News @ M-Media
Tag: muslim women
  • ကမ္ဘာ့သြဇာ အကြီးမားဆုံး စွမ်းဆောင်ရှင် အမျိုးသမီး ၁၀၀ တွင် မွတ်စ်လင်မ် ငါးဦးပါဝင်လာ
    မေ ၃၀ ၊ ၂၀၁၄
    M-Media
    FiveMuslims-in-Worlds-100-Powerful-Women
    ကိုင်ရို။    ။ Forbes ဖို့ဘ်စ် မဂ္ဂဇင်းမှ နှစ်စဉ် တင်ဆက်နေသော ကမ္ဘာ့သြဇာ အကြီးမားဆုံး စွမ်းဆောင်ရှင် အမျိုးသမီးစာရင်း၌ မွတ်စ်လင်မ် အမျိုးသမီး ငါးဦး ပါဝင်ခဲ့ရာ ၂၀၁၄ စာအုပ် ထွက်လာပြီးနောက် မေလ ၂၈ ရက် ဗုဒ္ဓဟူးနေ့၌ ထုတ်ပြန်ကြေငြာခဲ့သည်။
    ကုဋေကြွယ်များ၊ လုပ်ငန်းရှင်များ၊ ကျော်ကြားသူများ၊ ငွေကြေး စီမံခန့်ခွဲမှု၊ မီဒီယာ၊ ထောက်ပံ့ ဒါနပြုခြင်းနှင့် အဲန်ဂျီအိုများ၊ နိုင်ငံရေးနှင့် နည်းပညာ စသည့် အခန်းကဏ္ဍ (၀ါ) ဦးတည်စွမ်းဆောင်ချက် အမျိုးအစား ၈ ခုမှ ကမ္ဘာတစ်ဝှမ်း စွမ်းဆောင်ရှင် အမျိုးသမီးပေါင်း ၂၅၀ အနက် ၁၀၀ ဦးကို ဆန်ကာတင် ရွေးချယ်ခြင်းဖြစ်သည်။
    ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိုက်ခ် ဟာစီနာ ၀ါဂျစ်သည် အဆင့် ၄၇ ၀င်ခဲ့ပြီး ယင်းမွတ်စ်လင်မ်အမျိုးသမီးငါးဦးတွင် အဆင့်အမြင့်ဆုံးဖြစ်သည်။
    သူမ၏နောက်တွင် ယူအေအီးနိုင်ငံ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီး ရှိုက်ခါ လုဗ်နာ အလ်ကာစီမီ ဖြစ်ပြီး အမှတ်စဉ် ၅၅ တွင် တွေ့ရသည်။
    စီးပွားလောကမှ ဆော်ဒီအာရေဗျရှိ အူလာယန် ငွေကြေးစီမံခန့်ခွဲမှု ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် လုဗ်နာ အက်စ် အူလာယန်သည် ကမ္ဘာ့အကြီးမားဆုံး စွမ်းဆောင်ရှင် အမျိုးသမီးများစာရင်း၌ အဆင့် ၈၆ ၀င်ခဲ့သည်။
    စတုတ္ထမြောက် မွတ်စ်လင်မ်အမျိုးသမီးမှာ ကာတာပြတိုက်များရေးရာဥက္ကဌ ဖြစ်သူ ကာတာတော်ဝင်မိသားစု၏သမီးပျို  ရှိုက်ခါ မယတ်စာ အလ်ဆာနီ ဖြစ်၍ အဆင့်မှာ ၉၁ ၀င်ရောက်သည်။
    ပဉ္စမမြောက် မွတ်စ်လင်မ် အမျိုးသမီးအဖြစ် အဆင့် ၉၄ တွင် ဖာသွိမဟ် အလ်ဂျဗီးရ် ကို မြင်ကြရမည်ဖြစ်၏။ သူမသည် ယူအေအီးနိုင်ငံ၊ အဘူဒါဘီရှိ အလ်ဂျဗီးရ် ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းရှင်အုပ်စု၏ စီမံခန့်ခွဲရေးအရာရှိချုပ်ဖြစ်သည်။
    ထိပ်ဆုံးအဆင့်၌ လေးနှစ်ဆက်တိုက် သတ်မှတ်ဖော်ပြခံရသူမှာ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာကဲလ် ဖြစ်သည်။
    Federal Reserve ၏ ပထမဆုံး အမျိုးသမီး ဥက္ကဌအဖြစ် ရှေ့တန်းသို့ရဲရဲဝံ့ဝံ့ထွက်လာသူ ဂျက်နက် ယဲလင်အား ဒုတိယအဆင့်တွင် တွေ့ရှိကြရသည်။
    ဤနှစ်၏စာရင်း၌ တိုင်းပြည်ခေါင်းဆောင် ၉ ဦး၊ စီအီးအို ၂၈ ဦး၊ စွန့်ဦးလုပ်ငန်းရှင် ၁၈ ဦး၊ ကုဋေကြွယ် ၁၃ ဦး၊ ကျော်ကြားသူစာရင်းဝင် ၉ ဦး ပါဝင်သည်ဟု စီးပွားရေးလုပ်ငန်းမဂ္ဂဇင်းမှ ကောက်နှုတ်ဖော်ပြထားသည်။
