News @ M-Media

Tag: Myanmar-China

  • တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာခရီးစဉ်မှာ ဘာတွေပြောခဲ့သလဲ?

    တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာခရီးစဉ်မှာ ဘာတွေပြောခဲ့သလဲ?

    ဇန်နဝါရီ ၁၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို ကာကွယ်ဆေး အလုံးရေ ၃ သိန်း အခမဲ့ပေးသွားမယ်လို့ မြန်မာနိုင်ငံကို အခုတစ်ပတ်အစောပိုင်းမှာ ရောက်​လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ကတိပြုခဲ့ပြီး၊ နယ်စပ်လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ Belt and Road စီမံကိန်း၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး စတဲ့ ကိစ္စတွေကိုလည်း မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

    ဝမ်ယီဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့တာပါ။

    ကိုဗစ်တိုက်ဖျက်ရေး မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဝမ်ယီက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး အလုံးရေ ၃ သိန်း အခမဲ့ ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းမှာ တတ်နိုင်သမျှ ကူညီသွားမှာဖြစ်ပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်လာနိုင်ရေး မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “အမျိုးသားရင်ကြားစေ့ရေး မြန်မာအစိုးရရဲ့ နှစ်မြှုပ်ဆောင်ရွက်မှုကို တရုတ်နိုင်ငံက ထောက်ခံအားပေးပြီး တတ်နိုင်တဲ့ အကူအညီတွေ ဆက်လက်ပေးသွားမှာဖြစ်သလို၊ နိုင်ငံတကာမျက်နှာစာမှာ တရားမျှတမှုရအောင်၊ မြန်မာနိုင်ငံရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေ ကာကွယ်ပေးနိုင်အောင် ဆောင်ရွက်သွားပါမယ်”

    Belt and Road စီမံကိန်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း တည်ဆောက်ရေးလုပ်ငန်း အရှိန့်မြှင့်ဆောင်ရွက်သွားဖို့ ဝမ်ယီက သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တိုက်တွန်းခဲ့ပါတယ်။

    “စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀ တိုးတက်ရေး၊ စက်မှုလုပ်ငန်း အရှိန်မြှင့်ဆောင်ရွက်ရေး စတာတွေအတွက် မြန်မာအစိုးရသစ်ကို တရုတ်က ကူညီပံ့ပိုးပေးသွားမှာပါ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း တည်ဆောက်ရေး သဘောတူညီချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့၊ စင်္ကြန်လမ်းရဲ့ အနောက်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို မြန်မြန်ဆန်ဆန်ဆက်သွယ်မယ့် သဘောတူညီချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ မျှော်လင့်ပါတယ်”

    သမ္မတ ဦးဝင်းမြင့်က ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူးမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဆန္ဒရှိသလို၊ ထိုင်ဝမ်၊ တိဘက်နဲ့ ရှင်ကျန်းတို့က တရုတ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူပြီးရင် တရုတ်နိုင်ငံက ဒုတိယအကြီးဆုံးဖြစ်ပါတယ်။

    ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ အငြင်းပွားနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အပါအဝင် အစိုးရရဲ့ ၅ နှစ်စီမံကိန်းက အဓိကလုပ်ငန်းတွေ အကောင်အထည်ဖော်ရေး ကူညီဖို့ ဆန္ဒရှိတယ်လို့လည်း ဝမ်ယီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကလည်း စီမံကိန်းတွေ အလျင်အမြန်အကောင်အထည်ဖော်ရေး တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့သလို၊ မြန်မာနိုင်ငံက လယ်ယာထက်ကုန်တွေ တရုတ်နိုင်ငံဖက် ပိုမိုတင်ပို့နိုင်ရေးလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံက တရုတ်ဖက်ကို တင်သွင်းတဲ့ စီးပွားရေးဟာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နေတာဖြစ်ပါတယ်။

    တရုတ်နိုင်ငံခြားရေး ဝမ်ယီဟာ မြန်မာနိုင်ငံကတစ်ဆင့် အင်ဒိုနီးရှား၊ ဘရူးနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

