News @ M-Media

Tag: Myanmar-China

  • မြန်မာနိုင်ငံက တရုတ်စစ်ပွဲ

    မြန်မာနိုင်ငံက တရုတ်စစ်ပွဲ

    ဧပြီ ၆၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံတွင် လတ်လော ဖြစ်ပွားခဲ့သည့် အပြင်းထန်ဆုံး တိုက်ခိုက်မှုများမှ အချို့မှာ တရုတ်လူမျိုးများနေထိုင်သည့် ကိုးကန့်ဒေသတွင် ဖြစ်သည်။ ထိုဒေသက စစ်ပွဲနှင့် မကင်းသည့် မြန်မာနိုင်ငံ၏ လူသိအနည်းဆုံး၊ အရှုပ်ထွေးဆုံး ဒေသများထဲမှ တစ်ခုဖြစ်သည်။

    တရုတ်ထံမှ သွယ်ဝိုက်၍ ရရှိသော လက်နက်များနှင့် နှစ်နိုင်ငံအကြား တောထောင်ထူထပ်သည့် နယ်စပ်တစ်လျှောက် တိုက်ခိုက်နေသည့် ကိုးကန့်သူပုန်များမှာ တစ်ချိန်က နွေးထွေးခဲ့သော တရုတ်-မြန်မာဆက်ဆံရေး လတ်တလော ဆိုးရွားလာမှုအတွက် အဓိကအကြောင်းအရင်း ဖြစ်နေသည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြန်မာနိုင်ငံသားများက ကိုးကန့်များကို နိုင်ငံသားအဖြစ် မှတ်ယူသင့်လားဆိုသည့် မေးခွန်းမျိုးကို Facebook စာမျက်နှာများ၌ ရေးတင်ကြသည်။ အစိုးရတပ်များနှင့် ကိုးကန့် လက်နက်ကိုင်များအကြား တိုက်ခိုက်မှုများ မြင့်တက်လာခြင်းကြောင့် တစ်ချို့ပြည်သူများက ‘တရုတ်၏ ကျူးကျော်မှု’ ဆိုသည့် အန္တရာယ်ရှိသော အရေးအသားမျိုးကို ရေးသားလာကြပြီး ကိုးကန့်ဒေသကို တရုတ်က ‘ခရိုင်းမီးယားပုံစံ’ ဖဲ့ထုတ်သိမ်းပိုက်မှု ဖြစ်လာမည်လားဆိုသည့် စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

    တရုတ်မျိုးချစ်များက ၎င်းတို့၏ ‘ကိုးကန့်ညီနောများ’ ကို ကူညီရန် လိုအပ်နေမှုနှင့်ပတ်သက်၍ Weibo ကဲ့သို့ ဆိုရှယ်မီဒီယာများ၊ ဒေသတွင်း မီဒီယာများမှတစ်ဆင့် ပြန်လည် တုန့်ပြန်ရေးသားလာကြသည်။ အဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ The Global Times က ဖေဖော်ဝါရီလ အယ်ဒီတာအာဘော်တွင်
    “ကိုးကန့်ဒေသနှင့် ခရိုင်းမီးယားကို နှိုင်းယှဉ်မှုမှာ အခြေအမြစ်မရှိကြောင်း” သို့သော်လည်း “တရုတ်ပိုင်နက်အတွင်းသို့ ဒုက္ခသည်များ အလုံးအရင်းနှင့် ၀င်ရောက်လာမှုမှာ တရုတ်နိုင်ငံ၏ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ထိခိုက်စေကြောင်း” ဖော်ပြထားသည်။

    တကယ်တော့ ကိုးကန့်မှာ မြန်မာအစိုးရက တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းတွင် ပါဝင်သည်။ ကိုးကန့်ဒေသကို ၁၈၉၇ ခုနှစ်နှင့် ‘ဘေဂျင်းကွန်ဗန်းရှင်း’ အရ ထိုစဉ်က မြန်မာနိုင်ငံကို အုပ်စိုးနေသည့် ဗြိတိသျှ ကိုလိုနီအစိုးရကို တရုတ်က လွှဲအပ်ခဲ့သည်။ ထိုကွန်ဗန်းရှင်းက ထိုစဉ်က
    ဘားမား၏ဟုခေါ်သည့် မြန်မာနိုင်ငံ၊ တိဘက်တို့နှင့် တရုတ်၏ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေသည်။ သို့ရာတွင် ဗြိတိန်က အဆိုပါ ဝေးလံခေါင်ဖျားသောဒေသကို ၎င်းတို့ ကိုလိုနီအစိုးရ၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အ၀ မသွတ်သွင်းနို င်ခဲ့။

    လွတ်လပ်သောမြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်ကလည်း ကိုးကန့်ဒေသကို ဗဟိုထိန်းချုပ်မှုအောက်သို့ ရောက်ရှိရေးတွင် ဗြိတိသျှတို့လောက်ပင် အောင်မြင်အောင် မစွမ်းဆောင်နိုင်။ ၁၉၅၀ ပြည့်နှစ်များတွင် မော်စီတုန်း၏ ကွန်မြူနစ်များကို ရှုံးနိမ့်ပြိးနောက် မြန်မာ-တရုတ်နယ်ခြားကို တပ်ဆုပ်လာသော တရုတ်မျိုးချစ်
    ကူမင်တန် (KMT) တပ်များက ကိုးကန့်ဒေသ အားလုံးနီးပါးကို သိမ်းပိုက်ခဲ့သည်။

    ထိုအချိန်က ကိုးကန့်ဒေသကိုအုပ်စိုးသော ယန် (Yangs) မိသားစုမှာ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးကို အုပ်စီးထားသူများတွင် ပါဝင်နေသည်။ ထိုအထဲမှတစ်ဦးမှာ ဂျင်မီယန်ဟုခေါ်သည့် ယန်ကျင့်ရှန်းဖြစ်ပြီး တောင်ကြီးမြို့ရှိ ရှမ်းစော်ဘွားများကျောင်း(Shan Chiefs School) မှ ဘွဲ့ရခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၁၉
    ၅၀ တွင် ကိုးကန့်ဒေသ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ နှစ်အနည်းငယ်ကြာသည့်အခါ ‘ မြန်မာအရှေ့တိုင်းဘဏ်’ (East Burma Bank) ကို ဖွင့်လှစ်ခဲ့ပြီး ထိုဘဏ်ကို မ,တည်သူများ၊ ရှယ်ယာထည့်ဝင်သူများမှာ ရှမ်းမင်းသားများနှင့် ရှမ်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်သည်။

    ဂျင်မီယန်အပါအ၀င် ကိုးကန့်အများစုက ကူမင်တန်များနှင့် ပူးပေါင်းခဲ့သည်။ ကိုးကန့်စစ်ဘုရင် ဖုန်းကြားရှင်ဦးဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက တရုတ်နိုင်ငံသို့သွားရောက်ကာ လေ့ကျင့်မှုများ ရယူခဲ့ပြီး KMT အဖွဲ့ကို မြန်မာနိုင်ငံမှ မောင်းထုတ်ရေး ကူညီမည်ဟူသည့် ကတိများလည်း ရခဲ့သည်။

    ၁၉၆၈ ခုနှစ်တွင် ဖုန်းကြားရှင်သည် တရုတ်အထောက်အပံ့ပေးသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ အဖွဲ့တစ်ခု၏ ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ကိုးကန့်ဒေသ အများစုတွင် ၎င်း၏တပ်များ ပြန့်နှံ့ခဲ့သည်။ CPB ၏ ကြီးထွားလာမှုမှာ ကွမ်းလုံရှိ သံလွင်သံတားကို သိမ်းပိုက်ရန် ကွန်မြူနစ်တပ်များက ကြိုး
    စားခဲ့သည့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၂ ခုနှစ် ဇန်န၀ါရီလထိ ဖြစ်ပွားခဲ့သော အရေးပါသော စစ်ပွဲပြီးနောက် ရပ်တန့်သွားခဲ့သည်။ ထိုတိုက်ပွဲတွင် အောင်နိုင်သွားပါက ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခုလုံးမှာ ၎င်းတို့၏ လက်သို့ ကျရောက်သွားဖွယ်ရှိနေသည်။