    ဖို့ဘ်စ်မဂ္ဂဇင်း၏အဆိုအရ ထိုဦးဆောင်သူအမျိုးသမီးများထံတွင် ဆိုရှယ်မီဒီယာ followers နှင့် fans ၈၁၂ သန်းထက်မက ရှိနေကြောင်း သိရသည်။
    အစ္စလာမ်သာသနာက အမျိုးသားများ၏၀တ္တရား နှင့် အမျိုးသမီးတို့၏အခွင့်အရေးများအကြား ချိန်ခွင်လျှာထိန်းညှိစေသော စည်းမျဉ်းများကို ချမှတ်ထားသည်။ အမျိုးသမီးကို အမျိုးသား၏ ပြည့်ဝသောသာ တူညီမျှဖြစ်သော လက်တွဲဖော် အဖြစ် အစ္စလာမ်က အသိအမှတ်ပြုထားသည်။
    ဤသည်အားဖြင့် အမျိုးသမီးသည် ကဏ္ဍတိုင်းတွင် တန်းတူ ခံစားခွင့်ရှိသလို တန်းတူတာဝန် ထမ်းဆောင်နိုင်ပေသည်။ စွမ်းရည်နှင့် လူသားဆန်မှုများတွင်လည်း အမျိုးသားများကဲ့သို့ပင် များမြောင်စွာ ရှိနေပါသည်။
    Ref: OnIslam
  • ပါကစ္စတန် စစ်တပ်မှ မွတ်စလင်ကမ္ဘာရဲ့ ပထမဆုံး အမျိုးသမီး ဗိုလ်ချုပ်ကြီးများ
    မေ ၂၃၊ ၂၀၁၄
    M-Media
    BnyTUCsIgAAFTa6
    ပါကစ္စတန်စစ်တပ်က ဗိုလ်ချုပ်ကြီး ရှဟီဒါမာလစ်နဲ့ ဗိုလ်ချုပ်ကြီး ရှဟီဒါ ဘာရှားတို့ဖြစ်ပါတယ်။
    ၁၉၆၉ ခုနှစ်မှာ စစ်ထဲဝင်ခဲ့တဲ့ ရှဟီဒါမာလစ်ဟာ ၂၀၀၂ ခုနှစ်မှာ ပါကစ္စတန်ကြည်းတပ်မှာ ဗိုလ်ချုပ်ကြီး ရာထူးကို ရရှိခဲ့ပါတယ်။ ပါကစ္စတန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဗိုလ်ချုပ်ကြီးဖြစ်ပြီး မွတ်စလင် ကမ္ဘာမှာလည်း ဒီလိုရာထူးကို ပထမဆုံး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆရာဝန်တစ် ယောက်ဖြစ်တဲ့ မာလစ်ဟာ ပါကစ္စတန် စစ်ဘက်ဆိုင်ရာ ဆေးဌာနမှာလည်း အရာရှိဖြစ်ခဲ့ပါသေးတယ်။ မာလစ်ဟာ ပါကစ္စတန်စစ်တပ်မှာ ကြယ်နှစ်ပွင့်အဆင့်ကို ပထမဆုံးရယူနိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာတော့ အငြိမ်းစားယူခဲ့ပါတယ်။
    မာလစ်လိုပဲ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှဟီဒါဘာရှာကတော့ ၁၉၉၇ ခုနှစ်မှာ စစ်တပ်ထဲဝင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပါတယ်။ ဘာရှားဟာ ပါကစ္စတန် စစ်ဆေးတက္ကသိုလ်ရဲ့ ပထမဆုံး အမျိုးသမီး ကွပ်ကဲရေး တပ်မှူးကြီးလည်းဖြစ်ပါတယ်။
    ပါကစ္စတန်နိုင်ငံဆိုတာ ဖြစ်လာပြီးကတည်းက အမျိုးသမီးတွေဟာ ပါကစ္စတန် စစ်တပ်ထဲမှာ ပါဝင် အမှုထမ်းခွင့်ရခဲ့တာပါ။ စစ်သမီးအများစုဟာ စက်ပိုင်းဆိုင်ရာနဲ့ စစ်ဆင်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ ကန့်သတ်ထားခြင်းခံခဲ့ရပေမယ့် ၁၉၄၀ အစောပိုင်းနှစ်တွေမှာ ဘေဂွမ် ရာနာ လီယာကွတ် အလီခန်း ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ ပါကစ္စတန်အမျိုးသမီး ရေတပ်သုတေသနနှင့် အမျိုးသမီး အစောင့်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးတွေကို သင်တန်းတွေပေးခဲ့ပါတယ်။
