News @ M-Media

Tag: muslim women

  • အလ်ဘေးနီးယားက အမျိုးသမီး ဗိုလ်ချုပ်တစ်ဦး ပထမဆုံး ခန့်အပ်မည်

    အလ်ဘေးနီးယားက အမျိုးသမီး ဗိုလ်ချုပ်တစ်ဦး ပထမဆုံး ခန့်အပ်မည်

    နိုဝင်ဘာ ၄၊ ၂၀၁၆
    M-Media

    albania

    – ဥရောပနိုင်ငံငယ်တစ်ခုဖြစ်သည့် အလ်ဘေးနီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနသည် ပထမဦးဆုံးအကြိမ်အဖြစ် ဗိုလ်ချုပ်ရာထူးအတွက် အမျိုးသမီးတစ်ဦးကို အဆိုပြုတင်သွင်းခဲ့သည်ဟု သိရသည်။

    ကာကွယ်ရေးဝန်ကြီး မီမီ ကွဒ်ဟေလီ၏ ပြန်ကြားရေးရုံးက အမျိုးသားဗိုလ်ချုပ်ငါးဦးနှင့်အတူ တာဝန်ထမ်းဆောင်နိုင်မည့် အမျိုးသမီးဗိုလ်မှူးတစ်ဦး၏ အမည်စာရင်းကို အင်္ဂါနေ့က တင်သွင်းခဲ့ခြင်းဖြစ်ကာ အမည်စာရင်းတင်သွင်းသည့်လုပ်ငန်းစဉ် မပြီးဆုံးသေးသည့်အတွက် အဆိုပါ အမျိုးသမီးဗိုလ်မှူး၏ အမည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

    အလ်ဘေးနီးယားကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ်က ခန့်အပ်ခံခဲ့ရသည့် ကွဒ်ဟေလီသည် အမျိုးသမီး ဗိုလ်မှူး ၃ ဦး ခန့်အပ်ခဲ့ပြီး စစ်တပ်တွင် စစ်သမီးအရေအတွက်ကို ၁၄ ရာခိုင်နှုန်း ၈၅၀၀ အထိ တိုးမြှင့်ခဲ့သည်။ ထို့ပြင် အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနတွင်လည်း အလ်ဘေးနီးယားအမျိုးသမီး အကြံပေးတစ်ဦးကို ခန့်အပ်ခဲ့သည်။

    Ref : IINA

  • ခွဲခြား ဆက်ဆံခံရမှုမှသည် နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာဖြစ်လာသူ

    ခွဲခြား ဆက်ဆံခံရမှုမှသည် နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာဖြစ်လာသူ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၅
    M-Media
    မိုးဝေ တင်ဆက်သည်။
    9143f7007fa14c86ae4d67bcdff724e8_18
    – ကမ္ဘာတစ်ဝှမ်းတွင် H&M ဟုသိကြသည့် ဆွီဒင်ဖက်ရှင်ကုမ္ပဏီ Hennes & Mauritz က ၂၀၁၅ ခုနှစ် ၎င်းတို့၏ ဈေးကွက်မြှင့်တင်ရေး ဗီဒီယိုတွင် ဟီဂျဘ်ပုဝါ ၀တ်ဆင်ထားသော မွတ်စလင်အမျိုးသမီးတစ်ဦးအား ထည့်သွင်းဖော်ပြမှုက ပြီးခဲ့သည့်သတင်းပတ်များအတွင်း မီဒီယာများ၌ ခေါင်းကြီးသတင်း ဖြစ်ခဲ့သည်။

    ထိုကဲ့သို့ ဟီဂျဘ်ဝတ်ဆင်မှုကို ပရိုမိုရှင်းလုပ်ပေးသော ဆွီဒင်ဖက်ရှင်လုပ်ငန်းများတွင် H&M က ပထမဆုံးတော့မဟုတ်။ Ahlens လက်လီအရောင်းဆိုင်ကြီးကလည်း ၎င်းတို့၏ ၂၀၁၅ အရောင်းမြှင့်တင်ရေး ဗီဒီယိုတွင် ဟီဂျဘ်ဝတ်ဆင်ထားသည့် မွတ်စလင်အမျိုးသမီးအား ထည့်သွင်းဖော်ပြခဲ့သည်။

    အဆိုပါ အဖြစ်အပျက်နှစ်ခုစလုံးအတွက် ချီးကျူးမှုများ ရရှိခဲ့သော်လည်း ဝေဖန်မှုများ ရှိခဲ့ပြီး တစ်ချို့က ထိုကုမ္ပဏီများမှာ “ဟီဂျဘ်ပုဝါကို သာမန်ဝတ်စားဆင်ယင်မှုမျိုး ဖြစ်အောင်လုပ်ကာ အမျိုးသမီးများအား ဖိနှိပ်ချုပ်ချယ်မှုကို အားပေးနေသည်” ဟု စွပ်စွဲကြသည်။

    ဂျော်ဒန်မိဘမှ ဆွီဒင်တွင် မွေးဖွားခဲ့သည့် မွတ်စလင်ဒီဇိုင်နာ အီမန် အလ်ဒီဘီကတော့ ထိုသဘောထားများနှင့်ပတ်သက်၍ နေသားကျနေပြီ ဖြစ်သည်။

    သူမ၏ ဒီဇိုင်းတော်တော်များများက အရည်အသွေးကောင်းပြီး ဈေးကြီးသည့် ခေါင်းဆောင်းပုဝါများဖြစ်ပြီး ဆွီဒင်၊ ပဲရစ်၊ နယူးယောက်နှင့် ဒူဘိုင်းတို့ရှိ သီးသန့်ဆိုင်ကြီးများတွင် ရောင်းချကြသည်။

    ရှေ့ဆောင်အီမာမ်၏ သမီး
    ———————————
    သို့သော်လည်း ဖက်ရှယ်နယ်ပယ်သို့ သူမ၏ ခြေချမှုမှာ ပန်းခင်းသောလမ်း မဟုတ်ခဲ့။ မကြာသေးမီက အငြိမ်းစားယူသွားခဲ့သည့် ရှေ့ဆောင်အီမာမ်၏ သမီးတစ်ယောက်အဖြစ် အလ်ဒီဘီမှာ စတော့ဟုမ်းရှိ ဘာသာရေးကိုင်းရှိုင်းသော မိသားစုတွင် ကြီးပြင်းလာသူဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များက စတော့ဟုမ်းရှိ  တစ်ခုတည်းသော ဗလီဝတ်ကျောင်းတော်မှာ အဆောက်အအုံတစ်ခု၏ မြေအောက်ခန်းတွင် ရှိပြီး လူမှုရေးစင်တာနှင့် ပူးတွဲဖွင့်လှစ်ထားသည့် နေရာသာ ဖြစ်သည်။

    စုပေါင်းဝတ်ပြုရန်၊ ဓမ္မစာအုပ်များ ၀ယ်ရန်၊ ကုရ်အာန်ကျမ်းတော်မြတ် သင်ကြားရန်နှင့် ဟာလာအစားအသောက်များ ၀ယ်ယူရန်တွက် တစ်နိုင်ငံလုံးမှ မွတ်စလင်များမှာ ထိုဝတ်ကျောင်းတော်အတွင်းသို့ လာရောက်ကြရသည်။ စနေ၊ တနင်္ဂနွေနှင့် အခြားပိတ်ရက်များတွင် ထိုဗလီဝတ်ကျောင်းတော်၌ စုရုံးကြပြီး သာသနာရေးအသိပညာများကို မျှဝေကြသည်။

    ထို အသိုင်းအ၀ိုင်းလေးထဲတွင် ရှေ့ဆောင်အီမာမ်တစ်ဦး၏ သမီးက မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ဆိုသည့် သတ်မှတ်ချက်များလည်း ရှိနေသည်။

