News @ M-Media

Tag: Myanmar-China

  • ဧရာ၀တီမြစ်ကို တရုတ်က ထိန်းချုပ်စီမံခွင့် ရတော့မှာလား

    ဧရာ၀တီမြစ်ကို တရုတ်က ထိန်းချုပ်စီမံခွင့် ရတော့မှာလား

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၀
    M-Media

    -လုံခြုံရေးစိုးရိမ်ရမှုတွေကြောင့် အမြန်ရထားလမ်းစီမံကိန်း ရပ်ဆိုင်းထားရချိန် ဧရာ၀တီမြစ်ကို အစားထိုး ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် တရုတ်က ရှုမြင်နေပါတယ်။

    ‘ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်း’ (BRI) မှာ ပါဝင်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကနေ ‌မတည်ငြိမ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းကို ဖြတ်ကာ အိန္ဒိယသမုဒ္ဒရာအထိပေါက်မယ့် တရုတ်ရဲ့ အမြန်ရထားလမ်း အစီအစဉ်ဟာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ၊ လုံခြုံရေးစိုးရိမ်ရမှုတွေနဲ့ အာဏာပိုင်တွေရဲ့ တွန့်ဆုတ်နေမှုကြောင့် ရပ်ဆိုင်းထားရတဲ့အခြေအနေမှာ ရှိနေပါတယ်။

    ဒါပေမယ့် ဘေဂျင်းမှာ အစားထိုးစီမံကိန်းတစ်ခု ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဧရာ၀တီမြစ်ကနေတစ်ဆင့် ပိုမိုအန္တရာယ်ကင်းတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ကီလိုမီတာ ၂၂၀၀ လောက်ရှည်တဲ့ ဧရာ၀တီမြစ်ဟာ ခေတ်မီလမ်းတွေ၊ ရထားလိုင်းတွေ သိပ်မရှိတဲ့ မြန်မာနိုင်ငံတစ်လျှောက် မြောက်ဘက်ကနေ တောင်ဘက်ကို ဖြတ်သန်းစီးဆင်းနေပါတယ်။

    BRI ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နဲ့ မြန်မာနိုင်ငံတို့ကို ရထား၊ ကားလမ်း၊ ဆိပ်ကမ်းတွေနဲ့ ဆက်သွယ်မယ့် ‘တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်’ (CMEC) ဟာ လမ်းကြောင်းကြပ်နေတဲ့ မလာကာရေလက်ကြား၊ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်တို့ကိုရှောင်ပြီး လောင်စာနဲ့ အခြားပစ္စည်းတွေ သယ်ဆောင်နိုင်မယ့် အစားထိုးလမ်းကြောင်းအဖြစ် တရုတ်က ရည်မှန်းထားတာပါ။ မလာကာရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်တို့ဟာ အမေရိကန်နဲ့ အကျိုးစီးပွား ပွတ်တိုက်နိုင်ချေရှိတဲ့ လမ်းကြောင်းတွေလည်း ဖြစ်ပါတယ်။

    ဒါ့ကြောင့်ပဲ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ BRI စီမံကိန်း လည်ပတ်ဖို့ မြန်မာနိုင်ငံဟာ အရေးပါတဲ့ ခွေးသွားစိပ်တစ်ခုလို ဖြစ်နေပါတယ်။ ကန်ဒေါ်လာ ၁ ထရီလီယံလောက်သုံးပြီး ကမ္ဘာတစ်ဝှမ်း အခြေခံအဆောက်အဦးတွေ တည်ဆောက်မယ့် BRI စီမံကိန်းဟာ ခေတ်သစ် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ လုံခြုံရေးကဏ္ဍမှာ တရုတ်နိုင်ငံကို အဓိကနေရာကနေ ပါဝင်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာ၀တီမြစ်ဟာ အခုအချိန်မှာတော့ တရုတ်မဟာစီမံကိန်းကြီးရဲ့ ဗဟိုချက်ဖြစ်လာပြီး ဒါဟာ အန္တရာယ်ရှိတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

    ကချင်ပြည်နယ် ဗန်းမော်မြို့ကနေစပြီး၊ မြစ်ခွဲတွေကနေတစ်ဆင့် အိန္ဒိယသမုဒ္ဒရာအထိပေါက်တဲ့ ဧရာ၀တီမြစ်ရဲ့ အောက်ဖက် မြစ်ကြောင်းတစ်ဝက်ကျော်ကျော် ကီလိုမီတာ ၁၃၀၀ လောက်မှာ ကုန်သွယ်ရေးသင်္ဘောတွေ အရင်ကတည်းက ပုံမှန် ခုတ်မောင်းသွားလာနေကြတာ ဖြစ်ပါတယ်။

    ဗန်းမော်မြို့ မြောက်ဖက်ယွန်းယွန်းကို တက်ရင် မြစ်ညာက စီးပွားရေးအချက်အခြာ မြစ်ကြီးနားမြို့ကို ရောက်မယ့် ကီလိုမီတာ ၂၀၀ အရှည် ရေလမ်းကြောင်းဟာ တစ်နှစ်ပတ်လုံး သွားလာဖို့ မဖြစ်နိုင်သလို တရုတ်ဖက်ကနေလည်း သွားဖို့ မဖြစ်နိုင်ပါဘူး။

    ဗန်းမော်မြို့မှာ လက်ရှိ အသုံးပြုနေတဲ့ သာမန်ဆိပ်ကမ်းထက် ပိုပြီးကြီးမားတဲ့ ဆိပ်ကမ်းတစ်ခု ဆောက်လုပ်နိုင်မယ့်နေရာကို တရုတ်ကန်ထရိုက်တာတွေက စတင်ရှာဖွေနေတယ်လို့ မကြာသေးခင်က သတင်းထွက်လာပါတယ်။

    နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရူအီလီမြို့ကနေ မြန်မာဘက်ခြမ်း ကချင်ပြည်နယ် လွယ်ဂျယ်မြို့အထိ ဆက်သွယ်ထားတဲ့ အမြန်လမ်းသစ်တွေကို လွန်ခဲ့တဲ့နှစ်တွေကပဲ တည်ဆောက်ခဲ့ပါတယ်။ များပြားလာတဲ့ ကုန်စည်စီးဆင်းမှုကို စီမံနိုင်ရေး လွယ်ဂျယ်မှာ လိုအပ်တဲ့ အဆောက်အဦးတွေကိုလည်း ဆောက်လုပ်ထားပြီး ဖြစ်ပါတယ်။

