News @ M-Media

Tag: mmFootballNews

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    နယူးကာဆယ်တိုက်စစ်မှူး ဂျိုလင်တန်

    ဆံပင်ညှပ်သည့် နယူးကာဆယ်တိုက်စစ်မှူး အရေးယူခံရဖွယ်ရှိနေ

    ကိုဗစ်စည်းကမ်းဖောက်ကာ ဆံပင်ညှပ်တဲ့ တိုက်စစ်မှူး ဂျိုလင်တန်ရဲ့ လုပ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ နယူးကာဆယ်အသင်းက ထုတ်ပြန်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် အင်္ဂလန်မှာ တစ်နိုင်ငံလုံး လော့ဒေါင်းချထားပြီး အလှပြင်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေလည်း ပိတ်ထားတာပါ။ အသက် ၂၄ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူး ဂျိုလင်တန်က သူဆံပင်ညှပ်ခဲ့တဲ့ပုံကို မနေ့က Instagram စာမျက်နှာမှာ တင်ခဲ့ပြီး ဝေဖန်မှုတွေကြောင့် နောက်ပိုင်းမှာ ပြန်ဖျက်သွားပါတယ်။

    နယူးကာဆယ်အသင်းက ဒီလုပ်ရပ်အတွက် စိတ်ပျက်ရပြီး ဂျိုလင်တန်ကို သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်သလို ကိုဗစ်စည်းကမ်း လိုက်နာရေး အသင်းသားတွေကို အသိပညာပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ခံလူ လူမျိုးရေးခွဲခြားခံရမှုကို ချယ်ဆီး ရှုတ်ချ

    နောက်ခံလူ ရီစီဂျိမ်းစ်ကို လူမျိုးရေးစော်ကားပြောဆိုတာဟာ စက်ဆုပ်ဖွယ်ရာကိစ္စဖြစ်တယ်လို့ ချယ်ဆီးအသင်းက ပြောကြားလိုက်ပါတယ်။

    Instagram ကနေ လူမျိုးရေးခွဲခြားစော်ကားတဲ့ မက်ဆေ့ချ်တွေကို ဂျိမ်းစ်က သောကြာနေ့မှာ တင်ခဲ့ပြီး ‘ပြောင်း​လဲဖို့ လိုအပ်နေတဲ့ ကိစ္စ’ လို့ ရေးသားခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာ လူမျိုးရေးခွဲခြားစော်ကားမှုတွေဟာ လုံး၀ လက်မခံနိုင်ဖွယ်ရာဖြစ်ပြီး ဒါကို ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

    အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ကစားသမားတစ်ချို့ လူမျိုးရေးခွဲခြားခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်ခဲ့ပါတယ်။ ဝက်စ်ဘရွန်းကွင်းလယ်လူ ရိုမိုင်နီ ဆော်ယာ လူမျိုးရေးစော်ကားခံရတဲ့ကိစ္စ ရဲတပ်ဖွဲ့ကိုတိုင်ထားတယ်လို့ အသင်းက ထုတ်ပြန်ခဲ့သလို၊ မန်ယူကစားသမားတွေဖြစ်တဲ့ တူအန်ဇီဘီ၊ အန်တိုနီယိုမာရှယ်တို့လည်း ရှက်ဖီးနဲ့ပွဲအပြီး ဆိုရှယ်မီဒီယာမှာ လူမျိုးရေးစော်ကားခံခဲ့ရပါတယ်။

    ယူရိုပါလိဂ်ကို ကြားကွင်းတွင်ကစားရန် အာဆင်နယ်နှင့် ဘင်ဖီကာတို့ ညှိနှိုင်းနေ

    ကိုဗစ်နောက်ဆက်တွဲ ဝင်ခွင့်တွေပိတ်ထားတဲ့ကိစ္စကြောင့် ယူရိုပါလိဂ်ပွဲစဉ်ကို ကြားကွင်းမှာကစားဖို့ အာဆင်နယ်နဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့က UEFA နဲ့ ညှိနှိုင်းနေပါတယ်။