    “ကျွန်မ အသက် ၆ နှစ်အရွယ်မှာ ဟီဂျဘ်ပုဝါ စ၀တ်တယ်။ အရွယ်ရောက်လာတဲ့အထိ ကျွန်မကို မိသားစုက စောင့်ကြည့်ခဲ့ကြပါတယ်။ မိတ်ကပ်လိမ်းတာ၊ ကျန်တဲ့မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ ခြားနားတဲ့ ကိစ္စတွေ ဆောင်ရွက်တာကို မိသားစုက လက်မခံခဲ့ပါဘူး။ ကျွန်မမှာ တာဝန်တွေ တစ်ပုံတစ်ပင်ရှိနေတယ်၊ ဖြည့်ဆည်းရမယ့် အခန်းကဏ္ဍတစ်ခုလည်း ရှိနေတယ်လို့ ကျွန်မ ခံစားခဲ့ရပါတယ်” ဟု အသက် ၃၀ ရှိဖြစ်သည့် အလ်ဒီဘီက ပြောကြားခဲ့သည်။
    ae35b0b4e9674e90b2aaac5504af4cb2_18
    သို့သော်လည်း ဖက်ရှင်အပေါ် သူမ၏ စိတ်ဝင်စားမှုက တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့သည်။

    “အမေနဲ့ အမေ့သူငယ်ချင်းတွေဝတ်တဲ့ တူညီခြုံထည်တွေ၊ တစ်ရောင်တည်းသာဖြစ်နေတဲ့ ခေါင်းဆောင်းပုဝါတွေကို ကြည့်ပြီး ကျွန်မ နှစ်သက်လေ့မရှိတာကို မှတ်မိပါတယ်။ သူတို့ဟာ အမြဲတမ်း ပုံတုံးကြီးတွေ ၀တ်လေ့ရှိပြီး အဲဒီအချိန်တုန်းကလည်း အိနြေ္ဒသိက္ခာရှိတဲ့ ၀တ်စုံဆိုလို့ ဆိုင်တွေမှာ ဒါမျိုးတွေပဲရှိတာကိုး” ဟု သူမက ရှင်းပြသည်။

    အသက် ၁၆ နှစ်အရွယ်တွင် အလ်ဒီဘီတစ်ယောက် အထက်တန်းကျောင်း၌ ဖက်ရှင်ပညာကို စတင်သင်ကြားခဲ့ပြီး အ၀တ်အစားများဖန်တီးရေး သူမ၏ ၀ါသနာအတွက် စွန့်ဦးတီထွင်မှုအခန်းကဏ္ဍ ရှိနေသည်ကိုလည်း သူမက အလျင်အမြန် သဘောပေါက်ခဲ့လေသည်။ ထို့နောက် ဘွဲ့ဝတ်စုံနှင့် မင်္ဂလာဆောင်ဝတ်စုံများကို တီထွင်ဖန်တီးခဲ့ပြီး ထိုလက်ရာများမှာ ဖက်ရှင်ကျသလောက် အိနြေ္ဒသိက္ခာရှိသည့် ၀တ်စုံများလည်း ဖြစ်ခဲ့သည်။

    “သူငယ်ချင်းတွေ ဆွေမျိုညာတကာတွေလို ကျွန်မနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက မှာယူမှုအနည်းငယ်တော့ ရှိခဲ့ပါတယ်”

    တက္ကသိုလ်တွင် အလ်ဒီဘီတစ်ယောက် ဂျာနယ်လစ်နှင့် ဥပဒေဘာသာရပ်ကို သင်ယူခဲ့သည်။ သို့သော်လည်း တစ်နှစ်တာ ကျင်လည်ခဲ့ပြီးနောက် တစ်နှစ်နားရန် ဆုံးဖြတ်ခဲ့လေသည်။

    fdc41ca293f346f4a3c186e4afc12219_18

    ဟီဂျဘ် ဘက်သို့ တစ်ဖန်ပြန်လှည့်
    ———————————
    ကျောင်းနားသည့် ထိုတစ်နှစ်က သူ့အမတွက် အလွန်တန်ဖိုးရှိခဲ့ပြီး ဖက်ရှင်လောက တကယ့်လက်တွေ့ ရောင်းချမှုတွင် မည်သို့ အလုပ်လုပ်သည်ဆိုသည်ကိုလည်း သိခဲ့ရသည်။ သို့သော်လည်း ထိုကာလတွင်ပင် အလ်ဒီဘီမှာ ဟီဂျဘ်ဆန့်ကျင်ရေး ခွဲခြားဆက်ဆံမှုများကိုလည်း ပထမဆုံး ခံစားခဲ့ရလေသည်။

    ဖက်ရှင်ဆိုင်ငယ်တစ်ခု၏ အပြင်ဘက်တွင် အရောင်းစာရေးအလုပ်အတွက် လူခေါ်ထားသည့် ကြော်ငြာကြောင့် အလုပ်သွားလျှောက်သည်ကို သူမ မှတ်မိနေသည်။

    “အဲဒီနေရာအတွက် စုံစမ်းဖို့ ကျွန်မ အထဲဝင်သွားတော့ လူခန့်ထားပြီးပြီလို့ အပြောခံခဲ့ရပါတယ်။ ကျွန်မ သိပ်မယုံတာကြောင့် ဟီဂျဘ်မ၀တ်ထားတဲ့ သူငယ်ချင်းတစ်ယောက်ကို အဲဒီဆိုင်ကို ပြန်လွှတ်ခဲ့ပါတယ်။ သူက မေးတဲ့အခါမှာတော့ ဘယ်တော့လောက် အလုပ်စ၀င်လို့ရမလဲလို့ ဆိုင်က ပြန်ပြောခဲ့တယ်” ဟု သူမက ပြောကြားခဲ့သည်။

    အလုပ်အကိုင်ရှာဖွေပေးသည့် စင်တာမှတစ်ဆင့် အရောင်းစာရေးအလုပ်ကို သူမ ရှာဖွေခဲ့ရသည့် အချိန်လည်း ရှိခဲ့သည်။ ထိုအချိန်တွင်တော့ တာဝန်ခံက အလုပ်လုပ်ရာတွင် ဘာသာရေးမပါရဟု သူမကို ပြောခဲ့သည်။

    “အဲဒီလူက ကျွန်မကို ဟီဂျဘ်ချွတ်လိုက်တာ ပိုကောင်းမယ်လို့ ပြောခဲ့ပါတယ်” ဟု သူမ တွေ့ကြုံရမှုကို အလ်ဒီဘီက ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်များအတွက် စိတ်ပျက်အားလျော့ရသော်လည်း ဆုံးဖြတ်ချက် ပြတ်သားသည့် အလ်ဒီဘီမှာ တက္ကသိုလ်ပြန်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရုပ်သံဂျာနာလစ်ဇင် ဘာသာရပ်၊ ဥပဒေဘာသာရပ်တို့ဖြင့် ဘွဲ့ရခဲ့သည်။

    နောက်ဆုံးတွင်တော့ ဖက်ရှင်ဆိုင်ငယ်တစ်ခုတွင် အချိန်ပိုင်းအလုပ် ရခဲ့သည်။ သို့သော်လည်း ပထမဆုံးအနေဖြင့် သူမ၏ ခေါင်းဆောင်းပုဝါအတွက် ဆန်းသစ်မှုအချို့ ပြုလုပ်ခဲ့ရလေသည်။

    “(ဟီဂျဘ်ဝတ်တဲ့ပုံစံကို) ပြောင်းလဲဖို့ ကျွန်မ ကြိုးစားခဲ့ရပါတယ်။ မျက်နှာတစ်ဝိုက်မှာ ရစ်ပတ်ရမယ့်အစား အာဖရိကရိုးရာ ခေါင်းဆောင်ပုဝါတွေလို အားလုံးကို အနောက်မှာ စုချည်ခဲ့တယ်။ အဲဒီပုံစံအတိုင်း အင်တာဗျူးသွားခဲ့ပြီး အလုပ်ရခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ဈေးဝယ်သူများက သူမ၏ ဒီဇိုင်းအား ချီးကျူးမှုကိုလည်း အလ်ဒီဘီက ပြန်ပြောင်းပြောပြခဲ့သည်။

    db289e652e51454297f6ee7a8e11d5a1_18

    “ကျွန်မရဲ့ ယုံကြည်ချက် အယူဝါဒကို မထိခိုက်စေတဲ့ ပြောင်းလဲမှုအချို့ကို လုပ်နိုင်ခဲ့တယ်လို့ ကျွန်မ ခံစားရပါတယ်။ ပြီးတော့ ဒီပြောင်းလဲမှုကို ကျွန်မရဲ့ သာသနာနဲ့ ဆွီဒင်လူ့အဖွဲ့အစည်းကလည်း လက်ခံနိုင်ပါလိမ့်မယ်” ဟု သူမက ပြောကြားခဲ့သည်။

