုးမတူမှု၊ လူမျိုးမတူဟု ယူဆခံရမှု၊ ဘာသာမတူမှု၊ ဘာသာမတူဟု ယူဆခံရမှု၊ လိင်စိတ်ကွဲပြားမှု၊ လိင်စိတ်ကွဲပြားသည်ဟု ယူဆခံရမှု၊ မသန်းစွမ်းမှု၊ မသန်စွမ်းဖြစ်နေသည်ဟု ယူဆခံရမှု၊ လိင်ပြောင်းထားမှု၊ လိင်ပြောင်းထားသည်ဟု ယူဆခံရမှု စသည်တို့အပေါ်မူတည်၍ ရန်လို၊ မုန်းထားကာ ကျူးလွန်ခံရသည်ဟု ကျူးလွန်ခံရသူနှင့် အခြားသူများက သတ်မှတ်သော မည်သည့် ဥပဒေချိုးဖောက်မှု၊ မည်သည့် ရာဇဝတ်မှုမျိုးကိုမဆို ​အမုန်းဆောင်ရာဇဝတ်မှုဟု ခေါ်ဆိုသည်”

    အမုန်းဆောင်လုပ်ရပ်ဆိုတာကတော့ လူမျိုး၊ ဘာသာ၊ လိင်စိတ်တိမ်းညွှတ်မှု၊ မသန်စွမ်းမှု၊ လိင်ပြောင်းလဲထားမှုတွေအပေါ် မလိုမုန်းထားပြီး လုပ်ဆောင်တယ်လို့ ကျူးလွန်ခံရသူ ဒါမှမဟုတ် အခြားသူတွေ သတ်မှတ်တဲ့ လုပ်ရပ်မျိုးတွေကို ခေါ်ဆိုတာပါ။

    အမုန်းဆောင်လုပ်ရပ်တွေ အားလုံးက ရာဇဝတ်မှုမြောက်တာမျိုး မဟုတ်ပါဘူး။ အတွေရများတဲ့ အမုန်းဆောင်လုပ်ရပ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    နှိမ့်ချတဲ့အမည်နာမနဲ့ ခေါ်ဆိုတာ၊ စော်ကားလှောင်ပြောင်တာ၊ အရှက်ရအောင်လုပ်တာ၊ ခြိမ်းခြောက်အကြပ်ကိုင်တာ၊ ကိုယ်ထိလက်ရောက်စော်ကားတာ၊ အသက်အန္တရာယ် ခြိမ်းခြောက်တာ၊ ဖုန်း၊ မက်ဆေ့ချ်၊ အီးမေးလ်၊ ဆိုရှယ်မီဒီယာတွေကနေ စော်ကားပြောဆိုတာ၊ ခွဲခြားဆက်ဆံဖို့၊ မုန်းတီးဖို့ လှုံဆော်တဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေတာ၊ တစ်ဦးတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ မီးရှို့တာ၊ မနှစ်မြို့ကြောင်း တိုင်တန်းတာ စတာတွေ ပါဝင်ပါတယ်။

    အမုန်းဆောင်ရာဇဝတ်မှု အမျိုးအစား

    အမုန်းဆောင်ရာဇဝတ်မှုမှာ ၃ မျိုး ၃ စားရှိပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ နှုတ်နဲ့ တိုက်ခိုက်ပြောဆိုမှု၊ မုန်းတီးလာအောင် လှုံဆော်မှုတို့ ဖြစ်ပါတယ်။

    ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု

    လူတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ် မလိုမုန်းထားရာကနေ ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုမျိုးကို ခေါ်ဆိုပါတယ်။ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ အိုးအိမ်ဖျက်ဆီးတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ ဖောက်ထွင်းခိုးယူတာ စတာတွေ ပါဝင်ပါတယ်။

    နှုတ်နဲ့ တိုက်ခိုက်ပြောဆိုမှု

    လူနည်းစုတွေ မနှစ်မြို့တဲ့ အမည်နာမ အသုံးပြုပြီး ခေါ်ဝေါ်တာ၊ ​ဆဲရေးတိုင်းထွားတာ၊ ခြိမ်းခြောက်တာတွေဟာ နှုတ်နဲ့ တိုက်ခိုက်ပြောဆိုတာတွေဖြစ်ပါတယ်။

    နှုတ်နဲ့ကျူးလွန်တဲ့ အမုန်းဆောင်လုပ်ရပ်တွေအတွက် တိုင်လို့မရဘူး၊ အရေးယူလို့မရဘူးလို့ လူတွေက ထင်ကြပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာတော့ ဒီလိုအဖြစ်အပျက်တွေကို အရေးယူနိုင်မယ့် ဥပဒေတွေ ပြဌာန်းပေးထားပါတယ်။

    မုန်းတီးအောင် လှုံ့ဆော်မှု

    လူမျိုးတစ်မျိုး၊ ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတစ်ခုကို မုန်းတီးလာအောင် လှုံ့ဆော်တာ၊ ​​ခြိမ်းခြောက်ပြောဆိုတာမျိုး ဖြစ်ပါတယ်။ ဒီလိုလှုပ်ဆောင်မှုတွေကို စကားလုံးနဲ့ဖြစ်စေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေ၊ ဆိုရှယ်မီဒီယာနဲ့ ဝဘ်ဆိုက်တွေမှာ ရေးသားတာတွေနဲ့ လုပ်ဆောင်လေ့ရှိပါတယ်။

    ကိုးကား – met.police.uk, www.citizensadvice.org.uk