    ၃၂ သင်းအဆင့် ပထမအကျော့ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ ပေါ်တူဂီမှာကစားမှာဖြစ်ပြီး ၂၅ ရက်နေ့ကျရင် အင်္ဂလန်မှာ ဒုတိယအကျော့ ကစားမှာပါ။

    ပေါ်တူဂီဟာ ယူကေရဲ့ ကိုဗစ်အန္တရာယ်ရှိစာရင်းထဲမှာ ပါတဲ့အတွက် ကစားသမားတွေနဲ့ ဝန်ထမ်းတွေ ပြန်လာပြီးရင် ၁၀ ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒုတိယအကျော့ကို စီစဉ်ထားတဲ့အတိုင်း ကစားနိုင်မှာ မဟုတ်ပါဘူး။

    ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ စံသတ်မှတ်ချက်တွေနဲ့ညီတဲ့ ကြားကွင်းတစ်ခု ရှာဖွေဖို့ ၂ သင်းစလုံး လက်ရှိမှာ ကြိုးစားနေပါတယ်။ အာဆင်နယ်အသင်းက ဒီကိစ္စအတွက် ယူကေအစိုးရနဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

    Ref: BBC

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၇၊ ၂၀၂၁
    M-Media

    ချယ်ဆီးနည်းပြသစ် တူချယ်

    ချယ်ဆီးနည်းပြသစ် တူချယ် ထိပ်တန်းကစားသမားများကို ခေါ်ယူမည်

    ကစားသမားတွေကို တွေ့ခွင့်ရပြီး ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံးလိဂ်ကို ကြုံတွေ့ခွင့်ရဖို့ မစောင့်နို်ငတော့ဘူးလို့ ချန်ဆီးနည်းပြသစ် သောမတ်စ် တူချယ်က ပြောပါတယ်။

    ချယ်ဆီးဟာ တနင်္လာနေ့က လမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီးနောက် တူချယ်ကို မနေ့က ခန့်အပ်ခဲ့တာပါ။ တူချယ်ဟာ ချယ်ဆီးကို ကိုင်တွယ်တဲ့ ပထမဆုံး ဂျာမန်နိုင်ငံသားဖြစ်လာပြီး မနက်ဖြန် ဝုလ်ဗ်နဲ့ပွဲကို စကိုင်ရမှာပါ။

    ချယ်ဆီးက မိမိအပေါ် ယုံကြည်မှုရှိတဲ့အတွက် အံ့ဩရတယ်လို့ တူချယ်က ပြောကြားခဲ့ပြီး လမ်းပတ်ရဲ့ စွမ်းဆောင်မှုတွေ၊ သူထားခဲ့တဲ့ အမွေအနှစ်တွေကို အလေးထားတယ်လို့လည်း ဆိုပါတယ်။

    လမ်းပတ်မြေတောင်မြှောက်ပေးခဲ့တဲ့ လူငယ်တွေကို ဆက်သုံးမှာဖြစ်ပေမယ့် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မွန်က ဟာလန်းလို ထိပ်တန်းကစားသမားအချို့ ခေါ်ယူဖို့လည်း တူချယ်က စီစဉ်နေပါတယ်။

    ကစားသမားများ လစာ မတရားတောင်းသည်ဆိုသည့်သတင်းကို ကိုးမန်းငြင်း

    အသင်းအဆင်မပြေ ဖြစ်နေတဲ့အချိန် ကစားသမားတွေက လစာတိုးတောင်းနေကြတယ်ဆိုတဲ့သတင်းကို ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ငြင်းဆိုလိုက်ပါတယ်။

    ပွဲတွေရွှေ့ဆိုင်းရတာ ကွင်းအတွင်း ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့် မရသေးတာလို ကိုဗစ်နောက်ဆက်တွဲ ပြဿနာတွေကြောင့် ဘောလုံးလောကမှာ ဝင်ငွေ အကြီးအကျယ် ထိခိုက်မှု ရှိနေတာ ဖြစ်ပါတယ်။