    လွယ်ဂျယ်နဲ့ ဗန်းမော်ကို ဆက်သွယ်ထားပြီး ၇၅ ကီလိုမီတာနီးပါးရှည်တဲ့ ကျောက်ခင်းလမ်းကြမ်းကို ခေတ်မီ အဝေးပြေးလမ်းတစ်ခုနဲ့ အစားထိုးဖို့ဟာ CMEC စီမံကိန်းရဲ့ လက်ရှိ ထိပ်တန်းဦးစားပေးအစီအစဉ်တွေထဲမှာ ပါဝင်နေပြီး ဒါဟာ ဧရာ၀တီစီမံကိန်းအတွက် ကားလမ်းဖောက်လုပ်‌ရေး လိုအပ်ချက်နဲ့လည်း ကိုက်ညီနေပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မျက်နှာချင်းဆိုင်က ရူအီလီမြို့ဟာ CMEC က ရပ်ဆိုင်းထားရတဲ့ အမြန်ရထားလမ်း စီမံကိန်း စတင်ရာမြို့ ဖြစ်ပါတယ်။ ဒီရထားလမ်းဟာ ရှန်ဟိုင်းကနေ ရူအီလီ၊ အဲဒီကနေ မူဆယ်အထိ ရောက်ပြီး၊ မူဆယ်ကနေ လွယ်ဂျယ်နဲ့ ဗန်းမော်အထိ အဝေးပြေးလမ်းနဲ့ ဆက်သွယ်ဖို့ ရည်ရွယ်ထားတာပါ။

    မူဆယ်ကစမယ့် အမြန်ရထားလမ်းဟာ ဆောက်ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံ တောင်ဖက်ကမ်း‌ရိုးတန်းမှာ ဆောက်လုပ်နေတဲ့ ဆိပ်ကမ်းမှာ အဆုံးသတ်မှာပါ။ အခု ဧရာ၀တီအစီအစဉ်ကလည်း ဒီလမ်းကြောင်းအတိုင်းဖြစ်ပြီး ပိုကောင်းတဲ့ ရေကြောင်းပို့ဆောင်‌ရေး လမ်းကြောင်းတစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

    တရုတ် BRI စီမံကိန်းရဲ့ မူကြမ်းမှာ ရထားလမ်းနဲ့ ရေလမ်းကြောင်းတို့ဟာ မရှိမဖြစ် ပါဝင်နေတဲ့ အရာတွေပါ။ အသေးစိတ်ကိုတော့ ယူနန်ပြည်နယ် လမ်းတွေမှာ မကြာသေးခင်ကထောင်ထားတဲ့ ကြော်ငြာဆိုင်းဘုတ်တွေမှာ ဖော်ပြထားပါတယ်။

    မြစ်ကြီးနားမြို့မြောက်ပိုင်း မြစ်ဆုံမှာ ရေအားလျှပ်စစ်ထုတ်လုပ်မယ့် ဧရာမ ဆည်တစ်ခု တည်ဆောက်ရေးကိစ္စကို တရုတ်နိုင်ငံက တစ်ကျော့ပြန် ပြောဆိုလာတယ်လို့ မြန်မာသတင်းရင်းမြစ်တွေကဆိုပြီး ဒါဟာ ဧရာ၀တီမြစ်ကို ပိုမိုအသုံးချရေး စီမံကိန်းထဲက ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ရမှုတွေကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။

    ဧရာ၀တီရယ်လို့ဖြစ်လာတဲ့ မေခနဲ့ မလိခဖြစ်တို့ ပေါင်းစုံရာနေရာမှာ မြစ်ဆုံက တည်ရှိတာပါ။

    ကန်ဒေါ်လာ ၃.၆ ဘီလီယံအကုန်အကျခံပြီး တည်ဆောက်မယ့် အဲဒီ ဓာတ်အားစီမံကိန်းကနေ လျှပ်စစ်ဓာတ်အား မဖြစ်မနေရဖို့ တရုတ်အတွက် မလိုပေမယ့် မြစ်အောက်ပိုင်း ရေစီးဆင်းမှုကိုတော့ တရုတ်က လိုအပ်သလို ထိန်းချုပ်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ မဲခေါင်မြစ် မြစ်ညာမှာ ဆည်တွေ အများအပြားဆောက်ပြီး တရုတ်က ဒီလိုပုံစံမျိုး လုပ်ဆောင်ထားပါတယ်။

    ဧရာ၀တီကို ကုန်သွယ်ရေး လမ်းကြောင်းသစ်အဖြစ် အသုံးပြုဖို့ တရုတ်ရဲ့ ရည်ရွယ်ချက်ဟာ အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ တရုတ်အစိုးရရဲ့ Beijing Review အပတ်စဉ်စာစောင်မှာ ၁၉၈၅ ခုနှစ် စက်တင်ဘာလလောက်ကတည်းက စတင် ရေးသား သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ‌ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒီအစီအစဉ်ဟာ ဆယ်စုနှစ်တစ်ခုလောက် မူကြမ်းအဆင့်မှာသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် မြေယာပြုပြင်နိုင်‌ရေး၊ ဧရာ၀တီမြစ်ကနေတစ်ဆင့် ယူနန်ကနေ ကုန်သွယ်ရေးလမ်းကြောင်းဖောက်ရေးအတွက် ၁၉၉၇ ခုနှစ်မှာ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ပထမဆုံး ပူးတွဲ လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ပါတယ်။

    အဲဒီတုန်းက တရုတ်သမ္မတ ကျန်ဇီမင်း ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အချိန် ဒီကိစ္စဟာ ပိုပြီး တိုးတက်မှု ရှိလာပါတယ်။ ကျန်ဇီမင်းဟာ ၁၉၈၀ ပြည့်နှစ်တွေနောက်ပိုင်း မြန်မာနိုင်ငံကိုလာရောက်တဲ့ ပထမဆုံး တရုတ်အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ကျန်ဇီမင်း လာရောက်လည်ပတ်မှုအတွင်း နယ်စပ်ဒေသကုန်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့အတွက် နှစ်နိုင်ငံ သဘောတူညီချက် တော်တော်များများကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

    အဲဒီနောက် သိပ်မကြာခင် ၂၀၀၂ ခုနှစ်မတ်လမှာ “အဝေးပြေးလမ်း-ရေလမ်း ပူးတွဲဖော်ဆောင်ရေး သဘောတူညီချက်မူကြမ်း” (China presented Myanmar with a proposal titled “Draft Agreement on Highway-Waterway Combined Transport) ကို တရုတ်က မြန်မာနိုင်ငံဖက်ကို တင်ပြခဲ့ပါတယ်။ လအနည်းငယ်အကြာမှာတော့ ဧရာ၀တီမြစ်ရှင်းလင်းရေးအတွက် တရုတ်က သောင်တူးစက်နှစ်စီးကို မြန်မာနိုင်ငံထံ ပို့ဆောင်ခဲ့ပါတယ်။ တရုတ်ကုန်စည်တွေပါတဲ့ ကုန်သင်သင်္ဘောကြီးတွေ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် သွားလာနိုင်ရေးအတွက် ဖြစ်ပါတယ်။