    Ref: Nikkei Asia, South China Morning Post

  • မြန်မာဘက်မှ ကိုဗစ်မဝင်ရန် တရုတ်က နယ်စပ်တွင် မဟာတံတိုင်းဆောက်လုပ်နေ

    မြန်မာဘက်မှ ကိုဗစ်မဝင်ရန် တရုတ်က နယ်စပ်တွင် မဟာတံတိုင်းဆောက်လုပ်နေ

    ဒီဇင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    -တရုတ်ဟာ မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ နယ်စပ်မှာ ကီလိုမီတာ ၂ ထောင် (မိုင် ၁၃၀၀) လောက်ရှည်လျားတဲ့ တံတိုင်းကြီးတစ်ခု ဆောက်လုပ်နေပြီး ကိုဗစ်ကပ်ရော မြင့်တက်နေတဲ့အချိန် မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်လာမယ့်သူတွေကို တားဆီးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    လျှပ်စစ်ဓာတ်လွှတ်လို့ရတဲ့ သံဆူးကြိုးတွေ၊ လုံခြုံရေးစောင့်ကြည့်ကင်မရာတွေ စတဲ့ အဆင့်မြင့်နည်းပညာတွေပါဝင်ကာ ပေ ၃၀ လောက် အမြင့်ရှိမယ့် အဲဒ်တံတိုင်းကို တရုတ်က ‘တောင်ပိုင်းမဟာတံတိုင်း’ (Southern Great Wall) လို့ အမည်ပေးထားပါတယ်။

    အခုနှစ်ဆန်းပိုင်းမှာ စတင်ဆောက်လုပ်တာဖြစ်ပြီး လက်ရှိမှာ ၆၅၉ ကီလိုမီတာ ပြီးစီးနေပြီဖြစ်တယ်လို့ RFA သတင်းဌာနက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်​ အောက်တိုဘာလရောက်ရင် မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်တစ်လျှောက်ကို ဒီတံတိုင်းကြီးနဲ့ ထိန်းချုပ်ဖို့ တရုတ်က စီစဉ်ထားတာပါ။

    ၁၉၆၁ ခုနှစ် ​နယ်စပ်ဆိုင်ရာ သဘောတူညီချက်အရ နှစ်ဖက် နယ်စပ် ၁၀ မီတာအကွာအဝေးအတွင်း ဒီလိုအဆောက်အဦးမျိုး မဆောက်လုပ်ရဆိုတဲ့အချက် ပါဝင်တာကြောင့် တရုတ်ရဲ့ ဒီလုပ်ရပ်ကို မြန်မာအစိုးရနဲ့ စစ်တပ်တို့က တရားဝင် စာပေးပို့ ကန့်ကွက်ထားပါတယ်။ ဒါပေမယ့် တရုတ်ဖက်က ဆောက်လုပ်ရေးလုပ်ငန်းကို ရပ်ဆိုင်းမှု မရှိသေးပါဘူး။

    တရုတ်အစိုးရရဲ့ အာဘော်သတင်းစာ Global Times က တံတိုင်းတည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံကလူတွေ တရားမဝင်ဝင်ရောက်လာမှုနဲ့ မြန်မာနိုင်ငံကနေ ကိုဗစ်ရောဂါ ဝင်ရောက်လာနိုင်မှုကို တားဆီးဖို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။

    စက်တင်ဘာလတုန်းက နယ်စပ်ကဝင်လာတဲ့ မြန်မာနိုင်ငံသားတစ်ချို့မှာ ကိုဗစ်ပိုး တွေ့ခဲ့ရပြီးတဲ့နောက် တရုတ်ဟာ ရွှေလီတစ်မျိုးလုံးကို ‘စစ်ပွဲအခြေအနေ’ သတ်မှတ်ကာ လော့ဒေါင်းလုပ် စစ်ဆေးခဲ့ပါတယ်။