    ဘာစီလိုနာအသင်းလည်း အခြားအသင်းတွေနည်းတူ ဝင်ငွေကျဆင်းတာ ပေးရမယ့်အကြွေး နင့်လာတာမျိုးကို ရင်ဆိုင်နေရပါတယ်။ စာချုပ်ထပ်တိုးတဲ့ ကစားသမားတွေ လစာတိုးတောင်းတယ်ဆိုတဲ့ သတင်းမျိုးလည်း ထွက်နေပြီး ကိုးမန်းက ဒါဟာ မဟုတ်ကြောင်း၊ အသင်းရဲ့ လက်ရှိအခြေအနေကို ကစားသမားတွေ နားလည်ပြီး လစာလျှော့ကာ စာချုပ်ချုပ်တဲ့ ကစားသမားတွေသာ ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အချိန်ပေးခဲ့သည့် ဘုတ်အဖွဲ့ကို ဆိုးလ်ရှား ကျေးဇူးတင်

    လမ်းပတ်လိုကံကြမ္မာမျိုး မကြုံတဲ့အတွက် အသင်းဘုတ်အဖွဲ့ကို ကျေးဇူးတင်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၈ ပွဲမှာ ခြောက်ပွဲရှုံးပြီး စွမ်းဆောင်ရည်ကျဆင်းလာတဲ့အတွက် နည်းပြလမ်းပတ်ကို ချယ်ဆီးက တနင်္လာနေ့မှာ ထုတ်ပယ်ခဲ့တာပါ။ ရာသီအစပိုင်းမှာ မန်ယူလည်း ဒီလိုအခြေအနေဆိုးမျိုး ကြုံတွေ့ခဲ့ရပြီး အသင်းအုပ်ချုပ်ရေးပိုင်းက ဖြေး​ဖြေးမှန်မှန်သွားဖို့ သူ့ကို ထောက်ခံပေးခဲ့တယ်လို့ ဆိုလ်ရှားက ဆိုပါတယ်။

    အသင်းကို နည်းပြတာဟာ ရေရှည်သွားရတဲ့အလုပ်မျိုးဖြစ်ပြီး ချယ်ဆီးဘုတ်အဖွဲ့က လမ်းပတ်အပေါ် အချိန်မပေးတာကို အံ့ဩမိကြောင်း၊ ဒီအတွက် မှတ်ချက်မပေးလိုဘဲ ချယ်ဆီးကို ဇယားထိပ်ရောက်အောင် ပို့ပေးနိုင်ခဲ့တဲ့ လမ်းပတ်ဟာ နည်းပြဘ၀မှာ တစ်ကျော့ပြန်အောင်မြင်လာမယ်လို့ ယုံကြည်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၆၊ ၂၀၂၁
    M-Media

    ပီအက်စ်ဂျီနည်းပြဟောင်း တူချယ် ချယ်ဆီးနည်းပြဖြစ်လာရန် ရေပန်းစား

    ချယ်ဆီးအသင်းဟာ နည်းပြ ဖရန့်လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ပီအက်စ်ဂျီနည်းပြဟောင်း သောမတ်စ်တူချယ် နည်းပြသစ်ဖြစ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

    အသက် ၄၂ နှစ်အရွယ် လမ်းပတ်ရဲ့ နည်းပြသက်တမ်းဟာ ၁၈ လသာ ကြာမြင့်ခဲ့တာပါ။ ပထမနှစ်မှာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာ၊ FA ဖလားဖိုင်နယ်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အခုရာသီအစပိုင်းမှာလည်း ဇယားထိပ်ရောက်တဲ့အထိ ချယ်ဆီးက ခြေစွမ်းထက်ခဲ့ပါတယ်။

    ဒါပေမယ့် နောက်ဆုံး ၈ ပွဲမှာ ၅ ပွဲအထိ ရှုံးခဲ့ပြီး အဆင့် ၉ နေရာကို ကျဆင်းသွားပါတယ်။ လမ်းပတ်က အသင်းရှေ့ရောက်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း၊ အကယ်ဒမီကစားသမားတွေကို အသင်းကြီးမှာ နေရာရအောင် စွမ်းဆောင်ပေးနိုင်တာ၊ အသင်းကို အောင်မြင်တစ်ချို့ရအောင် စွမ်းဆောင်ပေးနိုင်တာတွေအတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။