    ၂၀၀၆ ခုနှစ်တွင် ဆွီဒင်ရုပ်သံလိုင်း TV4 ၏ ဟီဂျဘ်ပုဝါစတိုင်များအကြောင်း ဆွေးနွေးသော မနက်ပိုင်း အစီအစဉ်တွင် အခြားသော မွတ်စလင်ဒီဇိုင်နာများနှင့်အတူ အလ်ဒီဘီတစ်ယောက် ပေါ်လာခဲ့သည်။

    “ထိုအစီအစဉ်ပြီး နောက်ပိုင်းမှာ ဆွီဒင်ထိပ်တန်းသတင်းစာ Aftonbladet က ဆွီဒင်မှာရှိတဲ့ ကုန်တိုက်တွေကို သွားပြီး ခေါင်းဆောင်းပုဝါ ရောင်းချဖို့နဲ့ မွတ်စလင်ဖက်ရှင်တွေအတွက် နေရာပေးဖို့ စဉ်းစားနေလားလို့ မေးမြန်းခဲ့ပါတယ်” ဟု အလ်ဒီဘီက ရှင်းပြခဲ့သည်။

    အဖြေကတော့ “No” ဟု ရခဲ့ကြောင်း သတင်းစာက သူမကို ပြန်ပြောခဲ့လေသည်။

    ထို့နောက်တွင်တော့ အလ်ဒီဘီက မွတ်စလင်ဖက်ရှင်များကို ပိုမိုခေတ်မီအောင် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အသေအချာကို စဉ်းစားလာခဲ့သည်။ ထိုးဖောက်မှုမရှိသေးသည့် မွတ်စလင်အမျိုးသမီးများ၏ အ၀တ်အစားဈေးကွက်ကြီးမှာ မည်မျှလောက် ကြီးမားသည်ကို သိရှိလာသည့်အချိန်တွင် ကုန်တိုက်များက ၎င်းတို့၏ သဘောထားကို ပြောင်းလဲမည်ဟု သူမက အသေအချာ သိလာခဲ့သည်။ ထို့ကြောင့် အလ်ဒီဘီမှာ “ရိုးရိုးယဉ်ယဉ်” ဖက်ရှင်စီးပွားရေးလုပ်ငန်းကို စတင်ခဲ့လေတော့သည်။

    723c5361fc1e4d35870cf8db99c05993_18

    လစ်ဟာမှုတစ်ခု ဖြည့်ဆည်းခြင်း
    ———————————
    “နှစ်အနည်းငယ်က ဟီဂျဘ်ခေါင်းဆောင်းပုဝါကို ရောင်းချဖို့ ငြင်းဆိုခဲ့တဲ့ ကုန်တိုက်အချို့ဟာ အခုတော့ လိုလိုလားလားကို ရောင်းချနေပြီး မွတ်စလင်ဖက်ရှင်တွေကနေ အကျိုးအမြတ်တွေ ရယူနေတာကို ကြည့်ရမြင်ရတာ စိတ်ဝင်စားစရာပါပဲ” ဟု အလ်ဒီဘီက ပြောကြားခဲ့သည်။

    ထိုဖက်ရှင်ဈေးကွက်က ကြီးထွားလာနေသည့် ဈေးကွက်တစ်ခုဖြစ်သည်။ Thomson Reuters မှ ၂၀၁၄-၁၅ အတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ၂၀၁၃ ခုနှစ် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက အ၀တ်အစားနှင့် ဖိနပ်တို့အတွက် သုံးစွဲမှုမှာ ကန်ဒေါ်လာ ၂၂၆ ဘီလီယံရှိသည်ဟု ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်တွင် ၄၈၄ ဘီလီယံအထိ တိုးတက်မည်ဟုလည်း ခန့်မှန်းထားသည်။

    ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော မွတ်စလင်ဈေးဝယ်သူများအတွက် Mango နှင့် DKNY ကဲ့သို့သော တံဆိပ်များက မွတ်စလင်များ ဥပုသ်သီလဆောက်တည်သည့် ရမ်ဇာန်ဥပုသ်လတွင် အီးဒ်ပွဲတော်အတွက် အဆင်များကိုသာ ရောင်းချပေးသည်။

    အလ်ဒီဘီက ထို ဈေးကွက်လစ်ဟာမှုကြီးကို သတိပြုမိခဲ့လေသည်။ သူမက ဖောက်သည်များကို မေးမြန်းဆန်းစစ်ပြီးနောက် အများစုက အသင့်ဝတ် ခေါင်းဆောင်းပုဝါများကို ၀ယ်ယူဝတ်ဆင်ချင်သည်ကို သူမက သိရှိခဲ့သည်။ ထိုအချက်က ခေါင်းပေါင်းများဖန်တီးရန် ရရှိသည့် အတွေးလည်း ဖြစ်ခဲ့သည်။ အခုလက်ရှိတွင် Happy Turan ဟုခေါ်သည့် သီးသန့် ခေါင်းပေါင်းအဆင်ဒီဇိုင်းတစ်ခု သူမတွင် ရှိနေပြီဖြစ်သည်။ ထူးခြားသည့် ပုံစံများဖြင့် ဖန်တီးထားသော အဆိုပါခေါင်းပေါင်းများကို မွတ်စလင်များတင်မဟုတ်ဘဲ မွတ်စလင်မဟုတ်သူများအကြားတွင်ပင် ရေပန်းစားနေသည်။

    သို့သော်လည်း အဆိုပါ ခေါင်းဆောင်းပုဝါများကိုသာ အလ်ဒီဘီက ဒီဇိုင်းထုတ်သည်မဟုတ်။

    “မွတ်စလင်ဖက်ရှင်သမားတွေအတွက် သင့်တော်တဲ့ အ၀တ်အစားတွေကိုလည်း ကျွန်မ ဖန်တီးပါတယ်” ဟု အလ်ဒီဘီက ပြောကြားခဲ့သည်။

    သို့သော်လည်း သူမ၏ ဖန်တီမှုများမှာ လွယ်လွယ်နှင့် ပေါက်ခဲ့သည်မဟုတ်။

    “ကျွန်မလုပ်နေတာတွေကို လူတွေလက်ခံလာဖို့ နှစ်တော်တော် ကြာခဲ့ပါတယ်”

    ၂၀၀၁ ခုနှစ်တွင် ခေတ်ပေါ်မွတ်စလင်ဖက်ရှင်အား စတင်ဖော်ထုတ်ခဲ့သည့်အချိန်က ရင်ဆိုင်ခဲ့ရသည့် ဝေဖန်မှုများကိုလည်း သူမက ပြန်ပြာင်းပြောပြသည်။ သူမကိုဝေဖန်သူများက အုပ်စုနှစ်စုဖြစ်ပြီး မွတ်စလင်များနှင့် ဆွီဒင်အမျိုးသားရေးဝါဒီများဖြစ်သည်။