    ဘေဂွန်ဟာ အဲဒီအချိန်က ဗိုလ်မှူးချုပ်ဖြစ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ပါကစ္စတန်အစိုးရဟာ ဒီရာထူးကို ဘယ်အမျိုးသမီးကိုမှ ခန့်အပ်ခြင်းမရှိတော့ဘဲ ၂၀၀၂ ခုနှစ်မှာမှ မာလစ်ကို ဗိုလ်ချုပ်ကြီး ရာထူး အဆင့်ကို ပြန်လည် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲမှာ အမျိုးသမီးတွေဟာ တက်တက်ကြွကြွ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။
    Ref: IBNLive
  • ပရဟိတ အရေးတက်ကြွဆောင်းရွက်သူ အမေရိကန် မွတ်စလင် အမျိုးသမီး ပြည်နယ်အမတ်နေရာ ဝင်ပြိုင်မည်။
    မေ ၁၈၊ ၂၀၁၄
    M-Media
    အမျိုးသမီးနှင့် ချို့တဲ့သူများ၏ အခွင့်အရေးများအတွက် ဆောင်ရွက်နေသည့် မွတ်စလင် အမျိုးသမီးတစ်ဦး ကယ်လီဖိုးနီးယားကွန်ဂရက် အမတ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်
    USMuslim-Woman-Runs-For-Congress
    – ခိုကိုးရာမဲ့နေသည့် ပြည်သူများနှင့် အမျိုးသမီးများ၏ အခွင့်အရေးအတွက် ပညာပေးရန် ရည်ရွယ်၍ အမေရိကန်မွတ်စလင် အမျိုးသမီးတစ်ဦးမှာ ကယ်လီဖိုးနီးယားပြည်နယ် ၁၁ ခရိုင် ကွန်ဂရက်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
    ဟီဂျဘ်ဝတ်ဆင်ထားသည့် ချီရိုင်လ် ဆူဒူသ်ဆိုသူ မွတ်စလင်အမျိုးသမီးဖြစ်ပြီး သူမ၏ ဘ၀တစ်ခုလုံးအား အမျိုးသမီးများ၊ ခိုကိုးရာမဲ့သူများ၊ ၀င်ငွေနည်းသည့် မိသားစုများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ၏ အခွင့်အရေးအတွက် မြှုပ်နှံ လုပ်ဆောင်နေသူလည်းဖြစ်သည်။
    ထိုကဲ့သို့ ကွန်ဂရက်အတွင်း ၀င်ရောက်အရွေးခံမှုနှင့်ပတ်သက်၍ ဆူဒူသ်၏ အသိုင်းအ၀ိုင်းရှိ ကဏ္ဍပေါင်းစုံမှ လူများက အားပေးထောက်ခံကြပြီး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးအတွက် လုပ်ဆောင်နေသည့် အာဖရိကန်-အမေရိကန်များနှင့် လူနည်းစု မွတ်စလင်များဖြစ်ကြသည်။
    ဆူဒူသ်မှာ မသန်းစွမ်းသူများ၏ အခွင့်အရေးအတွက် ပညာပေးလုပ်ငန်းများကို လုပ်ဆောင်နေသူလည်းဖြစ်ပြီး အကျိုးအမြတ်မယူသည့် ICYSports အဖွဲ့ကို တည်ထောင်ကာ လူငယ်များအား ထောက်ပံ့ရေးနှင့် ၎င်းတို့၏ ဘ၀အား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို နှစ်ရှည်လများ လုပ်ဆောင်လာခဲ့သူလည်းဖြစ်သည်။
    ကွန်ဂရက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရသည့်  အရေးအကြီးဆုံးကဏ္ဍမှာ ပညာရေးနှင့် လုပ်လစာ တန်းတူညီရေးအတွက်ဖြစ်သည်ဟု အာဖရိကန်-အမေရိကန် မွတ်စလင်အမျိုးသမီး ဆူဒူသ်က ဆိုသည်။
    “လစာအချိုးညီရေး လက်တွေ့ဖြစ်လာဖို့ အချိန်ကျလာပါပြီ။ ၁၉၆၃ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဥပဒေလို စာကားလုံးတွေသာပါတဲ့ ပြဌာန်ချက်ပေါ်လစီမျိုး မဟုတ်ရတော့ပါဘူး။  နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးကဏ္ဍတွေမှာ လိင်နဲ့ လူမျိုးရေးတန်းတူညီမှုတွေ အသက်ဝင်လာဖို့အချိန်လည်းဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ပြဌာန်းခဲ့တဲ့ ပြည်သူ့အခွင့်အရေး ဥပဒေလည်းဖြစ်ပါတယ်” ဟု ကွန်ရက်တွင် ၀င်ရောင်ယှဉ်ပြိုင်ခြင်းအတွက် ဆူဒူသ်က သူမ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