    ဥရောပဘောလုံးလောက စတာလင်ပေါင် သန်း ၁၇၀၀ ကျော် အရှုံးပေါ်မည်

    ကိုဗစ်ကပ်ရောဂါကြောင့် ဥရောပက အချမ်းသာဆုံး ကလပ်အသင်း ၂၀ လောက်ဟာ စတာလင်ပေါင်း ၁.၇ ဘီလီယံလောက် ဆုံးရှုံးလိမ့်မယ်လို့ ဘောလုံး လေ့လာဆန်းစစ်ရေးအဖွဲ့ Deloitte Football Money က ပြောပါတယ်။

    ကိုဗစ်ဖြစ်နေတဲ့အတွက် မနှစ်က ဘောလုံးပြိုင်ပွဲတွေ ၄ လ​လောက် နားလိုက်ရသလို အခုအချိန်အထိလည်း ပရိတ်သတ်တွေ မရှိဘဲ ကစားနေရတာကြောင့် အသင်းတွေရဲ့ အကျိုးအမြတ်တွေက သိသိသာသာ ကျဆင်းနေပါတယ်။

    လက်ရှိ ဥရောပအသင်းကြီး ၂၀ ရဲ့ ဆုံးရှုံးမှုဟာ ပေါင်း ၉၇၆ သန်းရှိပြီး အခုဘောလုံးရာသီပြီးဆုံးရင် ဆုံးရှုံးမှုက ၁.၇ ဘီလီယံ ရှိလာမှာပါ။ ကိုဗစ်ကာလမှာ ငွေအရှာနိုင်ဆုံးက ဘာစီလိုနာအသင်းဖြစ်ပေမယ့် ဆုံးရှုံးမှုuလည်း ဒုတိယနေရာမှာ ရှိနေပါတယ်။

    အသင်းတွေ ဝင်ငွေပြန်ကောင်းဖို့ဆိုရင် ပရိတ်သတ်တွေ ကွင်းထဲဝင်ကြည့်ခွင့်ရဖို့က အဓိကကျနေပြီး နောက်ဆက်တွဲအဖြစ် ရုပ်သံလွှင့်ခွင့်ရတဲ့ ဝင်ငွေတွေပါတက်လာမှာဖြစ်ကြောင်း၊ ဘောလုံးလောကဟာ ဒီအကြပ်အတည်းကို ကျော်လွှားလွတ်မြောက်နိုင်မှာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

    Ref: BBC

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    ဇန်ဝါရီ ၂၄၊ ၂၀၂၁
    M-Media

    ခရီးသွားပုံရိပ်အဖြစ် ဆောင်ရွက်ပေးရန် ဆော်ဒီ၏ ကမ်းလှမ်းမှုကို ရော်နယ်ဒိုပယ်ချ

    ဆော်ဒီအာရေဗျရဲ့ ခရီးသွားစီမံကိန်း ပုံရိပ်အဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းမှုကို ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ပယ်ချလိုက်တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    ကန်ဒေါ်လာ ၇ သန်းကျော်ရမယ့် ဒီကမ်းလှမ်းမှုမှာ ဆော်ဒီကိုလာလည်ဖို့ နိုင်ငံရဲ့ ခရီးသွား ကြော်ငြာတွေမှာ ပုံရိပ်အသုံးပြုခွင့်ပေးဖို့တွေ ပါဝင်ပါတယ်။ ဆော်ဒီဟာ ဘာစီလိုနာက မက်ဆီကိုလည်း ဒီလို ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ ဒီကစားသမားနှစ်ဦးစလုံးကတော့ ဒီကိစ္စကို ထုတ်ပြန်တာမျိုး မရှိပါဘူး။

    နိုင်ငံရဲ့ စီမံကိန်းအတွက် အားကစားသမားတွေကို ဆော်ဒီက ပထမဆုံး ကမ်းလှမ်းတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ ဆော်ဒီနိုင်ငံတော်ရန်ပုံငွေအဖွဲ့ Saudi Public Investment Fund က ပြီးခဲ့တဲ့နှစ်မှာ ကြိုးစားခဲ့ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆော်ဒီရဲ့လူ့အခွင့်အရေး မှတ်တမ်းဆိုးတွေကြောင့် ဒီကမ်းလှမ်းမှုကို လက်မခံဖို့ ဆော်ဩခဲ့ကြပါတယ်။