    ကွမ်းလုံတွင် အစိုးရတပ်များ၏ အောင်မြင်မှုမှာ ပထ၀ီအခြေအနေကို ကောင်းစွာသိသည့် ဒေသတွင်း ပြည်သူ့စစ်ခေါင်းဆောင်နှင့် မူးယစ်ခေါင်းဆောင် လော်စစ်ဟန်၏ ကူညီမှုကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ထိုအကူအညီကို ကျေးဇူးဆပ်သည့်အနေဖြင့် မြန်မာစစ်တပ်က လော်စစ်ဟန်၏ ဘိန်းများကို ထိုင်
းနယ်စပ်ရှိ ဓာတ်ခွဲခန်းများသို့ ပို့ဆောင်ပေးပြီး ထိုနေရာတွင် ဘိန်းဖြူအဖြစ် သန့်စင်ခြင်း၊ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ခြင်းတို့ကို ပြုလုပ်လေသည်။

    ၁၉၇၃ ခုနှစ်တွင် အစိုးရနှင့် သဘောထားကွဲပြိးနောက် လော်စစ်ဟန်မှာ ဖမ်းဆီးခံခဲ့ရသည်။ သို့သော်လည်း ၁၉၈၀ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ကာ မြန်မာနိုင်ငံ၏ အတောင့်တင်းဆုံးနှင့် အကျယ်ပြန့်ဆုံး လုပ်ငန်းစုကြီးများမှ တစ်ခုဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီကို ထူထောင်ခဲ့ပြီး လက်ရှိတွင် လောစ
    စ်ဟန်၏သား စတီဗင်လောခေါ် ထွန်းမြင့်နိုင်က ဦးဆောင်နေသည်။ အေးရှားဝေါလ် ကုမ္ပဏီမှာ မကြာသေးခင်ကပင် အမေရိကန်၏ ပိတ်ဆို့မှုများမှ လွတ်မြောက်ခဲ့သည်။

    ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ၌ ဗမာလူမျိုး ခေါင်းဆောင်များကို ဗမာမဟုတ်သည့် လက်အောက်ငယ်သားများက ပုန်ကန်မှု ကြီးထွားလာသည့်အချိန်တွင် ဖုန်းကြားရှင်နှင့် ၎င်း၏ အဖွဲ့မှာ အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ (MNDAA) ဟု သိကြသည့် ဖုန်းကြားရှင်၏
    ကိုးကန့်တပ်ဖွဲ့မှာ အခြားသော ကွန်မြူနစ်အဖွဲ့များကဲ့သို့ အစိုးရနှင့် အပစ်ရပ်ရေး သဘောတူညီချက်တွင် ပါဝင်ခဲ့သည်။

    ယာယီငြိမ်းချမ်းရေးနှင့်အတူ ဖုန်းကြားရှင်မှာ ကိုးကန့်နှင့် ဆက်စပ်နယ်မြေများတွင် ဘိန်းဖြူအင်ပါယာတစ်ခုကို ထူထောင်ခဲ့သည်။ သို့သော်လည်း အခြားသော ဒေသတွင်း ဘိန်းဘုရင်များနှင့် တိုက်ပွဲများဖြစ်သောကြောင့် မတည်ငြိမ်မှုများဖြစ်ပွားခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အစိုးရတပ်က ကြားဝင်ပေးရမှုအထိ ဖြစ်လာခဲ့သည်။
    ဖုန်းကြားရှင်မှာ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ကိုးကန့်ဒေသသို့ ပိုမိုတောင့် တင်းကောင်းမွန်သည့် MNDAA ခေါင်းဆောင်အဖြစ် ပြန်လည်ဝင်ရောက်လာခဲ့သည်။

    MNDAA မှာ လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်း၌ ပိုမိုကျယ်ပြန့်သည့် သူပုန်မဟာမိတ်အဖွဲ့တစ်ခု ဖြစ်နေပြီး ပလောင်၊ ကချင်နှင့် ရခိုင်တပ်ဖွဲ့များလည်း ပါဝင်လာကာ တရုတ်ကျောထောက်နောက်ခံပြု အင်အားတောင့်သည့် ၀,စစ်တပ်ကလည်း ထိုအဖွဲ့ကို ပံ့ပိုးပေးထားသည်။ လက်ရှိ ပဋိ့ပက္ခတွင် မည်သည့်ရလဒ် ထွက်လာ
    သည်ဖြစ်စေ နေပြည်တော်တွင် မည်သူ တက်တက် ထိုဒေသ၌ မျှော်လင့်ထားသည့် သြဇာမျိုး တည်ဆောက်ရန် ခက်ခဲမည်ဖြစ်သည်။

    ကိုကန့်ဒေသ၊ တောင်ဘက်ရှိ ၀တောင်တန်းဒေသတို့မှာ ကိုလိုနီခေတ်အပါအ၀င် မည်သည့်အချိန်ကမှ ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်သို့ မရောက်ရှိခဲ့သည့် ဒေသများဖြစ်သည်။ သို့သော်လည်း ဘေးဂျင်းက တိုက်ရိုက် ထိန်းချုပ်ထားခြင်းလည်း မရှိ။

    Ref: Asia Times

    (Asia Times တွင် ဘာတေးလစ်တနာ ရေးသားသည့် A Chinese war in Myanmar ကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • တရုတ်ပြည်၏ ပိုးလမ်းမကြီးပေါ်က မြန်မာ၏အခန်းကဏ္ဍ

    တရုတ်ပြည်၏ ပိုးလမ်းမကြီးပေါ်က မြန်မာ၏အခန်းကဏ္ဍ

    ဒီဇင်ဘာ ၃၁၊ ၂၀၁၆
    M-Media

    p1-br865_capec_16u_20141107194517

    ယခုနှစ် စက်တင်ဘာလအတွင်း ကျွန်ုပ် ဆောင်းပါးတစ်ပုဒ်ရေးခဲ့၏။ ၎င်း၌ တရုတ်ပြည်၏ One Belt One Road မဟာဗျူဟာတွင် မြန်မာနိုင်ငံသည် မဟာဗျူဟာမြောက် အချက်အခြာကျသော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်း တင်ပြထားသည်။ သို့သော် မြန်မာသည် လက်ရှိ လှုပ်ရှားဆောင်ရွက်မှုများ အရ ဤအနေအထား၌ ရှိမနေနိုင်ပါဟု လူအများအပြားက မှတ်ချက်ပြုလာကြသည်။ သို့ရှိရာ ထိုလှုပ်ရှားဆောင်ရွက်မှုအချို့ကို ပထမဆုံး စူးစမ်းကြည့်ပြီးနောက် ဤအခန်းကဏ္ဍထဲ ပါဝင်မှုရှိ မရှိဟူသည်ကို အကဲဖြတ်ကြည့်ကြပါစို့။ သတိချပ်ရန်မှာ ယခင်ဆောင်းပါးသည် ပင်လယ်ရေကြောင်းလမ်းများ အပေါ်၌ လည်းကောင်း၊ အောက်ဖော်ပြပါ တရုတ်ပြည်၏ စွမ်းအင်လုံခြုံရေးအစီအမံအပေါ်၌လည်းကောင်း ဗဟိုပြုတင်ပြချက်ဖြစ်ကြောင်း သိစေချင်ပါသည်။ ဤဆောင်းပါးတွင်တော့ ကုန်းတွင်းလမ်းကြောင်းများအပေါ် သုံးသပ်မည်ဖြစ်ပြီး၊ ပင်လယ်ရေကြောင်း ဆိုင်ရာတွေးဆချက် မှ အပြောင်းအလဲများအပေါ် အထောက်အကူပြုနေသည့် ကျောထောက်နောက်ခံ အဆောက်အဦတို့ကို ပြန်လည် တင်ပြပါမည်။

