News @ M-Media

Tag: muslim women

  • ၂၀၁၄ ခုနှစ်တွင် တောက်ပခဲ့သော မွတ်စလင် အမျိုးသမီးများ

    ၂၀၁၄ ခုနှစ်တွင် တောက်ပခဲ့သော မွတ်စလင် အမျိုးသမီးများ

    ဇန်နဝါရီ ၆ ၊ ၂၀၁၅
    M-Media

    – အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံတွေက ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ အစ္စလာမ်ရဲ့ စည်းစနစ်တွေကို ဂဃနဏ မသိရှိကြတဲ့ သူတွေက အစ္စလာမ်သာသနာမှာ အမျိုးသမီးတွေ အတွက် နေရာမရှိဘူးလို့ စွပ်စွဲပြောဆိုလေ့ ရှိပါတယ်။ ဒါပေမယ့် အစ္စလာမ် သာသနာ ပေါ်ပေါက်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ထဲကစလို့ ယနေ့အချိန်အထိ မွတ်စလင် အမျိုးသမီးတွေဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ တိုင်းရေးပြည်ရေး ကိစ္စတွေမှာ စွမ်းစွမ်းတမံ ဆောက်ရွက်ခဲ့ကြတဲ့ မှတ်တမ်းမှတ်ရာတွေ အပြည့်အစုံ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ မှာလည်း မွတ်စလင်အမျိုးသမီးတွေဟာ ကမ္ဘာ့နိုင်ငံအသီးအသီးမှာ ထိပ်တန်းနေရာကနေ ပါဝင်ခဲ့ပြီး ဒီထဲကမှ ၂၀၁၄ ခုနှစ်ရဲ့ အတောက်ပဆုံး မွတ်စလင် အမျိုးသမီးတွေကို ဖော်ပြလိုက်ပါတယ်။

    ၁။ နိုဘယ်ဆုရ မာလာလာ
    ——————————-

    Muslim Women Shine in 2014  1
    အောက်တိုဘာလထဲမှာ ပါကစ္စတန်က ပညာရေးနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖြစ်တဲ့ မာလာလာဟာ အိန္ဒိယက ကလေးငယ်အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ ကိုင်လက်ရှ် ဆက်ယာသီနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။ အသက်အငယ်ဆုံး နိုဘယ်ဆုရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မာလာလာက ဒီဆု ချီးမြှင့်ခံရခြင်းဟာ သူမရဲ့ စိတ်ဓာတ်ခွန်အားကို ပိုမိုအားကောင်းစေခဲ့ပြီး သတ္တိလည်း ပိုရှိလာတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    ၂။ ဆွီဒင်ရဲ့ ပထမဆုံး မွတ်စလင်ဝန်ကြီး အိုင်ဒါ ဟဒ်ဇီယာလစ်
    ————————————————————–

    Muslim Women Shine in 2014  2
    အသက် ၂၇ နှစ်အရွယ် ဘော့စနီးယားနွယ်ဖွား ဟဒ်ဇီယာလစ်တစ်ယောက် ဆွီဒင်ပညာရေးဌာနရဲ့ ၀န်ကြီးတစ်ဦးအဖြစ် ပြီးခဲ့တဲ့အောက်တိုဘာလက ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ၁၉၈၇ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဟဒ်ဇီယာလစ်ဟာ နိုင်ငံရေးသမား တစ်ယောက်လည်း ဖြစ်သလို့ ဆွီဒင်ရဲ့ အသက်အငယ်ဆုံး ၀န်ကြီးလည်း ဖြစ်ပါတယ်။ ဒါဟာ သူရဲ့ ပထမဆုံး အောင်မြင်မှုတော့ မဟုတ်ပါဘူး။ ဥပဒေနဲ့ ဘွဲ့ရခဲ့တဲ့သူမဟာ အသက် ၂၃ နှစ်အရွယ်ကတည်းက ဟဲလ်မ်စတဒ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

    ၃။ ပြင်သစ်ရဲ့ ပထမဆုံး အမျိုးသမီး ပညာရေး ၀န်ကြီး ဘဲလ်ကာစမ်
    ————————————————————–

    Muslim Women Shine in 2014  3
    ပြင်သစ်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ပညာရေး ၀န်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ နာဂျက် ဗာလူဒ် ဘဲလ်ကာစမ်ဟာ မော်ရိုကိုနွယ်ဖွားဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘဲလ်ကာစမ်ဟာ ဧပြီလက စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး သူ့မရဲ့ ခန့်အပ် ခံရမှုဟာ ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေး လက်ထက် နောက်ဆုံး ခြေလှမ်း လည်း ဖြစ်ပါတယ်။

    ၄။ ဂျာမနီရဲ့ ပထမဆုံး မွတ်စလင်ပြောရေးဆိုခွင့်ရှိသူ ချက်ဘလီ
    —————————————————————-

    Muslim Women Shine in 2014  4
    ဆော်ဆန် ချက်ဘလီလို့ခေါ်တဲ့ ဒီဂျာမန်မွတ်စလင် အမျိုးသမီးဟာ ဇန်န၀ါရီလက ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ လက်ထောက်ပြောရေး ဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ပါလက်စတိုင်းနွယ်ဖွား အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ချဘ်လီဟာ ပါလီမန်ရဲ့ အရေးပါတဲ့ အဖွဲ့တစ်ဖွဲ့မှာ ပါဝင်ခွင့်ရခဲ့ပြီး ဘာလင်အစိုးရနဲ့ တိုင်းရင်းသားလူနည်းစုတွေ ဆက်သွယ်ဆောင်ရွက်ရာ မှာလည်း အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံနဲ့ ဘွဲ့ရတဲ့ သူမဟာ ဂျာမနီ ပါလီမန်ထဲမှာ အလုပ်လုပ်ကိုင်လာတာဟာ ၆ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။

    ၅။ သြဇာအာဏာအရှိဆုံး မွတ်စလင်အမျိုးသမီးများ
    —————————————————–

    Muslim Women Shine in 2014  5
    Forbes မဂ္ဂဇင်းက ကမ္ဘာ့ သြဇာ အာဏာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းကို ၂၀၁၄ ခုနှစ် မေလမှာ ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ မွတ်စလင် အမျိုးသမီး ၅ ဦး ပါဝင်ခဲ့ပါတယ်။ ဇကာတင် အယောက် ၂၅၀ ကြားထဲက ရွေးချယ်ခဲ့တဲ့ အဲဒီအယောက် ၁၀၀ မှာ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက အဆင့် ၄၇ နေရာ ရရှိခဲ့ပြီး မွတ်စလင် အမျိုးသမီး ၅ ဦးထဲမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့နောက် အခြားတစ်ယောက် ကတော့ ယူအေအီးနိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရှိခ် လူဘ်နာ အလ် ကွာစီမီဖြစ်ပြီး အဆင့် ၅၅ ချိတ်ခဲ့ပါတယ်။

    ၆။ CAIR ရဲ့ ဥက္ကဌ ရောင်လာ အလောက်ခ်ျ
    —————————————————

    Muslim Women Shine in 2014  6
    အလောက်ခ်ျဟာ အမေရိကန်ရဲ့ အကြီးဆုံးနဲ့ အရာရောက်ဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီရဲ့ ဥက္ကဌအဖြစ် ပြီးခဲ့တဲ့ ဇွန်လမှာ ရွေချယ်ခြင်းခံခဲ့ရပါတယ်။ ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဌဟောင်း အိုမာရ် ဇာကီရဲ့ နေရာကို တာဝန်ယူခဲ့ရတဲ့ အလောက်ဟာ အိုဟိုင်းယိုးနဲ့ ကန်တာကီဒေသတွက တရား လွှတ်တော်ရှေ့နေလည်း ဖြစ် ပါတယ်။ သူမဟာ တရားဥပဒေစိုးမိုးရေး၊ အာမခံကာကွယ်ရေးနဲ့ ပြည်သူ့ရေးရာ အထွေထွေတရားရေး ကိစ္စတွေကို ဆောင်ရွက်နေ သူလည်း ဖြစ်ပါတယ်။

