News @ M-Media

Tag: mmHealthNews

  • ကမ္ဘာကြီးတွင် ကာလ၀မ်းရောဂါ ကာကွယ်ဆေး မလောက်တော့

    ကမ္ဘာကြီးတွင် ကာလ၀မ်းရောဂါ ကာကွယ်ဆေး မလောက်တော့

    ဒီဇင်ဘာ ၁၆၊ ၂၀၂၂

    M-Media 


    -ကမ္ဘာတစ်၀ှမ်း ကာလ၀မ်းရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတဲ့အချိန် ကာကွယ်ဆေး ပြတ်တောက်မယ့်အနေအထား ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

    ၀မ်းရောဂါ အကြီးအကျယ်ဖြစ်ပွားနေတဲ့နိုင်ငံပေါင်း ၃၀ လောက်အထိ ရှိလာပြီး သေဆုံးမှုလည်း မြင့်တက်လာပါတယ်။ အခုနှစ် ဖြစ်ပွားမှုနှုန်းဟာ အရင်နှစ်ကထက် သုံးပုံတစ်ပုံလောက် မြင့်တက်လာတာပါ။ 

    WHO ရဲ့ ကာလ၀မ်းရောဂါတိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ ဖိလစ် ဘာဘိုဇာက ကာကွယ်ဆေးလာတောင်းတဲ့ပမာဏ မြင့်တက်လာတယ်လို့ ပြောပါတယ်။

    “ကာကွယ်ဆေးတွေ မရှိတော့ပါဘူး။ လာတောင်းတဲ့နိုင်ငံတွေ များလာတယ်။ အရမ်းစိုးရိမ်စရာ ကောင်းပါတယ်” 

    WHO က ထိန်းချုပ်စီမံတဲ့ ကာကွယ်ဆေးထောက်ပံ့ရေးအဖွဲ့မှာ ပုံမှန်အားဖြင့် ကာလာ၀မ်းရောဂါ ကာကွယ်ဆေး တစ်နှစ်ကို အရေးပေါ် ၃၆ သန်းလောက် ရှိတာပါ။ 

    တောင်းဆိုမှုတွေများလာတာကြောင့် အရေအတွက် လျော့နည်းလာတဲ့အတွက် ပုံမှန် ကာကွယ်ဆေးထိုးမှုကို ၂ ကြိမ်ထိုးနေရာကနေ တစ်ကြိမ်သာထိုးဖို့ WHO က အောက်တိုဘာလမှာ တစ်ကမ္ဘာလုံးကို ညွှန်ကြားခဲ့ပါတယ်။ 

    Ref: Reuters

  • ကိုဗစ်ကာကွယ်ဆေးသစ် ၂ မျိုး ထပ်မံပေါ်ထွက်

    ကိုဗစ်ကာကွယ်ဆေးသစ် ၂ မျိုး ထပ်မံပေါ်ထွက်

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -ယူကေ၊ တောင်အာဖရိကနဲ့ နိုင်ငံတစ်ချို့မှာ ပြန့်နှံနေတဲ့ ပုံပြောင်းကိုဗစ်အတွက်ပါ အသုံးပြလို့ရမယ့် ကာကွယ်ဆေးသစ်နှစ်မျိုး ထွက်ပေါ်လာပါတယ်။

    တစ်မျိုးက အမေရိကန်ထုတ် Novavax ဆေးဖြစ်ပြီး ယူကေမှာပြုလုပ်နေတဲ့ တတိယအဆင့် စမ်းသပ်အသုံးပြုမှုတွေအရ ရိုးရိုးကိုဗစ်ပိုးကို ကာကွယ်ရာမှာ ၈၉ ရာခိုင်နှုန်း ထိရောက်မှုရှိတာကို တွေ့ရပါတယ်။

    ပုံပြောင်းကိုဗစ်အတွက်ဆိုရင် ၈၆ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒီဆေးကို တောင်အာဖရိကမှာလည်း စမ်းသပ်နေပါတယ်။