    ၂၀၀၂ ခုနှစ် နှောင်းပိုင်းမှာတော့ လွယ်ဂျယ်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေးအတွက် တရားဝင်ကုန်သွယ်မြို့ဖြစ်လာပါတယ်။ ရူအီလီနဲ့ မျက်နှာချင်းဆိုင် မူဆယ်အပါအဝင် တစ်ခြားနယ်စပ်ကုန်သွယ်မြို့တွေလို ဖြစ်လာတာပါ။ အဲဒီတုန်းက မြေသားလမ်းဖြစ်တဲ့ လွယ်ဂျယ်-ဗန်းမော်လမ်းဟာ တရုတ်ရဲ့ ကူညီမှုနဲ့ လက်ရှိအသုံးပြုနေတဲ့ ကျောက်ခင်းလမ်း ဖြစ်လာပါတယ်။

    ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်ဟာ ပိုကောင်းတဲ့ ဧရာ၀တီစီမံကိန်းတွေနဲ့ ရှေ့ဆက်ဖို့ လုပ်ဆောင်နေပါတယ်။

    ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်မှုအတွင်း နှစ်နိုင်ငံ သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာပေါင်း ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအထဲက တော်တော်များများဟာ ဆိပ်ကမ်းတွေ‌ဆောက်၊ လမ်းတွေဖောက်ဖို့အဝါအဝင် ဧရာ၀တီမြစ်တစ်လျှောက် စီမံကိန်းတွေ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

    တရုတ်ရဲ့ ရည်ရွယ်ချက်က အသစ်အဆန်းတော့ မဟုတ်ပါဘူး။ တကယ်တော့ ရေကြောင်းပို့ဆောင်ရေးဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းမှာ ရှေးပဝေသဏီကတည်းက အလွန်အရေးပါခဲ့တာ ဖြစ်ပါတယ်။

    ဗြိတိသျှ ကိုလိုနီခေတ်မှာ နာမည်ကြီး Irrawaddy Flotilla ကုမ္ပဏီဟာ လက်ခတ်လှေအများစုပါဝင်တဲ့ လှေပေါင်း ၆၀၀ လောက်ကို ဦးစီးလုပ်ကိုင်ခဲ့ကာ အဲဒီလှေတွေဟာ ဧရာ၀တီနဲ့ မြစ်ခွဲတွေမှာ စုန်ချီဆန်ချီ ကူးသန်းသွားလာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်တွေ မြန်မာနိုင်ငံကို ကျူးကျော်တဲ့အခါမှာ ဧရာ၀တီမြစ်အတွင်း အသုံးပြုလို့မရအောင် လှေတွေကို ဒေါက်တင်တာ၊ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက် Irrawaddy Flotilla ကုမ္ပဏီကို ပြည်သူပိုင်သိမ်းလိုက်ပြီး ‘အစိုးရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဘုတ်အဖွဲ့’ အဖြစ် ခေါ်ဆိုခဲ့ပါတယ်။ သင်္ဘောအရေအတွက်ကတော့ အရင်ကထက် အများကြီး နည်းသွားပါတယ်။ တစ်ချိန်ကစည်ကားခဲ့တဲ့ ဧရာ၀တီ ကုန်သွယ်ရေးလမ်းကြောင်းဟာ အခုတစ်ခါမှာတော့ တရုတ်နဲ့ CMEC, BRI စီမံကိန်းတွေနဲ့ တစ်ကျော့ပြန် အသက်ဝင်လာဖို့ ရှိနေပါတယ်။

    ယူနန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့က တရုတ် သုတေသန ပညာရှင်တွေဟာ လတ်တလောကာလမှာ မြန်မာနိုင်ငံကို မကြာခဏ လာရောက်နေကြတယ်လို့ ဧရာ၀တီ သတင်းဌာနက ဒီဇင်ဘာလမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ‘မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကို တရုတ်နဲ့ ဆက်နေတဲ့ ကုန်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသွင်ပြောင်းဖို့ဆိုတဲ့ မဟာရည်ရွယ်ချက်နဲ့’ ဧရာ၀တီမြစ်ကို သွားရောက်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

    ဒေသတွင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကို လေ့လာနေတဲ့ ကူမင်းအခြေစိုက် အင်စတီကျုတစ်ခုရဲ့ ဥက္ကဌ လျူကျင်ရှင်းက ဧရာ၀တီမြစ်တစ်လျှောက် ဆိပ်ကမ်းသစ်တွေတည်ဆောက်တာ၊ အဟောင်းတွေ ပြုပြင်တာနဲ့ပတ်သက်ပြီး အကျိုးရှိနိုင်တာတွေကို ဇန်နဝါရီလ ရန်ကုန်မြို့မှာလုပ်တဲ့ ဖိုရမ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်က အခြေခံအဆောက်အဦးတွေဟာ ‌အားနည်းနေကြောင်း၊ ဆိပ်ကမ်းတွေကို အကူအညီမယူဘဲ တည်ဆောက်ဖို့ဟာ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေကြောင်း လျူက ပြောကြားခဲ့ပြီး အကူအညီဆိုတာ တရုတ်ရဲ့ ဘဏ္ဍာရေးနဲ့ ဆောက်လုပ်ရေးအကူအညီကို ရည်ညွှန်းတာဖြစ်ကြောင်း Myanmar Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    တရုတ်ရဲ့ ငွေကြေးတွေ နည်းပညာတွေနဲ့တောင်မှ လက်တွေ့အနေအထား၊ နိုင်ငံရေးအနေအထားအရ မလွယ်ပါဘူး။

    ‘နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ’ ဥက္ကဌ ဦးလှဦးက “နုန်းတွေကို ငွေကြေးအကုန်အကျနည်းနည်းနဲ့ စနစ်တကျ ရှင်းလင်းရာမှာ အခက်အခဲရှိပြီး၊ ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းမှာလည်း ငွေကြေးအမြောက်အများ ကုန်ကျနိုင်ကြောင်း” သတိပေးခဲ့ပါတယ်

    လွယ်ဂျယ်-ဗန်းမော်ကားလမ်းကို အဆင့်မြှင့်တင်ရေးအတွက် ကချင်ပြည်နယ်အစိုးရက တရုတ်ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒေသတွင်း တရုတ်ကျောထောက်နောက်ခံပြုတဲ့ အဓိကဆိပ်ကမ်း စီမံကိန်းတွေကို ခွင့်ပြုဖို့၊ ထောက်ခံဖို့ကို ဒေသခံတွေက တွန့်ဆုတ်နေကြပါတယ်။

    ဗန်းမော်မြို့က လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးဇော်သင်းက “ဧရာ၀တီစီမံကိန်းကို ဘယ်သူကပဲ လုပ်ရမယ်ဆိုတာမျိုး ကျွန်တော်တို့ သဘောတူထားတာ မရှိဘူး။ ဒီစီမံကိန်းမှာ ဘယ်သူပဲ ရင်းနှီးမြှုပ်နှံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