    ၇။ ရွှေတံဆိပ်ဆုရ အစ်ဘ်တီဂျာဟ် မိုဟာမက်
    —————————————————

    Muslim Women Shine in 2014  7
    အစ်ဘ်တီဂျာဟ်ဟာ ပြီးခဲ့တဲ့ ဇွန်လက ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ဓားရှည်သိုင်းပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆု ကို ဆွတ်ခူးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်က မွေးဖွားခဲ့တဲ့သူမဟာ ဟိဂျဘ် ၀တ်ဆင်လျက် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ အမေရိကန်ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံး မွတ်စလင် အမျိုးသမီးလည်း ဖြစ်ပါတယ်။ သူမဟာ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ယောက်လည်းဖြစ်ပြီး လျှပ်ပေါ်လော်လီခြင်းမရှိဘဲ၊ အိနြေ္ဒ သိက္ခာနဲ့ပြည့်ဝတဲ့ အ၀တ်အစား ဒီဇိုင်းတွေကို ဖန်တီးပေးလျက် ရှိနေပါတယ်။

    ၈။ မွတ်စလင်မယ်ကမ္ဘာ ဂူဖရာချီ
    ————————————-

    Muslim Women Shine in 2014  8
    တူနီးရှားအမျိုးသမီးဖြစ်တဲ့ သူမဟာ အင်ဒိုနီးရှားနိုင်ငံမှာ နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ မွတ်စလင်မယ်ကမ္ဘာပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့သူ ဖြစ်ပါတယ်။ ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့ ဂူဖရာချီဟာ ဘာသာရေးဘက်မှာလည်း စံချိန်မလျော့ခဲ့ဘဲ ၁၈ ဦးပါဝင်ယှဉ်ပြိုင်တဲ့ အဲဒီပြိုင်ပွဲမှာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲခဲ့သူလည်းဖြစ်ပါတယ်။

    ref: OnIslam

    http://www.onislam.net/english/news/special-coverage/481383-muslim-women-shine-in-2014.html

  • ကင်းဘရစ်ဂ်ျ တက္ကသိုလ် Debate တွင်  အကောင်းဆုံး စကားပြောစွမ်းရည် ဆု မလေးရှားသူ ရရှိ

    ကင်းဘရစ်ဂ်ျ တက္ကသိုလ် Debate တွင် အကောင်းဆုံး စကားပြောစွမ်းရည် ဆု မလေးရှားသူ ရရှိ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media

    Ameera debate

    ကင်းဘရစ်ဂ်ျ  တက္ကသိုလ်၏ အလွတ်တန်း အမျိုးသမီး စကားရည်လုပြိုင်ပွဲ၌ အကောင်းဆုံး စကားပြော စွမ်းရည်အဆင့်ကို မလေးရှား အပြည်ပြည်ဆိုင်ရာ အစ္စလာမစ်တက္ကသိုလ် International Islamic University Malaysia (IIUM) မှ တတိယနှစ်ဥပဒေကျောင်းသူ အသက် ၂၁ နှစ်အရွယ် အမီရာ နာတာရှာ Ameera Natasha မှ ဆွတ်ခူးလိုက်ပြီဖြစ်သည်။

    ယင်းစကားရည်လုပွဲတွင် Oxford University ၊ Durham University ၊ Trinity College Dublin ၊ University College London ၊ Vienna University ၊ Berlin University ၊ St Andrews University ၊ Warwick University ၊ the London School of Economics နှင့် Tel Aviv University အစရှိသော ကျော်ကြား ထင်ရှားသည့် တက္ကသိုလ်များမှ ပြိုင်ပွဲဝင် အများအပြား ပါဝင်ကြသည်။

    ပဏာမပြိုင်ပွဲအဆင့်လေးရပ်စလုံး၌ အကောင်းဆုံး စကားပြော စွမ်းရည်ရမှတ်များကို စိစစ်ပြီးသည့်နောက် အမီရာသည် IIUM မှ လက်တွဲဖော်ပြိုင်ပွဲဝင် စာရဟ် ရဟီးမ် (၁၉ နှစ်) နှင့်အတူ အမြင့်ဆုံးရမှတ်အား ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

    Ameera.jpg
    Cambridge Women’s Open စကားရည်လုပွဲတွင်တွေ့ရသော စာရဟ် ရဟီးမ်(၀ဲဖက်) နှင့် အမီရာ နာတာရှာ

    အဆင့်သတ်မှတ်ချက်၌ ထပ်မံ တာသွားသည့် အရာမှာ အမီရာ၏ အပြည်ပြည်ဆိုင်ရာ စကားရည်လုပွဲမှ ထိရောက်ပြောင်မြောက်စွာ ပြောဆိုချက်များ ဖြစ်ကြသည်။

    အမီရာသည် Australasian Intervarsity Debating Championship ပြိုင်ပွဲတွင် English as a Second Language (ESL) ဖြင့် ၂ ကြိမ်တိုင်တိုင် သရဖူဆောင်းခဲ့သူ၊ ၎င်းပြင် Asian English Olympics Debate Tournament 2014 တွင် အကောင်းဆုံး စကားပြောစွမ်းရည်ဆုနှင့် အိန္ဒိယတွင် ကျင်းပသည့် World Universities Debating Championship 2014 ဂုဏ်ပြုပြိုင်ပွဲ၌ ESL အကြိုဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့သူဖြစ်သည်။

    “ကျွန်မ အကြီးအကျယ် ကျေနပ်ဝမ်းမြောက်ပါတယ်။ ဒီပြိုင်ပွဲဟာ ခက်ခဲလွန်းတဲ့အတွက် ဒီအဆင့်ရရှိမယ်လို့ လုံးဝကို မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အာရှသားပြိုင်ပွဲဝင် အဖွဲ့တစ်ခုဖြစ်ရတာရော၊ အမျိုးသမီးတွေဟာ အားကစားနဲ့ နိုင်ငံတကာအရေးတွေကို ဆွေးနွေးနိုင်စွမ်းမရှိဘူးဆိုတဲ့ ရှေးအစွဲကိုချေဖျက်နိုင်တဲ့အတွက်ပါ ကျေနပ်အားရမိပါတယ်။ ဒါဟာ ကျွန်မ ဘယ်တော့မှ မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ရပ်ပါပဲရှင်” ဟု အမီရာမှ The Star Online သို့ ရင်ဖွင့်သည်။

    Updated Debate

    ပြိုင်ပွဲအတွင်း အမှတ်တရအတွေ့အကြုံနှင့်စပ်လျဉ်း၍ မေးမြန်းရာတွင် အမီရာက “ပထမဆင့်အဖြေ ထွက်လာတဲ့အခါ အောက်စ်ဖို့ဒ်အပါအ၀င် ပြိုင်ဖက်အဖွဲ့တွေက ကျွန်မတို့ကို အသိအမှတ်ပြုချီးကျူးကြပြီး ထိုက်ထိုက်တန်တန်ရတာပါလို့ ပြောဆိုကြပါတယ်။ ပြိုင်ဖက်ဖြစ်နေတာတောင်မှ ၀မ်းသာပေးတာကိုသိရတော့ ပြောမပြတတ်အောင် ခံစားရပါတယ်” ဟု ဖြေကြားသည်။

    ဘွဲ့ယူပြီးလျှင် အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ အခက်အခဲများ ကူညီဖြေရှင်းနိုင်ရေးအတွက် NGO များနှင့် လက်တွဲလုပ်ဆောင်သွားရန် အမီရာမှ မျှော်မှန်းထားသည်။