    Novavax ကုမ္ပဏီရဲ့ အမှုဆောင်အကြီးအကဲ စတန် အီရက်က ယူကေစမ်းသပ်မှုရလဒ်တွေဟာ အားရစရာကောင်းပြီး မျှော်လင့်ထားသလို ဖြစ်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ထပ်ကာကွယ်ဆေးတစ်မျိုးက အမေရိကန်ကုမ္ပဏီ Johnson & Johnson ပိုင် ဘလ်ဂျီယံဆေးဝါးလုပ်ငန်း Janssen က ထုတ်လုပ်တဲ့ ကာကွယ်ဆေးပါ။ တစ်ကြိမ်တည်းထိုးရတဲ့ ဒီကာကွယ်ဆေးဟာ ကိုဗစ်ရောဂါကို ၆၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး၊ ဒီဆေးထိုးထားရင် ဆေးရုံတက်ရလောက်တဲ့အထိ ပြင်းထန်တာ၊ သေဆုံးတာမျိုး လုံး၀ မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

    Janssen ဆေးဟာ ပုံပြောင်းကိုဗစ်ကိုတော့ Novavax လောက် ကာကွယ်နိုင်စွမ်း မရှိပါဘူး။ ၂ ကြိမ်ထိုးရင် ထိရောက်မှုပိုရှိလားဆိုတာကို စမ်းသပ်နေတယ်လို့ Janssen ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

    ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေက အသုံးပြုခွင့် ထုတ်ပေးမှ ဒီကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့က ဒီဆေးတွေကို ကြိုတင်မှာယူထားကြပါတယ်။ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ ဆေးတွေ စတင် ဖြန့်ဖြူးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

    ကမ္ဘာတစ်ဝှမ်း အဓိက အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေး ၃ မျိုးရှိပြီး အမေရိကန်-ဂျာမန်ထုတ် Pfizer and BioNTech၊ ယူကေထုတ် AstraZeneca နဲ့ အမေရိကန်ထုတ် Moderna တို့ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ထုတ်နဲ့ ရုရှားထုတ် ကိုဗစ်ကာကွယ်​ဆေးတွေကိုလည်း တစ်ချို့နိုင်ငံတွေမှာ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။

    Ref: BBC

  • တစ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    ဇန်နဝါရီ ၂၂၊ ၂၀၂၁
    M-Media

    လက်သန့်ဆေးများကြောင့် ကလေးမျက်လုံး ထိခိုက်မှုမြင့်တက်လာ

    ကိုဗစ်ကာလအတွင်း လက်သန့်ဆေးတွေကြောင့် ကလေးငယ်တွေ မျက်စိထိခိုက်တာ များလာတယ်လို့ ပြင်သစ်ကျန်းမာရေးစင်တာ French Poison Control Center ရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    လက်သန့်ဆေးတွေကို ပျမ်းမျှအမြင့် ၃ ပေလောက်မှာ ထားတတ်ကြပြီး လူကြီးတွေမှာ ခါးလယ်လောက်ရှိနေပေမယ့် ကလေးငယ်တွေအတွက် မျက်လုံးနဲ့ တစ်တန်းတည်း ဖြစ်နေတာကြောင့် မတော်တဆ မျက်လုံးထဲဝင်မှုတွေ ဖြစ်လာတာပါ။

    အလ်ကိုဟောနဲ့ အခြား ဓာတုပစ္စည်းတွေအသုံးပြုထားတဲ့ လက်သန့်ဆေးတွေ မျက်လုံးထဲဝင်တာကြောင့် မျက်​ကြည်လွှာတစ်ရှူး ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ကထက်စာရင် ၂၀၂၀ မှာ ဒီလိုအဖြစ်အပျက်တွေ သိသိသာသာ မြင့်တက်လာပြီး ထိခိုက်မှုအများစုက မပြင်းထန်ဘူးလို့လည်း စင်တာက ဆိုပါတယ်။

    ကိုဗစ်ကြောင့် ကမ္ဘာကြီးကိုယ်ကျင့်တရားပိုင်း ယိုယွင်းနေပြီဟု WHO ပြော

    ကိုဗစ်ကာကွယ်ဆေးရဖို့ ကြိုးပမ်းရာမှာ ကမ္ဘာကြီးဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ယိုယွင်းတဲ့ဆင့်ကို ရောက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဝေဖန်ပြောကြားလိုက်ပါတယ်။

