News @ M-Media

Tag: Myanamr Muslims activities

  • ဒေါပုံ နွယ်အေးဗလီ၏ အခမဲ့ မျက်စိ စမ်းသပ်၊ ကုသပေးမှုတွင် လူ ၃၀၀ ကျော် လာရောက် ကုသမှု ခံယူခဲ့

    ဒေါပုံ နွယ်အေးဗလီ၏ အခမဲ့ မျက်စိ စမ်းသပ်၊ ကုသပေးမှုတွင် လူ ၃၀၀ ကျော် လာရောက် ကုသမှု ခံယူခဲ့

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media
    မိုးစက်

    6

    ရန်ကုန်။ ။ မျက်စိနှင့် ပတ်သတ်သော ဝေဒနာခံစားနေရသူများအတွက် ဘာသာလူမျိုးမခွဲခြားဘဲ နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှ ဦးစီးကာ မျက်စိအခမဲ့စမ်းသပ်ပေးခြင်း၊ မျက်မှန်အခမဲ့ ပြုလုပ်ပေးခြင်းတို့ကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဗလီဝတ်ကျောင်းတော်၏ ပရ၀ုဏ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

    “ကျွန်တော်တို့ကော်မတီကနေ မျက်စိကျွမ်းကျင်တဲ့လူတွေ၊ မျက်စိဆရာဝန်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးတာပါ။ ဒီရပ်ကွက်က အခြေခံလူတန်းစားတွေဆိုတော့ အမှုမဲ့အမှတ်မဲ့နေကြတော့ မျက်စိနဲ့ပတ်သတ်တာတွေကို သိပ်အလေးမပေးကြဘူး။ အဲဒါကြောင့် ဒီရပ်ကွက်ကလူတွေရော အခြားပြသချင်တဲ့ မည်သူမဆို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကျွန်တော်တို့က ကုသပေးတာပါ” ဟု နွယ်အေး စွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ထူးမြင့်က မျက်စိကုသပေးခြင်းနှင့် ပတ်သတ်ပြီး M-Media ကို ပြောခဲ့ပါတယ်။

    10

    နွယ်အေးစန္နီဂျာမေဗလီကြီးမှ ယခုကဲ့သို့ မျက်စိအခမဲ့စမ်းသပ်ပေးခြင်း၊ မျက်မှန်အခမဲ့ ပြုလုပ်ပေးခြင်းတို့မှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

    “ကျွန်တော်တို့ မျက်မှန်ကျွမ်းကျင်တဲ့လူတွေနဲ့ မျက်စိဆရာဝန်ကြီးတွေ ပေါင်းပြီး လုပ်ပေးတာပါ။ ဒီက အခြေခံလူတန်းစားတွေက သူတို့မှာ မျက်စိနဲ့ပတ်သတ်တဲ့ အတွေ့အကြုံမရှိဘူး။ မျက်စိဝါးနေရင်လည်း ဘာကြောင့်ဝါးနေမှန်း သူတို့မသိဘူး။ အဲတော့ ကျွန်တော်တို့က သူတို့လိုအပ်တာတွေကို ရှင်းပေးတယ်။ ဆေးပေးသင့်လူကိုပေး၊ မျက်မှန်ပေးသင့်တဲ့လူကိုပေးပါတယ်” ဟု နွယ်အေးစန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှ ဒုဥက္ကဌ ဦးကိုကိုနိုင်က ပြောပါတယ်။

     

    မျက်စိလာရောက်စမ်းသပ်သူ အယောက် (၃၀၀) ကျော် ရှိခဲ့ပြီး မျက်စိခွဲစိပ်ရန်အတွက် လူနာ (၂၅) ယောက်ကျော်ရှိခဲ့ကာ ထိုခွဲစိပ်ရန် လူနာများကိုလည်း ခွဲစိတ်ပြီးဆုံးသည်အထိ နွယ်အေးစွန္နီဂျာမေဗလီက တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

    “ဒီမှာ မျက်စိအခမဲ့စမ်းသပ်ပေးတာ နှစ်ခါရှိပြီ။ နှစ်ခါလုံး ကျွန်မလာပြတယ်။ အပြင်မှာလည်း ဈေးကြီးတော့ မပြနိုင်ဘူး။ ဒီကအခုလိုလုပ်ပေးတာကိုတော့ အရမ်းကျေးဇူးတင်တယ်” ဟု မျက်စိလာရောက်စမ်းသပ်သူ ဒေါပုံမြို့နယ်မှ ဒေါ်ကျင်ကျင်က ပြောပါတယ်။

    8

    နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှဦးစီး၍ မည်သူမဆို လာရောက်ကုသနိုင်သည့် အခမဲ့ဆေးပေးခန်းတစ်ခုကို နေ့စဉ် ဖွင့်လှစ်ပြီး လူမျိုး၊ ဘာသာ ပဓာနမထားဘဲ သက်ကြီးများအား ကူညီပေးခြင်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအား ကူညီပေးခြင်း အစရှိသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရပါတယ်။

  • ရှမ်းပြည် စစ်ဘေးရှောင်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့ခွဲမှ သွားရောက်လှူဒါန်း

    ရှမ်းပြည် စစ်ဘေးရှောင်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့ခွဲမှ သွားရောက်လှူဒါန်း

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    FB_IMG_1448700161043

    – ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ရှမ်းပြည်နယ်၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ ယာယီကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရသူ ပြည်သူများအတွက် အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး အဖွဲ့ခွဲ) မှ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။