    အမီရာ၏ လက်တွဲဖော်ပြိုင်ပွဲ ၀င်ဖြစ်သူ အာဖဂန်နစ္စတန်မှ IIUM ၌ စီးပွားရေးဘာသာရပ် ဒုတိယနှစ်တက်ရောက်နေသော စာရဟ်က ဤသို့ဆိုပါသည်။

    “လက်ရှိအစွဲဆိုးတွေကို ချိုးဖျက်နိုင်အောင် စကားပြောစွမ်းရည်ကို ပေါင်းကူးတစ်ခုအနေနဲ့ အသုံးပြုဖို့ အမျိုးသမီးတွေအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းမငယ်များ အခွင့်အရေး လှဲကျင်းခံထား ရတဲ့နေရာတွေမှာ စိတ် အခြေခံပြောင်းလဲရေးနဲ့ နိုင်ငံရေး၊ အလုပ်ခွင်၊ နေအိမ်မှာ မဟာဖိုဝါဒသဘောထားများ အပေါ် ရင်ဆိုင်ရေးအတွက် အလွန် ထိရောက်တဲ့ ကိရိယာတစ်ရပ်အဖြစ် စကားပြောစွမ်းရည်ကို အသုံးချနိုင်ပါတယ်”။

    စကားရည်လုခြင်း၌ အမျိုးသမီးများ ရှေ့ထွက် ပါဝင်စေရန်၊ အမျိုးသမီးရေးရာများအပေါ် နိုးကြားစေရန်ရည်ရွယ်၍ ထိုပြိုင်ပွဲကြီးအား အင်္ဂလန်နိုင်ငံ၊ ကင်းဘရစ်ဂ်ျ တက္ကသိုလ်တွင် နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းမှ အမျိုးသမီးများသာ ပါဝင်သောအဖွဲ့ပေါင်း ၅၁ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

    The Star

  • အမျိုးသမီးအရေး တူရကီသမ္မတ အာဒိုဂန် ပြောကြားမှု အပေါ် မွတ်စလင် မိခင်များ အမြင်

    အမျိုးသမီးအရေး တူရကီသမ္မတ အာဒိုဂန် ပြောကြားမှု အပေါ် မွတ်စလင် မိခင်များ အမြင်

     

    ဒီဇင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    0,,18008139_303,00
    – နိုဝင်ဘာ ၂၄ ရက်နေ့က အစ္စတန်ဘူလ်မှာပြုလုပ်တဲ့ `အမျိုးသမီးနဲ့ တရားမျှတမှု ထိပ်သီးအစည်းအဝေး´ မှာ တူရကီသမ္မတ အာဒိုဂန်က `အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ မတူညီဘူးလို့´ ပြောခဲ့ပြီး ဒီစကားဟာ ကမ္ဘာ့သတင်းစာတွေရဲ့ခေါင်းကြီးပိုင်းမှာ ပါလာခဲ့ပါတယ်။

    အာဒိုဂန်ရဲ့ အဲဒီမှတ်ချက်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေနဲ့ အတိုက်အခံတွေကို  ယမ်းပုံမီးကျဖြစ်စေခဲ့ပြီး အတုံးလိုက် အတစ်လိုက်ဝေဖန်မှုတွေ ကို ဖြစ်ပေါ်စေခဲ့ ပါတယ်။ ဒီလိုမှတ်ချက်ပေးပြီး ၂ ရက်လောက်အကြာမှာတော့ အာဒိုဂန်က မီဒီယာတွေဟာ သူ့ရဲ့ပြောဆိုမှုကို မှားယွင်းဖော်ပြခဲ့တယ်လို့ အပြစ်တင်ခဲ့ပြီး အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်ကိုလည်း ပြန်လည်ပြောပြခဲ့ပါတယ်။

    `အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို တူညီတဲ့ အခြေအနေတစ်ခုအပေါ်မှာ သတ်မှတ်လို့မရပါဘူး။ တူညီမှုဆိုတာထက် တန်းတူညီမျှဖြစ်မှုကိုသာ အမျိုးသမီးတွေ လိုအပ်တာပါ´ လို့ သူက ဆိုပါတယ်။

    အာဒိုဂန်ရဲ့ပြောကြားမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေထဲက အဓိက ဝေဖန်မှုတစ်ခုကတော့ `အမျိုးသမီးနဲ့ အမျိုးသားတွေကို တန်းတူညီမျှစွာ ဆက်ဆံလို့မရဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ မတူညီတဲ့သဘာဝကြောင့် တူညီတဲ့ အလုပ်တွေမှာ ပါဝင်ဆောင်ရွက်လို့မရဘူး´ဆိုတဲ့ သူ့ရဲ့ရပ်တည်ချက်ပါပဲ။ အမျိုးသားတွေရဲ့ သာလွန်မှုကို အသားပေးခြင်းနဲ့ အတူ ကျား၊ မ မတူညီမှုနဲ့ပတ်သက်တဲ့ ဒီလိုအမြင်မျိုးဟာ တူရကီနဲ့ အခြားသောနေရာတွေက ကွန်ဆာဗေးတစ် မွတ်စလင် (အမျိုသား၊ အမျိုးသမီး) တွေအကြားမှာ ကံမကောင်းအကြောင်း မလှစွာနဲ့ပဲ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပါပဲ။

    အစ္စလာမ်ကပြောသော အမျိုးသားနှင့် အမျိုးသမီးတို့၏ သဘာဝ

    အာဒိုဂန်ရဲ့ ပေါ်လစီတွေကို သဘော မကျသူတွေထဲက တစ်ဦးဖြစ်ပြီး အစ္စလာမ့်ရေးရာတွေကို ရေးသားသူ နာမည်ကြီး ကွန်ဆာဗေးတစ် စာရေးဆရာ အလီဘူတက်က အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ သဘာဝနဲ့ ပတ်သက်ပြီး အာဒိုဂန်ရဲ့ အဲဒီမှတ်ချက်အပေါ်မှာ လုံးဝဥဿုံ သဘောတူပါသတဲ့။ ဘူလ်တက်ဟာ `အိမ်မှုကိစ္စနိုင်နင်းပြီး မိခင်ကောင်း တစ်ယောက် ပါဝင်တဲ့ မိသားစု တည်ဆောက်ပုံ´ ကို တင်းပြည့်ကြပ်ပြည့် ထောက်ခံအားပေးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

    `အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့အကြားက ယထာဘူတ ဖြစ်တည်မှု အနှောင်အဖွဲ့ဟာ မတူညီမှုကို ဖြစ်ပေါ်စေပေမယ့် ဖန်ဆင်းခြင်းမှာ မတူကွဲပြားစွာ ညီညွတ်မှုနဲ့ ခြားနာတဲ့ ရလဒ်တွေကိုလည်း ရရှိစေတယ်´ လို့ သူက ဆိုပါတယ်။

    နောက်ပြီး အမျိုသားနဲ့ အမျိုးသမီးအကြားမှာရှိတဲ့ ဒီအနှောင်အဖွဲ့ ပျဉ်သုဉ်းမှုအတွက် ခေတ်ဆန်လွန်းမှုကို သူက အပြစ်တင်ခဲ့ပါတယ်။ ပြီးတော့ အမျိုးသမီးတွေထက်သာတဲ့ အမျိုးသားတွေရဲ့ သန်မာမှုနဲ့ အားသားချက်တွေကိုလည်း သူက အသားပေး ပြောခဲ့ပါတယ်။