    ယူနန်ပြည်နယ်နဲ့ ကပ်နေတဲ့ မြန်မာနယ်စပ်ဟာ ၁၉၈၀ ကျော် ကာလတွေကတည်းက နယ်စပ်ကုန်သွယ်မှု မြင့်တက်ခဲ့ပြီး အများစုက တရားမဝင်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ မြန်မာဖက်ကလူတွေ အထောက်အထားမရှိဘဲ နယ်စပ်ကိုဖြတ်ကျော်ကာ သွားရောက်အလုပ်လုပ်ကိုင်မှုတွေလည်း ရှိပါတယ်။

    မြန်မာနိုင်ငံနယ်စပ်မှာ တရုတ်က ဒီလိုတံတိုင်းကြီးတည်ဆောက်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ နိုင်ငံအတွင်း အစိုးရနဲ့ သဘောထားမတိုက်ဆိုင်တဲ့သူတွေ ထွက်ပြေးတာကို ထိန်းချုပ်ဖို့ ပါဝင်တယ်လို့လည်း RFA သတင်းက ဖော်ပြပါတယ်။

    ဒါပေမယ့် နိုင်ငံရေးပညာရှင်အချို့က ဒီအချက်ဟာ လက်တွေ့မကြဘူးလို့ သုံးသပ်ပါတယ်။ တရုတ်နဲ့ကပ်နေတဲ့ မြန်မာနယ်စပ်မှာ ၀၊ ကိုးကန့်နဲ့ မိုင်းလားတို့လို တရုတ်ဩဇာခံ တရုတ်စကားပြော လက်နက်ကိုင်တပ်ဖွဲ့တွေရှိတာကြောင့် တရုတ်အစိုးရဆန့်ကျင်သူတွေ မြန်မာဖက်ဝင်လာရင်လည်း လွတ်လမ်းမရှိနိုင်ဘူးလို့ ဆိုပါတယ်။

    ဒီတံတိုင်းကြီးပြီးသွားရင် နယ်စပ်က မှောင်ခိုလုပ်ငန်းတွေ၊ မူးယစ်ဆေးလုပ်ငန်း၊ လူကုန်ကူးမှုနဲ့ အခြား ရာဇဝတ်မှုမကင်းတဲ့ လုပ်ဆောင်မှုတွေကို ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း ယူဆနေပါတယ်။

    Ref: The Diplomat, Global Times

  • မြန်မာဖက်မှ ကိုဗစ်ကူးသည်ဟုဆိုကာ ရွှေလီမြို့ကို တရုတ်က Lock Down ချ

    မြန်မာဖက်မှ ကိုဗစ်ကူးသည်ဟုဆိုကာ ရွှေလီမြို့ကို တရုတ်က Lock Down ချ

    စက်တင်ဘာ ၁၅၊ ၂၀၂၀
    M-Media

    ရွှေလီမြို့မြင်ကွင်း

    -မြန်မာနိုင်ငံကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိတဲ့အတွက် နယ်စပ်က ရွှေလီမြို့ကို Lock Down ချကာ ကိုရိုနာစစ်ဆေးမှု လုပ်ဆောင်မှာဖြစ်ပြီး တရားမဝင် နိုင်ငံခြားသားတွေကို ဖော်ထုတ် အရေးယူသွားမယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ယူနန်ပြည်နယ်က ရွှေလီမြို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ဝင်ထွက်သွားလာမှု လုပ်ဆောင်တဲ့ အဓိကနယ်စပ်မြို့တွေထဲက တစ်ခု ဖြစ်ပါတယ်။

    အာဏာပိုင်တွေရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မြို့တွင်းနေထိုင်သူအားလုံးကို တနင်္လာနေ့ ညနေပိုင်းကစပြီး အိမ်ထဲကနေ အပြင်ထွက်ခွင့်မပေးတော့ဘဲ၊ မြို့ထဲကနေထွက်တာ၊ မြို့တွင်းကိုဝင်တာ အားလုံးကို ပိတ်ပင်ထားတယ်လို့ ဖော်ပြထားပါတယ်။