    သူ့ရဲ့ ဒီစကားဟာ တရုတ်ကုမ္ပဏီတွေ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဒေသတော်တော်များများမှာ ကြားရတဲ့ စိုးရိမ်မှုမျိုး ဖြစ်ပါတယ်။ တရုတ်အလုပ်သမားတွေ အုံလိုက်ကျင်းလိုက်ဝင်လာတာ၊ သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးတာ၊ ဒေသရဲ့ ဓလေ့ထုံးတမ်းတွေကို မလေးမစားလုပ်တာတွေအပေါ် ဒေသခံတွေက မကျေမနပ် ဖြစ်နေကြတာပါ။

    Ref: Asia Times

    (Asia Times သတင်းဌာနတွင် BERTIL LINTNER ရေးသားထားသည့် China’s Belt and Road detours downstream in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘယ်လိုအနေအထားတွေ တွေ့ရမလဲ

    သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘယ်လိုအနေအထားတွေ တွေ့ရမလဲ

    ဇန်နဝါရီ ၁၆၊ ၂၀၂၀
    M-Media

    -တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အခုတစ်ပတ် မြန်မာနိုင်ငံကို လာရောက်မယ့် ၂ ရက်ကြာ ခရီးစဉ်မှာ အရင်ကမတူတဲ့ အခြေအနေမျိုးတွေ မြင်တွေ့ရမယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလ် လစ်တနာက Asia Times က သူ့ရဲ့ ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

    ရှီရဲ့ ဒီခရီးစဉ်ဟာ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလက သမ္မတ ကျန်ဇီမင်းနောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း တရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

    ကျန်ဇီမင်းလည်ပတ်စဉ်က စစ်အာဏာရှင်လက်ထက်ဖြစ်ပြီး ရှီရဲ့ အခုခရီးစဉ်မှာ ‌ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ရမှာဖြစ်သလို ဂျပန်နဲ့ အိန္ဒိယတို့လို စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအကူအညီ‌ပေးကာ ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေနဲ့ အားပြိုင်ရမှာ ဖြစ်ပါတယ်။

    လက်ရှိ အပြောင်းအလဲတစ်ခုက မြန်မာနိုင်ငံမှာ ဩဇာအလွှမ်းမိုးဆုံးအဖြစ် ရှိနေတဲ့ ကိုယ့်မင်းကိုယ့်ချင်းစစ်တပ်က တရုတ်နိုင်ငံနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေအပေါ် သံသယမျက်စိနဲ့ စောင့်ကြည့်မှုဖြစ်တယ်လို့ ဘာတေးလ် လစ်တနာက သုံးသပ်ပါတယ်။

    နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဟာ သူတို့တာဝန်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်တွေက ခံယူထားတာပါ။ လာမယ့်နှစ်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရဖို့ စိုင်းပြင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာကိစ္စကြောင့် နောက်နိုင်ငံက မဟာမိတ်တွေ၊ ထောက်ခံသူတွေ စွန့်ခွာသွားပြီးတဲ့နောက် စီးပွားရေးနဲ့ အခြားအကူအညီတွေအတွက် တရုတ်ဖက်ကို ဦးလှည့်လာပါတယ်။

    လက်မှတ်ထိုးမယ်

    ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာ နယ်စပ်ဒေသတွေက အထူးစီးပွားရေးဇုန်တွေ၊ တရုတ်အကူအညီနဲ့ ဆောက်လုပ်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းတွေအပါအဝင် သဘောတူညီချက် မြောက်များစွာ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

    ပြဿနာတက်နေတဲ့ တောင်တရုတ်ပင်လယ်ကို ရှောင်ပြီး အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရတဲ့ တရုတ်ရဲ့ အိမ်နီးချင်း ၂ နိုင်ငံထဲကတစ်ခု ဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ တရုတ်အတွက် စီးပွားရေးနဲ့ မဟာဗျူဟာအရ အရေးပါဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။

    အခြားထွက်ပေါက်နိုင်ငံတစ်ခုဖြစ်တဲ့ ပါကစ္စတန်ဟာ လမ်းပမ်းဆက်သွယ်ရေး အဟန့်အတားတွေ ရှိနေတာ၊ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေ၊ တရုတ်က စက်မှုဒေသနဲ့ ဝေးလွန်းတဲ့ နိုင်ငံအနောက်ပိုင်းနဲ့ ဆက်စပ်နေတာတွေကြောင့် တရုတ်အတွက် သိပ်ပြီး အရေးမပါပါဘူး။

    တရုတ်စီမံကိန်းများ

    မြန်မာနိုင်ငံက တရုတ်ရဲ့ စီမံကိန်းတွေထဲမှာ တရုတ်နဲ့ ကမ္ဘာကြီးကို မ‌မြင်ရတဲ့ နည်းလမ်းတွေနဲ့ ချိတ်ဆက်ပေးမယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း (CMEC) က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

    CMEC မှာ ၂၀၁၃ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေ၊ ရှမ်းပြည်နယ်က အဝေးပြေးလမ်းမတွေလည်း ပါဝင်ပါတယ်။ စီးပွားရေးစင်္ကြန်လမ်းကို အဝေးပြေးလမ်းမတွေအပြင် ရထားလမ်းနဲ့ပါ ဆက်သွယ်မှာ ဖြစ်ပါတယ်။

    ရထားလမ်း ပထမအဆင့်အဖြစ် မန္တလေး၊ မူဆယ်ကနေ တရုတ်နယ်စပ်မြို့ ရူအီလီအထိ ဆက်သွယ်မှာဖြစ်ပြီး အစီအစဉ်အတိုင်း ဖြစ်လာမယ်ဆိုရင် ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူမြို့အထိ ပေါက်မှာ ဖြစ်ပါတယ်။

    အကြွေးထောင်ချောက်မိမလား

    မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ဖွံ့ဖြိုးရေးအကူအညီဟာ နှောင်ကြိုးကင်းကင်း ကူညီတာထက် နှစ်ရှည်ချေးငွေ၊ အကြွေးပုံစံမျိုးဖြစ်ပြီး စီမံကိန်းတွေမှာ တရုတ်ကုမ္ပဏီတွေ ပါရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

    ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနဲ့ စီမံကိန်း ရေရှည်ထိန်းသိမ်းရေး စတာတွေမှာ တရုတ်ကို လုံးလုံးလျားလျား မှီခိုရပြီး မဟာဗျူဟာကျတဲ့ နေရာတွေ ထိုးအပ်လိုက်ရမယ့် အန္တရာယ်ကိုလည်း ဘာတေးလ် လစ်တနာက ထောက်ပြခဲ့ပါတယ်။

    တရုတ်ချေးငွေကို ပြန်မဆပ်နိုင်တဲ့အတွက် နိုင်ငံတောင်ပိုင်းက အချက်အခြာကျတဲ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို ပြီးခဲ့တဲ့နှစ်မှာ သီရိလင်္ကာက တရုတ်အစိုးရပိုင် ကုမ္ပဏီထံ လွှဲအပ်ခဲ့ရပါတယ်။