    ဒါပေမယ့် မွတ်စလင် အသိုင်းအ၀ိုင်းအတွင်းမှာပဲ သူ့ရဲ့ယူဆချက်နဲ့ မတူတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါသေးတယ်။ အမျိုးသမီး အခွင့်အရေးဆိုင်ရာနဲ့ ကုရ်အာန်ဖွင့်ဆိုမှုဆိုင်ရာ ပညာရှင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ အက်စ်မာ ဘာလက်စ်ကတော့ ယောက်ျားသားတွေကြီးစိုးရေး တွေးခေါ်မှုဟာ `ကျား၊ မ၊ ဒွန်တွဲမှု/မတူညီမှုတွေနဲ့ အတူ လိင်ပိုင်းဆိုင်ရာ/ဇီဝဗေဒဆိုင်ရာ ရှုပ်ထွေးနေတဲ့ အယူအဆ အအပေါ် အခြေခံထားတယ်´ လို့ ဆိုပါတယ်။

    ကုရ်အာန် ကျမ်းတော်မြတ်ကို လေ့လာကြည့်တဲ့အခါ သာတူညီမျှ စနစ်ကို တွေ့ရတယ်လို့လည်း သူမကပြောပါတယ်။ `ကုရ်အာန်အရ ပြောရမယ်ဆိုရင်တော့ လူသားတွေဟာ ဇီဝဆိုင်ရာအရ ကွဲပြားကြသော်ငြားလည်း ယထာဘူတနဲ့၊ ကျင့်ဝတ်၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာမှာ တူညီကြတယ်၊ ညီမျှကြတယ်´ လို့ သူမက ပြောခဲ့ပါတယ်။

ုကုရ်အာန်ရဲ့ ပါဒတော်တစ်ခုဖြစ်တဲ့ `အမျိုးသမီးနဲ့ အမျိုသားဟာ (နာဖ့်စ်) ၀ိဥာဏ် တစ်ခုတည်းကနေ စတင်တယ်။ တူညီတဲ့ သဘာဝတွေကို အပ်နှင်းခြင်းခံရတယ်။ ပြီးတော့ တစ်ခုတည်းသော စုံတွဲရဲ့ အစိတ်အပိုင်း ၂ ခုအဖြစ် ပြုလုပ်ခြင်းခံရတယ်´ ဆိုတာကိုလည်း ဘာလက်စ်က ထောက်ပြခဲ့ပါတယ်။

    အခြား အမျိုးသမီး အစ္စလာမ့်ပညာရှင် တစ်ဦးဖြစ်သူ ဟိုင်ဒါယတ် တက်ဆဲလ်ကလည်း ဒီလိုပဲ ပြောဆိုပါတယ်။ နောက်ပြီး အမျိုးသမီးအခွင့်အရေး အတွက်ဆောင်ရွက်နေတဲ့ တက်ဆဲလ်က အာဒိုဂန်ရဲ့ပြောကြားမှုကို ဒီလို မှတ်ချက်ပေးခဲ့ပါတယ်။

    `သမ္မတကြီးဟာ ဘာသာရေးဆိုင်ရာ အမှတ်သညာကို လေးစားအားကျပြီး ပြောတာဖြစ်မှာပါ။ ဒါပေမယ့် ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ သဘာဝကို ရှင်းရှင်းလင်းလင်း အဓိပ္ပါယ် သတ်မှတ်ထားတာမျိုး မပါပါဘူး။ ဒါပေမယ့် လူ့သဘာဝကို အဓိပ္ပါယ် ဖွင့်ဆိုထားတာကတော့ ထင်ထင်ရှားရှားကို ရှိနေပါတယ်´ လို့ ပြောခဲ့ပါတယ်

    ဘယ်ဘာသာတရားမှာမဆို ကျား၊ မ ဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာဖြေရှင်းရာမှာ ဘာသာရေး ယုံကြည်ပေါ်မှာ ရိုက်ခတ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းတွေကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ လူမှုရေးရာ လက်တွေ့ လုပ်ဆောင်မှုတွေကို ပုံဖေါ်ပေးတဲ့ တုံ့ပြန်မှု နည်းလမ်းတွေကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မွတ်စလင် အမျိုးသမီးတွေရဲ့ တွေ့ကြုံခံစားရမှုဟာ နေရာဒေသ၊ မိသားစုရဲ့ သွန်သင်ဆုံးမမှု၊ အဆင့်အတန်းနဲ့ ပညာရေးတွေလို တစ်ကိုယ်ရေ တွေ့ကြုံခံစားရမှုကိုလိုက်ပြီး အတိုင်းထက်အလွန် ပြောင်းလဲတတ်ပါတယ်။

    ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ ဘာသာတရားရဲ့ကြားက ကွဲပြားခြားနားမှုကို မွတ်စလင်အများစုရှိရာ နိုင်ငံများက ခေါင်းဆောင်တွေနဲ့ လူ့အဖွဲ့အစည်းတွေက အမြဲတမ်းလိုလို လစ်လျူရှုတတ်ကြပါတယ်။

    သူတို့တွေက ဖန်ဆင်းရှင်ဟာ အမျိုးသမီးတွေကို မတူညီတဲ့ တာဝန်ဝတ္တရားတွေနဲ့ အခွင့်အရေးတွေကို ပေးထားတယ်ဆိုတဲ့ အယူအဆပေါ်မှာ ယောင်္ကျား၊ မိန်းမ မတူညီဘူးဆိုတဲ့ အချက်ကို အခြေပြုကြပါတယ်။ ဘာလက်စ်တို့လို တွေးခေါ်မျှော်မြင်ကြသူတွေကတော့ ဒီမဟာဖိုဝါဒရဲ့ အကျိုးဆက်တွေကို ပယ်ချပါတယ်။

    `အတိတ်အချိန်တွေက အမျိုးသားလွှမ်းမိုးတဲ့ ယဉ်ကျေးမှုကို အကြောင်းပြတာဟာ ပြီခဲ့တဲ့ရာစုက လူမှုသိပ္ပံပညာရှင်တွေ ထွင်ခဲ့တဲ့ အယူသည်းမှုပါပဲ။ ဒီလိုအတွေးအမြင်တွေကြောင့်ပဲ အစ္စလာမ်ကို မိန်းမမုန်းတဲ့အယူဝါဒအဖြစ် ဖော်ပြမှုတွေ ဆက်လက်ရှိနေတာပါပဲ´

    ဘာလက်စ်က ကုရ်အာန်ကျမ်းတော်မြတ်ဟာ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ မတူညီမှုကို အသိအမှတ်ပြုပြီး မဟာဖိုဝါဒအတွင်းမှာ အမျိုးသမီးအခွင့်အရေးကို ကာကွယ်ပေးထားတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အစ္စလာမ့်ကပြောသော မိခင်ဘဝ

    မိခင်တွေနဲ့ ပတ်သက်ပြီး အာဒိုဂန်က `ကျွန်တော်တို့ဘာသာတရားဟာ အမျိုးသမီးတွေအတွက် အဆင့်တစ်ခုသတ်မှတ်ပေးထားပြီ ဒါဟာ မိခင်ဘ၀ဆိုတာပါပဲ´ လို့ ဆိုခဲ့ပြီး ဒီမှတ်ချက်ဟာလည်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကြားမှာ ပေါက်ကွဲစေခဲ့ပါတယ်။

    အစ္စလာမ့်ရှုထောင့် အရ ကြည့်မယ်ဆိုရင်တော့ အာဒိုဂန်ပြောတာ မှန်ပါတယ်။ မိခင်ဘ၀ကို အစ္စလာမ်မှာ မြှင့်တင်ပေးထားပါတယ်။ ကုရ်အာန် ကျမ်းတော်မြတ်မှာဆိုရင် မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတာတွေ၊ ကလေးတစ်ယောက်ကြီးပြင်းလာဖို့ အတွက် ဒုက္ခသုက္ခခံပြီး ပြုစုပျိုးထောင်ရတာတွေကို အထူးတလည်ဖော်ပြထားပြီး၊ သူမတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို သားသမီးတွေက ကျေးဇူးဆပ်ဖို့ တာဝန်ရှိတယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။