    ရွှေလီမြို့မှာ လူဦးရေ ၂ သိန်း ၁ သောင်းကျော်ရှိပြီး ကျန်းမာရေးတာဝန်ရှိသူတွေက တစ်အိမ်တက်ဆင်း ကိုဗစ်စစ်ဆေးမှာဖြစ်ပါတယ်။ စူပါမားကတ်၊ ဆေးဆိုင်တွေနဲ့ စားသောက်ကုန်အရောင်းဆိုင်တွေကလွဲပြီး ကျန်တဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ပိတ်ထားမှာ ဖြစ်ပါတယ်။

    အာဏာပိုင်တွေက မြန်မာဖက်ကနေ ကိုဗစ်ရောဂါ ကူးစက်မှုရှိတဲ့အ​တွက် တရားမဝင်နိုင်ငံခြားသားအားလုံးကို ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ရွှေလီ ဒုတိယမြို့တော်ဝန် ယန်ဘင်ကျန်းက နိုင်ငံအတွင်း ဝင်ရောက်လာတဲ့အချိန် တိတိကျကျ မရှိသူတွေ၊ နေထိုင်ရာနေရာ၊ အလုပ်လုပ်ရာနေရာ အတည်တကျ မရှိတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးကာ နေရပ်ပြန်ပို့သွားမယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Ref: AFP

  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို တရုတ်က ဘာ့ကြောင့် ရွေးကောက်ပွဲ နိုင်စေချင်တာလဲ

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို တရုတ်က ဘာ့ကြောင့် ရွေးကောက်ပွဲ နိုင်စေချင်တာလဲ

    စက်တင်ဘာ ၆၊ ၂၀၂၀
    M-Media

    တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

    -စစ်တပ်လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးစနစ် တစ်ကျော့ပြန်လာတာထက် ​ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ရှိအနေအထားက တရုတ်အကျိုးစီးပွားကို ပိုပြီး အမြတ်ထွက်စေပါလိမ့်မယ်။

    ရွေးကောက်ပွဲကာလကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး၊ ကိုဗစ်အရေး၊ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးတွေဟာ လာမယ့် ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာ လွမ်းမိုးဖို့ ရှိနေပါတယ်။

    ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရွေးကောက်ပွဲအပြီး နိုင်ငံခြားရေးမူဝါဒ ဘယ်လားရာကို သွားမလဲဆိုတာအပေါ်မှာ အဓိကထား သုံးသပ်ပြောဆိုနေကြပါတယ်။ တရုတ်နဲ့ ပိုပြီး နီးနီးကပ်ကပ် ခိုင်ခိုင်မာမာ ရှိသွားမလား၊ ဒါမဟုတ် အမှီအခိုကင်းတဲ့ အခြေအနေကို ပိုသွားမလား ဆိုတာမျိုးပါ။

    တရုတ်ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်အုပ်စုကို ပ,စားပေးပြီး တစ်ချိန်က ဒီမိုကရေစီပြယုဂ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သံသယမျက်လုံးနဲ့ကြည့်တဲ့ အနေအထားမျိုးဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ။

    ဒေါ်ဆောင်ဆန်းစုကြည်နဲ့ သူမရဲ့ NLD ပါတီကို ပိုအနိုင်ရစေချင်ပြီး လွှမ်းမိုးထိန်းချုပ်ရခက်တဲ့ ဗိုလ်ချုပ်တွေအပေါ် ယုံကြည်မှုမရှိဘူးဆိုတာမျိုး မကြာသေးခင်က ဆွေးနွေးမှုတွေမှာ တရုတ်အစိုးရ ကိုယ်စားလှယ်တွေက ပွင့်ပွင့်လင်းလင် ထုတ်ပြောတာမျိုးလည်း ရှိလာပါတယ်။

    စစ်တပ်နဲ့ နှစ်ကိုယ့်တစ်စိတ်ဖြစ်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံဖြိုးရေးပါတီ (USDP) ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပါမှာ ဒီထက်ပိုပြီး ခရီးရောက်မလားဆိုတာကလည်း မသေချာသေးပါဘူး။

    တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေး၊ တရုတ်အပေါ် မှီခိုမှုလျော့ချရေးဟာ သူတို့ရဲ့တာဝန်လို့ မြန်မာစစ်တပ်က ခံယူထားတဲ့အချိန်မှာ၊ ရိုဟင်ဂျာဒုက္ခသည် ပြဿနာကြောင့် အနောက်တိုင်းက မဟာမိတ်တွေ၊ ထောက်ခံသူတွေရဲ့မျက်နှာလွှဲခြင်းကို ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးနဲ့ တစ်ခြားအကူအညီတွေအတွက် တရုတ်ဖက်ကို လှည့်လာပါတယ်။

    ၂၀၁၇ ခုနှစ် ဩဂုတ်လကစတင်ပြီး စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ အသတ်ခံခဲ့ရပြီး သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတဲ့အခြေအနေဟာ ဒီကနေ့အချိန်အထိ ဆက်ဖြစ်နေတုန်းပါ။

    တစ်ချိန်က လူ့အခွင့်အရေးချန်ပီယံအဖြစ် ရှုမြင်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလနဲ့ အခြားအဖွဲ့တွေက “လူမျိုးတုန်းသတ်ဖြတ်မှု” ဖြစ်ဖွယ်ရာရှိတယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ သတ်ဖြတ်မှုကို ရှုတ်ချပြစ်တင်မှု မရှိခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ အနောက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချစ်တော်ဘ၀ကနေ၊ ဝေဖန်ခံဘ၀ကို တမဟုတ်ချင်း ရောက်သွားခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ ခိုင်ခိုင်မာမာမရှိတဲ့ နိုင်ငံခြားဆက်ဆံရေးမှာ တတိယအင်အားစုတစ်ခုက ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်ဟာ ဒေသတွင်း ပထဝီနိုင်ငံရေးအပြောင်းအလဲအန္တရာယ်ကို သတိပြုမိတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ မပါခဲ့ပါဘူး။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီဟာ ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ပါပူအာ နယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ကို လာရောက်လည်ပတ်ခဲ့ပြီး ဒီနိုင်ငံတွေမှာ ဂျပန်ရဲ့တည်ရှိမှုကို ပိုမိုအား​ကောင်းစေဖို့ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ ဒီလည်ပတ်မှုဟာ ဒေသတွင်း အဓိကကျလာတဲ့ တရုတ်ကို တန်ပြန်ရေးဆိုတဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပိုမို ပေါ်လွင်စေပါတယ်။

    မြန်မာနိုင်ငံမှာ မိုတီဂီဟာ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ Covid-19 ပြန့်နှံ့မှု ထိန်းချုပ်ရေး နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ်လို့ မိုတီဂီက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရာမှာ ကတိပြုခဲ့ပြီး၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျောင်းသားတွေ ​ခရီးသွားလာရေး ပိုကောင်းအောင် စီစဉ်ပေးဖို့လည်း နှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးမှုမှာတော့ မိုတီဂီက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ကူညီပေးမယ်လို့ ကတိ​ပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်ကတော့ ထူးဆန်းနေပါတယ်။ မိုတီဂီနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ဟာ တောင်တရုတ်ပင်လယ်အရေး အပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အသေးစိတ်မဟုတ်ဘဲ အကြမ်းဖျင်းသာ ဖော်ပြခဲ့ပါတယ်။

    မိုတီဂီရဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တဲ့ကတိဟာ မြန်မာနိုင်ငံအပေါ်မှာရှိတဲ့နေတဲ့ တရုတ်ရဲ့ ခိုင်မာတဲ့ လွှမ်းမိုးမှုကို လှုပ်ခတ်ဖို့ လုံလောက်မှုရှိလားဆိုတာ ဆက်ကြည့်ရမှာပါ။ အမြန်ရထားလိုင်း၊ အဝေးပြေးကားလမ်းတွေဆောက်လုပ်ရေး၊ မြစ်တွေက ရေလမ်းကြောင်းတွေကို အဆင့်မြှင့်တင်ရေးတွေ ပါဝင်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းကို ဒါကို ထင်ထင်ရှားရှား မြင်ရမှာပါ။