    မြန်မာနိုင်ငံသာ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရပြီး ကျောက်ဖြူဆိပ်ကမ်းကို ထိုးအပ်ရမယ်ဆိုရင် မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းသာမက၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားတဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေကိုပါ တရုတ်က စီမံခန့်ခွဲခွင့် ရသွားမှာပါ။

    တရုတ်‌-မြန်မာ စီးပွားရေးစင်္ကြန်လမ်းဟာ ကုန်သွယ်ရေးလမ်းကြောင်းထက် ဒေသတွင်း ဩဇာလွှမ်းမိုးနိုင်မယ့် အသက်သွေးကြောတစ်ခုကို တရုတ်က ထိန်းချုပ်ထားတာမျိုးဖြစ်ပြီး‌ အင်အားကြီးနိုင်ငံတွေရဲ့ ပါဝါယှဉ်ပြိုင်မှုမှာ‌ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာ စတေးရမယ့် နယ်ရုပ်လေးသဖွယ် ဖြစ်သွားမယ်လို့ ဘာတေးလ် လစ်တနာက သုံးသပ်ခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် မိတ်ဆက်ခဲ့တဲ့ Belt and Road (BRI) စီမံကိန်းမှာလည်း မသေချာမှုတွေ၊ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရည်မှန်းချက်ကြီးတဲ့ ဒီစီမံကိန်းကို စောင့်ကြည့်အကောင်အထည်ဖော်ဖို့ တရုတ်အစိုးရ ဝန်ကြီးဌာနတစ်ခုခုကို တာဝန်မပေးထားပါဘူး။

    ဒီအစီအစဉ်ကနေ အကျိုးခံစားနိုင်ဖို့အတွက် နိုင်ငံပေါင်း ၅၀ ကျော်က လက်မှတ်ထိုးထားပေမယ့် BRI စီမံကိန်းမှာ ဘာတွေပါဝင်မလဲ၊ ဘယ်နိုင်ငံတွေက ပါဝင်ခွင့်ရလဲဆိုတာတွေကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။

    အပန်းဖြေနေရာတွေ၊ ယဉ်ကျေးမှုစင်တာတွေ၊ အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ အ‌ေဩစတေးလျ၊ ချက်၊ အီတလီ၊ ဟန်ဂေရီ စတဲ့နိုင်ငံတွေ၊ အရှေ့တောင်အာရှက နိုင်ငံတွေကို တရုတ်က စည်းရုံးမှုတွေ ရှိခဲ့ပါတယ်။

    ဒါပေမယ့် အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး တင်းမာမှုတွေဟာ မြန်မာအပါအဝင် စီမံကိန်းမှာပါဝင်တဲ့ နိုင်ငံတွေမှာ ပိုပြီးတော့ ထင်သာမြင်သာ ဖြစ်လာပါတယ်။ ကျောက်ဖြူ ‌ရေနက်ဆိပကမ်း၊ ဘေးက အထူးစီးပွားရေးဇုန်ရဲ့ ကုန်ကျစားရိတ်နဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကို မြန်မာအစိုးရက မကြာသေးခင်ကပဲ လျော့ချခဲ့ပါတယ်။

    ထိုင်းနယ်စပ် Moei မြစ်ကမ်းနဖူးပေါ်မှာ အကောင်အထည်ဖော်နေတဲ့ ရွှေကုက္ကို ဆောက်လုပ်ရေး စီမံကိန်းကြီးမှာ ‌ဒေသခံတွေနဲ့ တရုတ်အလုပ်သမားတွေအကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    မုံရွာမှာ တရုတ်က လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းကို ဒေသခံတွေက ကန့်ကွက်မှု ဆက်လက်ရှိနေပြီး မြစ်ဆုံက ဆည်နဲ့ ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားရပါတယ်။ တရုတ်က ကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ လှုံ့ဆော်နေပါတယ်။

    ဘင်္ဂလာဒေ့ရှ်က တရုတ်ရဲ့စီမံကိန်း ၂၇ ခုမှာ ပြည်သူတွေရဲ့ကန့်ကွက်မှုကြောင့် ၂၂ ခု ရပ်ထားရပြီး၊ ၂၀၁၅ ငလျင်နောက်ပိုင်းမှာ သဘောတူညီချက်ရခဲ့တဲ့ နီပေါက တရုတ်ရဲ့ ဆောက်လုပ်ရေးစီမံကိန်း ၂၅ ခုမှာ ၁၀ ခုသာ ပြီးစီးထားပါတယ်။ နီပေါဝဘ်ဆိုက်တွေကို တရုတ်အုပ်စုတွေက ဖောက်ထွင်းတာနဲ့ နီပေါအမျိုးသမီးတွေကို တရုတ်နိုင်ငံထဲ လူကုန်ကူးရာမှာ တရုတ်နိုင်ငံသားတွေ ပါဝင်ပတ်သက်မှုတွေအတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာက မြို့တော် ခတ္တာမန်ဒူမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    နိုဝင်ဘာလမှာတော့ နီပေါပိုင်နက် ၃၆ ဟက်တာကို တရုတ်က ကျူးကျော်သိမ်းပိုက်မှုအတွက် နီပေါပြည်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး ရှီကျင့်ဖျင်ရဲ့ ရုပ်ပုံကို မီးရှို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကာဇက်စတန် အပါအဝင် BRI စီမံကိန်းမှာ ပါဝင်တဲ့ အခြားနိုင်ငံတွေမှာလည်း တရုတ်ရဲ့ စီမံကိန်းတွေအပေါ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

    ဖိအားတွေ ရှိလာမလား

    သောကြာနေ့ သမ္မတ ရှီကျင့်ဖျင် လာရောက်မှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ပိုပြီး ခက်ခဲတဲ့အနေအထားကို ကြုံတွေ့ရနိုင်တယ်လို့ ဘာတေးလ် လစ်တနာက သုံးသပ်ပါတယ်။

    ထွက်ရှိမယ့် ဓာတ်အား ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်ပြည်ပို့မယ့် မြစ်ဆုံစီမံကိန်း ပြန်စဖို့ တရုတ်က ဖိအားပေးလာနိုင်တာ၊ နောက်ဆက်တွဲ ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တာကို သူက ထောက်ပြခဲ့ပါတယ်။

    နောက်ထပ် အငြင်းပွားစရာတစ်ခုက မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ တရုတ်ရဲ့ မြန်မာအပေါ် ဩဇာလွှမ်းမိုးမှု ဖြစ်ပါတယ်။ ဒီကိစ္စမှာ တရုတ်ဟာ ရိုးသားတဲ့ ကြားဝင်စေ့စပ်ပေးသူမျိုးထက် ကိုယ့်အကျိုးအတွက် အမြတ်ထုတ်ဖို့သာ ကြိုးစားနေတယ်လို့ အစိုးရရော တိုင်းရင်းသားတွေဖက်ကပါ ရှုမြင်နေတာပါ။

