နိုဝင်ဘာ ၃၀၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ရှမ်းပြည်နယ်၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ ယာယီကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရသူ ပြည်သူများအတွက် အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး အဖွဲ့ခွဲ) မှ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး အိုလမာအဖွဲ့ခွဲ၏ ပညာရေးနှင့် လူမှုရေးအကျိုးဆောင်အဖွဲ့မှ ကြီးမှူး၍ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆေးဝါးများ၊ စားသောက်ကုန်များ၊ အ၀တ်အထည်များ၊ အိပ်ယာများ၊ လူသုံးကုန်ပစ္စည်းများ အပါအ၀င် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် ပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေ ကျပ် သိန်း ၂၀၀ ဖိုး ပါဝင်ခဲ့သည်ဟု သိရသည်။
အဖွဲ့ဝင် ၇ ဦး လိုက်ပါသွားသည့် အဆိုပါအဖွဲ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ပဋိပက္ခများဖြစ်ပွားရာ ကြေးစည်းမြို့အထိ သွားရောက်လှူဒါန်းရန် စီစဉ်ခဲ့သော်လည်း သွားရေးလာရေး အခက်အခဲကြောင့် တောင်ကြီးမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်နှင့် နမ့်ခုံး ရှမ်းများပရဟိတအဖွဲ့သို့ ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု ပညာရေးနှင့် လူမှုရေးအကျိုးဆောင်အဖွဲ့ ဥက္ကဌ ဟာဂျီဦးမြင့်သိန်းက ပြောကြားခဲ့သည်။
ထိုလှူဒါန်းမှုအတွက် တောင်ကြီးအခြေစိုက် နမ့်ခုံး ရှမ်းများပရဟိတအသင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။
မန္တလေးအပါအ၀င် အနယ်အရပ်ရပ်ရှိ မွတ်စလင်ပြည်သူများထံမှ အလှူငွေများကို မိမိတို့မှ ကောက်ခံကာ ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဦးမြင့်သိန်းက ထပ်လောင်းပြောကြားခဲ့သည်။ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း ၎င်းက
“တမန်တော်မြတ်ရဲ့ ဟဒီးစ်(မိန့်မှာချက်) ရှိတယ်လေ – “အသင်တို့ဟာ လောကသားတွေကိုကြင်နာ၊ အလ္လာဟ်အရှင်မြတ်ကလည်း သင်တို့ကို ကြင်နာလိမ့်မယ်” ဆိုပြီးတော့ပေါ့။ အဲဒီမိန့်မှာချက်အတိုင်း ကျွန်တော်တို့က သွားရောက်လှူဒါန်းပေးတာပါပဲ” ဟု ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ခွဲမှာ ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် ရေဘေးတွင်လည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့အပါအ၀င် အထက်မြန်မာပြည်တစ်ဝှမ်းရှိ ရေဘေးသင့် ပြည်သူများသို့ သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
Leave a Reply
You must be logged in to post a comment.