    လက်ရှိ ကာကွယ်ဆေးတွေကို ချမ်းသာတဲ့နိုင်ငံတွေက အများအပြား ကြိုတင်မှာယူထားကြတာပါ။ Tedros က ချမ်းသာတဲ့နိုင်ငံတွေက လူငယ်တွေ ကိုဗစ်ကာကွယ်ဆေး အရင်ထိုးနေရတဲ့အချိန် ဆင်းရဲတဲ့နိုင်ငံတွေက ထိခိုက်လွယ်သူတွေ ​ဘာဆေးမှ မရတာဟာ မမျှတဘူးလို့ ဆိုပါတယ်။

    လက်ရှိ ကာကွယ်ဆေး ၃၉ သန်းကို ချမ်းသာတဲ့နိုင်ငံ ၄၉ နိုင်ငံက မျှဝေယူနေကြပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ပျမ်းမျှ ၂၅ လုံးသာ ရရှိနေတာ ဖြစ်ပါတယ်။

    အသွင်ပြောင်းကိုဗစ်အတွက် အောက်စဖို့ဒ်တက္ကသိုလ်က ကာကွယ်ဆေးဖန်တီးနေ

    ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးလ်တို့မှာ တွေ့နေရတဲ့ အသွင်ပြောင်း ကိုဗစ်ကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးရအောင် အောက်စဖို့ဒ်တက္ကသိုလ် သိပ္ပံပညာရှင်တွေက ဖန်တီးနေကြပါတယ်။

    အသွင်ပြောင်းဗိုင်းရပ်စ်ဟာ မူလ ဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ပိုပြီး ကူးစက်မြန်တာပါ။ အောက်စဖို့ဒ်တက္ကသိုလ်ဟာ ဆေးကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီး AstraZeneca ကိုဗစ်ကာကွယ်ဆေး ထုတ်ထားကာ ဒီကာကွယ်ဆေးကိုပဲ အသွင်ပြောင်းကိုဗစ်အတွက် သုံးနိုင်ရေး ပြုပြင်သွားမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ အမေရိကန်-ဂျာမန်ကာကွယ်ဆေး Pfizer-BioNTech၊ အောက်စဖို့ထုတ် AstraZeneca၊ ရုရှားနဲ့ တရုတ်တို့က ထုတ်တဲ့ ကာကွယ်ဆေးတွေ ရှိနေပေမယ့် အသွင်ပြောင်းကိုဗစ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါ့မလားဆိုတာ တိတိကျကျ မသိရပါဘူး။

    Ref: CNN, BBC

  • တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    ဇန်နဝါရီ ၈၊ ၂၀၂၀
    M-Media

    ကိုဗစ်ကုနိုင်မည့် ဆေးသစ်နှစ်မျိုး ထပ်တွေ့

    ကိုဗစ်ကူးစက်နေသူတွေရဲ့ သေဆုံးမှုကို ၄ ပုံ ၁ ပုံအထိ လျှော့ချနိုင်မယ့် ဆေးနှစ်မျိုးကို ယူကေမှာ ထပ်တွေ့ခဲ့ပါတယ်။

    ခန္ဓာကိုယ်ထဲကို အစက်ချသွင်းရတဲ့ ဆေးမျိုးဖြစ်ပြီး tocilizumab နဲ့ sarilumab လို့ ခေါ်ပါတယ်။ ဗြိတိန် ကျန်းမာရေးဌာန NHS က အရေးပေါ်ဌာနတွေမှာ ဒီဆေးတွေကို စမ်းသပ်အသုံးပြုနေတာပါ။

    ဒီဆေးတွေဟာ အသက်ကယ်နိုင်သလို၊ ရောဂါလျင်လျင်မြန်မြန် သက်သာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ စျေးလည်း သိပ်မကြီးဘဲ ယူကေအစိုးရကတော့ ဆေး များများစားစားရရှိရေး ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