    တုတ်တဖက်၊ မုန့်တစ်ဖက် ပေါ်လစီအရ တရုတ်ဟာ ငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်နေပမယ့် တစ်ဖက်မှာလည်း မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်သစ်တွေ တပ်ဆင်ပေးနေပါတယ်။

    စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ ၂၀၀၁ ခုနှစ်က တရုတ်သမ္မတ ကျန်ဇီမင်း ရန်ကုန်ကို ၄ ရက်တာ လာရောက်ချိန်မှာ ပြည်သူတွေဖက်က ဆန့်ကျင် ဆန္ဒပြတာမျိုး မရှိခဲ့ပေမယ့်၊ အခု ရှီကျင့်ဖျင်ရဲ့ ၂ ရက်တာ နေပြည်တော်ခရီးစဉ်မှာတော့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်နဲ့ အခြား‌ဒေသတွေမှာ ဖြစ်ပွားလာနိုင်တယ်လို့ ဘာတေးလ် လစ်တနာက သူ့ရဲ့ဆောင်းပါးမှာ ကောက်ချက်ချထားပါတယ်။

    အဲဒီလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာရင် စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းတာထက် အခြားနည်းလမ်းတစ်မျိုးနဲ့ ကိုင်တွယ်သွားဖို့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Asia Times

    (Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် What China’s Xi will and won’t get in Myanmar ဆောင်းပါးကို လေးမောင်က ထုတ်နှုတ်ဘာသာပြန်ဆိုပါသည်)

  • တရုတ်အပေါ်မှီခိုရမှုကို သဲသဲကွဲကွဲ စဉ်းစားရမယ့်အချိန် ရောက်နေပြီလား

    တရုတ်အပေါ်မှီခိုရမှုကို သဲသဲကွဲကွဲ စဉ်းစားရမယ့်အချိန် ရောက်နေပြီလား

    ဇန်နဝါရီ ၁၄၊ ၂၀၂၀
    M-Media

    တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း

    -အခုတစ်ပတ် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်မယ့် အစီအစဉ်ဟာ နှစ်ပေါင်း ၂၀ နီးပါးအတွင်း တရုတ်ခေါင်းဆောင်တစ်ဦး ပထမဆုံး လာရောက်မှု ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ဖြစ်ပေါ်လာမယ့် နှစ်နိုင်ငံဆက်ဆံရေးဟာ ‌မြန်မာနိုင်ငံရဲ့ အနာဂတ်၊ ဒေသတွင်း တရုတ်နိုင်ငံရဲ့ အနေအထားတွေနဲ့ပတ်သက်ပြီး မျိုးဆက်ပေါင်းများစွာအတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။ ‌

    ဒေါ်လာ ဘီလီယံများစွာတန် အခြေခံအဆောက်အဦး စီမံကိန်းကြီးဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာဖို့ တရုတ်က မျှော်လင့်နေပါတယ်။ စီမံကိန်းရဲ့ အဓိကျောရိုးက ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသစ်၊ ရန်ကုန်တို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားမယ့် ရထားလမ်းဖြစ်ပါတယ်။ စီးပွားရေးစင်္ကြန်လမ်းဟာ တရုတ်ရဲ့ Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဧရာ၀တီမြစ်ပေါ်က လျှပ်စစ်ဓာတ်အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်မယ့် ဆည်တစ်ခု၊ တရုတ်ကုန်ထုတ်လုပ်ငန်းတွေရှိမယ့် ရန်ကုန်နားက မြို့သစ်တစ်ခု စတာတွေလည်း ပါဝင်မှာပါ။ ဒါဇင်နဲ့ချီတဲ့ စီမံကိန်းတွေဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက စျေးကွက်တွေနဲ့ ပေါင်းစည်းစေမှာ ဖြစ်ပါတယ်။ တရုတ်အတွက် ပိုပြီး အရေးပါတာက ဝေးလံခေါင်ဖျားတဲ့ ဒေသတစ်ခုနဲ့ အိန္ဒိယသမုဒ္ဒရာအကြား အသက်သွေးကြောတစ်ခု ဖန်တီးလိုက်နိုင်တာ ဖြစ်ပါတယ်။

    ဒီကိစ္စမှာ သတိထားစရာ နောက်တစ်ချက် ရှိပါသေးတယ်။ စီးပွားရေးစင်္ကြန်လမ်းဟာ ကမ္ဘာပေါ်မှာ နိုင်ငံအရေးအရ အရှုပ်ထွေးဆုံး၊ အကြမ်းတမ်းဆုံးဒေသတွေထဲကတစ်ခုကို ကန့်လန့်ဖြတ် သွားတာပါ။ တရုတ်နဲ့ မြန်မာတို့ဟာ နယ်စပ်နဲ့ ကုန်းမြင့်ဒေသမှာ မိုင်ပေါင်း ၁၃၀၀ လောက် ထိစပ်နေတာဖြစ်ပါတယ်။ နယ်စပ်ကနေ ဧရာ၀တီ မြစ်ဝှမ်းဒေသအထိ ကျယ်ပြန့်နေတဲ့ ဒီထိပ်စပ်မှုဟာ ဗြိတိန်နိုင်ငံလောက် ရှိပြီး ဒါဇင်နဲ့ချီတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ရာနဲ့ချီတဲ့ ပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားရာဒေသလည်း‌ ဖြစ်ပါတယ်။

    ၂၀၁၀ ပြည့်နှစ်လွန်နှစ်တွေက တရုတ်အတွက် အခြေအနေမကောင်းခဲ့ပါဘူး။ ဘေဂျင်းက ကာလရှည် အကြံပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးမျိုး မြန်မာဗိုလ်ချုပ်ကြီးတွေက လုပ်ဆောင်ခဲ့ပေမယ့် တရုတ်ကမျှော်လင်ထားတာထက်ပိုပြီး အနောက်နိုင်ငံတွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ နယ်စပ်တစ်လျှောက် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီး ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ (တရုတ်လူမျိုးအများစု) ဟာ ယူနန်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှိခဲ့ပေမယ့် အနောက်တိုင်းအစိုးရတွေနဲ့ ဂျပန်တို့က ကမကထပြုတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အမေရိကန်ကိုသွားတာ၊ လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖို့ ကန်ထိပ်တန်းသံအမတ်တွေ နယ်စပ်ဒေသကို ရောက်ရှိလာတာတွေကို တရုတ်က စိုးရိမ်လာပါတယ်။ ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေဟာ မြန်မာအစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးခဲ့ကြပေမယ့် သူ့နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်မှတ်မထိုးဖို့ တရုတ်က တိုက်တွန်းခဲ့ပါတယ်။ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ ဘယ်သူမှ လက်မှတ်မထိုးခဲ့ကြပါဘူး။