    `ထိုမှတစ်ပါး ငါအလ္လာဟ်အရှင်မြတ်သည် မနုဿလူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ (ဤသို့) လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏ မိခင်မှာ အင်အားချိနဲ့မှုအပေါ်၌ အင်အားချိနဲ့မှုကိုခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏ ထိုမှတစ်ပါး ၂ နှစ်မြောက်သော အခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။ (သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊ အသင်၏ မိဘနှစ်ပါးတို့အားလည်းကောင်း ကျေးဇူးတင်လော့´ (ကုန်အာန် ၃၁၊ ၁၄)

    `မိခင်ဖြစ်သူမှာ ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့် (မိမိဝမ်းတွင်းဝယ်) သယ်ပိုးလွယ်ပိုက်ခံ၏။ ထို့ပြင် ဆင်းရဲဒုက္ခပင်ပန်းကြီးစွာဖြင့် ၎င်းအား မွေးဖွားခဲ့၏´ (ကုန်အာန် ၄၆၊ ၁၅)

    ဒါတင်မကသေးဘဲ မိခင်တွေကို `မိဘအခွင့်အရေး´ ဆိုတာမျိုးနဲ့ ကုရ်အာန် အခွင့်ထူးတွေ ချီးမြှင့်ထားပြီး၊ တမန်တော်မြတ်ရဲ့ သြ၀ဒတော်တွေမှာလည်း မိခင်အားပြုစုစောင့်ရှောက်ခြင်း အတွက် အံဖွယ် အကျိုးကျေးဇူးတွေရမယ်လို့လည်း ဖော်ပြထားပါသေးတယ်။

    ဒါပေမယ့် ဒီမိခင်ဖြစ်မှုက အမျိုးသမီးတွေရဲ့ တစ်ခုတည်းသော လုပ်ငန်းနဲ့ တစ်ခုတည်းသော ထိုက်တန်ရာအဖြစ် အစ္စလာမ်က သတ်မှတ်ထားတယ်လို့ စဉ်းစားမယ်ဆိုရင်တော့ လုံးဝ မှားသွားပါလိမ့်မယ်။

    ကလေးမရတဲ့အမျိုးသမီးတွေ၊ ဒါမှမဟုတ် ကလေးမယူချင်တဲ့ အမျိုးသမီးတွေ အတွက် ဘယ်လိုရှိမလဲ? ဖန်းဆင်းရှင်ရဲ့ အရှုနဲ့ သူတို့ဟာ မထိုက်တန်တော့ဘူးလား?

    မွတ်စလင်တွေအနေနဲ့ ကိုယ်တော်မြတ်ရဲ့ ဇနီးကြင်ရာတစ်ပါးဖြစ်တဲ့ အာအေရှာသခင်မရဲ့ အကြောင်းကို ပြန်လည်တွေးတောရပါလိမ့်မယ်။ သခင်မကြီးဟာ ကလေးမွေးဖွားခြင်းမရှိပေမယ့် သူမရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်သိက္ခာနဲ့ လုပ်ရပ်တွေကြောင့် တမန်တော်မြတ်ကြီးနဲ့ လူ့အဖွဲ့အစည်းအတွက် အတိုင်းအထက်အလွန် အရေးပါတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါတယ်။

    အစ္စလာမ်ကပြောတဲ့ မိခင်ဘ၀နဲ့ ပတ်သက်ပြီး မွတ်စလင်လောကမှာ အများဆုံးပြောကြတာကတော့ `ဂျန္နသ်သုခဘုံဟာ မိခင်ရဲ့ခြေဖ၀ါးအောက်မှာရှိတယ်´ ဆိုတဲ့ ကိုယ်တော်မြတ်ရဲ့ သြ၀ါဒတော်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီသြ၀ါဒတော်ကို အစ္စလာမ့် တွေးခေါ်ပညာရှင်တွေဟာ မိခင်ဘ၀ အမျိုးမျိုးသော တွေ့ကြုံခံစားရမှုတွေနဲ့၊ အမျိုးသမီးတွေရဲ့ ဘ၀မှာ ဒီမိခင်တွေရဲ့ ပြောင်းလဲမှု အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ကောင်းအောင် အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြတာမျိုးတော့ မရှိပါဘူး။

    ကျား၊ မ ဆိုင်ရာ ပြဿနာတွေနဲ့ စပ်လျဉ်းပြီး မွတ်စလင်ကမ္ဘာရဲ့အဓိက ပြဿနာကတော့ အမျိုးသားကြီးစိုးတဲ့ ပတ်ဝန်းကျင်တွေကို ဖြစ်ပေါ်စေတဲ့ အလယ်ခေတ် ရေးသားချက်တွေ၊ ဇီဝဆိုင်ရာ အရေးပါမှုအပေါ်မှာ အခြေခံထားတာတွေဟာ အစ္စလာမ်နဲ့ ပတ်သက်နေတာပါပဲ။

    မိမိတို့ရဲ့ အိမ်တွေမှာ၊ လုပ်ငန်းခွင်တွေမှာ တွေ့ကြုံရတဲ့ အမျိုးသမီးတွေရဲ့ ခက်ခဲမှုတွေကို ဖော်ပြခြင်းမရှိဘဲ မိခင်ဘ၀ကို သိဒ္ဓိတင်နေခြင်းဟာ မွတ်စလင်အမျိုးသမီး အားလုံးရဲ့ တွေ့ကြုံခံစားရမှုကို လေးလေးနက်နက် မတွေးတောတာပဲလို့ ဆိုရပါလိမ့်မယ်။ မိခင်ဘ၀ဆိုတာ မွေးဖွားခြင်းဆီကို ဦးတည်သွားတဲ့ ဇီဝဖြစ်စဉ်တစ်ခုတည်း မဟုတ်ပါဘူး။ အရမ်းရှုပ်ထွေးတဲ့ အခန်းကဏ္ဍတွေလည်း ပါဝင်ပါတယ်။ ဥပမာအားဖြင့် တူရကီမှာဆိုရင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ ကလေး သတို့သမီး၊ နည်းလမ်းတကျမဟုတ်တဲ့ အလုပ်လုပ်ကိုင်မှု၊ မုဆိုးမဘ၀၊ ပြည်သူ့လုံခြုံရေးဝန်ဆောင်မှု စတဲ့ အခန်းကဏ္ဍတွေပါပဲ။

    ဒါ့ကြောင့် အမျိုးသမီးတွေရဲ့ တွေ့ကြုံခံစားမှုတွေနဲ့ ပတ်သက်ပြီး အသိပေးတာမျိုးတွေကို ဆက်လက်ချဲ့ထွင် လုပ်ဆောင်သွားရပါမယ်။ နောက်ပြီး အတွေ့အကြုံ အသစ်တွေကို ဖော်ပြရမှာဖြစ်သလို စိန်ခေါ်မှုအသစ်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းသွားရပါလိမ့်မယ်။ ဒါ့ကြောင့် ဘာသာရေး ပညာရှင်တွေဟာ မိခင်တွေရဲ့ ကိုယ်ကျိုးမဲ့မေတ္တာနဲ့ စံပြုထိုက်တဲ့ ပေးဆပ်အနစ်အနာခံမှုတွေကို အမွှမ်းတင်မှုတွေမှာပဲ ရပ်နေလို့မရတော့ပါဘူး။

    ကွန်ဆာဗေးတစ်မွတ်စလင်အမျိုးသားတွေမှာရှိနေတဲ့ အယူအဆဖြစ်တဲ့ အာဒိုဂန်ရဲ့ မိန့်ခွန်းထဲက အဓိကပြဿနာတစ်ခုကတော့ အမျိုးသားအမျိုးသမီး တန်းတူညီမှုဝါဒဟာ ကျား၊ မ မတူသူတွေအကြားမှာ ရှိနေတဲ့ ဇီဝဆိုင်ရာ ခြားနားမှုကို လစ်လျူရှုထားတယ်ဆိုတာနဲ့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းကို မလေးမစားလုပ်တယ်လို့ မှတ်ယူတာပဲဖြစ်ပါတယ်။