    ၎င်း၏ တီထွင်ဆန်းသစ်မှုများကို မနှစ်မြို့သည့် မွတ်စလင်အချို့နှင့်ပတ်သက်၍ အလ်ဒီဘီက “ဥရောပကိုရောက်လာတဲ့ မွတ်စလင်အချို့က ဖယ်ကျဉ်ခံရမှုကို ခံစားနေရတယ်လို့ ကျွန်မ ထင်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရား ကဏ္ဍတိုင်းကိုလည်း တတ်နိုင်သမျှ လက်မလွှတ်ချင်ကြဘူး။ အဲဒီလို လက်လွှတ်လိုက်ရပြီဆိုရင် ဆုံးရှုံးသွားတယ်လို့ သူတို့ ခံစားရပါတယ်” ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း သူမအား သံသယမျက်စိဖြင့် ကြည့်ကြသူများကို အလ်ဒီဘီက အနိုင်ယူခဲ့သည်။

    “တစ်ချိန်က ကျွန်မကို တော်တော်ဝေဖန်ခဲ့ကြတဲ့သူတွေဟာ ဒီနေ့မှာတော့ ကျွန်မဖောက်သည်တွေ ဖြစ်နေပါပြီ” ဟု သူမက ဖွင့်ဟခဲ့သည်။

    ၉/၁၁ တိုက်ခိုက်မှု နောက်ပိုင်းတွင် အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်ဟု အလ်ဒီဘီက ဆိုသည်။

    မွတ်စလင်များအပေါ် ရန်လိုတိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ဟီဂျဘ်ပုဝါ ၀တ်ဆင်ထားသည့် အမျိုးသမီးများမှာလည်း မလုံမခြုံ ခံစားရလာသည်။ တစ်ချို့က ဟီဂျဘ်အား မ၀တ်ဆင်တော့ရန် ရွေးချယ်ခဲ့သည်။ အလ်ဒီဘီကဲ့သို့ အခြားသူများကတော့ အဆိုပါဟီဂျဘ်ကို ခေတ်မီဆန်းသစ်အောင် ဆောင်ရွက်ကြလေတော့သည်။

    အလ်ဒီဘီအတွက် ထိုသို့ဆောင်ရွက်ခြင်းက ဖက်ရှင်ဒီဇိုင်း တီထွင်ဖန်တီးခြင်းထက်ကို ပိုလေသည်။ ယခင်က ဆွီဒင်တွင် ၀တ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကြောင့် မွတ်စလင်အမျိုးသမီးများမှာ အလုပ်လျှောက်ရာတွင် မည်မျှ အခက်အခဲနှင့် ရင်ဆိုင်ရသည်ကို သူမက ရှင်းပြခဲ့သည်။

    သို့သော်လည်း ရဲတပ်ဖွဲ့ဝင် မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်ရန်အတွက် ယူနီဖောင်း ဟီဂျဘ်ပုဝါကို ဖန်တီးရန်  ၂၀၀၇ ခုနှစ်တွင် ဆွီဒင်ရဲတပ်ဖွဲ့က အလ်ဒီဘီအား တာဝန်ပေးခဲ့သည်။ ယခုအချိန်တွင်တော့ သူမ၏ ဟီဂျဘ်ပုဝါ ဒီဇိုင်းက ဆွီဒင်မွတ်စလင်ရဲမေများအတွက် ယူနီဖောင်းအဖြစ် အသုံးပြုနေပြီဖြစ်သည်။ ထို့ပြင် ဆွီဒင်စစ်တပ်၊ မီးသတ်၊ ဆေးဘက်ဆိုင်ရာနှင့် ဆေးရုံများတွင် အသုံးပြုရန်အတွက် ဟီဂျဘ်ပုဝါကိုလည်း သူမပင် ဒီဇိုင်းဆွဲ ဖန်တီးနေသည်။

    “မွတ်စလင်တွေအပေါ်မှာရှိနေတဲ့ မကောင်းမြင်မှုတွေကို ဖယ်ရှားဖို့အတွက် ကျွန်မက ဖက်ရှင်ကို လက်နက်တစ်ခုအဖြစ် အသုံးချပါတယ်။ မွတ်စလင်အမျိုးသမီးတွေဟာ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ အနောက်တိုင်းက မြင်နေတဲ့ပုံရိပ်နဲ့၊ အဲဒီပုံရိပ်ကြောင့် မွတ်စလင်အမျိုးသမီးတွေ လူ့အဖွဲ့အစည်းကနေ ကင်းကွာသွားတာကိုလည်း ကျွန်မ တွန်းလှန်ချင်ပါတယ်။ ကျွန်မတို့ဟာ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကို လူ့အဖွဲ့အစည်းက သတ်မှတ်တာမျိုးထက် အဖြေရှာဖွေခြင်းအားဖြင့် လူ့အဖွဲ့အစည်းမှာ ထူခြားမှုတစ်ခုကို လုပ်ဆောင်ဖို့ ကျွန်မ ကြိုးစားခဲ့ပါတယ်”

    ဖက်ရှင်ဖြင့်ပြောင်းလဲခြင်း
    ———————————
    သူမ၏ ကြိုးပမ်းမှုက လူတိုင်းအပေါ်တွင်တော့ လွှမ်းမိုးနိုင်းခြင်းမရှိ။ မွတ်စလင်ဖက်ရှင်များကို ခေတ်မီအောင် ဖန်တီးမှုကို ရှေးရိုးစွဲ မွတ်စလင်များနှင့် ဆွီဒင်လက်ယာစွန်းရောက်များက မကြိုက်လှ။

    “၂၀၁၁ ကစလို့ ဆွီဒင်အမျိုးသားရေးဝါဒီတွေက ကျွန်မကိုဦးတည်တဲ့ အမုန်းတရားဖြန့်ဖြူးမှုကို လုပ်ဆောင်ကြပြီး ခြိမ်ခြောက်တာမျိုးတွေလည်း ရှိပါတယ်”

    ဖုန်း၊ မက်ဆေ့ခ်ျ၊ Facebook၊ အီးမေးလ်ဖြင့်လည်းကောင်း ၎င်း၏ ဘလော့ဂ်တွင် မှတ်ချက်ရေးခြင်းဖြင့် လည်းကောင်း အလ်ဒီဘီက ခြိမ်းခြောက်မှုများစွာကို ခံခဲ့ရသည်။

    “သတိထားနေ ခင်ဗျားအိမ်ရဲ့ ၀ရန်တာမှာရပ်နေရင်း ခြေချော်ကျသေသွားမယ်။ ဘာမှတ်နေလဲ” ဟူသော မှတ်ချက်များလည်း ပါသည်။

    အချို့သော အင်တာနက်စကားဝိုင်းများတွင် အလ်ဒီဘီမှာ အသက်ရှင်ရန် မထိုက်တန်ဟုပင် ဆွေးနွေးမှုများ ရှိခဲ့သည်။ မွတ်စလင်ရဲမေများအတွက် ဟီဂျဘ်ပုဝါဒီဇိုင်း အပ်နှံခံရပြီးနောက်ပိုင်းတွင် ခြိမ်းခြောက်မှုက ပိုမိုများပြားလာသည်ဟု သူမက ပြောကြားခဲ့သည်။ သို့သော်လည်း အလ်ဒီဘီတစ်ယောက် ဆိတ်ဆိတ်သာ နေခဲ့လေသည်။

    “ဆွီဒင်ရဲတပ်ဖွဲ့မှာ ဟီဂျဘ်ပုဝါ ၀တ်ဆင်ထားတဲ့ မွတ်စလင်အမျိးသမီးတွေကို တွေ့မြင်ရတဲ့အတွက် သိပ်ကိုဂုဏ်ယူပြီး အရမ်းလည်း လေးစားအားကျပါတယ်။ တစ်ခုခုမှာ စွန့်ဦးလုပ်ဆောင်သူဖြစ်ဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ တာဝန်ခံမှုက အရမ်းကြီးတယ်။ ဒါပေမယ့် ကျွန်မတို့ မဖြစ်မနေလုပ်ရပါမယ်”

    ယနေ့တွင်တော့ အလ်ဒီဘီ၏  Haute Couture ခေါင်းပေါင်းများကို ဆွီဒင်ရှိ နာမည်ကြီးကုန်တိုက်များတွင် ရောင်းချနေပြီဖြစ်သည်။ သူမက ယူကေဈေးကွက်ကို ထိုးဖောက်ရန် မျှော်လင့်နေသည်။