    ကိုဗစ်မူလဘူတကို ဖော်ထုတ်မည့်အဖွဲ့အား တရုတ်က ပြည်ဝင်ခွင့် မပေးသေး

    ကိုဗစ်ဗိုင်းရပ်စ်ပိုး ဘယ်လိုစတင်ခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုယ်စားလှယ်အဖွဲ့ကို တရုတ်က ပြည်ဝင်ခွင့်မပေးသေးပါဘူး။

    ကိုဗစ်ကို ၂၀၁၉ နှောင်းပိုင်းက ဝူဟန်မြို့မှာ စတွေ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝှမ်း ပြန့်သွားတာပါ။

    တရုတ်ရဲ့ ကနဦးခွင့်ပြုချက်ကြောင့် အဖွဲ့ဝင် ၂ ဦးပါတဲ့ WHO ကို ကိုယ်စားလှယ်အဖွဲ့က ဝူဟန်ခရီးစဉ်ကို ပြီးခဲ့တဲ့တစ်ပတ်က စတင်ခဲ့ပေမယ့် အခုတစ်ပတ်မှာတော့ ဝင်ခွင့်မပြုဘူးလို့ တရုတ်က ပြောပါတယ်။

    WHO ကို အကြီးအကဲက ဒီလုပ်ရပ်အတွက် အလွန်စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်ခွင့်ရရေး ညှိနှိုင်းနေပါတယ်။

    ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်ပတ်အတွင်း နိုင်ငံခြားသို့ အိန္ဒိယ တင်ပို့မည်

    နိုင်ငံမှာထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်ပတ်အတွင်း နိုင်ငံရပ်ခြားကို တင်ပို့နိုင်တော့မယ်လို့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

    ကမ္ဘာ့ကာကွယ်ဆေးတွေရဲ့ ၆၀ ရာခိုင်နှုန်းကို အိန္ဒိယက ထုတ်လုပ်ပေးနေတာပါ။ လက်ရှိ အောက်စဖို့ဒ်ကထုတ်တဲ့ ကာကွယ်ဆေးနဲ့ ပြည်တွင်းထုတ် ကာကွယ်ဆေး စုစုပေါင်း ၂ ခုကို အရေးပေါ်သုံးစွဲဖို့ အိန္ဒိယအစိုးရက ခွင့်ပြုထားပါတယ်။

    သူတို့ဆီက ထုတ်လုပ်မယ့် ကိုဗစ်ကာကွယ်ဆေးကို တောင်အာရှနိုင်ငံတွေ၊ ဆော်ဒီနဲ့ မော်ရိုကိုတို့ဆီကို ပထမဆုံး ပို့ဆောင်သွားဖို့လည်း အိန္ဒိယက စီစဉ်ထားပါတယ်။

    Ref: BBC

  • တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာ သတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာ သတင်းများ

    ဒီဇင်ဘာ ၃၁၊ ၂၀၂၀
    M-Media

    ဒုတိယမြောက် ကာကွယ်ဆေးကို ယူကေအတည်ပြု

    အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်တဲ့ Oxford-AstraZeneca ကာကွယ်ဆေးကို ယူကေအစိုးရက အသုံးပြုခွင့်ပ​ေးလိုက်ပ​ြီး လာမယ့်တနင်္လာနေ့မှာ ပြည်သူတွေကို စတင်ထိုးနှံပေးမှာ ဖြစ်ပါတယ်။

    ဒီဆေးကို လူ သန်း ၅၀ အတွက် ယူကေက အလုံးရေ သန်း ၁၀၀ မှာထားပြီး ပထမအသုတ်မှာ လူ ၂ သိန်းကျော်ကို ထိုးပေးမှာပါ။ Oxford-AstraZeneca ကာကွယ်ဆေးကို ၂ ကြိမ်ထိုးရမှာဖြစ်ပြီး ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြားမှာ ၁၂ ပတ် ခြားရမှာ ဖြစ်ပါတယ်။