    ဒါပေမယ့် မိမိကိုယ်ကိုယ် အစ္စလာမ့်မစ် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများလို့ ကြေညာတဲ့ (ဟီဒါယတ် တက်ဆဲလ်လို) လူတွေရှိနေပြီး သူတို့ကတော့ အမျိုးသမီးအခွင့်အရေး တန်ုးတူညီမျှမှုဝါဒဟာ ကျား၊ မ တန်းတူညီမျှမှုကို ပညာပေးတဲ့ လှုပ်ရှားမှုတစ်ခုသာ ဖြစ်တယ်ပြီး အမျိုးသမီးတွေရဲ့ ဘ၀နဲ့ အခွင့်အရေးတွေကို လေးစားခြင်းခြင်း၊ အစ္စလာမ်သာသနာကို တိုးမြှင့်လေ့လာမှုလည်း မျှဝေဆောင်ရွက်မယ်လို့ဆိုပါတယ်။

    နိဂုံးချုပ်အနေနဲ့ ပြောကြရင် မိခင်တွေ၊ အဲဒီလိုပဲ မိခင်မဖြစ်နိုင်တဲ့၊ မဖြစ်ချင်ကြတဲ့ အမျိုးသမီးတွေရဲ့ အန္တရာယ်ကင်းမှုနဲ့ ကောင်းမွန်စွာအသက်ရှင်နေထိုင်နိုင်မှုဟာ ဘာသာတရား၊ ယဉ်ကျေးမှုအမြင်တွေနဲ့ မဆိုင်ဘဲ ကမ္ဘာတစ်ဝှမ်း နိုင်ငံအားလုံးက အစိုးရတွေရဲ့ စိုးရိမ်မှုတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ကျား၊ မ တန်းတူညီမျှမှု တိုက်ပွဲဟာ မိမိကိုယ်ကိုယ်တိုင် စဉ်းစဉ်းစားစားနဲ့ ဝေဖန်မှုတွေလုပ်ပြီး၊ ယဉ်ကျေးမှုတွေကြားထဲမှာ ဘယ်သူက ဘယ်သူ့ထက်သာတယ်ဆိုတာမျိုးတွေ မရှိမှသာ အောင်မြင်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲတစ်ပွဲပဲ ဖြစ်ပါတော့တယ်။

    Al Jazeera Opinion ကဏ္ဍတွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Riada Asimovic Akyol ၏ “On Erdogan and Muslim mothers ” ဆောင်ပါးကို လေးမောင်(M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • Prof Dr Jackie Ying : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၃)

    Prof Dr Jackie Ying : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၃)

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    WP-muslim-minorities-Dreamstime-sm
    မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းပြည်များရှိ ပုံသေ မူဟန်များမှ ခွဲထွက်ပြီး ထူးခြား ထိရောက်စွာ ဖောက်ထွက် အောင်မြင်ခဲ့သည့် မွတ်စ်လင်မ်များ အကြောင်း လေ့လာနိုင်အောင် တင်ဆက်ပါမည်။

    နယ်သာလန်နိုင်ငံသား မွတ်စ်လင်မ်တစ်ဦးအနေနှင့် ကျွန်ုပ်သည် ရွှေ့ပြောင်းဝင်ရောက် အခြေချလာသည့်မွတ်စ်လင်မ် (တူရကီနှင့် မော်ရိုကိုနွယ်ဖွား အများစု) တို့မှာ ဒတ်ခ်ျ ယဉ်ကျေးမှုအတွင်း ရောယှက် လက်ခံသင့်ကြောင်း မကြာခဏ ဆိုသလို မီဒီယာများမှ တဆင့် ဖတ်ရှုရပါသည်။

    ထိုဒတ်ခ်ျယဉ်ကျေးမှုအား လူသားဝါဒ၊ လောကီဝါဒ၊ ကက်သလစ်ဝါဒနှင့် ပရိုတက်စတင့်ဝါဒတို့ကို သဟဇာတဖြစ်စွာ ယာယီပေါင်းစည်ချက် တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ ယဉ်ကျေးမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ ဖိအားပေးခံရခြင်းကြောင့်လည်းကောင်း အခြေချသူ လူသစ်တို့မှာ ကြီးစိုးလွှမ်းမိုးနေသည့် ယဉ်ကျေးမှုဖက် ပိုမိုအားသာသည်ကို တွေ့ရ၏။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ၉/၁၁ အရေးပြီးသည့်နောက် မွတ်စ်လင်မ်တို့မှာ အယူသည်းဝါဒီ အုပ်စုဝင်များ၊ ခေတ်နောက်ပြန်ဆွဲ ဖိုဝါဒီ အစွန်းရောက်သမားများ အဖြစ် တံဆိပ်တပ်ခံရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနှင့် မြောက်အမေရိကတိုက်တွင် ယဉ်ကျေးမှုနှင့် လူမျိုး ရောယှက်မှု ကိစ္စများ အတော်အတန် မြင့်မားလာခဲ့သည်။ လွတ်လပ်စ ကိုလိုနီနယ်များမှ အလုံးအရင်းပြောင်းရွှေ့ ၀င်ရောက်လာကြခြင်း၊ ၁၉၇၀-၈၀နှစ်များအတွင်း တမဟုတ်ချင်း စီးပွားဖွံ့ဖြိုးမှုကို ကျားကန်ပေးမည့် လုပ်သားများ ခေါ်ယူခြင်း၊ ပဋိပက္ခဒေသများရှိ ဒုက္ခသည်များကို လက်ခံခြင်းတို့ကြောင့်ဖြစ်၏။ ယခုသော် ပြောင်းရွှေ့အခြေချခြင်းနှင့် ၎င်း၏ပြဿနာများက လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံအကြား ရှုပ်ထွေးယှက်နွယ်မှု ကြီးမားစွာ ဖြစ်ပေါ်လာတော့သည်။ မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းနိုင်ငံများစွာ၌ မွတ်စ်လင်မ်တို့သည် ဓားစာခံများ ဖြစ်နေကြရသည်။ ထို့ပြင် ဗြောင်ကျကျတစ်မျိုး ကောက်ကျစ်စွာတစ်ဖုံ အစ္စလာမ်ဆန့်ကျင်ရေးသမားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

    ကံကောင်းသည့်အချက်ကား ကမ္ဘာအနှံ့ ယင်းနိုင်ငံများတွင် အောင်မြင်ပေါက်မြောက်သော မွတ်စ်လင်မ် အမြောက်အများ ပေါ်ထွန်း လာခြင်းပင် ဖြစ်သည်။ မှိုင်းသွင်းခံရမှုများအပေါ် အလုပ်ဖြင့် ရင်ဆိုင်ခဲ့ကြသည့် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦးအကြောင်းကို ကျွန်ုပ်တို့မှ တစေ့တစောင်း လေ့လာကြည့်ကြပါစို့။

    ၃။ A*Star ၏ ဒါရိုက်တာ ပရော်ဖက်ဆာ ဒေါက်တာ ဂျက်ကီ ယင်း (စင်္ကာပူ) Prof Dr Jackie Ying, Director of A*Star (Singapore)

    Prof Dr Jackie Ying, Director of AStar

    ပရော်ဖက်ဆာ ဂျက်ကီ ယင်း (၄၆ နှစ်)သည် လက်ရှိတွင် စင်္ကာပူ၏ သိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီ လက်အောက်ရှိ A*Star ဟု ကျော်ကြားသော ဘိုင်အိုအင်ဂျင်နီယာနှင့် နာနိုနည်းပညာ တက္ကသိုလ်၏ အမှုဆောင် ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည်။ သူမ၏ ဘ၀ အောင်မြင်မှုမှာ အသက်ရှူမှားလောက်ပေသည်။