    “အခုအချိန်မှာ ကျွန်မရဲ့အ၀တ်အစားတွေ၊ ခေါင်းပေါင်းတွေကို ဘာသာပေါင်းစုံက၊ မျိုးရိုးပေါင်းစုံက အမျိုးသမီးတွေ ၀တ်ဆင်နေကြ ပါတယ်။ တစ်ချို့တွေက အဲဒီခေါင်းပေါင်းတွေကို စုဆောင်းကြတယ်။ ဖိနှိပ်ချုပ်ချယ်မှု အရာတစ်ခုလို့ ရှုမြင်နေရာကနေ နှစ်ခြိုက်စရာ ဖက်ရှင်တစ်ခုအဖြစ် ပြောင်းလဲသွားတာမျိုးကို တွေ့ရတာဟာ သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဟီဂျဘ်ပုဝါ ၀တ်ဆင်သည့် မွတ်စလင်အမျိုးသမီးများမှာ ၎င်းတို့၏ ၀တ်စားဆင်ယင်မှုကို မပြောင်းလဲဘဲ ဖက်ရှင်လုပ်ငန်းနှင့် အခြားသောလုပ်းငန်များတွင် ၀င်ရောက်လုပ်ကိုင်လာနိုင်ပြီဟု အလ်ဒီဘီက ၀န်ခံပြောကြားခဲ့သည်။

    သို့သော်လည်း သူမက “လူတိုင်းဟာ ကိုယ့်အထုပ်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ် လျှောက်ရတာပါပဲ။ ဆွီဒင်မှာ အရာရာတိုင်း ပြောင်းလဲသွားမယ့် နောက်နှစ် ၁၀၀ လောက်ကို ကျွန်မ မစောင့်နိုင်ပါဘူး။ ပြောင်းလဲမှုအချို့ကို ကျွန်မ လုပ်ခဲ့ရတယ်။ ပြီးတော့ ကျွန်မအတွက် အလုပ်ဖြစ်မယ့် အဖြေတွေကို ရှာဖွေခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

    “ကျွန်မဟာ မိန်းမဆန်တယ်လို့ ခံစားရပြီး အရောင်းအသွေးစုံတဲ့၊ သဘာပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ အ၀တ်အစားတွေကို ၀တ်ချင်တယ်။ ဒါ့ကြောင့် ကျွန်မ အဲဒါတွေကို တီထွင်ဖန်တီးခဲ့ပါတယ်” ဟု ဥရောပအမျိုးသမီးငယ်အဖြစ် စတိုင်ကျမှုအတွက် သူမ၏ ဆန္ဒကို ပြောပြခဲ့သည်။

    “ပြသနာတွေကို ဖြေရှင်းဖို့၊ မွတ်စလင်အမျိုးသမီးတွေ အလုပ်ခွင် ပိုဝင်ရေးကို ခွင်ပြုဖို့အတွက် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာဖို့ အချိန်တော်ကြာမယ်ဆိုတာ ကျွန်မ စောစောပိုင်းကတည်းက သတိပြုမိခဲ့ပါတယ်။ ဖက်ရှင်ကနေ တစ်ဆင့် ပြဿနာ တော်တော်များများကို ဖြေရှင်းနိုင်မယ်၊ လူ့အဖွဲ့အစည်းမှာ ပိုမိုဝင်ဆံ့လာနိုင်မယ်လို့လည်း ကျွန်မ ခံစားမိပါတယ်”

    “ဖက်ရှင်ဟာ အနုပညာဖြစ်တယ်။ အနုပညာဟာ အပြုသဘောဆောင်ပြီး (မွတ်စလင်အမျိုးသမီးတွေဟာ) ဖိနှိပ်ခံနေရတယ်ဆိုတာ့ တစ်လွဲယူဆချက်တွေကိုလည်း ချေဖျက်မောင်းထုတ်နိုင်ပါတယ်။ ကျွန်မကတော့ ဆက်ပြီး အ၀တ်အစားတွေကို ဖန်တီးသွားချင်ပါတယ်။ ဒါက လူတွေအတွက် အခွင့်အလမ်းတွေ ပြောင်းလဲမှုတွေကို ဆောင်ကျဉ်းပေးလာပါလိမ့်မယ်”

    ref:Al Jazeera

  • ဒုက္ခသည် အဖြစ် ခိုလှုံခဲ့သူ မွတ်စလင် အမျိုးသမီး  ကနေဒါ အစိုးရ အဖွဲ့သစ်မှာ ဝန်ကြီးဖြစ်လာ

    ဒုက္ခသည် အဖြစ် ခိုလှုံခဲ့သူ မွတ်စလင် အမျိုးသမီး ကနေဒါ အစိုးရ အဖွဲ့သစ်မှာ ဝန်ကြီးဖြစ်လာ

    နိုဝင်ဘာ ၆ ၊ ၂၀၁၅
    M-Media
    Maryam Monsef
    – ကနေဒါနိုင်ငံ၏ ဒီမိုကရေစီရေးရာ ၀န်ကြီးသစ်မှာ ကလေးဘ၀က မိခင်၊ ညီမနှစ်ဦးတို့နှင့်အတူ အာဖဂန်မှ ကနေဒါသို့ ပြောင်းရွှေ့အခြေချလာခဲ့သည့် အသက် ၃၀ အရွယ် မွတ်စလင်အမျိုးသမီး မရ်ယမ် မွန်ဆက်ဖ် ဖြစ်လေသည်။

    သူမမှာ ပြောင်းလဲတိုးတက်မှုများရှိနေသည့် အွန်တာရီယိုမှ ပီတာဘိုရိုမြို့ကို ကိုယ်စားပြုသည့် လွှတ်တော် အမတ်အသစ်အဖြစ် ကနေဒါ ပါလီမန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၄ ရက်နေ့) တွင် ၀န်ကြီးချုပ် ဂျက်စတင် ထရူဒူက ၀န်ကြီး ၃၁ ဦး ပါဝင်သည့် ကက်ဘိနတ်တွင် သူမအား ရွေးချယ်ခဲ့ပြီး အငယ်ဆုံး ၀န်ကြီးဖြစ်လာကာ ကနေဒါသမိုင်းတစ်လျှောက် ကက်ဘိနက် အဖွဲ့အတွင်း ပါဝင်ရသည့် စတုတ္ထမြောက် အသက်ငယ်ဆုံး ၀န်ကြီးလည်း ဖြစ်လာခဲ့လေသည်။

    မွန်ဆက်ဖ်မှာ အာဖဂန်နစ္စတန်တွင် မွေးဖွားခဲ့သူဖြစ်ပြီး နိုင်ငံအနောက်ပိုင်း အီရန်နယ်စပ် ဟီရတ်ဒေသတွင် ကြီးပြင်းခဲ့သည်။ သူမ လမ်းလျှောက်တတ်ကာစ အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီး ညီမ နှစ်ဦးစလုံးမှာ အသက် ၂ နှစ်အောက်အရွယ်သာ ရှိသေးသည်။ ထိုအချိန်က မိခင်မှာ အသက် ၂၀ ကျော်သာ ရှိပြီး ဖခင်ဖြစ်သူ အဘယ့်ကြောင့် သေဆုံးသွားရသည်ကိုလည်း မွန်ဆက်ဖ်က တိတိကျကျ မသိ။

    “အီရန်နဲ့ အာဖဂန်နစ္စတန်နယ်စပ်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုအတွင်းမှာ အဖေက ကြားညပ်သေဆုံးခဲ့တယ်လို့ပဲ ကျွန်မတို့ သိခဲ့ရပါတယ်” ဟု ကနေဒါ  Huffington Post သို အင်္ဂါနေ့တွင် သူမက ပြောကြားခဲ့သည်။