    ဘန်လေကိုအရှုံးက အလှည့်အပြောင်းဖြစ်မည်ဟု ကလော့ပ် ပြော

    အခုတစ်ပတ် ဘန်လေကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ အသင်းအတွက် အလှည့်အပြောင်းဖြစ်လာဖို့ မျှော်လင့်တယ်လို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်ပါတယ်။

    ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ လီဗာပူးလ်ဟာ နိုင်ပွဲမရှိသေးဘဲ ၂ ပွဲရှုံးပြီး ၃ ပွဲ သရေကျထားသလို၊ ဇန်နဝါရီလအတွင်း FA ဖလားမှာ အက်စတွန်ဗီလာတစ်သင်းတည်းကိုသာ အနိုင်ရထားပါတယ်။

    ကလော့ပ်ကတော့ တစ်ခါတစ်ရံမှာ ဘာ့ကြောင့် ရှုံးသွားတယ်ဆိုတာကို အဖြေရှာလို့မရကြောင်း၊ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်နေဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဒီကနေ့မှာ မန်ယူနဲ့ FA ဖလားပွဲ ကစားရမှာ ဖြစ်ပါတယ်။

    ဗန်ဒီ​ဘီခ် အသင်းတွင် မပျော်ရွှင်တော့ဟု ဆိုးလ်ရှားအတည်ပြု

    ကွင်းလယ်လူ ဒိုနီ ဗန်ဒီဘီခ် အသင်းမှာ မပျော်တော့ဘူးဆိုတဲ့သတင်းတွေဟာ ဟုတ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက အတည်ပြုပါတယ်။

    အသက် ၂၃ နှစ်အရွယ် ဗန်ဒီဘီခ်ကို ပြီးခဲ့တဲ့ နွေရာသီကမှခေါ်ယူထားပြီး အဓိကကစားသမားဖြစ်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ၁၀ ပွဲသာ ပါဝင်ကစားခွင့်ရထားပါတယ်။

    ဆိုးလ်ရှားက ဗန်ဒီဘီခ်ဟာ ကစားမယ့်နေရာမှာ ကောင်းကောင်းကစားနိုင်တဲ့ တခြားကစားသမားတွေ ရှိတဲ့အတွက် နေရာပျောက်တာဖြစ်ကြောင်း၊ လူစားဝင်ကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ မိမိအနေနဲ့ ဗန်ဒီဘီခ်ရဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို နားလည်ကြောင်း၊ သူ့ကို အရေးပါသူတစ်ဦးအဖြစ် အသင်းက သတ်မှတ်ထားတယ်ဆိုတာ ဗန်ဒီဘီခ်တစ်ယောက် သိနေပြီး ရှေ့ဆက် ပွဲတွ​ေအများကြီးကစားခွင့်ရမှာဖြစ်ကြောင်း ဆိုးလ်ရှားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၁၊ ၂၀၂၁
    M-Media

    ရော်နယ်ဒိုနှင့် ဘီကန်

    ဥရောပစူပါလိဂ် အစီအစဉ်ကို ဖီဖာက ပြင်းပြင်းထန်ထန် ကန့်ကွက်

    ‘ဥရောပစူပါလိဂ်’ မှာ ပါဝင်တဲ့ အသင်းတွေ၊ ကစားသမားတွေကို မိမိတို့ရဲ့ ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက မနေ့မှာ သတိပေးလိုက်ပါတယ်။

    ဘာစီလိုနာ၊ ရီးယဲလ်နဲ့ ပရီးမီးယားလိဂ် အသင်းတစ်ချို့အပါအဝင် ဥရောပက အသင်းကြီးတွေ စုပေါင်းပြီး ဥရောပစူပါလိဂ်ကို ၂၀၂၁ ခုနှစ်မှာ စတင်ဖို့ စီစဉ်ထားတာပါ။ ဒီအတွက် ဆွေးနွေးမှုတွေလည်း ပြန်လုပ်နေပါတယ်။