    ပထ၀ီနိုင်ငံရေးအခင်းအကျင်း
    ——————————
    အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့မှုဖယ်ရှားလိုက်ခြင်းနှင့်အတူ မြန်မာသည် အမေရိကန်နိုင်ငံနှင့် စီးပွားရေးအဆက်အဆံနှင့် ကုန်သွယ်ရေး၌ နွေးထွေးမှုဖြစ်လာခဲ့သည်။ ၎င်းက တရုတ်ပြည်အတွက် ၎င်း၏  အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပရိယာယ်ကို ပြန်လည်သုံးသပ်စေရာ ရောက်သောကြောင့် မြန်မာ-တရုတ်ဆက်ဆံရေး အေးစက်သွားနိုင်သည်ဟု အတွေးရောက်စေသည်။ သို့ရာတွင် အောက်ခြေမြေပြင်အဆင့်တွင် ယင်းသို့ဖြစ်ပေါ်မလာကြောင်း တွေ့ရသည်။ ဤသည်ကပင် တရုတ်ပြည်သည် မြန်မာပြည်အား အာရှတိုက်၏ အရေးပါသော အစိပ်အပိုင်းတစ်ရပ်အဖြစ် ရှုမြင်ထားပြီးဖြစ်သော သိမ်မွေ့သည့် သံတမန်ဆက်ဆံရေးအား ညွှန်းဆိုပြနေပေသည်။ အထောက်အထားပြုနိုင်သည့် ဥပမာအချက်များလည်း ရှိနေသည်။

    – နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး မြှင့်တင်တိုးတက်စေခြင်း (ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နှင့် ဥရောပ ခရီးစဉ်မတိုင်မီအလျင် တရုတ်ပြည်သို့ သွားရောက်ခဲ့သည်)
    – မြစ်ဆုံဆည်စီမံကိန်းအရေး ပြန်လည်အဖြေရှာရန်  အတွက် အခရာကျသည့် ရင်ကြားစေ့မှု အစီအမံများ
    – မြန်မာနိုင်ငံမြောက်ပိုင်း ပြည်နယ်များမှ ပဋိပက္ခဇုံများ၌ ရှိနေသော တရုတ်ပြည်၏ ဖျန်ဖြေသူအခန်းကဏ္ဍ

    ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များအပေါ် အနောက်တိုင်း၏တုန့်ပြန်မှုမှာလည်း တရုတ်ပြည်၏ ဗျူဟာလမ်းကြောင်းထဲ ရောက်နေသည်ဟု ကျွန်ုပ်မှ ယူဆပါသည်။ နိုင်ငံအရေးအသာစီးရမှုထက် တရုတ်ပြည်သည် ပြည်ပနိုင်ငံများ၏ နိုင်ငံရေးကိစ္စများထဲ လက်ဝင်မလျှိုသည့် နည်းလမ်းကို စွဲကိုင်လိုက်သည်။ ရခိုင်ပြည်နယ်အရေးအပေါ် NLD အစိုးရ၏ ကိုင်တွယ်မှုနှင့်စပ်လျဉ်း၍ အနောက်တိုင်းမှ အသံကျယ်လောင်လာသဖြင့် ဤပြဿနာကို ပူးပေါင်းကူညီဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်အား ဆွဲမသွင်းဘဲ လူသိရှင်ကြား အနောက်တိုင်းသို့ ကမ်းလှမ်းလာတော့သည်။ တရုတ်ပြည်သည် ယဉ်ကျေးမှုစစ်ပွဲ အနိုင်ရရေးအလို့ငှာ ပြဿနာ၏ အစိတ်အပိုင်းထက် အဖြေရှာမှု၏အစိပ်အပိုင်းတစ်ရပ်အဖြစ် ပုံဖော်ပါဝင်လိုက်ဟန် ရှိပေသည်။

    ထောက်ပံ့ရေးကွင်းဆက်နှင့် စီးပွားရေးအတွေးအဆများ
    ——————————————————
    မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းဝန်းကျင် ရှိလာလိမ့်မည်ဟု ခန့်မှန်းကြသည်။ ADB နှင့်အခြားခန့်မှန်းချက်များအရ တရုတ်ပြည်မှာ ကုန်သွယ်ရေး၌ ၄၀ ရာခိုင်နှုန်းအထိ ပါဝင်နေပေမည်။ ဤကုန်သွယ်ရေး အထမြောက်ချောမောစေရန်အတွက် ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အဦလုပ်ငန်းများ၌ အထူးနှုန်းထားသဘောတူညီချက်တို့ဖြင့် စီမံထားရှိပြီးဖြစ်သည်။ အဆိုပါချေးငွေများကို တရုတ်စီးပွားရေးအုပ်စုများမှ ကိုင်တွယ်ဆောင်ရွက်သွားမည့် ခွင့်ပြုချက်ရ စီမံကိန်းများအပေါ် အခြေခံထားပေသည်။ ထိုစီမံကိန်းများက မြန်မာလူထုအား မခံမရပ်နိုင်အောင် ထိုးဆွလျက်ရှိသည်။ ဤခြေလှမ်းမှာ မြစ်ဆုံဆည်စီမံကိန်းစေ့စပ်မှုများမှ အစိပ်အပိုင်းဖြစ်ပြီး ယူနန်-ကျောက်ဖြူ စင်္ကြန် လမ်းကြောင်းအား လုံခြုံစိတ်ချသွားစေရေးအတွက် တရုတ်ပြည်၏ အပျော့စား ငုတ်တိုင်စိုက်မှုဖြစ်မည်ဟု ခန့်မှန်းရသည်။

    BCIM (ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပဋိညာဉ်အား လက်မှတ်ရေးထိုးခြင်းတွင်လည်း ထပ်မံတိုးတက်မှုများကို တွေ့မြင်ရသည်။ ဤသဘောတူညီချက်မှ ရလဒ်မှာ ကလကတ္တား – ဒါကာ – မန္တလေး – ခွန်းမင်(ကူမင်း) တို့အကြား သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေး စင်္ကြံန်အချိတ်အဆက်တစ်ရပ်ကို ဖန်တီးရန်ဖြစ်သည်။ ဖော်ပြထားသည့် မြေပုံအပေါ် ထပ်ဆင့် လေ့လာကြည့်ပါက မန္တလေးမြို့အား ဗဟိုဋ္ဌာနအဖြစ် သတ်မှတ်ထားသည့် အနေအထားကို တမဟုတ်ချင်း နားလည်သိမြင်လာပါလိမ့်မည်။ သို့တစေ ရထားလမ်းကြောင်းများ၊ ရေကြောင်းကုန်စည်အတင်အချ အဆင်ပြေစေမည့် အထူးစီးပွားရေးဇုံများ ဖန်တီးရေး အပါအ၀င် လက်တွေ့ကျကျ ဖြေရှင်းစရာ ပြဿနာအချို့တော့ ရှိနေ၏။ ရှေ့ဆက်ဆိုရပါလျှင် အနောက်တိုင်းနှင့် အရှေ့တိုင်းကို ဆက်သွယ်ထားသည့် သယ်ယူပို့ဆောင်ရေးစကြံ င်္န်အသီးသီးကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါမည်။ ၎င်းက တရုတ်ပြည်အဖို့ (လမ်းကြောင်းရှည်လျား စားရိတ်များသည့်) မလက္ကာရေလက်ကြားကို အသုံးမပြုတော့ဘဲ ကုန်သွယ်ရေးနှင့် စွမ်းအင်လမ်းကြောင်းများအတွက် အာမခံချက်ရှိသွားသောကြောင့် စင်္ကာပူ၏ အချက်အခြာအနေအထားမှာ အကြီးအကျယ် ထိခိုက်လာမည်ကို မီးမောင်းထိုးပြနေပေသည်။