    ဂျက်ကီသည် ထိုင်ဝမ်၊ ထိုင်ပေမြို့၌ မွေးဖွားပြီး အသက် ၁၅ နှစ်တွင် စင်္ကာပူသို့ လာရောက် ပညာသင်ကြားသည်။ နယူးယော့ခ်မြို့၊ Cooper Union တွင် ဓာတုအင်ဂျင်နီယာ ဘာသာရပ်ဖြင့် ဘွဲ့ကြိုတန်း တက်ရောက်ပြီးနောက် Princeton တက္ကသိုလ်တွင် ဆက်လက်၍ ကုန်ထုတ် ဓာတုသုတေသန PhD ဘွဲ့ရယူခဲ့သည်။ ထိုအချိန်မှစ၍ ချီးမြင့်ဆု များစွာရရှိပြီး သူမ၏နယ်ပယ်မှ နာနိုနည်းပညာအခြေခံ ပစ္စည်းကိရိယာများဆိုင်ရာ ဆောင်းပါး ရာနှင့်ချီ ရေးသားခဲ့သည်။ တီထွင် ထုတ်လုပ်ပြီးနှင့် ထုတ်လုပ်ဆဲ ကဏ္ဍပေါင်း ၁၃၀ ကျော်ရှိနေသည်။ ၎င်းထက်ပိုသော စွမ်းဆောင်ချက်အနေဖြင့် သူမ၏ လူငယ်သုတေသန ပရိုဂရမ် အဖွဲ့အစည်းမှတဆင့် စင်္ကာပူရှိ ကျောင်းသားနှင့် ဆရာပေါင်း ခြောက်သောင်းကျော်ထံ သွားရောက်ကာ ဓာတုအင်ဂျင်နီယာ ဘာသာရပ်ကို မိတ်ဆက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

    ယင်းသည် အသက် ၃၅ နှစ်အရွယ်မှာပင် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်(MIT)သို့ အချိန်ပြည့် ပါမောက္ခတစ်ဦးအဖြစ် ၀င်ရောက်လာသည်။ ထိုစဉ်က MIT တွင် အာရှတိုက်သား အမျိုးသမီး ပါမောက္ခနှစ်ဦးတည်းသာရှိရာ သူမက အပါအ၀င်တစ်ဦးဖြစ်၏။ မျှော်လင့်ချက်ကြီးမားသော အမျိုးသမီးပီပီ မိမိကိုယ်ကို တွန်းအားပေးကာ အလုပ်ကို ၂ ဆ ကြိုးစားခဲ့သည်။ မိမိ၏ဌာနီကို အချိန်တိုအတွင်း တိုးတက်စေရေးအတွက် မိမိကိုယ်ကို အရင်းအနှီးတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ကဏ္ဍများစွာတွင် အမျိုးသားများသာ ဦးစားပေးခံရဆဲ၊ ကြီးစိုးဆဲဖြစ်နေသည်။ ဖိုဝါဒလွှမ်းမိုးနေသော နယ်ပယ်တွင် အမျိုးသမီးတစ်ဦး၊ မွတ်စ်လင်မ် တစ်ဦး၊ ပညာရှင်တစ်ဦးအနေဖြင့် သူမ၏ လုပ်ငန်းအတွေ့အကြုံများက လူနည်းစုများအနက် လူနည်းစုတစ်ရပ်ကို သတိကရုပြုမိလာအောင် လှပစွာစွမ်းဆောင်နိုင်ခဲ့သည်။

    လွန်ခဲ့သော ၁၂ နှစ်မှ အစ္စလာမ်သို့ သက်ဝင်လက်ခံခဲ့သော်လည်း ဒေါက်တာယင်းသည် မိမိသာသနာနှင့်စပ်လျဉ်း၍ ခြေမြစ်ခိုင်မာစွာ သိနားလည်ထား၏။ သူမကို လှုပ်ခတ်သွားစေသော ရိုးစင်းသည့် သာသနာအဖြစ် အစ္စလာမ်အား သူမ တွေ့မြင်ခဲ့၍ဖြစ်သည်။ ရှုပ်ထွေးလှသော ဇီဝစနစ် အချက်အလက်များနှင့် ၎င်းတို့က ဖန်ဆင်းရှင်အားညွှန်ပြမှုအကြားရှိ ခိုင်မာအားကောင်းသည့် ဆက်နွှယ်ချက်တစ်ရပ်ကို သူမ ရှာဖွေတွေ့ရှိထားသည်။ လွန်ခဲ့သည့်သုံးနှစ် အွမ္မရဟ် (တာဝန်မဟုတ်သော ဟဂ်ျအငယ်စား) ပြုပြီးနောက် ဟိဂျာ့ဗ်ကို တမင်ရွေးချယ်ဝတ်ဆင်ခဲ့သည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ သူမက ပေါ့ပေါ့ပါးပါးပင် Straits Times သို့ ရယ်သွမ်းသွေးလျက် ပြောပြခဲ့သည်။

    “တခြားသူတွေအနေနဲ့ ပြဿနာတစ်ခုမဟုတ်ဘူလို့ မြင်ကြပြောကြပေမယ့် ကျွန်မအဖို့တော့ ဒါက သာသနာ့ဝတ္တရားလို့ သဘောထားပါတယ်။ ဒီလိုပုံစံ (ဟိဂျာ့ဗ်)နဲ့ ကျွန်မကို ပထမဆုံးမြင်ရချိန်မှာ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် ကော့ကေးရှန်းတစ်ချို့က ကျွန်မဟာ ပါတီ(ပွဲလမ်းသဘင်) သွားဖို့ဆင်ယင်ခြင်းလို့ ထင်မြင်ခဲ့ကြတယ်။ ကျွန်မရဲ့ ဘော့စ်က ကျွန်မ အစစ်အမှန်ဖြစ်ကြောင်း လက်ဗွေစစ်ကြည့်ဖို့ လိုပြီဆိုပြီး နောက်ပြောင်ခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ အဆိုးမြင်တုန့်ပြန်ချက် ဘာမှ မရှိခဲ့ပါဘူး”။
    ( Chang Ai-Lien, ‘No fast track in research – it’s a lifelong journey’, Asiaone, 9 Apr 2013 )

    – ဆက်လက်ဖော်ပြပါမည်။

    အပိုင်း(၁) ဖတ်လိုလျှင် Click Here

    အပိုင်း(၂) ဖတ်လိုလျှင် Click Here

    xxxxxxxxxxxxxxxxxxxx

    Sya Taha ရေးသားသော 5 amazing Muslim achievers in minority-Muslim nations ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • Hadia Tajik : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၂)

    Hadia Tajik : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၂)

    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    WP-muslim-minorities-Dreamstime-sm
    မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းပြည်များရှိ ပုံသေ မူဟန်များမှ ခွဲထွက်ပြီး ထူးခြား ထိရောက်စွာ ဖောက်ထွက် အောင်မြင်ခဲ့သည့် မွတ်စ်လင်မ်များ အကြောင်း လေ့လာနိုင်အောင် တင်ဆက်ပါမည်။

    နယ်သာလန်နိုင်ငံသား မွတ်စ်လင်မ်တစ်ဦးအနေနှင့် ကျွန်ုပ်သည် ရွှေ့ပြောင်းဝင်ရောက် အခြေချလာသည့်မွတ်စ်လင်မ် (တူရကီနှင့် မော်ရိုကိုနွယ်ဖွား အများစု) တို့မှာ ဒတ်ခ်ျ ယဉ်ကျေးမှုအတွင်း ရောယှက် လက်ခံသင့်ကြောင်း မကြာခဏ ဆိုသလို မီဒီယာများမှ တဆင့် ဖတ်ရှုရပါသည်။