    ဒီစီမံကိန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကမ္ဘာ့အခြေခံအဆောက်အဦး စီမံကိန်း Belt and Road Initiative (BRI) နဲ့ အဓိကကျတဲ့ ချိတ်ဆက်မှုတစ်ခု ဖြစ်ပါတယ်။
    စစ်အေးခေတ်သစ်မှာ အမေရိကန်နဲ့ တင်းမာမှု မြင့်တက်လာတဲ့အချိန် BRI ဟာ အိမ်နီးချင်း အရှေ့တောင်အာရှဒေသမှာ ပိုပ​ြီး အရေးပါလာမှာပါ။

    အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရှိတဲ့ မြန်မာနိုင်ငံဟာ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပတိုနဲ့ တရုတ်ရဲ့ ကုန်သွယ်မှုမှာ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ဟာ ဒီကုန်သွယ်မှုအတွက် တင်းမာမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်၊ လမ်းကြောင်းရှုပ်တဲ့ မလကာရေလက်ကြားတို့လို မလုံခြုံတဲ့ လမ်းကြောင်းကို သုံးနေရတာပါ။

    ဇန်နဝါရီလက သမိုင်းဝင်မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ
    ဒေါ်အောင်ဆန်းစုကြည်၊ အခြားအရပ်ဖက်တာဝန်ရှိသူ အများစုနဲ့ တွေ့ဆုံရာမှာ အခြေခံအဆောက်အဦး စီမံကိန်း ၁၃ ခုအပါအဝင် အနည်းဆုံး နားလည်မှုစာချွန်လွှာ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ဒီသဘောတူညီချက်တွေထဲမှာ ကျောက်ဖြူမြို့နယ်အနီး ဒေါ်လာ ဘီလီယံချီတန်တဲ့ အထူးစီးပွားရေးဇုန်နဲ့ စက်မှုဇုန်တစ်ခု တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။ လက်ရှိ ကျောက်ဖြူမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်နေပါတယ်။

    အခြားတစ်ဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လက မော်စကိုခရီးစဉ်အတွင်း ရုရှားသတင်းဌာနနဲ့ အင်တာဗျူးမှာ ‘အင်အားကြီးတိုင်းပြည်တွေရဲ့ ထောက်ပံ့မှုကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်အဖွဲ့တွေ တည်ရှိနေတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးဟာ အဖွဲ့အစည်းအမည်၊ အင်အားကြီးနိုင်ငံတွေကို ထုတ်မပြောခဲ့ပေမယ့် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်က တရုတ်ထုတ်လုပ်နက်တွေ အသုံးပြုနေတဲ့ အာရကန်အာမီ (AA) ကို ညွှန်းဆိုတယ်ဆိုတာ ထင်ရှားပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှာ ​အသစ်ချက်ချွပ် လောင်ချာတွေ၊ မြေပြင်ကဝေဟင်ပစ်ဒုံးကျည်တွေအပါအဝင် တရုတ်လက်နက် အမြောက်အများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုထံကနေ သိမ်းဆည်းရမိခဲ့ပါတယ်။

    မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ‘မုန့်တစ်ဖက် တုတ်တစ်ဖက်ပေါ်လစီ’ က တစ်ဖက်မှာ ချေးငွေ၊ ထောက်ပံ့ငွေ၊ ၊ ကိုဗစ်တိုက်ဖျက်ရေး အထောက်အပံ့တွေပေးပြီး တစ်ဖက်မှာတော့ သူတို့ရဲ့ တရားမဝင် လက်နက်စျေးကွက်ကြီးမှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ကို ဝင်ရောက်လှုပ်ရှားခွင့် ပေးထားတာမျိုး ဖြစ်ပါတယ်။ ဒီလက်စျေးကွက်ဟာ Black Market ဆိုတာထက် Grey Market ဖြစ်ပါတယ်။