    တရုတ်နိုင်ငံအတွက် အဓိကစိုးရိမ်မှုက နယ်စပ်တစ်လျှောက် တိုက်ခိုက်မှုတွေကို တားဆီးဖို့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတဲ့ ခေါင်းစဉ်ကိုသုံးပြီး အနောက်ကမ္ဘာနဲ့ ဂျပန်တို့ ဘယ်သောအခါမှ ဩဇာမလွှမ်းမိုးနိုင်စေရေး ဖြစ်ပါတယ်။ မြန်မာနဲ့ အနောက်နိုင်ငံတို့ရဲ့ အလျင်အမြန်တိုးတက်လာတဲ့ ဆက်ဆံရေးကို ရိုဟင်ဂျာ ပြဿနာက နောက်ပြန်ရောက်စေခဲ့ပါတယ်။ ဒါပေမယ့် တရုတ်က မြန်မာနိုင်ငံကို မယုံကြည်ဘဲ နောက်ထပ် အခွင့်အသာရင် သူတို့ရဲ့ မဟာဗျူဟာ ပြိုင်ဘက်တွေဘက် ထပ်ယိမ်းသွားမှာကို စိုးရိမ်နေပါတယ်။ တရုတ်အတွက် အရေးကြီးတာက အခြေခံအဆောက်အဦးတွေမဟုတ်ဘဲ တရုတ်သာလျှင် မြန်မာရဲ့ အနီးစပ်ဆုံး မိတ်ဆွေဖြစ်တယ်ဆိုတဲ့ အနေအထားသစ် ပေါ်လာရေး ဖြစ်ပါတယ်။

    မြန်မာနိုင်ငံသားတွေအတွက်တော့ အမြင်က တစ်မျိုးပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံးက တပ်ဖွဲ့ဝင်အင်အား ၃ သောင်းနီးပါး၊ စစ်လက်နက်၊ လက်နက်ကြီးအပြည့်အစုံနဲ့ အင်အားတောင့်တင်းတဲ့ ‘၀’ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဖြစ်ပြီး ၁၉၈၉ ခုနှစ် စတင်တည်ထောင်ကတည်းက တရုတ်နဲ့ အဆက်အဆံရှိခဲ့တာပါ။ ၀တပ်ဖွဲ့က ကူညီပေးထားပြီး အင်အားထောင်ချီရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ခုကလည်း အခုနှစ်အတွင်း အစိုးရတပ်တွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ထောင်သောင်းချီတဲ့အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်မှာတော့ အနာဂတ်အပစ်ရပ်ရေးအတွက် တရုတ်က အခရာကျလာပါပြီ။

    နောက်ထပ် ပိုပြီး အခရာကျတဲ့ အကြောင်းအရင်းတစ်ခုက တရုတ်နိုင်ငံရဲ့ စီးပွားရေးပါ။ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား ထောင်နဲ့ချီတဲ့ သဘောတူညီချက်တွေ ရရှိနေပြီး၊ သိန်းနဲ့ချီတဲ့ တရုတ်လူမျိုးတွေကလည်း မြန်မာနိုင်ငံထဲ ဝင်ရောက်ကာ စီးပွားရေးလုပ်ငန်းတွေကို ရှာဖွေလုပ်ကိုင်လာကြပါတယ်။ အခုနှစ်အတွင်း တရုတ်ခရီးသွား ၁ သန်းကျော်လောက် လာရောက်လည်ပတ်ဖို့ ရှိနေပါတယ်။ အခြားနိုင်ငံနဲ့ ကုန်သွယ်ရေးက တရုတ်နဲ့ယှဉ်ရင် အသေးအမွှားပါ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မတိုးသာ မဆုတ်သာအခြေအနေမှာ ရှိခဲ့ပြီး၊ ဒီကိစ္စမှာ အကြွေးနွံနစ်တာနဲ့ အိမ်ခြံမြေစျေးကွက်ပျက်တာတွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့အတွက် အစိုးရဟာ ဂျပန်နဲ့ အခြားနိုင်ငံတွေဖက် လှည့်ခဲ့ပေမယ့် တရုတ်ရဲ့အင်အားကိုတော့ မယှဉ်နိုင်ပါဘူး။ တရုတ်ပိုက်ဆံကို ပစ်ပယ်လို့မရဆိုတဲ့‌ ပြောစမတ်မျိုးတောင် ဖြစ်လာပါတယ်။

    တရားမဝင်လုပ်ငန်းတွေကလည်း စိုးရိမ်စရာတစ်ခုပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စိတ်ကြွဆေးပြား အကြီးမားဆုံးတင်ပို့တဲ့ နိုင်ငံ‌ဖြစ်ပါတယ်။ ဒီဆေးတွေကို တရုတ်ရဲ့ ရထားလမ်းစီမံကိန်းကနေ တစ်ခေါ်ကြားလောက်က ပြည်သူ့စစ်တွေထိန်းချုပ်ရာဒေသမှာ ထုတ်လုပ်နေတာပါ။ တရုတ်နယ်စပ်မှာရှိတဲ့ ရာနဲ့ချီတဲ့ ကာဆီနို၀ိုင်းတွေက မူးယစ်လုပ်ငန်းကနေရတဲ့ ငွေတွေကို ခဝါချပေးနေပါတယ်။ ကုလကတော့ မူးယစ်လုပ်ငန်းရဲ့ဝင်ငွေဟာ ကန်ဒေါ်လာ ဘီလီယံ ၆၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မူးယစ်ဆေးဝါးချက်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကလည်း တရုတ်နိုင်ငံကနေ ဝင်နေတာပါ။ ဒါတွေကိုကြည့်ရင် မူးယစ်လုပ်ငန်းကို နှိမ်နှင်းဖို့အတွက် တရုတ်က အရေးပါနေပြန်ပါတယ်။

    မြန်မာနိုင်ငံဟာ တရုတ်အတွက် စမ်းသပ်မှုတစ်ခုပါ။ နိုင်ကွက်အားလုံးနီးပါးကိုလည်း တရုတ်က ကိုင်ထားပါတယ်။ တာဝန်သိတဲ့ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် မရပ်တည်ရင်တောင်မှ နိုင်ကွက်တွေကို ကိုယ့်အကျိုးအတွက် အသုံးချရင်း မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေးကို တရုတ်က လမ်းပြနိုင်ပါ့မလား?