    ဆူဒူသ်မှာ သူမ၏ပတ်ဝန်းကျင်မှ လူများကို အလုပ်အကိုင်များ ရှာပေးကာ အလုပ်လက်မဲ့နှုန်း လျော့ချရေးကို လုပ်ကိုင်နေသူလည်းဖြစ်ပြီး၊ အမျိုးသမီးအခွင့်အရေး အတွက် ပညာပေးခြင်းနှင့်အတူ သူမအား ထောက်ခံသူများ၏ ပြဿနာအ၀၀ကို ဖြေရှင်းပေးနေသူလည်းဖြစ်သည်။
    ၂၀၀၆ ခုနှစ် နိုဝင်ဘာလအတွင်းက ဒီမိုကရက်တစ်ပါတီမှ မွတ်စလင်အဖွဲ့ဝင် ကိသ်အဲလီဆန်မှာ ကွန်ဂရက်တွင် အမတ်ဖြစ်လာခဲ့ပြီး အမေရိကန်ကွန်ဂရက်တွင် ပထမဆုံးမွတ်စလင်အမတ်ဖြစ်လာခဲ့သည်။ ၂၀၀၈ ခုနှစ်ကလည်း ဒီမိုကရက်တစ်ပါတီမှ မွတ်စလင်ကိုယ်စားလှယ် အန်ဒရီကာဆန်မှာ အမေရိကန်အောက် လွှတ်တော်တွင် အမတ်ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံသမိုင်းတွင် ဒုတိယမြောက် မွတ်စလင်အမတ်ဖြစ်သည်။
    အမေရိကန်နိုင်ငံ၏ လူဦးရေ သန်း ၃၀၀ တွင် အစ္စလာမ်ဘာသာဝင်များမှာ ၆ သန်းမှ ၈ သန်းကြားအထိရှိပြီး နိုင်ငံလူဦးရေ၏ ၃ ရာခိုင်နှုန်းခန့်ရှိသည်။
    OnIslam
    ==================
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]
  • ပရဟိတနှင့် လူမှုအကျိုးပြု စွမ်စွမ်းတမံ လုပ်ဆောင်သူ ကနေဒါ မွတ်စလင် ကျောင်းသူတစ်ဦးအား အစိုးရမှ ဂုဏ်ပြု
    မတ် ၁၄၊ ၂၀၁၄
    M-Media
    CanadaHonorsYoung-Muslim-Girl
    – ဒေသတွင်း ပရဟိတ လုပ်ငန်းများနှင့် ဘာသာ တရားများအကြား နားလည်မှု တည်ဆောက်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသည့် ကနေဒါ မွတ်စလင် အမျိုးသမီးငယ်တစ်ဦးကို ကနေဒါအစိုးရက ဂုဏ်ပြုခဲ့သည်ဟု သိရသည်။
    ကနေဒါ အရှေ့ပိုင်း  ၀ုဖ်ဗီလ်းမြို့ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် အဌမတန်းကျောင်းသူ Shakshuki မှာ ကျောင်းအတွင်း ယဉ်ကျေးမှုဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပြီး၊ ‘Free the Children’ ပရဟိတအဖွဲ့တွင်လည်း ပါဝင်ကာ အကူအညီပေးရေး လုပ်ငန်းများကိုလည်း တက်ကြွစွာလုပ်ဆောင်နေသည်။
    သူမစီစဉ်ခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်မှနေ၍ အစ္စလာမ် သာသနာ အပေါ် နားလည်မှု လွဲမှားနေမှုများအား ရှင်းလင်းဖြေရှင်းနိုင်ခဲ့သည်။ ဆဌမတန်းမှ စတင်၍ ထိုလှုပ်ရှားမှုများကို ဆောင်ရွက်လာသည့် သူမအား အလုပ်ကြိုးစားသောသူ တစ်ဦးနှင့် ခေါင်းဆောင် တစ်ဦးအဖြစ် ဆရာများက အမည်စာရင်း တင်သွင်းခဲ့ပြီးနောက် ၀ုဖ်ဗီလ်းမြို့ မြို့တော်ဝန်က Respectful Citizenship Award ဆု ပေးအပ်ခဲ့သည်။
    “သူမဟာ အရွယ်နဲ့မလိုက်အောင် ကြင်နာတယ်၊ တက်ကြွတယ်၊ ပြီးတော့ သူမရဲ့ဘ၀ကိုလည်း ရှင်သန်အောင် မွေးမြူပါတယ် ” ဟု ရှက်ရှူကီ၏ ဆရာဖြစ်သူ အန်ဂီရက်ရှ်တန်က ပြောကြားခဲ့သည်။