    ဖီဖာလက်အောက်ခံ တိုက်ကြီး ၆ တိုက်ရဲ့ ဘောလုံးအဖွဲ့ချုပ်အကြီးအကဲတွေက လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ မနေ့က ကြေငြာချက်မှာ ဥရောပစူပါလိဂ်ကို မိမိတို့က ​အသိအမှတ်ပြုမှာမဟုတ်ကြောင်း၊ ဘောလုံးပြိုင်ပွဲတွေကို သက်ဆိုင်ရာ ဒေသတွေက ဘောလုံးအဖွဲ့ချုပ်တွေရဲ့ ခွင့်ပြုချက်နဲ့သာ ကျင်းပရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    ခရစ္စတီယာနိုင်ရော်နယ်ဒို ကမ္ဘာ့ဂိုးအများဆုံးသွင်းသူဖြစ်လာဟု မီဒီယာများ ဖော်ပြ

    ဂျူဗင်တပ်စ်အသင်းဗိုလ်စွဲတဲ့ မနေ့က စူပါဖလားမှာ တစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးခရစ္စတီယာနို ရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ပြပါတယ်။

    ကစားသမားတစ်လျှောက် ရော်နယ်ဒိုရဲ့သွင်းဂိုးဟာ ၇၆၀ ရှိလာပြီဖြစ်ပြီး စပို့တင်းလစ္စဘွန်းမှာ ၅ ဂိုး၊ မန်ယူမှာ ၁၁၈ ဂိုး၊ ရီးယဲလ်မက်ဒရစ်အတွက် ၄၅၀၊ ဂျူဗင်တပ်စ်အတွက် ၈၅ ဂိုး၊ နိုင်ငံအသင်းအတွက် ၁၀၂ ဂိုး သွင်းယူပေးထားတာပါ။

    ဒါ့ကြောင့် သူ့ရဲ့သွင်းဂိုးဟာ ၇၆၀ ဂိုးရှိပြီး ချက်ဂန္တဝင်ကစားသမား ဂျိုးဆက်ဖ် ဘီကန်ရဲ့ ၇၅၉ ဂိုး စံချိန်ကို ကျော်ဖြတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် တစ်ချို့ဘောလုံးမှတ်တမ်းတွေအရတော့ အရန်အသင်းနဲ့ အပျော်တန်းအသင်းတွေမှာ သွင်းတဲ့ဂိုးတွေကို ပေါင်းလိုက်ရင် ဘီကန်ရဲ့ စုစုပေါင်းဂိုးဟာ ၈၀၅ ဂိုးရှိပြီး၊ ဘရာဇီးလ်က ရိုမာရီယိုနဲ့ ပီလီတို့ကလည်း ၇၇၂ ဂိုး ၇၆၇ ဂိုး အသီးသီး သွင်းယူထားတယ်လို့ သိရပါတယ်။

    အနာဂတ်ကို မိမိမပိုင်ဟု လမ်းပတ်ပြော

    မိမိရဲ့အနာဂတ်ဟာ အသင်းဘုတ်အဖွဲ့ပေါ်မှာသာ မူတည်တယ်လို့ ချယ်ဆီးနည်းပြ လမ်းပတ်က ပြောကြားလိုက်ပါတယ်။

    ဒီတစ်ပတ် လက်စတာကိုအရှုံးဟာ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲမြောက်အရှုံးဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၅ မှတ်အကွာ အဆင့် ၈ နေရာကို ရောက်သွားပါတယ်။ ​

    ပွဲအပြီး​ အနာဂတ်အတွက် မေးမြန်းရာမှာတော့ လမ်းပတ်က မိမိအနာဂတ်ကို မိမိမပိုင်ကြောင်း၊ အသင်းစကိုင်ကတည်းက ခက်ခဲမယ်ဆိုတာကို သိရှိခဲ့ပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

    လက်စတာနဲ့ရှုံးပွဲအတွက် လမ်းပတ်က ကစားသမားတွေကို အပြစ်တင်ခဲ့ပါတယ်။

    Ref: Goal