    ထိုဒတ်ခ်ျယဉ်ကျေးမှုအား လူသားဝါဒ၊ လောကီဝါဒ၊ ကက်သလစ်ဝါဒနှင့် ပရိုတက်စတင့်ဝါဒတို့ကို သဟဇာတဖြစ်စွာ ယာယီပေါင်းစည်ချက် တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ ယဉ်ကျေးမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ ဖိအားပေးခံရခြင်းကြောင့်လည်းကောင်း အခြေချသူ လူသစ်တို့မှာ ကြီးစိုးလွှမ်းမိုးနေသည့် ယဉ်ကျေးမှုဖက် ပိုမိုအားသာသည်ကို တွေ့ရ၏။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ၉/၁၁ အရေးပြီးသည့်နောက် မွတ်စ်လင်မ်တို့မှာ အယူသည်းဝါဒီ အုပ်စုဝင်များ၊ ခေတ်နောက်ပြန်ဆွဲ ဖိုဝါဒီ အစွန်းရောက်သမားများ အဖြစ် တံဆိပ်တပ်ခံရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနှင့် မြောက်အမေရိကတိုက်တွင် ယဉ်ကျေးမှုနှင့် လူမျိုး ရောယှက်မှု ကိစ္စများ အတော်အတန် မြင့်မားလာခဲ့သည်။ လွတ်လပ်စ ကိုလိုနီနယ်များမှ အလုံးအရင်းပြောင်းရွှေ့ ၀င်ရောက်လာကြခြင်း၊ ၁၉၇၀-၈၀နှစ်များအတွင်း တမဟုတ်ချင်း စီးပွားဖွံ့ဖြိုးမှုကို ကျားကန်ပေးမည့် လုပ်သားများ ခေါ်ယူခြင်း၊ ပဋိပက္ခဒေသများရှိ ဒုက္ခသည်များကို လက်ခံခြင်းတို့ကြောင့်ဖြစ်၏။ ယခုသော် ပြောင်းရွှေ့အခြေချခြင်းနှင့် ၎င်း၏ပြဿနာများက လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံအကြား ရှုပ်ထွေးယှက်နွယ်မှု ကြီးမားစွာ ဖြစ်ပေါ်လာတော့သည်။ မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းနိုင်ငံများစွာ၌ မွတ်စ်လင်မ်တို့သည် ဓားစာခံများ ဖြစ်နေကြရသည်။ ထို့ပြင် ဗြောင်ကျကျတစ်မျိုး ကောက်ကျစ်စွာတစ်ဖုံ အစ္စလာမ်ဆန့်ကျင်ရေးသမားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

    ကံကောင်းသည့်အချက်ကား ကမ္ဘာအနှံ့ ယင်းနိုင်ငံများတွင် အောင်မြင်ပေါက်မြောက်သော မွတ်စ်လင်မ် အမြောက်အများ ပေါ်ထွန်း လာခြင်းပင် ဖြစ်သည်။ မှိုင်းသွင်းခံရမှုများအပေါ် အလုပ်ဖြင့် ရင်ဆိုင်ခဲ့ကြသည့် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦးအကြောင်းကို ကျွန်ုပ်တို့မှ တစေ့တစောင်း လေ့လာကြည့်ကြပါစို့။

    ၂။ လွှတ်တော်အမတ် ဟဒီယဟ် တာဂျစ် (နော်ဝေ) Hadia Tajik, Member of Parliament (Norway)

    WP-hadia-tajik1
    ပါကစ္စတန်နွယ်ဖွား ဟဒီယဟ် တာဂျစ် (၃၀ နှစ်)သည် နော်ဝေလွှတ်တော်၏ ပထမဆုံးသော မွတ်စ်လင်မ် ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးဖြစ်သည်။ သူမသည် နော်ဝေနိုင်ငံရေးလောကထဲ ကာလရှည်စီးမျောလာခဲ့သူလည်း ဖြစ်၏။ တရားရေးဝန်ကြီး၏ အတွင်းရေးမှူးနှင့် အကြံပေးမဖြစ်မီ ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တွင် စာနယ်ဇင်းသမားအဖြစ် အသက်မွေးခဲ့သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် နော်ဝေအလုပ်သမားများ ပါတီ၏ ရွေးချယ်ခံလွှတ်တော် အမတ် ဖြစ်လာသည်။ သုံးနှစ်လွန်သော် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး နော်ဝေ အစိုးရ ဝန်ကြီးများ အနက် အသက်အငယ်ဆုံး ဖြစ်သည်။

    တရားရေးဌာန၌ တာဝန် ထမ်းဆောင်နေစဉ် ဟဒီယဟ်သည် ရဲမေများ ဟိဂျာ့ဗ်ဝတ်ဆင်ခွင့်ရရရေး အဆိုပြုချက်ပါဝင်သော “ဟိဂျာ့ဗ်အရေး” အမည်ရှိ လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သည်။ ရှေးရိုးစွဲပါတီများနှင့် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်များထံမှ ပြင်းထန်သော ဝေဖန်မှု ထွက်လာပြီးနောက် ယင်းအဆိုပြုချက် ပယ်ချခံရသည်။

    ၂၀၁၂ ခုနှစ်တွင် လာမည့်နှစ် အတွက် သူမ၏အစီအစဉ်များကို လူသိရှင်ကြားထုတ်ပြန်ရာဝယ် ယဉ်ကျေးမှု မတူကွဲပြားခြင်းအား နော်ဝေ လူနေမှုစနစ်ထဲ လက်ခံသင့်ကြောင်း အထူးပြုပြောကြားခဲ့သည်။ “ဟိဂျာ့ဗ်အရေး”၏ နိုင်ငံရေးဂယက် တစ်ဖက်ရှိ သူမ၏ ပါကစ္စတန် ယဉ်ကျေးမှုနှင့် မွတ်စ်လင်မ် အသိုင်းအ၀ိုင်းကိုမူ အထွေအထူး ပူပင်ကြဟန်မတူ။ ဟဒီယဟ်မှာ မိမိကိုယ်ကို မွတ်စ်လင်မ်ဟု ဖော်ညွှန်းနေသော်လည်း သူမထံ လောကီရေးဆိုင်ရာ အရည်အသွေးပြည့်မှီမှု ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေမည်။  နော်ဝေသတင်းဌာန Nettavisen အား သူမက ဤသို့ပြောခဲ့သည်။

    “ကျွန်မက မွတ်စ်လင်မ်ဖြစ်နေတဲ့ နိုင်ငံရေးသမားပါ။ ဒါပေမယ့် မွတ်စ်လင်မ် နိုင်ငံရေးသမား မဟုတ်ပါဘူး”။

    သူမသည် tweets @HadiaTajik အမည်ဖြင့် ဆိုရှယ်မီဒီယာကို အသုံးပြုသည်။ ၂၀၁၃ စက်တင်ဘာရွေးကောက်ပွဲ၌ သူမ၏ပါတီ ရှုံးနိမ့်သွားပြီးနောက် သူမသည် ယဉ်ကျေးမှုဝန်ကြီးရာထူးကို လက်လွှတ်ခဲ့ရသည်။ သို့တစေ လွှတ်တော်အမတ်နေရာ၌ ဆက်လက်တည်ရှိနေပြီး နော်ဝေနိုင်ငံမြို့တော် အော်စလိုတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။

    – ဆက်လက်ဖော်ပြပါမည်။

    အပိုင်း(၁) ဖတ်လိုလျှင် Click Here
    xxxxxxxxxxxxxxxxxxxx

    Sya Taha ရေးသားသော 5 amazing Muslim achievers in minority-Muslim nations ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။