    ချို့တဲ့သူများအား အကူအညီပေးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် အတွက် Shakshuki မှာ လက်မှုပညာသင်တန်းနှင့် မုန့်ဖုတ်သင်းတန်း တစ်ခုကိုလည်း သူမ၏ သူငယ်ချင်း ၂ ယောက်နှင့်အတူ တက်ရောက်နေသည်။
    အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးနောက် ကနေဒါတွင် ယုံကြည်ကိုးကွယ်မှုအများဆုံး ဘာသာတရားတစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ ၃၂.၈ သန်း၏ ၁.၉ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။
    Ref: OnIslam & Newspapers
  • နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ အဖြစ် မွတ်စလင် အမျိုးသမီးတစ်ဦးအား ပထမဆုံးအကြိမ် ဂျာမနီခန့်အပ်
    ဇန်နဝါရီ ၃၀၊ ၂၀၁၄
    M-Media
    Berlin-Names-First Muslim-Spokesperson
    – ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယပြောရေးဆိုခွင့်ရှိသူအဖြစ် မွတ်စလင်အမျိုးသမီးတစ်ဦးအား ဂျာမနီနိုင်ငံက ခန့်အပ်ခဲ့သည်ဟုသိရသည်။
    အသက် ၃၅ နှစ်အရွယ် ပါလက်စတိုင်းနွယ်ဖွား ဆော်ဆန် ချက်ဘလီဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်ကာက ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာတင် ရှယ်ဖာ၏ လက်ထောက်အဖြစ် ပြီးခဲ့သည့် တစ်ပါတ်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
    “ကျွန်မရဲ့ဦးခေါင်းမှာ ပုဝါဆောင်း မထားတဲ့အတွက်ကြောင့် ကျွန်မကို မွတ်စလင်တစ်ဦးအဖြစ် သိကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ ဘုရားဝတ်ပြုတယ်၊ ဥပုသ်သီလဆောက်တည်တယ်၊ (အစ္စလာမ်ကတားမြစ်ထားတဲ့ အတွက်ကြောင့်) ၀က်သားလည်း မစားဘူး၊ အရက်လည်း မသောက်ပါဘူး” ဟု ချက်ဘလီက ပြောကြားခဲ့သည်။
    ချက်ဘလီမှာ ၁၉၇၀ ပြည့်နှစ်များတွင် ဘာလင်၌ မွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် ဂျာမနီနိုင်ငံသားဖြစ်ခဲ့သည်။ နိုင်ငံရေးသိပ္ပံ အထူးပြုဖြင့် ဘွဲ့ရရှိထားပြီး ဂျာမနီပါလီမန်တွင် ၆ နှစ်အလုပ်လုပ်ခဲ့သူဖြစ်သည်။
    ထိုကဲ့ရာထူးရယူရန် အစကတည်းက မျှော်လင့်ထားခဲ့ကြောင်း၊ ဘာသာအယူဝါဒနှင့် လူမျိုးသတ်မှတ်ချက်မှာ အနာဂတ်တွင် အရေးပါတော့မည် မဟုတ်ကြောင်း ချက်ဘလီက ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် မွတ်စလင်အမျိုးသမီးတစ်ဦးမှာ အနိုင်ရရှိခဲ့ပြီး ဂျာမနီပါလီမန်တွင် ဥပဒေပြုအမတ်ဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်။
    ဂျာမနီနိုင်ငံမှာ ပြင်သစ်ပြီးလျှင် ဒုတိယမြောက် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံ လူဦးရေ ၈၂ သန်း၏ ၃.၈ ရာခိုင်နှုန်းမှ ၄.၃ ရာခိုင်နှုန်းကြားမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။
    Ref: OnIslam