    သူမ မမွေးခင် နှစ်အနည်းငယ်အရင်က ဦးလေးဖြစ်သူမှာ ကဘူးလ်တက္ကသိုလ်ရှိ နေထိုင်ရာ အဆောင်အခန်းထဲမှ ပြန်ပေးဆွဲခြင်း ခံခဲ့ရသည်ဟု သူမက ပြောကြားခဲ့သည်။ ဆေးဝါးအထူးပြု ဘာသာရပ်ဖြင့် တတိယနှစ် တက်ရောက်နေသော ၎င်း၏ ဦးလေးမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး ဘတ်စ်ကားများပေါ်တွင် ကွန်မြူနစ်ဆန့်ကျင်သည့် စာတမ်းများကို ကပ်လေ့ရှိသည်ဟု ကြားဖူးကြောင်း သူမက ဆိုသည်။

    “အဲဒီညမှာ ကောလိပ်အဆောင်ဟာ စီးနင်းခံရပြီး သူနဲ့ သူ့အခန်းဖော်တွေလည်း အဖမ်းခံခဲ့ရပါတယ်။ ပြီးတော့ သူတို့အကြောင်းကို နောက်ထပ် ဘယ်တော့မှ မကြားရတော့သလို သူတို့ကို မြင်လည်း မမြင်ရတော့ပါဘူး။ ဒါက ကျွန်မတို့မိသားစု နိုးထဖို့ အရေးပါတဲ့ အချက်ပေးခေါင်းလောင်းသံလို့ ကျွန်မ ထင်ပါတယ်”

    အာဖဂန်နှင့် အီရန်အကြား ရွှေ့ပြောင်းနေထိုင်သည့် အချိန်များတွင် မွန်ဆက်ဖ်၏ ကလေးဘ၀ ကုန်ဆုံးခဲ့သည်။

    “အဲဒါကြောင့်ပဲ ကျွန်မ အခုရနေတဲ့ အခွင့်အလမ်းဟာ ပိုပြီး အရေးပါတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလို သမိုင်းကြောင်းနဲ့ လူဖြစ်လာပြီး လူတွေရဲ့ဘ၀တွေကို သိသိသာသာ သက်ရောက်မှုတွေရှိမယ့် ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရတယ်လေ။ ဂုဏ်ယူစရာသိပ်ကောင်းသလို၊ မယုံကြည်နိုင်စရာ အဆင့်အတန်းလည်း ဖြစ်ပါတယ်”

    ဆိုဗီယက်၏ ကျူးကျော်မှုက အာဖဂန်၏ တံခါးအားလုံးကို ပိတ်သွားစေခဲ့ပြီး အခြားသော အာဖဂန်ပြည်သူများကဲ့သို့ပင် မွန်ဆက်ဖ်တို့မိသားစုမှာ နယ်စပ်ဖြတ်ကျော်၍ နေထိုင်ရကာ စစ်ကြီး အဆုံးသတ်ရန် မျှော်လင့်ခဲ့ကြသည်။ ဦးလေးများ၏ အထောက်အပံ့အချို့နှင့်အတူ မွန်ဆက်ဖ်၏ မိခင်က အိမ်ထောင်ကို ထိန်းသိမ်းရသည်။

    “အဲဒီဘ၀ဟာ နှစ်မြို့စရာ အသက်ရှင်နေထိုင်မှုမျိုးတော့ မဟုတ်ပါဘူး” ဟု ဆိုပြီး မိခင်ဖြစ်သူမှာ သူမတို့ ညီအမများအား အိမ်တွင် အင်္ဂလိပ်စာသင်ပေးကာ တစ်ခါတစ်ရံတွင် ကျောင်း၌ သင်ကြားရသည်ဟု မွန်ဆက်ဖ်က ထပ်လောင်းပြောကြားခဲ့သည်။

    “ဒါပေမယ့် အမေ့အတွက် ဒီအခြေအနေဟာ ရေရှည်မခံခဲ့ပါဘူး။ ဘာ့ကြောင်လည်းဆိုတော့ တာလီဘန်တွေဟာ အမျိုးသမီးတွေကို ပညာသင်ကြားဖို့ အားမပေးလို့ပါပဲ”

    မေတ္တာဖြင့် ပျိုးထောင်ခြင်း

    အီရန်တွင်ရှိနေစဉ်အတွင်း မွန်ဆက်ဖ်၏ မိခင်ဖြစ်သူက ဘ၀ကို ရုန်းကန်ခဲ့ရသည်။ သို့သော်လည်း သူမတို့ မိသားစုက အဆင်မပြေ။ အခြားကလေးများက သူမတို့ ညီအမများကို နောက်ကြပြောင်ကြသည်။ ဒုက္ခသည်အဖြစ် နေထိုင်ရသည့်ဘ၀တွင် အချိန်မရွေး ပြန်ပို့ခံရနိုင်သော ခြိမ်းခြောက်မှုလည်း ရှိခဲ့သည်ဟု မွန်ဆက်ဖ်က ဆိုသည်။

    “ဆင်းရဲတယ်ဆိုတာကို ကျွန်မတို့ မခံစားခဲ့ရဘူး။ အနာဂတ်မရှိတာကိုလည်း ကျွန်မတို့ မသိခဲ့ရဘူး။ ဘာ့ကြောင့်လည်းဆိုတော့ မေမေက အချစ်တွေပုံပေးပြီး ကျွန်မတို့ကို လိုလေသေးမရှိ ထားလို့လေ။ ကျွန်မတို့က အားလုံးပြည့်စုံတယ်လို့ပဲ ထင်တာ။ အဖိုးက ဖေဖေ့နေရာကို ၀င်ယူပေးတာကြောင့် ဖခင်အရိပ်မရှိတဲ့ သောကလည်းကိုလည်း ကျွန်မတို့ မခံစားခဲ့ရပါဘူး”

    ၁၉၉၆ ခုနှစ်တွင် မိခင်ဖြစ်သူက ကနေဒါသို့ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်။ ထိုခရီးစဉ်တွင် အီရန်၊ ပါကစ္စတန်၊ ဂျော်ဒန်တို့ကို ဖြတ်ခဲ့ရပြီး မြည်း၊ ကုလားအုတ်နှင့် လေယာဉ်ပျံတို့ဖြင့် ကုန်းတစ်တန်၊ ရေတစ်တန် ခရီးနှင်ခဲ့ရသည်ဟု မွန်ဆက်ဖ်က ပြန်ပြောင်းပြောပြသည်။ ထိုခရီးစဉ်အတွင်း သူမ၏ ညီမများက ရေခြောက်လည်း ပေါက်လိုက်သေးသည်။

    ကနေဒါသို့ရောက်သည့်အခါ သူမတို့ မိသားစုမှာ ဒုက္ခသည်အဖြစ် စာရင်းဝင်ခဲ့ပြီး ဦးလေးတစ်ဦးရှိရာ ပီတာဘိုရိုတွင် အခြေချနိုင်ခဲ့သည်။ ထိုစဉ်က မွန်ဆက်ဖ်မှာ အသက် ၁၁ နှစ်သာ ရှိသေးသည်။

    “မြက်ခင်းစိမ်းစိမ်းတွေ၊ ပီတာဘိုရိုမြို့ပတ်ပတ်လည်မှာရှိတဲ့ မြစ်ချောင်းတွေ၊ ပြုံးရွှင်ဖော်ရွေကြတဲ့ ပြည်သူတွေနဲ့ အင်မတန် ကြည်နူစရာကောင်းပါတယ်။ ပြီးတော့ သပိတ်လွယ်ငှက်ကလေးတွေလည်းရှိပြီး အဲဒီငှက်တွေကို ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး”

    တိုင်းပြည်အသစ်တွင် အသားကျရန်အတွက် သူမမှာ အခက်တွေ့ခဲ့ရသည်။ အိမ်လွမ်းသည့်ဝေဒနာကို ခံစားခဲ့ရပြီး အင်္ဂလိပ်စာမတတ်သည့် ဒုက္ခကိုလည်း ကြုံတွေ့ခဲ့ရသည်။ အိမ်ယာအပါအ၀င် အရာရာတိုင်းက သူမအတွက် အသစ်အဆန်းဖြစ်နေလေသည်။