    Covid-19 ပြဿနာရှိနေပြီး၊ အစိုးရ၊ စစ်ဖက်တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှု အမြောက်အများ လုပ်ခဲ့ပေမယ့် နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်က ဆက်ဖြစ်နေပြီး ဒီကိစ္စမှာ တရုတ်ရဲ့လွှမ်းမိုးမှု အကြီးအကျယ် ပါဝင်နေတယ်ဆိုတာ ထင်ထင်ရှားရှားကို တွေ့ရပါတယ်။

    အရင်သမ္မတ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ၂၀၁၁ ခုနှစ်မတ်လ အာဏာရပြီးမကြာခင်မှာ စတင်ခဲ့ပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်အထိ ဆက်လက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနောက်နိုင်ငံတွေနဲ့ ဂျပန်တို့က လိုလိုလားလား အားပေးထောက်ခံခဲ့ပါတယ်။

    ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာတော့ လက်နက်ကိုင်အဖွဲ့ လက်တစ်ဆုပ်သာ ပါဝင်ပြီး အဲဒီအထဲကတစ်ချို့ဟာ လက်နက်မရှိ၊ ထိန်းချုပ်နယ်မြေမရှိတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း နောက်ထပ်ဆွေးနွေးမှုထပ်လုပ်ဖို့ သဘောတူညီချက်ရတာ​လောက်နဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကျော်လောက်ရှိမယ့် အဖွဲ့တွေဟာ NCA မှာ လက်မှတ်မထိုးထားဘဲ နောက်ပိုင်းလည်း ထိုးဖို့မရှိဘူးဆိုတဲ့ အခြေအနေတစ်ရပ်လည်း ရှိနေပါတယ်။ အဖွဲ့ ၇ ခုပါဝင်တဲ့ အဲဒီအုပ်စုဟာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ဆိုတဲ့ ခေါင်းစဉ်နဲ့စုစည်းထားကြပြီး အဖွဲ့အားလုံးဟာ တရုတ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။

    အဲဒီအဖွဲ့တွေထဲက အင်အားအတောင့်တင်းဆုံးက ၀ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ဖြစ်ပါတယ်။ ချေမှုန်းရေးရိုင်ဖယ်၊ စက်သေနက်၊ မော်တာသေနတ်၊ မြေပြင်ကဝေဟင်ပစ်ဒုံးကျည်၊ အပေါ့စားနဲ့ အခြားစစ်သုံးယာဉ်တွေ တပ်ဆင်ထားပြီး အကုန်လုံးက တရုတ်လုပ်တွေ ဖြစ်ပါတယ်။

    အဓိကမဟာမိတ်ဖြစ်တဲ့ AA ဟာ FPNCC က အခြားအဖွဲ့ဝင်တွေကနေတစ်ဆင့် UWSA ထံကနေ လက်နက်တွေ ရရှိပါတယ်။ နိုင်ငံမြောက်ပိုင်းက အင်အားကောင်းတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေတစ်ချို့ကို ထိန်းချုပ်ထားတဲ့ ပလောင်အဖွဲ့ တအန်းလွတ်မြောက်ရေးတပ် (TNLA) တို့ကလည်း ဒီလိုနည်းလမ်းတွေနဲ့ လက်နက်တွေ ရနေပါတယ်။

    အနောက်နိုင်ငံတွေနဲ့ ဂျပန်တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကာ ဆယ်စုနှစ်ချီကြာနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးပမ်းမှုတွေကို ပိုမိုထောက်ပံ့ကူညီဖို့ ကတိပြုကောင်းပြုနိုင်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က FPNCC အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှုအတွင်း တရုတ်တာဝန်ရှိသူတွေက အနောက်နိုင်ငံတွေ ဒါမှမဟုတ် ဂျပန်နိုင်ငံတို့က ငြိမ်းချမ်းရေးဆွေးနွေးသူတွေ၊ အခြားတာဝန်ရှိသူတွေနဲ့ ဘယ်လိုသဘောတူညီမှုမျိုးမှမယူဖို့ ပြောခဲ့ပါတယ်။