    မန္တလေးတိုင်းဒေသကြီး အိုလမာအဖွဲ့ခွဲ၏ ပညာရေးနှင့် လူမှုရေးအကျိုးဆောင်အဖွဲ့မှ ကြီးမှူး၍ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆေးဝါးများ၊ စားသောက်ကုန်များ၊ အ၀တ်အထည်များ၊ အိပ်ယာများ၊ လူသုံးကုန်ပစ္စည်းများ အပါအ၀င် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် ပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေ ကျပ် သိန်း ၂၀၀ ဖိုး ပါဝင်ခဲ့သည်ဟု သိရသည်။

    အဖွဲ့ဝင် ၇ ဦး လိုက်ပါသွားသည့် အဆိုပါအဖွဲ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ပဋိပက္ခများဖြစ်ပွားရာ ကြေးစည်းမြို့အထိ သွားရောက်လှူဒါန်းရန် စီစဉ်ခဲ့သော်လည်း သွားရေးလာရေး အခက်အခဲကြောင့် တောင်ကြီးမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်နှင့် နမ့်ခုံး ရှမ်းများပရဟိတအဖွဲ့သို့ ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု ပညာရေးနှင့် လူမှုရေးအကျိုးဆောင်အဖွဲ့ ဥက္ကဌ ဟာဂျီဦးမြင့်သိန်းက ပြောကြားခဲ့သည်။

    FB_IMG_1448700201070ထိုလှူဒါန်းမှုအတွက် တောင်ကြီးအခြေစိုက် နမ့်ခုံး ရှမ်းများပရဟိတအသင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

    မန္တလေးအပါအ၀င် အနယ်အရပ်ရပ်ရှိ မွတ်စလင်ပြည်သူများထံမှ အလှူငွေများကို မိမိတို့မှ ကောက်ခံကာ ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဦးမြင့်သိန်းက ထပ်လောင်းပြောကြားခဲ့သည်။ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း ၎င်းက

    “တမန်တော်မြတ်ရဲ့ ဟဒီးစ်(မိန့်မှာချက်) ရှိတယ်လေ – “အသင်တို့ဟာ လောကသားတွေကိုကြင်နာ၊ အလ္လာဟ်အရှင်မြတ်ကလည်း သင်တို့ကို ကြင်နာလိမ့်မယ်” ဆိုပြီးတော့ပေါ့။ အဲဒီမိန့်မှာချက်အတိုင်း ကျွန်တော်တို့က သွားရောက်လှူဒါန်းပေးတာပါပဲ” ဟု ပြောကြားခဲ့သည်။

    မန္တလေးတိုင်းဒေသကြီး အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ခွဲမှာ ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် ရေဘေးတွင်လည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့အပါအ၀င် အထက်မြန်မာပြည်တစ်ဝှမ်းရှိ ရေဘေးသင့် ပြည်သူများသို့ သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

  • ဒေါပုံ နွယ်အေးဗလီက လူမျိုးဘာသာမရွေး အခမဲ့ မျက်စိစမ်းသပ်၍ မျက်မှန်ပြုလုပ်ပေးမည်

    ဒေါပုံ နွယ်အေးဗလီက လူမျိုးဘာသာမရွေး အခမဲ့ မျက်စိစမ်းသပ်၍ မျက်မှန်ပြုလုပ်ပေးမည်

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    daw
    ၂၀၁၄ ဇွန်လက နွယ်အေးဗလီတွင် လူမျိုးဘာသာမရွေး ပညာရေးထောက်ကူပစ္စည်းများ လှူဒါန်းခဲ့သည့် မြင်ကွင်း

    – ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် ရွှေနှင်းဆီလမ်းရှိ နွယ်အေးစွန္နီဂျာမေဗလီကြီးတွင် လာမည့်ဒီဇင်ဘာလဆန်း၌ လူမျိုးဘာသာမရွေး မျက်စိစမ်းသပ်ပေးခြင်းနှင့် မျက်မှန်ပြုလုပ်မှုများကို အခမဲ့ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

    ဗလီဝတ်ကျောင်းတော်၏ သာရေးနာရေးဆပ်ကော်မတီမှ ကြီးမှူးပြုလုပ်မည့် အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ ၆ ရက်နေ့တွင် နွယ်အေး စွန္နီဂျာဗေလီဝင်းအတွင်း နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ မျက်စိဆရာဝန် ၅ ဦးက မျက်စိစမ်းသပ်မှုများ မျက်မှန်ပြုလုပ်မှုများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်၍ အခမဲ့ စမ်းသပ်ကာ မျက်မှန်များ ပြုလုပ်နိုင်ကြောင်း ဗလီတာဝန်ရှိသူတစ်ဦးက M-Media သို့ ပြောကြားခဲ့သည်။

    ထိုသို့ စမ်းသပ်စစ်ဆေးပေးခြင်းအပြင် မျက်စိခွဲစိပ်ရန် လိုအပ်သူများကိုလည်း အဆိုပါဗလီ၏ သာရေးနာရေးဆပ်ကော်မတီက ဦးစီးကာ အခမဲ့ ခွဲစိပ်နိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

    ဒေါပုံ နွယ်အေးစွန္နီဂျာမေဗလီ၏ ယခုကဲ့သို့ အခမဲ့ မျက်စိစမ်းသပ်ခြင်း၊ မျက်မှန်ပြုလုပ်ပေးခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း ပထမအကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ကာ ဘာသာလူမျိုးပေါင်းစုံ လာရောက်၍ စမ်းသပ်မှု ခံယူခဲ့ကြသည်။

    နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးအဖွဲ့သည် ရပ်ကွက်အတွင်းရှိ လူမျိုးမရွေး ဘာသာမရွေး လာရောက်ပြသနိုင်သည့် အခမဲ့ဆေးခန်းတစ်ခုကိုလည်း ဖွင့်လှစ်ထားလျက်ရှိပြီး အဆိုပါဗလီကြီးတွင် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်းတို့ကိုလည်း လူမျိုးဘာသာမရွေး တက်ရောက်နိုင်အောင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။