    ဥရောပဒေသတခွင် ဖြစ်ပျက်နေမှုများနှင့် အတူ မြန်မာသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကတည်းက အရှေ့-အနောက် ကုန်သွယ်ရေးအပေါ် စိုးမိုးထားသည့် ထောက်ပံ့ပို့ဆောင်ရေးချိန်ခွင်လျှာကို လုံးဝ ပြောင်းလဲတော့မည့် အနေအထားသို့ ရောက်ရှိနေသည်။ ၎င်းက စက်မှုလက်မှုလုပ်ငန်းရှင်များအတွက် စားရိတ်ကျဉ်း သီးသန့် ကုန်ထုတ်ဒေသများအဖြစ် လမ်းခင်းပေးတော့မည်ဖြစ်သည်။ သင်္ဘောထက် ရထားလမ်းက သယ်ယူစားရိတ် အတော်အတန် သက်သာစေကြောင်း ADB ၏ လေ့လာမှုတစ်ရပ်က ဆိုသည်။ သို့သော်လည်း ယင်းလေ့လာမှု၌ ရထားလမ်း အဆင့်ဆင့်သယ်ယူပို့ဆောင်မှု၏ အချိန်ကြန့်ကြာမှု၊ လမ်းပန်းအချိတ်အဆက်ပြဿနာ၊  နယ်စပ်ဖြတ်ကျော်ရေးကြိုးနီစနစ် အပြင် BCIM ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၏ အတိုင်းအတာများကိုမူ ထည့်သွင်းတွက်ချက်ထားခြင်း မရှိချေ။

    ထို့အပြင် ရထားလမ်းသယ်ယူပို့ဆောင်မှုက ကုန်စည်သင်္ဘော ပို့ဆောင်မှုထက် ခရီးတာ သုံးဆ မြန်ဆန်သည်၊ ဤပေါင်းစည်းပို့ဆောင်မှု ပုံဟန်သည် ဘဏ္ဍာရေးအရ သက်သာမှုရှိသည် ဆိုသော်လည်း စဉ်းစားသုံးသပ်ရမည့် အချက်များလည်း ရှိနေပါသည်။ L/Cs ရှိ အချိန်ကာလနှင့် ငွေကြေး အတိုင်းအတာ၊ ရှည်လျားလှသော ရေကြောင်းခရီးရှိ ကုန်ပစ္စည်းတန်ဖိုးတို့ ဖြစ်သည်။ သင်္ဘောလုပ်ငန်းရှင်များအနေနှင့် အကူးအပြောင်းအချိန်ကာလ တိုးတက်အောင် ဆိပ်ကမ်းကြီးများနှင့် ကုန်စည်ခွဲခြမ်းမှုအား ဖွံ့ဖြိုးစေခြင်း/တွန်းအားပေးခြင်း၊ ၎င်းပြင် ကွန်တိန်နာအရေအတွက်-ခရီးမိုင်အကွာအဝေး-ကုန်ကျစားရိတ် ဆက်နွှယ်ချက်အား လျှော့ချခြင်းတို့ဖြင့် ပြန်လည်တုန့်ပြန်နိုင်ကောင်းပေမည်။ သို့သော် ဤစိုးရိမ်မှုများသည် အဓိကကျသည့် ဆိပ်ကမ်းများနှင့် တူးမြောင်းများဆိုင်ရာ ဗျူဟာခင်းကျင်းမှုအပေါ် မူတည်နေပါသည်။ ဤအကြောင်းအချက်များအားလုံးက LC exposure ကာလကို လျှော့ကျစေရေးသာမက ရေကြောင်းသယ်ယူရေးကြာမြင့်ချိန် တိုးတက်လာရေးကို အထောက်အကူပြုလိမ့်မည်ဖြစ်ပါသည်။

    နိဂုံး
    —-
    ကုန်းကြောင်းရေကြောင်း အပြန်အလှန် ပြည့်စုံစေမှုက မြန်မာနိုင်ငံသည် One Belt One Road မဟာဗျူဟာ၌ အဓိကအခန်းကဏ္ဍအဖြစ် တည်ရှိနေသေးကြောင်း သိသာစေပါသည်။ ဒူဘိုင်းသည်လည်း ဤပုံဟန်ပေါ် အခြေပြု၍ ထောက်ပံ့ပို့ဆောင်ရေးကို တည်ဆောက်ထားခြင်း ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံသည် ဒူဘိုင်း၏ သင်ခန်းစာကို ရယူတတ်မည်ဆိုပါက တရုတ်၏ဗျူဟာအတွင်းမှပင် နိုင်ငံတကာကုန်သွယ်မှုကြားစခန်းအဖြစ်သို့ တိုးမြှင့်ဖော်ဆောင်သွားနိုင်ပါလိမ့်မည်။

    ××××××××××××

    Andre Wheeler ၏ Myanmar’s role along China’s new Silk Road သုံးသပ်ချက်အမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

    (ဆောင်းပါးရှင် Andre Wheeler သည် Wheeler Management အတိုင်ပင်ခံလုပ်ငန်းစုကို ၁၉၉၇ ခုနှစ်က တည်ထောင်ပြီး၊ ၎င်းသည် ၂၀၁၄ ခုနှစ်တွင် Asia Pacific Connex ဟူ၍ဖြစ်လာသည်။ အဓိကလုပ်ငန်းမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ EPCM၊ ရေကြောင်းဝန်ဆောင်မှုနှင့် သတ္ထုတူးဖော်ရေးတို့ဖြစ်သည်။ ဘဏ္ဍာရေး၊ လုပ်ငန်းရှင်တို့၏ပြဿနာအဖြေရှာရေး၊ စွန့်ဦးတီထွင်မှုဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုနှင့် စီမံကိန်းကိုင်တွယ်မှုတို့၌လည်း အတွေ့အကြုံရင့်ကျက်သည်။ ရံပုံငွေအဖွဲ့အစည်းကြီးငါးခု၏ အထူးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။)

  • မြစ်ဆုံဆည် အကျပ်အတည်းအား ရှေ့ဆက်ကျော်လွှားမည်ဆိုလျှင် …

    မြစ်ဆုံဆည် အကျပ်အတည်းအား ရှေ့ဆက်ကျော်လွှားမည်ဆိုလျှင် …

    myit
    ကချင်ပြည်နယ် မြစ်ဆုံဆည်နေရာတွင် လမ်းလျှောက်သွားလာနေသည့် အမျိုးသမီးတစ်ဦး (ဓာတ်ပုံ – အောင်မြင်ရဲဇော်၊ The Myanmar Times)

    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media

    – ၂၀၁၆ ဧပြီလတွင် အာဏာရရှိလာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရသည် တရုတ်ကျောထောက်နောက်ခံ အငြင်းပွားဖွယ် မြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်း၏ကံကြမ္မာကို အဆောတလျင် ဆုံးဖြတ်ကိုင်တွယ်လိမ့်မည်ဟု သုတေသီအချို့က ခန့်မှန်းခဲ့ကြသည်။

    အဆိုပါ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းမှာ အများပြည်သူတို့၏ကန့်ကွက်ဆန္ဒပြမှု ကြီးမားလာချိန် ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းစေလိုက်ခြင်းဖြစ်သည်။ မရေရာသည့်အခြေအနေ၌ရှိနေသော ၎င်းမြစ်ဆုံဆည်အရေးနှင့်စပ်လျဉ်းပြီး အဖြေရှာသွားမည်ဟု သြဂုတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်က အာမခံပြောကြားသည့်အပေါ် ဘေဂျင်းအစိုးရမှ ကြိုဆိုမှု ရှိနိုင်ပေမည်။

    နှစ်ဦးနှစ်ဖက်စလုံးက အခက်အခဲကို ဖောက်ထွက်ပြီး အပြန်အလှန်ဆက်စပ်နေသော ဤပြဿနာကို အပေးအယူမျှတစွာ အပြီးသတ်ဖြေရှင်းရန် အခြေအနေအချိန်အခါ မသင့်ပါလျှင် နောက်ထပ်ပြဿနာတစ်ရပ်ဖြင့် ထပ်မံရှုပ်ထွေးသွားနိုင်ပေသည်။ အကြောင်းမှာ ၎င်းသည် ကချင်၊ မြန်မာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာများကို ပိုင်းခြားပစ်နိုင်သောကြောင့်ဖြစ်သည်။

    သို့သော် အဖြေထွက်ရန် မဖြစ်နိုင်သေး။ နှစ်နိုင်ငံစလုံးကလည်း ရှေ့ဆက်ရမည့်လမ်းကြောင်းအတွက် အတိတ်ကာလကို တွက်ဆ၍ တရုတ်-မြန်မာ နယ်စပ်ပဋိညာဉ်ကို သတိပြုသုံးသပ်ထားရန် လိုအပ်သည်။

    မြန်မာနှင့် တရုတ်မှ ယနေ့ခေါင်းဆောင်များသည် သမိုင်းတွင် အလွန်ထင်ရှားအချင်းများခဲ့ရသော ၁၉၅၀ ခုနှစ်များက တရုတ်-မြန်မာ နယ်စပ်သတ်မှတ်မှုသဘောတူညီချက်များကို အမွေခံ၍ အတူတစ်ကွ ရပ်တည်နေကြရသူများ ဖြစ်ကြသည်။

    ၁၉၆၀ ခုနှစ်က နောက်ဆုံးလက်မှတ်ထိုးခဲ့သည့် စာချုပ်အရ လက်ရှိနှင့်နောင်လာမည့် တရုတ်-မြန်မာနယ်စပ် အနေအထားကို တရုတ်အစိုးရက လေးစားအသိအမှတ်ပြုခဲ့ပြီး၊ ကနဦးက ပိုင်နက်ကြေငြာချက်များဖြစ်သော “McMahon Line” နှင့် “1941 Line” ကို စွန့်လွှတ်ခဲ့သည်။ အပြန်အလှန်အားဖြင့် Hpimaw (片马), Gawlum (古浪) , Kangfang (岗房) ကျေးရွာများ၊ Panhuang (班洪), Panlao (班老) နယ်ခံတိုင်းရင်းဒေသများကို ဘေဂျင်းမှ ပြန်လည်ရရှိခဲ့သည်။

    ပဋိညာဉ်အရ တရုတ်ပြည်အဖို့ မတည်ငြိမ်သောပိုင်နက်အပေါ် ကနဦးပိုင်းကြေငြာချက်ကို ရုပ်သိမ်းပေးခဲ့သည်။ အခိုင်အမာဆုံးဖြတ်ချက်တစ်ရပ်ကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ ၎င်းအား အစပိုင်းတွင် ထိုစဉ်က မြန်မာနိုင်ငံရှိ တရုတ်သံရုံး၊ ယူနန်ပြည်နယ်အစိုးရနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ ယခုချိန်ထိတိုင် အမျိုးသားရေးဝါဒီများ၊ သုတေသီများက အခါအားလျော်စွာ ဝေဖန်နေဆဲဖြစ်၏။

    မြန်မာနိုင်ငံအတွက်မူ ၈၅ မိုင်ပတ်လည်ပိုင်နက် ပြန်ရရန်တွက် ၁၃၂ စတုရန်းမိုင်နယ်မြေအား တရုတ်ပြည်သို့ လက်လျှော့ပေးခဲ့ရသည်။ ကြီးမားပြင်းထန်သော နားလည်မှုလွဲမှားခြင်းနှင့် ရန်ငြိုးအာဃာတအား ကာကွယ်နိုင်ရန် ပိုင်နက်အစိတ်အပိုင်း အနည်းအကျဉ်းအား စတေးပေးလိုက်ခြင်းက ပိုမိုသင့်လျော်ခဲ့ပေသည်။

    ထိုစဉ်က တရုတ်အကြီးအကဲ ချူအင်လိုင်းသည် အဆိုပါ တရုတ်-မြန်မာနယ်စပ်သဘောတူစာချုပ်ကို နိုင်ငံ့ဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ပုံစံချရေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းက သူ၏ လက်တွေ့ကျ၍ ပြတ်သားသောမူဝါဒအား ဖော်ပြလျက်ရှိသည်။ “အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားလျက်ရှိသော တရုတ်နယ်စပ်အားလုံးအရေးကို တစ်ခါတည်းအပြီးသတ် ဖြေရှင်းနိုင်ရေးအတွက် ကျွန်ုပ်တို့ဖက်မှ အသင်တို့အား အလျှော့ပေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏စီမံချက်များ ပြည့်ဝရေးအတွက် အခက်အခဲများကို ကျော်လွှားနိုင်မည့် မည်သည့်အားထုတ်ချက်ကိုမဆို ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ၎င်းက ၀န်ကြီးချုပ်ဦးဘဆွေအား ပြောကြားခဲ့၏။

    သူ၏ အမျှော်အမြင်ကြီးမားသည့် ၎င်းနိုင်ငံရေးမူဝါဒမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စည်းမျဉ်းငါးရပ်” ၏ စဦးခြေလှမ်းတစ်ရပ်ဖြစ်သည်။ ၎င်းအားဖြင့် နယ်စပ်အရေးဖြေရှင်းမှုကြောင့် မြန်မာနှင့်တရုတ်၏ အပြန်အလှန် ကောင်းကျိုးဖြစ်ထွန်းမှုများ ဖြစ်ထွန်းလာခဲ့သည်။

    သို့ဖြစ်ပေရာ တရုတ်ပြည်သည် မြစ်ဆုံဆည်၏ ပကတိအနေအထားအား လေးစားတန်ဖိုးထားအပ်သည်။ သမိုင်းသင်ခန်းစာကိုယူ၍ ဘေဂျင်းအစိုးရအနေဖြင့် NLD အစိုးရမှ မြစ်ဆုံဆည်တည်ဆောက်ရေးကို တွန်းအားပေးခြင်းထက် ယင်းစီမံကိန်းအား တုန့်ဆိုင်းထားရန် မဖြစ်မနေ လက်ခံအသိအမှတ်ပြုရပေမည်။

    ဦးစားပေးသုံးသပ်ရမည့်အချက် သုံးရပ်ရှိသည်။

    ပထမအချက်မှာ ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်သည် လူကြိုက်နည်းလှသည့်အပြင် ၂၀၁၁ ခုနှစ်ကတည်းက ဗဟိုအစိုးရအား ဆန့်ကျင်စရာကိစ္စတစ်ခု ဖြစ်နေခဲ့သည်။ စီမံကိန်းအား ပြန်လည်အသက်သွင်းမည့် မည်သည့်လုပ်ဆောင်ချက်မဆို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဘေးသင့်စေလိမ့်မည်။ ထိုမှတဆင့်တက်ကာ ကချင်ပြည်နယ်လူဦးရေပမာဏ လေးပုံတစ်ပုံ ၁.၆ သန်းကျော်အား ကိုယ်စားပြုထားသော ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးသဘောတူညီချက်မှန်သမျှကိုလည်း ဆိုးကျိုးသက်ရောက်စေနိုင်ပါသည်။

    ဒုတိယမှာ – မြစ်ဆုံဆည်သည် မြန်မာတို့၏တိုင်းချစ်ပြည်ချစ်စိတ်နှင့် သဘာ၀၀န်းကျင်ဆိုင်ရာအဖွဲ့အစည်းများအတွက် အဓိက ပစ်မှတ်တစ်ခုအဖြစ် ပါဝင်နေခဲ့ပြီးဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ထိုစီမံကိန်းပြန်လည်စတင်စေလိုသည့် တရုတ်၏ဆန္ဒကို လိုက်လျောပါက သူမ၏ကျဆင်းစပြုနေသောပုံရိပ်နှင့်အတူ လူထုထောက်ခံမှုလက်လွှတ်လိုက်ရပြီး နိုင်ငံရေးကျဆုံးခန်းသို့ ဆိုက်ရောက်သွားနိုင်ချေ များပြားနေသည်။

    တတိယမှာ – မြစ်ဆုံအရေးနှင့်ပတ်သက်သော မည်သည့်ဆုံးဖြတ်ချက်ပင်ဖြစ်စေ မြန်မာနိုင်ငံအပေါ် အနောက်တိုင်း၏မျက်စေ့ကျမှု စံနှုန်းနှင့်လည်းကောင်း၊ တရုတ်နှင့် ချစ်ကြည်ရင်းနှီးမှု၏ ဥပမာစံထားချက်နှင့်လည်းကောင်း မတိုင်းတာမရှုမြင်သင့်ပေ။ ဆည်တည်ဆောက်မှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အဖြစ်သာ အမြင်ထားရှိအပ်ပေသည်။ ဤပြဿနာအတွင်း ဘက်မလိုက်သော လုပ်ဆောင်ချက်၌ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံစလုံးအတွက် တိုင်းပြည်ကောင်းကျိုးများ တည်ရှိနေပါသည်။

    အငြင်းပွားဖွယ်မြစ်ဆုံဆည်နှင့်ပတ်သက်၍ နောက်ဆုံးသဘောတူညီချက်သည် နှစ်ဖက်စလုံး၏ စောင့်ထိန်းနားလည်လိုက်လျောမှုများမှ အဖြေထုတ်ယူရပေမည်။ မြန်မာနိုင်ငံအနေနှင့် လိပ်ခဲတည်းလည်းအခြေအနေအား ကျော်လွန်စေရန်အတွက် အပြန်အလှန်လေးစားလိုက်နာအပ်သော အပေးအယူကို ရရှိဖို့ လိုအပ်နေသည့်အပြင် တရုတ်-မြန်မာဆက်ဆံရေး ကောင်းမွန်ရန်ကိုလည်း ရှေ့ရှုဦးတည်ရဦးမည်ဖြစ်၏။

    (တရုတ်နိုင်ငံအခြေစိုက် အလွတ်တန်းသုတေသီ Liu Yun ၏ Moving beyond the Myitsone dam dilemma နိုင်ငံရေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • မြစ်ဆုံစီမံကိန်းပြဿနာ ပြေလည်ရန် ကြိုးစားနေသည်ဟု တရုတ်ပြော

    မြစ်ဆုံစီမံကိန်းပြဿနာ ပြေလည်ရန် ကြိုးစားနေသည်ဟု တရုတ်ပြော

    မတ် ၈၊ ၂၀၁၆
    M-Media

    မြစ်ဆုံရှိ မြင်ကွင်းတစ်ခု

    – မြန်မာပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားရသည့် မြစ်ဆုံစီမံကိန်း ပြဿနာကို ဖြေရှင်းရန်အတွက် မိမိတို့က ကြိုးပမ်းနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယနေ့တွင် ပြောကြားလိုက်ပြီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ ဦးဆောင်မည့် အစိုးရအပေါ် ယုံကြည်မှုရှိသည်ဟုလည်း ဆိုသည်။

    တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားပြီး ကန်ဒေါ်လာ ၃၆ ဘီလီယံ တန်ဖိုးရှိသည့် မြစ်ဆုံဆည် စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းခဲ့သည်။ အဆိုပါဆည်မှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ သွားမည်ဖြစ်သည်။

    မြစ်ဆုံအပြင် ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့သော လက်ပံတောင်းကြေးနီစီမံကိန်း၊ မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်၍ သွယ်တန်းထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုင်းလိုင်းများ အပါအ၀င် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံက ဆောင်ရွက်မည့် အခြားသော စီမံကိန်းများမှာလည်း အငြင်းပွားဖွယ် ဖြစ်နေသည်။

    “မြစ်ဆုံဆည်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဖြစ်ပြီး၊ ခွင့်ပြုမိန့်အားလုံး ရပြီးပါပြီ။ ပူးပေါင်းဆောင်ရွက်မှုမှာ အခက်အခဲတွေရှိနေတာက အဖုအထစ်တွေကို မြင့်တက်စေပါတယ်။ နှစ်နိုင်ငံစလုံးဟာ ဒီအခြေအနေကို ဖေးဖေးမမနဲ့ ကောင်းကောင်းမွန်မွန် ဆက်လက်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အနာဂတ်မှာ အပြန်အလှန်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက တရုတ်ပါလီမန် နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း မြစ်ဆုံကိစ္စအား မည်သည့်အချိန်၌ မည်ကဲ့သို့ ဖြေရှင်းမည်ဆိုခြင်းကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

    တရုတ်နိုင်ငံမှာ ယခင် စစ်အာဏာရှင်အစိုးရနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး ယခုအစိုးရသစ် လက်ထက်တွင်လည်း ဆက်ဆံရေးကို ပြောင်းလဲသွားမည်မဟုတ်ဟု ၀မ်ယီက ထည့်သွင်းပြောကြားခဲ့သည်။

    “အောင်ဆန်းစုကြည်နဲ့ သူဦးဆောင်တဲ့ NLD ဟာ အမြဲတမ်း တရုတ်နိုင်ငံနဲ့ နွေးထွေးတဲ့ဆက်ဆံရေး၊ အပြန်အလှန်နားလည်မှုရှိပြီး ယုံကြည်မှုကလည်း ဆက်လက် တိုးတက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ကျွန်တော်တို့မှာ ယုံကြည်မှု အပြည့်အ၀ ရှိပါတယ်”

    Ref: Reuters

  • မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ဆန်းသစ်ဖို့ လိုပြီလား ?

    မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ဆန်းသစ်ဖို့ လိုပြီလား ?

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆

    M-Media
    china myan
    ၂၀၁၅ ဇွန်လ ၁၁ ရက်၊ တရုတ်ပြည်သူ့ခန်းမဆောင်၌ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံကြစဉ်

    – ဘေဂျင်းရဲ့အကူအညီ မပါဘဲနဲ့လည်း မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအကူးအပြောင်း အောင်မြင်နိုင်တယ်ဆိုတာက မှန်သယောင်နဲ့ မှားယွင်းလာပုံရပါတယ်။

    မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြမ်းတမ်းဆုံး နိုင်ငံရေးအပြောင်းအလဲတစ်ခုကို စတင်ကြုံတွေ့နေရပါပြီ။ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အတိုက်အခံ NLD ပါတီအနေနဲ့ သောင်ပြိုကမ်းပြို အနိုင်ရရှိလာခဲ့တယ်။ အတိုက်အခံခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ်ဟာ များမကြာမီ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြပါတော့မယ်။ နှစ် ၆၀ ကြာ အာဏာရှင်အစိုးရရဲ့ ခွာတော်မူခဏ်း ခင်းကျင်းရခြင်းကို ထူးထူးခြားခြား ကိုယ်စားပြုနေပါတယ်။ သို့ပေမယ့်လည်း ဆယ်စုနှစ်များစွာ တိုင်းပြည်ကို ထိန်းချုပ်လာခဲ့တဲ့ ဗမာစစ်တပ်အတွက် ဖွဲ့ခြေဥအရ အရံသင့်နေရာတွေ ချန်ထားပေးရဆဲဖြစ်တယ်။ ဒီအခြေအနေအောက်က အကူးအပြောင်း ပြုလုပ်နေရပါတယ်။ များမကြာမီ မြန်မာနိုင်ငံရဲ့ စမ်းသပ်ခံဒီမိုကရေစီအဖွင့်အတွက် သေရေးရှင်ရေးအချိန်ကာလတစ်ခု ရောက်ရှိလို့လာပါတော့မယ်။

    သဟဇာတမူဝါဒနဲ့အတူ အနောက်တိုင်းအတွက် တံခါဖွင့်ပေးလိုက်တဲ့နောက် ကမ္ဘာ့မီဒီယာတွေက မြန်မာနိုင်ငံကို လက်ခံမှုများစွာနဲ့ အာရုံစိုက်လာခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာ-တရုတ်ဆက်ဆံရေး မဆိုစလောက် အားပျော့သွားတာတွေ့ရတယ်။ တရုတ်နိုင်ငံရဲ့ခေါင်းထောင်လာခြင်းက ကမ္ဘာမှာ တစ်မူထူးခြားပြီး သူ့ရဲ့သြဇာသက်ရောက်မှုဟာ သူ့အိမ်နီးချင်း မြန်မာနိုင်ငံထက် အားကောင်းနေဦးမှာဖြစ်တယ်။

    လာမယ့်အစိုးရသစ်အနေနဲ့ အဓိကဦးစားပေးရမယ့် သော့ချက်နှစ်ခု ရှိနေပါတယ်။ မြန်မာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေး နဲ့ နှစ် ၇၀ နီးပါးကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ရေးပဲ ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို အရောက်လှမ်းနိုင်ပါမှ ဒီမိုကရေစီကူးပြောင်းမှုကို လုံခြုံစိတ်ချစေပြီး ရေရှည်တည်တံ့နိုင်ပါမယ်။ ဒီမျက်နှာစာနှစ်ရပ်စလုံးမှာ တရုတ်ပြည်ရဲ့ ပါဝင်မှုအခန်းကဏ္ဍ အတော်အတန် ကြီးမားနေပါတယ်။ မြန်မာနိုင်ငံက အနောက်တိုင်းကို တံခါးဖွင့်ပေးလိုက်သည့်တိုင်အောင် တရုတ်ပြည်က အရေးအကြီးဆုံး စီးပွားဖက်အဖြစ် တည်ရှိနေဆဲဖြစ်တယ်။ ဒါ့အပြင် မြန်မာမြောက်ပိုင်းနယ်စပ် ပိုင်နက်တစ်လျှောက်မှာ သူ့ရဲ့ သြဇာလွှမ်းမှုက အလွန်အကျွံ ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ မဖြစ်မနေ ထည့်သွင်းရဦးမယ့် အဓိကဇာတ်ကောင်လည်း ဖြစ်နေပါတယ်။

    နှစ်နိုင်ငံရဲ့အနာဂတ်ဆက်ဆံရေး တိုးတက်မြင့်မားဖို့ ပိုပြီး အရေးကြီးလာပါပြီ။ မြန်မာဟာ အာရှတိုက်ရဲ့ အဆင်းရဲဆုံးနိုင်ငံစာရင်းထဲ ပါဝင်နေသော်လည်း တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှဒေသများရဲ့ ဖြတ်မှတ်တစ်ခု ဖြစ်နေတာကြောင့် ဒေသတွင်း အချက်အချာကျတဲ့ တိုင်းပြည်တစ်ခုပါ။ ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမယ့် ကကြိုးတန်ဆာဖြစ်တဲ့ ပထ၀ီဝင်အနေအထားကို မြန်မာခေါင်းဆောင်တို့ဟာ ပြိုင်ဖက်ကင်းအခွင့်အလမ်းတစ်ခုအဖြစ် ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံဆက်ဆံရေးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖန်တီးမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ – တရုတ်ပြည်ရဲ့အောက်စည်းကနေ ရပ်တည်နေရတဲ့အနေအထားကို ဖယ်ရှားဖို့တော့ လိုအပ်ပါလိမ့်မယ်။

    တရုတ်ပြည်နဲ့ဆက်နွယ်နေတဲ့ မြန်မာ့သမိုင်းကြောင်းက ရှုပ်ထွေးပြီး စိတ်ပျက်စရာကောင်းလှပါတယ်။ ဒီပုံအတိုင်း ရှေ့ဆက်သွားဖို့ မလုံလောက်ပါဘူး။ အစိုးရသစ်ဟာ နှစ်နိုင်ငံဆက်ဆံရေးကို အခြေခံကျကျ ပြန်လည်ဆန်းသစ်ရေးအတွက် ပုံစံချရပါလိမ့်မယ်။ တရုတ်ပြည်ရဲ့ မဟာဗျူဟာလမ်းစဉ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရင်း တစ်ချိန်တည်းမှာပဲ မြန်မာပြည်သူတွေရဲ့ အတွင်းအပြင် အကျိုးစီးပွားများကို ရှေ့ရှုဆောင်ရွက်သွားရမှာဖြစ်တယ်။

    ဒီလိုလုပ်ဖို့ မလွယ်လှပါဘူး။ မြန်မာခေါင်းဆောင်တွေဟာ ဘေဂျင်းနဲ့ ဆက်ဆံရေးနွေးထွေးအောင် ရေရှည်ထိန်းသိမ်းဖို့ဆိုတဲ့ ခံယူချက်ရှိသော်လည်း တရုတ်ပြည်ဟာ ရံဖန်ရံခါ ဆိုးကျိုးပေးတတ်ကြောင်းကိုလည်း အမြင်ရှိထားပါတယ်။ ၁၉၆၀ နှစ်နှောင်းပိုင်းတွေမှာ တရုတ်က ကွန်မြူနစ်သူပုန်တွေကို နယ်စပ်ဖြတ်ကျော် လက်နက်တပ်ဆင်ပေးပြီး နိုင်ငံအရှေ့မြောက်ပိုင်းထဲ လွတ်မြောက်ဇုံတစ်ခုကို တည်ထောင်စေခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာတော့ အဲ့ဒီအုပ်စု ပြိုလဲသွားခဲ့ပေမယ့် ကျန်ရှိဆဲ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအသီးသီးနဲ့ ချိတ်ဆက်ထားပြန်ပါတယ်။ အဲ့ဒီအဖွဲ့တွေထဲမှာ အထူးခြားဆုံး အခိုင်မာဆုံး ချိတ်ဆက်နေတာကတော့ အင်အား ၂၅၀၀၀ ရှိတဲ့ ၀ပြည်နယ်တပ်မတော်ပဲ ဖြစ်ပါတယ်။

    ၂၀၁၁ ခုနှစ်မှာ ဆက်ဆံရေးအပြောင်းအလဲ ဖြစ်လာတယ်။ မြန်မာနယ်စပ် ယူနန်ပြည်နယ်ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်အောင် ပြုလုပ်ခဲ့တဲ့ ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်းဟာ အငြင်းပွားဖွယ်ရာကိစ္စဖြစ်ပေါ်လာခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့က ဆိုင်းငံ့ထားစေလိုက်တယ်။ ဘေဂျင်းဖက်က မကျေမနပ်ဖြစ်ခဲ့တယ်။ နှစ်ကုန်ပိုင်းကျတော့ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗမာစစ်တပ်နဲ့ ကေအိုင်အေတို့အကြား မြန်မာနိုင်ငံမြောက်ဖျားမှာ အကြီးအကျယ် တိုက်ပွဲဖြစ်ပွားတယ်။ ဒုက္ခသည် ထောင်ပေါင်းများစွာ ပေါ်ထွက်စေပြီး တရုတ်ပြည်ထဲ အမြောက်ပစ်ခတ်မှု လမ်းချော်ဝင်ရောက်သွားတယ်။ ၂၀၁၂ ခုနှစ်မှာ တရုတ်လူမျိုးတွေ ကိုင်တွယ်လည်ပတ်နေတဲ့ ကြေးနီသတ္ထုတူးဖော်ရေးလုပ်ငန်းကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပွင့်ထွက်လာခဲ့တယ်။ တရုတ်ပြည်မကုမ္ပဏီများရဲ့ ရင်းနှီးမြုပ်နှံမှုတန်ဖိုးဟာ ၂၀၁၀-၁၁ မှာ ဒေါ်လာ ၈.၂ ဘီလီယံရှိရာက ၂၀၁၃-၁၄ ခုနှစ်မှာ ဒေါ်လာ သန်း ၁၀၀ အထိ ဒလိမ့်ကောက်ကွေး ကျဆင်းသွားခဲ့တယ်လို့ ခန့်မှန်းသုံးသပ်ကြတယ်။