    ဒါ့ကြောင့် တရုတ်ဟာ သူ့ရဲ့ တုတ်ကြီးကြီးကို စွန်လွှတ်မယ့် ရည်ချက်မျိုး မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေကလည်း အခြားနိုင်ငံတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုမှ တိုးလို့မရဘူးဆိုတာကို ပြသနေပါတယ်။

    အနောက်နိုင်ငံတွေ ရိုဟင်ဂျာကိစ္စမှာ နစ်မွန်းနေပြီး ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းကာ ပိုမိုကောင်းမွန်အောင် အစွမ်းကုန်ကြိုးပမ်းနေတဲ့အချိန် တရုတ်ကတော့ ‘ချက်ကောင်း’ ကို ကိုင်ထားနိုင်တုန်းပါ။ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ အာဏာထပ်ရပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဆက်ရှိနေစေမယ့် အခြေအနေကို တရုတ်က ဘာ့ကြောင့် ထောက်ခံအားပေးနေလဲဆိုတာ ဒီုအချက်တွေကိုကြည့်ရင် ထင်ထင်ရှားရှား သိနိုင်မှာ ဖြစ်ကြောင်းပါ။

    Ref: Asia Times

    (Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် Why China wants Suu Kyi to win Myanmar’s polls ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ကိုဗစ်ကာကွယ်ဆေးရပါက မြန်မာနိုင်ငံကို ဦးစားပေးမျှ၀ေရန် တရုတ်က ဆန္ဒရှိ

    ကိုဗစ်ကာကွယ်ဆေးရပါက မြန်မာနိုင်ငံကို ဦးစားပေးမျှ၀ေရန် တရုတ်က ဆန္ဒရှိ

    စက်တင်ဘာ ၃၊ ၂၀၂၀
    M-Media

    ယန်ဂျီချီနှင့် သမ္မတဦးဝင်းမြင့်တို့ တွေ့ဆုံစဉ်

    – Covid-19 ကာကွယ်ဆေး ဖော်နိုင်တဲ့အခါ မြန်မာနိုင်ငံကို ဦးစားပေးမျှ၀ေသွားဖို့ ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    တရုတ်ကွနမြူနစ်ပါတီ ပေါ်လစ်ဗျူရို(CPC)ရဲ့ ဗဟိုကော်မတီအဖွဲ့၀င်ဖြစ်ပြီး၊ ကော်မတီရဲ့ နိုင်ငံခြားရေးအဖွဲ့ ဒါရိုက်တာလည်း ဖြစ်တဲ့ ယန်ဂျီချီရဲ့ မြန်မာနိုင်ငံခရီးစဥ်မှာ ဒီသတင်းစကား ပါးခဲ့တာပါ။

    ယန်ဂျီချီဟာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ ဆွေးနွေးပွဲတွေ ပြုလုပ်ရေး၊ နိုင်ငံရေးယုံကြည်မှု အားကောင်းစေရေး၊ ကုန်သွယ်မှု တိုးမြှင့်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစကြ်န် (CMEC) တိုးတက်အောင် ဆောင်ရွက်ရေး၊ Belt and Road စီမံကိန်းအောက်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

    လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတိုင်း အပြန်အလှန် ဖေးမကူညီသွားဖို့လည်း ဆွေးနွေးမှုမှာ သဘောတူညီခဲ့ကြပါတယ်။

    ယန်ဂျီချီက တရုတ်နိုင်ငံဟာ ကိုဗစ်ကာကွယ်ဆေးရရှိဖို့ ကြိုးပမ်းနေပြီး အောင်မြင်တဲ့အခါ မြန်မာနိုင်ငံကို ဦးစားပေမျှ၀ေသွားဖို့ ဆန္ဒရှိတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    မြန်မာခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကူညီပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ကြောင်း၊ ကိုဗစ်ကပ်ရောဂါ ကျော်လွှားရေးအတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ယန်ဂျီချီဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    Ref: CGTN

    (Photo – ယန်ဂျီနှင့် သမ္မတဦးဝင်းမြင့်တို့ တွေ့ဆုံစဥ်)