    မြန်မာနိုင်ငံအတွက်တော့ စိန်ခေါ်မှုက မလွှဲမရှောင်သာအနေအထား ဖြစ်ပါတယ်။ သွေးမတိတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ၊ ပေါက်ကွဲလုနီးပါးဖြစ်လာတဲ့ လူတန်းစားမညီမျှမှုကနေ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာမယ့် ဆိုးဆိုးဝါးဝါး ခြိမ်ခြောက်မှုတွေအထိ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ တစ်ပုံတစ်ပင်ကို မြန်မာနိုင်ငံက ရင်ဆိုင်နေရပါတယ်။ ဒီမိုကရေစီကို အားပေးဖို့၊ ခွဲခြားဆက်ဆံမှုအဆုံးသတ်ဖို့၊ စီးပွားရေးပြုပြင်ပြောင်းလဲဖို့၊ သဘာ၀ပတ်ဝန်းကျင်အန္တရာယ်တွေအတွက် ပြင်ဆင်ဖို့ အခြေခံကျတဲ့ ဗျူဟာမျိုး မြန်မာနိုင်ငံက လိုအပ်နေပါတယ်။ တရုတ်နဲ့ စီးပွားရေးဆက်ဆံမှုဟာ အားလုံးကို ခြုံငုံမိတဲ့ အဲဒီဗျူဟာအောက်ကပဲ ဖြစ်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အခြားနည်းလမ်းဆိုရင်တော့ နှစ်ဖက်စလုံးက အမျိုးသားရေးသံသယတွေကို မီးလောင်ရာလေပင့်မယ့် အန္တရာယ်မျိုး ရှိနေပါတယ်။

    Ref: Financial Times

    (Financial Times သတင်းဌာနတွင် ဒေါက်တာသန်းမြင့်ဦးရေးသားထားသည့် Myanmar must weigh up the extent of its dependence on China ဆောင်းပါးကို‌ လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • မြန်မာ့ငြိမ်းချမ်းရေးတွင် ၀င်ပါမှု မိမိတို့အကျိုးအတွက်မဟုတ်ဟု တရုတ်ပြော

    မြန်မာ့ငြိမ်းချမ်းရေးတွင် ၀င်ပါမှု မိမိတို့အကျိုးအတွက်မဟုတ်ဟု တရုတ်ပြော

    ဇူလိုင် ၁၄၊ ၂၀၁၈
    M-Media

    တရုတ်နိုင်ငံ၏ အာဆီယံရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ဂိုရှန်

    – မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီပေးတာဟာ တရုတ်နိုင်ငံရဲ့အကျိုးအတွက် မဟုတ်ဘူးလို့ တရုတ်အထူးကိုယ်စားလှယ် ဆွန်ဂိုရှန်က ပြောကြားလိုက်ပါတယ်။

    “(သက်ဆိုင်သူတွေ) ညှိနှိုင်းဆွေးနွေးဖို့ ကျွန်တော်တို့က တိုက်တွန်းတာပါ။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာအကျိုးအမြတ်မှ မမျှော်ကိုးပါဘူး” လို့ ဆွန်က ကြာသာတေးနေ့ နေပြည်တော်က Horizon ဟိုတယ်မှာ ပြောကြားခဲ့ပါတယ်။

    တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အာဆီယံရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ဂိုရှန်ဟာ မြန်မာအစိုးရနဲ့ တရုတ်နယ်စပ်တစ်လျှောက်က တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကူညီ လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံသားတွေ အားလုံးအတွက် တိုင်းပြည်ကြီး ငြိမ်းချမ်းဖို့ တရုတ်က တစ်စိုက်မတ်မတ် ပံ့ပိုးပေးနေတာဖြစ်ပြီး ငြိမ်းချမ်းရေးမရရင် တည်ငြိမ်အေးချမ်းမှာ မဟုတ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။

    ဆွန်ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သောကြာနေ့မှာ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နယ်စပ်လုံခြုံရေး၊ ရခိုင်ပြဿနာနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    တရုတ်ဟာ ၂၀၁၃ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်လာခဲ့တာပါ။

    တရုတ်ရဲ့ ကြားဝင်မှုကြောင့် ၀သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ စုပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ဟာ ပြီးခဲ့တဲ့နှစ် မေလက ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာ ပါဝင်ခဲ့ပါတယ်။

    ယခု နေပြည်တော်မှာ ပြုလုပ်နေတဲ့ တတိအကြိမ်မြောက် အစည်းအဝေးကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က တက်ရောက်နေပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်တို့ဟာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့တို့မှာ FPNCC အဖွဲ့ဝင်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ တွေ့ဆုံမှုအတွင်း ပဋိပက္ခလျော့ချရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

    Ref: Irrawaddy

  • တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အတွက် နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ သဘောတူ

    တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အတွက် နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ သဘောတူ

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံရဲ့ One Belt One Road စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်တစ်ခု တည်ထောင်ရေး အချက် ၁၅ ချက်ပါဝင်တဲ့ နားလည်မှု စာချွန်လွှာတစ်ခုကို နှစ်ဖက်အာဏာပိုင်တွေက သဘောတူခဲ့ကြပါတယ်။

    အဲဒီ နားလည်မှုစာချွန်လွှာကို ဖဖော်ဝါရီလ အလုပ်အဖွဲ့ဆွေးနွေးပွဲမှာ အပြီးသတ်ခဲ့ပြီးတဲ့နောက် မြန်မာအစိုးရအဖွဲ့က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

    စီးပွားရေးစင်္ကြန်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးအထိ၊ အရှေ့ဖက်မှာ ရန်ကုန်ကနေ အနောက်ဖက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ရှိမှာ ဖြစ်ပါတယ်။

    နားလည်မှုစာချွန်လွှာမှာ နှစ်ဖက်အစိုးရဟာ အခြေခံ အဆောက်အဦး တည်ဆောက်မှု၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေး၊ သုတေသန၊ နည်းပညာတို့ အပါဝအ၀င် ကဏ္ဍအများအပြားမှာ ပူးပေါင်းဆောင်ရွက်ကာ တရုတ်-မြန်မာ စီးပွားရေး ကော်ရစ်ဒါ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောကြားခဲ့ပါတယ်။

    “အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ (အထူးစီးပွားရေးဇုန်၊ ရထားလမ်း၊ ကားလမ်းနဲ့ စက်မှုဇုန်) ကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အစိုးရ စီးပွားရေးကော်မတီအတွက် ကျွန်တော်တို့ (မြန်မာ-တရုတ်) အလုပ်အဖွဲ့တွေ၊ ပူးတွဲကော်မတီတွေ ဖွဲ့စည်းရေး အဆိုပြုဖို့ လိုပါတယ်”

    အခြေခံအဆောက်အဦး စီမံကိန်းတွေအတွက် အနိမ့်ဆုံး ဒုတိယ၀န်ကြီးအဆင့် အစည်းအစည်းအဝေးတွေ လုပ်ဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

    ၂၀၁၇ ခုနှစ် နိုဝင်ဘာလက နေပြည်တော်မှာ နိုင်ငံတော်အတိုပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တစ်ခု ဖော်ဆောင်ဖို့ အဆိုပြုခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။

    အဲဒီ စီးပွားရေးစင်္ကြန်ဟာ One Belt One Road စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ကာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးတို့ကို ပိုမိုအားကောင်းလာစေမယ်လို့ ၀မ်ယီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Irrawadday