    Salvation Army၊ New Canadians Centre၊ Casa Maria Refugee Homes နှင့် YMCA တို့ အပါအ၀င် လူ့အဖွဲ့အစည်းအသစ်နှင့် အသားကျရန်အတွက် အသင်းအဖွဲ့များနှင့် လူမှုရေးအဖွဲ့များက သူမတို့ မိသားစုအား ကူညီပေးခဲ့သည်။ သူမကလည်း လက်ရှိအချိန်အထိ Casa Maria နှင့် YMCA တို့တွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသည်။

    “စေတနာ့ဝန်ထမ်းတွေနဲ့ အိမ်နီးချင်းတွေက ကျွန်မတို့ရဲ့ ဘ၀ထဲကို ၀င်လာပြီး အထီးကျန်တယ်လို့ မခံစားရအောင်၊  နွေးထွေးတဲ့ အသိုင်းအ၀ိုင်း ရှိလာအောင်၊ သောကမရောက်အောင်၊ လူ့အဖွဲ့အစည်းမှာ ကျွန်မတို့လည်း ပါဝင်တယ်လို့ ခံစားရလာအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ နှစ်ပေါင် ၂၀ ကြာပြီးတဲ့အထိ အဲဒီကြင်နာမှုက ကျွန်မနဲ့အတူ ရှိနေဆဲပါပဲ။ အဲဒါတွေအတွက် လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ ကျွန်မ ပြန်ပေးဆပ်ရပါမယ်” ဟု မွန်ဆက်ဖ်က ပြောကြားခဲ့သည်။

    အိမ်ထောင်ရေးအကြောင်း ပြောသည့်အခါတွင်တော့ သူမမှာ ပီတာဘိုရိုမြို့နှင့် လက်ထပ်ထားသည်ဟု အရွှန်းဖောက်ခဲ့လေသည်။

    အသက် ၂၉ နှစ်အရွယ် ၂၀၁၄ ခုနှစ်တွင် မွန်ဆက်ဖ်မှာ ပီတာဘိုရိုမြို့၏ မြို့တော်ဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိင်ခဲ့သော် လည်း အောင်မြင်မှုမရခဲ့။ သို့သော်လည်း အိမ်ပေါင်း ၇ သောင်းကျော်ကို ကိုယ်တိုင် သွားရောက် မဲဆွယ်ခဲ့ပြီးနောက် လစ်ဘရယ်ပါတီ၏ လှိုင်းလုံးကြီးနှင့်အတူ အောက်တိုဘာ ၁၉ ရက်နေ့တွင် သူမမှာ လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာခဲ့သည်။

    သူမ၏ ကြီးမားသည့် အလုပ်တာဝန်က နိုဝင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပြီး ကက်ဘိနက် ၀န်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကာ ပထမဆုံး ကက်ဘိနတ်အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ရလေသည်။

    မွန်ဆက်ဖ်က ဒီမိုကရေစီရေးရာ ၀န်ကြီးရာထူးကို တောင်းဆိုသည်မဟုတ်။ အံ့အားသင့်စွာ တာဝန်ပေး ခံခဲ့ရခြင်းဖြစ်သည်။ အင်တာဗျူးတွင်တော့ သူမက အမျိုးသမီးများနှင့် ပတ်သက်သည့် ကိစ္စများ၊ လုပ်အားခ အညီအမျှရရှိရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စများ၊ အထက်လွှတ်တော် အမတ်များ ခန့်အပ်မှုနည်းလမ်းကို ပြောင်းလဲခြင်းနှင့် ရွေးကောက် တင်မြှောက်သည့်စနစ်အား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    “ဒီမိုကရေစီ စနစ်အောက်မှာ နေရတာကိုက လက်ဆောင်တစ်ခုပါပဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ ကြီးမားပြီး ရည်မှန်ချက်မြင့်တဲ့ ကိစ္စတစ်ခုဖြစ်ကာ ပေါ်လစီတော်တော်များများအပေါ်မှာလည်း သက်ရောက်မှုရှိမှာပါ” ဟု မွန်ဆက်ဖ်က ဆိုပြီး နောက်ပိုင်း အသေးစိတ် ပြောပြမည်ဟု ကတိပေးခဲ့သည်။

    ယခုအချိန်တွင် မွန်ဆက်ဖ်တစ်ယောက် ဖက်ဒရယ်အစိုးရတွင် ပီတာဘိုရိုမြို့ကို ကိုယ်စားပြုခွင့် ရခဲ့သည်။ မိခင်ကတော့ သမီးဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်နေလေသည်။

    “ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ရတာတွေ၊ ပေးဆပ်ခဲ့ရတာတွေဟာ အခုတော့ အဓိပ္ပါယ်ရှိလာပြီပေါ့လေ”

    ref: huffingtonpost

    မိုးဝေ ဘာသာပြန်သည်။

  • ၄။ အတီဖစ် ဂျဟ်ဂျဂါ – ကိုဆိုဗိုသမ္မတ (၂၀၁၁ ခုနှစ်မှ ယနေ့ထိ) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    ၄။ အတီဖစ် ဂျဟ်ဂျဂါ – ကိုဆိုဗိုသမ္မတ (၂၀၁၁ ခုနှစ်မှ ယနေ့ထိ) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    အောက်တိုဘာ ၁၀ ၊ ၂၀၁၅
    M-Media
    မင်းထွဋ်ခေါင် စုစည်းတင်ဆက်သည်။
    Atifete Jahjaga
    ၁၉၇၅ ခုနှစ် ဧပြီလ ၂၀ ရက်တွင် မွေးဖွားခဲ့သူ အတီဖစ် ဂျဟ်ဂျဂါသည် နိုင်ငံရေးလောကသား တစ်ဦးဖြစ်ပြီး ကိုဆိုဗိုသမ္မတနိုင်ငံ၏ ပထမဦးဆုံးအမျိုးသမီးသမ္မတ ဖြစ်လာသည်။ သူမသည် ပထမဆုံးသော တစ်သီးပုဂ္ဂလအမတ်၊ ခေတ်သစ်ဗော်လ်ကန်ဒေသ၏ ပထမဆုံး အမျိုးသမီးခေါင်းဆောင်၊ အသက်အငယ်ဆုံး သမ္မတ ဖြစ်လေသည်။ သူမသည် ဗိုလ်မှူးကြီးရာထူးဖြင့် ကိုဆိုဗိုရဲတပ်ဖွဲ့ဒုညွှန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ဥရောပအရှေ့တောင်ဒေသအတွင်း ရာထူးအကြီးဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။

    ၂၀၁၁ ခုနှစ် ဧပြီလ ၆ ရက်တွင် ကိုဆိုဗိုဒီမိုကရက်တစ်ပါတီ၊ ကိုဆိုဗီုဒီမိုကရက်တစ်အဖွဲ့ချုပ်နှင့် ကိုဆိုဗိုမဟာမိတ်အဖွဲ့တို့မှ သူမအား အကွဲအလွဲမရှိ သမ္မတရာထူးဝင်ပြိုင်သူအဖြစ် ကြေငြာခဲ့သည်။ ကိုဆိုဗိုရှိ အမေရိကန်သံအမတ် ခရစ္စတိုဖာဒဲလ် ကလည်း ထောက်ခံ ခဲ့သည်။ သူမသည် ရဲတပ်ဖွဲ့ဦးစီးချုပ်ဖြစ်ခြင်းဂုဏ်ကို နှစ်သက်ပြီး နိုင်ငံရေးနယ်ပယ်တွင် မထင်ရှားသော်လည်း ထိုလောကသို့ ထွက်လှမ်းလာခဲ့သည်။ လူထုနှင့်နိုင်ငံရေးခေါင်းဆောင် အများစုတို့မှာ သူမ၏ နိုင်ငံရေးအသိအမြင်ကို သတိမထားမိခဲ့ကြချေ။