    အမေရိကန်ထုတ် Pfizer-BioNTech ကို အခုလအစောပိုင်းမှာ ယူကေက စတင်ထိုးပေးခဲ့ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကို အပူချိန် အနုတ် ၇၀ ဒီဂရီမှာ သိမ်းဆည်းရမှာဖြစ်ပြီး Oxford-AstraZeneca ဆေးကတော့ သာမန် အခန်းအပူချိန်မှာတင် သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

    နောက်ပိုင်းကျရင် ပြည်သူတွေအနေနဲ့ မိမိနှစ်သက်တဲ့ ကာကွယ်ဆေးကို ရွေးချယ်ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။

    ရှရှားထုတ် Sputnik V ကာကွယ်ဆေးကို ဘိုလီဗီးယားနှင့် အလ်ဂျီးရီးယားတို့ ဝယ်ယူ

    ပြည်တွင်းဖြစ် Sputnik V ကိုဗစ်ကာကွယ်ဆေးကို ဘိုလီဗီယားနဲ့ အလ်ဂျီးရီးယာတို့ကို ရောင်းချဖို့ ရုရှားက စာချုပ်ချုပ်လိုက်ပါတယ်။

    ဘိုလီဗီယားရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်း ၂.၂၇ သန်းလောက်ကို ရုရှားက ကာကွယ်​ဆေး ထောက်ပံ့ပေးသွားမှာပါ။ အလ်ဂျီးရီးယားက ကာကွယ်ဆေးထိုးမှုကို ဇန်နဝါရီမှာ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

    Sputnik V ကာကွယ်ဆေးဟာ ၉၁ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။

    လက်ရှိအချိန်အထိ ရုရှားရဲ့ကာကွယ်ဆေးကို နိုင်ငံပေါင်း ၅၀ ကျော်က အလုံးရေ သန်း ၁၂၀၀ ကျော် မှာယူပါတယ်။ တနင်္လာနေ့က အာဂျင်တီးနားကို အလုံးရေ ၃ သိန်းပေးပို့ခဲ့ပြီး လတ်တလော ရုရှားရဲ့ အများဆုံး ကာကွယ်ဆေး ပေးပို့မှုဖြစ်ပါတယ်။

    ဝူဟန်တွင် ကိုဗစ်ကူးစက်မှု အစိုးရထုတ်ပြန်သည်ထက် ပိုများဖွယ်ရှိ

    ကိုဗစ်ဗိုင်းရပ်စ်ပိုးအစပြုရာ ဝူဟန်မှာ အမှန်တကယ် ရောဂါကူးစက်သူအရေအတွက်က လူဦးရေရဲ့ ၅ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ တရုတ် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးစင်တာ(CDC) က ထုတ်ပြန်ပါတယ်။

    ဝူဟန်မှာ လူဦးရေ ၁၁ သန်းရှိပြီး CDC ရဲ့ သုတေသနအရ လူ ၅ သိန်းလောက် ကိုဗစ်ကူးစက်ခံခဲ့ရတာလို့ ဆိုနိုင်ပါတယ်။ ဒါဟာ အစိုးရက ထုတ်ပြန်တဲ့ ၅၀၃၅၄ ဦးထက် အဆမတန် များနေတာပါ။ ရောဂါလက္ခဏာမပြဘဲ ကိုဗစ်ရှိနေတဲ့သူတွေကို တရုတ်အစိုးရက ထည့်မတွက်ပါဘူး။

    ဝူဟန်မြို့ရဲ့ အသားငါးစျေးကနေ ကိုဗစ် စတင်ကူးစက်တာလို့ ယူဆကြပြီး အသေးစိတ်အချက်အလက်ကို တရုတ်အစိုးရက မထုတ်ပြန်တဲ့အတွက် ကမ္ဘာက ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဒါပေမယ့် WHO က ကျွမ်းကျင်သူအဖွဲ့တစ်ခု ဇန်နဝါရီမှာ ဝူဟန်မြို့ကိုလာရောက်ပြီး ကိုဗစ်ရဲ့အစကို ရှာဖွေဖော်ထုတ်မှာ ဖြစ်ပါတယ်။

    Ref: BBC