
(ဧရာ၀တီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်)
အစ္စလာမ်ဘာသာရေးဆရာများအား မဲပေးခွင့်ပိတ်ပင်လိုက်သည့် ကန့်သတ်ချက်များပါဝင်သော လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား ပြင်ဆင်သည့် ဥပဒေများကို ယမန်နေ့ ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်သည်။
ဆဋ္ဌမအကြိမ်မြောက် ပြင်ဆင်သည့် ထိုဥပဒေများတွင် ယခင်က မဲပေးခွင့်ရှိသော မော်လဝီ (သို့မဟုတ်) မော်လာနာ၊ ဟာဖိဇ်၊ အီမန်၊ မုဖ်သီ၊ မုဖတ်စိရ်၊ အိုလမာ၊ ပီရ် (သို့မဟုတ်) မရှာအိခ် အပါအဝင် အစ္စလာမ်ဘာသာ သာသနာ့ဝန်ထမ်းများအား ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများအရ မဲပေးခွင့်မရှိသော သာသနာ့ဝန်ထမ်းခေါင်းစဉ်အောက်၌ ထည့်သွင်းကာ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ထို့ပြင် ဟိန္ဒူဘာသာရေးဆရာများအား မဲပေးခွင့် ထပ်တိုးကန့်သတ်မှုအနေဖြင့်လည်း မဲပေးခွင့်မရှိသည့် သာသနာ့ ဝန်ထမ်း ခေါင်းစဉ်အောက်တွင် ယခင်က “ စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ” ဟု ပြဋ္ဌာန်းထားရာမှ ယခုတွင်
“ဂုရု၊ ပဏ္ဍိတ၊ မဟန့်၊ စံညာစီ၊ စံညာစိနီ၊ ဆာဒူး (ဆာဒူးကြီး)၊ ဆာဒ်ဝီ၊ ဆွာမိ၊ ဆွာမိနီ အပါအဝင် ဟိန္ဒူ ဘုန်းတော်ကြီးများ” ဟု ဆိုကာ ပြင်ဆင် ဖြည့်စွက်ခဲ့သည်။