    000_Par7234716
    ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက် ဘရပ်ဆဲလ်၊ ဥရောပသမဂ္ဂဋ္ဌာနချုပ်၌ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမတိုင်မီ ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ အား ဥရောပသမဂ္ဂဥက္ကဋ္ဌ ဟာမန် ဗင် ရွန်ပိုင်း မှ ကြိုဆိုနေပုံ။

    သူမ၏ သမ္မတဖြစ်လိုခြင်း အဓိကပန်းတိုင်များမှာ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း၌ လုံခြုံမှုရှိရန်ဖြစ်ကြောင်း ပါလီမန်တွင်ပြောကြားသော သူမ၏ ပထမဆုံးသမ္မတမိန့်ခွန်း၌ အောက်ပါအတိုင်း တွေ့ရသည်။ “ကိုဆိုဗိုပြည်သူ အားလုံးရဲ့ပန်းတိုင်က အီးယူအဖွဲ့ဝင်ဖြစ်ခြင်းနဲ့ အမေရိကန်ရဲ့ပင်တိုင်မိတ်ဆွေဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့အိပ်မက် လက်တွေ့ဖြစ်လာမယ်လို့ ကျွန်မ ယုံကြည်ထားပါတယ်”။

    000_DV1509487
    ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက် ဗီယင်နာခရီးစဉ်အတွင်း သြစတြီးယားသမ္မတ ဟိန့်ဇ်ဖစ်ရှာနှင့်အတူ သတင်းစာရှင်းလင်းပွဲတစ်ရပ်သို့ တက်ရောက်လာသည့် ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ
    000_Par7496405
    ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော် KLA မှ စစ်ဦးစီးချုပ် Adem Jashari ကျဆုံးခြင်း ၁၅ နှစ်မြောက်အခမ်းအနား(၂၀၁၃ ခုနှစ် မတ်လ ၅ ရက် – ပရစ္စတီးနားမြို့)အတွင်း ကိုဆိုဗိုလုံခြုံရေးတပ်ဖွဲ့ KSF ကို စစ်ဆေးကြည့်ရှုနေသည့် ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ။

    ဆက်စပ်သတင်းများ ဖတ်ရန်

    ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆)

    ၂။ မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄)

    ၃။ မေမီ မေဒိုင် ဘွိုင်းန် – ဆီနီဂေါဝန်ကြီးချုပ် (၂၀၀၁-၂၀၀၂ ခုနှစ်)

  • ၃။ မေမီ မေဒိုင် ဘွိုင်းန် – ဆီနီဂေါဝန်ကြီးချုပ် (၂၀၀၁-၂၀၀၂ ခုနှစ်)  (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    ၃။ မေမီ မေဒိုင် ဘွိုင်းန် – ဆီနီဂေါဝန်ကြီးချုပ် (၂၀၀၁-၂၀၀၂ ခုနှစ်) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    သြဂုတ် ၃၁၊ ၂၀၁၅
    M-Media
    မင်းထွဋ်ခေါင် စုစည်းတင်ဆက်သည်။

    000_APP2001030319882
    Moustapha Niasse နှုတ်ထွက်ပြီးနောက် ၀န်ကြီးချုပ်သစ်ဖြစ်လာသော မေမီ မေဒိုင်ဘွိုင်းန်အား ၂၀၀၁ မတ်လ ၁ ရက်နေ့က ဒက်ကာရှိ သမ္မတနန်းတော်ရာ၌ တွေ့ရစဉ်။

    မေမီ မေဒိုင်ဘွိုင်းန် သည် ဆီနီဂေါနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်ပြီး ထိုရာထူး၌ ၂၀၀၁ မှ ၂၀၀၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    ၂၀၀၀ ခုနှစ်ရွေးကောက်ပွဲတွင် သမ္မတနေရာကို Abdoulaye Wade ရရှိပြီးနောက် ဘွိုင်းန်သည် ၂၀၀ ခုနှစ် ဧပြီလ၌ တရားရေးဝန်ကြီး ဖြစ်လာသည်။ သို့သော် သမ္မတနှင့် အတိုက်အခံပါတီမှတက်လာသူ ၀န်ကြီးချုပ်အကြား တင်းမာမှုကြီးထွားလာရာ ၀န်ကြီးချုပ်ဖြစ်သူ Moustapha Niasse နှုတ်ထွက်သွားသည်။ သို့နှင့် လွှတ်တော်အမတ်ရွေးကောက်ပွဲမတိုင်မီ ၂ လအလိုတွင် သမ္မတ ၀ိတ်မှ ဘွိုင်းန်အား ၂၀၀၁ ခုနှစ် မတ်လ ၃ ရက်၌ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်။ ၀ိတ်သည် လူထုထောက်ခံမှုကျဆင်းပြီး၊ အမျိုးသမီးအမတ်နေရာ ပိုမိုတောင်းဆိုသည့်လှုပ်ရှားမှုတစ်ရပ်ကို ဘက်မလိုက်အမျိုးသမီးအဖွဲ့အစည်း ၃၀ ကျော်မှ ရွေးကောက်ပွဲမကျင်းပမီ ဆော်သြပြုလုပ်ခဲ့ကြသည်။

    ဘွိုင်းန်သည် ဘက်မလိုက်အမျိုးသမီးအုပ်စုထဲတွင် ပါဝင်ခဲ့သည်သာမက တစ်သီးပုဂ္ဂလအမတ်တစ်ဦးလည်း ဖြစ်သည်။ အမတ်နေရာ ၁၂၀ တွင် ၈၉ နေရာဖြင့် ၀ိတ် မှ အနိုင်ရခဲ့သည်။ အမျိုးသမီးကိုယ်စားလှယ်အရေအတွက် တိုးတက်လာသော်လည်း ၁၉ ရာခိုင်နှုန်းထက် မပိုခဲ့။ ၂၀၀၁ အမတ်ရွေးချယ်မှုပြီးဆုံးသော် ၂၀၀၁ ခုနှစ် မေလ ၁၀ ရက်တွင် ဘွိုင်းန်ကို ၀န်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြသည်။ သို့သော် တက်လာသောအစိုးရသစ်က မေလ ၁၂ ရက်တွင် သူမအား တရားရေးဝန်ကြီးအဖြစ် ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေခဲ့သည်။

    000_APP2001032026565
    ၂၀၀၁ မတ်လ ၂၀ ရက် ဒက်ကာရှိ လွတ်လပ်ရေးရင်ပြင် စစ်သည်တော်ဗိမာန်ရှေ့တွင် ဆီနီဂေါဝန်ကြီးချုပ် မေမီ မေဒိုင်ဘွိုင်းန်နှင့်အတူ လွမ်းသူ့ပန်းခွေချနေသော ဂမ်ဘီယာသမ္မတ Yaya Jammeh

     

    000_APP2001051045463
    သမ္မတ Abdoulaye Wade ထံ နှုတ်ထွက်စာတင်ပြီး ဒက်ကာရှိ သမ္မတနန်းတော်ရာမှ စွန့်ခွာထွက်ရှိလာသော ၀န်ကြီးချုပ် မေမီ မေဒိုင်ဘွိုင်းန် ကို ၂၀၀၁ ခုနှစ် မေလ ၁၀ ရက်နေ့တွင် တွေ့ရစဉ်။
    000_APP2001080281235
    ၂၀၀၁ သြဂုတ်လ ၁ ရက်နေ့ လွှတ်တော်အတွင်း ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားနေသော ဆီနီဂေါဝန်ကြီးချုပ် မေမီ မေဒိုင်ဘွိုင်းန်။

     

    000_APP2002041686451
    ဆီနီဂေါသို့ ၂၀၀၂ ခုနှစ် ဧပြီလ ၁၆ ရက်တွင် အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော နိုင်ဂျီးရီးယားသမ္မတ Nigerian President Olusegun Obasanjo နှင့်အတူ တွေ့ရစဉ်။

    ဆက်စပ်သတင်းများ ဖတ်ရန်

    ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆)

    ၂။ မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄)