News @ M-Media

ဒေါပုံ နွယ်အေးဗလီက လူမျိုးဘာသာမရွေး အခမဲ့ မျက်စိစမ်းသပ်၍ မျက်မှန်ပြုလုပ်ပေးမည်

နိုဝင်ဘာ ၂၈၊ ၂၀၁၅
M-Media

daw
၂၀၁၄ ဇွန်လက နွယ်အေးဗလီတွင် လူမျိုးဘာသာမရွေး ပညာရေးထောက်ကူပစ္စည်းများ လှူဒါန်းခဲ့သည့် မြင်ကွင်း

– ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် ရွှေနှင်းဆီလမ်းရှိ နွယ်အေးစွန္နီဂျာမေဗလီကြီးတွင် လာမည့်ဒီဇင်ဘာလဆန်း၌ လူမျိုးဘာသာမရွေး မျက်စိစမ်းသပ်ပေးခြင်းနှင့် မျက်မှန်ပြုလုပ်မှုများကို အခမဲ့ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

ဗလီဝတ်ကျောင်းတော်၏ သာရေးနာရေးဆပ်ကော်မတီမှ ကြီးမှူးပြုလုပ်မည့် အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ ၆ ရက်နေ့တွင် နွယ်အေး စွန္နီဂျာဗေလီဝင်းအတွင်း နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ မျက်စိဆရာဝန် ၅ ဦးက မျက်စိစမ်းသပ်မှုများ မျက်မှန်ပြုလုပ်မှုများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်၍ အခမဲ့ စမ်းသပ်ကာ မျက်မှန်များ ပြုလုပ်နိုင်ကြောင်း ဗလီတာဝန်ရှိသူတစ်ဦးက M-Media သို့ ပြောကြားခဲ့သည်။

ထိုသို့ စမ်းသပ်စစ်ဆေးပေးခြင်းအပြင် မျက်စိခွဲစိပ်ရန် လိုအပ်သူများကိုလည်း အဆိုပါဗလီ၏ သာရေးနာရေးဆပ်ကော်မတီက ဦးစီးကာ အခမဲ့ ခွဲစိပ်နိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဒေါပုံ နွယ်အေးစွန္နီဂျာမေဗလီ၏ ယခုကဲ့သို့ အခမဲ့ မျက်စိစမ်းသပ်ခြင်း၊ မျက်မှန်ပြုလုပ်ပေးခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း ပထမအကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ကာ ဘာသာလူမျိုးပေါင်းစုံ လာရောက်၍ စမ်းသပ်မှု ခံယူခဲ့ကြသည်။

နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးအဖွဲ့သည် ရပ်ကွက်အတွင်းရှိ လူမျိုးမရွေး ဘာသာမရွေး လာရောက်ပြသနိုင်သည့် အခမဲ့ဆေးခန်းတစ်ခုကိုလည်း ဖွင့်လှစ်ထားလျက်ရှိပြီး အဆိုပါဗလီကြီးတွင် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်းတို့ကိုလည်း လူမျိုးဘာသာမရွေး တက်ရောက်နိုင်အောင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

Comments

Leave a Reply