    ယခုအချိန်မှာတော့ မြန်မာအနေနဲ့ မိမိရဲ့မဟာအင်အားကြီး အိမ်နီးချင်းအပေါ် သဘောတူညီထားချက်ကို ပြန်လည်ဖော်ဆောင်ဖို့ အချိန်ကျရောက်လာပါပြီ။ ပြန်လည်ထူထောင်မယ့် ဆက်ဆံရေးအသစ်က ပုံစံအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သို့သော် အရေးကြီးတဲ့ အချက်သုံးရပ်ပါဝင်ဖို့ လိုအပ်ပါတယ်။ ပထမတစ်ချက်က – တရုတ်ကို လက်ဦးမှု ပေးခြင်းထက် မိမိတိုင်းပြည်စီးပွားရေးပြန်လည်ဦးမော့ဖို့ လိုအပ်တဲ့ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ကိုယ်ပိုင်အစီအမံကောင်းတွေကို ပြန်လည်ဆင်ယင်ထားရပါမယ်။ တရုတ်ပြည်ကို အဓိကဇာတ်ကောင်တစ်ဦးအနေနဲ့ ပြန်ပြီး လက်ကမ်းသင့်တယ်။ ဒါပေမယ့် ဆိုးကျိုးဒဏ်ခံ လူ့အဖွဲ့အစည်းဝင်တွေနဲ့ အနီးကပ်တိုင်ပင်နှီးနှောချက်များထဲက ချမှတ်ထားတဲ့ မြန်မာအစိုးရသစ်ရဲ့မူဘောင်ထဲကတော့ ဖြစ်ရပါလိမ့်မယ်။

    ဒုတိယတစ်ချက်က – ငြိမ်းချမ်းရေး မရှိဘဲ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့တိုးလို့မရကြောင်း မြန်မာခေါင်းဆောင်များက လက်ခံထားရပါမယ်။ ဥပမာအားဖြင့် မြစ်ဆုံဆည်စီမံကိန်းနဲ့ဆက်စပ်နေတဲ့ အငြင်းပွားဖွယ်ကိစ္စများက စီးပွားရေးဆိုင်ရာဆွေးနွေးငြင်းခုံဖို့သက်သက်မျှ မဟုတ်ဘဲ ကချင်ပြည်နယ်ထဲက ရေရှည်ပဋိပက္ခအဖြေရှာခြင်းနဲ့ အတွင်းကျကျ ချိတ်ဆက်နေပါတယ်။ ဒေသခံလူ့အသိုင်းအ၀ိုင်းများက တရုတ်စီမံကိန်းများကြောင့် မိမိတို့ရဲ့ အိုးအိမ်၊ ဘ၀အနေအထားတွေ ပျက်စီးသွားမှာ စိုးရိမ်နေကြတယ်။ ဒါကလည်း သဘာဝကျတဲ့ အကြောင်းရင်းပါ။ အနာဂတ်အစိုးရအနေနဲ့ လူနည်းစုတိုင်းရင်းသားဒေသများထဲ ဖွံ့ဖြိုးရေးတွေကိုစဉ်းစားတဲ့အခါ – တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆက်နွယ်ထားတဲ့ လုပ်ငန်းအကျိုးစီးပွား သို့မဟုတ် စစ်တပ်ရဲ့မြေယာသိမ်းမှု စတဲ့ ထိလွယ်ရှလွယ်နိုင်ငံရေးပြဿနာများနဲ့တွဲဖက်ပြီး စဉ်းစားသုံးသပ်ကြရမှာဖြစ်တယ်။

    တတိယအချက်က – မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ထိရောက်မှုမဲ့ ထင်ရာစိုင်းခြင်း မဟုတ်ဘဲ နိုင်ငံတကာနဲ့ ပူးပေါင်းလက်တွဲဖြေရှင်းတာမျိုး ဖြစ်သင့်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အနောက်တိုင်းနဲ့ ဂျပန်တို့က သြဇာမညောင်းသင့်ဘူး၊ ဒါဟာ တရုတ်-မြန်မာနယ်စပ်ရဲ့ အနာဂတ်အတွက် အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်ဆိုပြီး တရုတ်က စိုးရိမ်မကင်းတဲ့အမြင် ရှိနေပါတယ်။ မြေမြှုပ်မိုင်းရှင်းလင်းရေးကနေ အပစ်အခတ်ရပ်စဲနိုင်ရေးအထိ လိုအပ်ချက်တွေက ကြီးမားနေတုန်းပါပဲ။ တရုတ်နိုင်ငံလည်း ပါဝင်လက်တွဲနိုင်ပြီး ကုလသမဂ္ဂနဲ့ချိတ်ဆက်ထားတဲ့ လုပ်ငန်းယန္တရားအသစ်တစ်ရပ်အားဖြင့် သူတို့တစ်တွေ ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေးအဖြေရှာအပ်ပါတယ်။

    နှစ်နိုင်ငံဆက်ဆံရေးအသစ်တစ်ရပ် အစပြုနိုင်ရေးအတွက် မြန်မာက ဘေဂျင်းကို နားချနိုင်ပါ့မလား ? တရုတ်တွေကို နယ်စပ်တွေမှာ သူတို့ရဲ့သြဇာညောင်းမှုကို အသုံးချလို့ သူတို့ရနိုင်မယ့် စီးပွားရေးအကျိုးအမြတ်အတိုင်းအတာတွေ ချပြပြီး သိမ်းသွင်းရပါလိမ့်မယ်။ အထက်ကဆိုထားပြီးတဲ့အတိုင်း သူတို့စိုးရိမ်နေတဲ့အချက်တွေ သူတို့ရဲ့မြင်ကွင်းကနေ မကွယ်ပျောက်မချင်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြတ်သားတဲ့ ထောက်ခံမှု မပေးဘူးဆိုပြီး တင်းခံချင်ခံနေပါလိမ့်မယ်။

    ဒီလိုဆိုရင်တော့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းထဲက အမျိုးသားရေးတုန့်ပြန်မှုတစ်ရပ်ကို မီးမွှေးပေးရာ ရောက်သွားနိုင်ပါတယ်။ အစိုးရသစ်အဖို့လည်း တိမ်းချော်မှု ဖြစ်သွားနိုင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူဖြစ်လိုဖြစ်ငြား တရုတ်တွေရဲ့ တောင်းဆိုချက်တစ်ခုချင်းစီကို အနုစိပ် လိုက်စဉ်းစားပေးမယ်ဆိုရင်ပေါ့။ အဲ့ဒီအစား နှစ်နိုင်ငံဆက်ဆံရေးအတွက် နှစ်ဖက်စလုံးက ပရိယာယ်ကြွယ်ကြွယ်နဲ့ အမြင်သစ်တစ်ရပ်ရရှိဖို့ အားထုတ်ရမှာဖြစ်တယ်။

    မြန်မာဆီက တရုတ် လိုချင်နေတာတွေ အမှန်တကယ်လည်း ရှိနေတယ်။ မြန်မာအနေနဲ့လည်း ဒါကိုအသုံးချပြီး အမြတ်ထွက်အောင် လုပ်နိုင်ရပါမယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက မြန်မာနိုင်ငံပေါ် အမှီပြုထားပါတယ်။ နှစ်ပေါင်း ၂၀ နီးပါး အခြေခံလူသုံးကုန်တွေကို ဒိုင်ခံဖြုန်းပေးခဲ့တဲ့ မြန်မာဟာ သူ့ရဲ့ အဓိက စားသုံးသူဈေးကွက်ဖြစ်နေတယ်။ မကြာသေးမီက ပြီးဆုံးသွားတဲ့ မြန်မာပြည်က ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ၊ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ ယူနန်ပြည်နယ်နဲ့ တရုတ်ပြည်အနောက်တောင်ပိုင်းအထိ စွမ်းအင်လိုအပ်ချက်ကို အဓိက ဖြည့်ဆည်းပေးနေပါတယ်။

    အိန္ဒိယနိုင်ငံနဲ့ အိန္ဒိယသမုဒ္ဒရာအတွက် ကုန်းကြောင်းတံတားတစ်စင်းလို ဖြစ်နေတဲ့ မြန်မာနိုင်ငံအနေအထားကလည်း အရေးပါတဲ့အချက်တစ်ခုပါ။ ရှီကျင်းပင် ရဲ့ One Belt One Road ကူးသန်းလမ်းကြောင်းအစီအမံမှာ မြန်မာနိုင်ငံက အဓိကကြားခံနယ်ပယ် ဖြစ်နေပါတယ်။ တရုတ်ပြည်အနေနဲ့ သူ့နယ်အတွင်းပိုင်းကနေ ဘင်္ဂလားပင်လယ်အော်ထိ ခရီးပေါက်မယ့် မီးရထားလမ်းသစ်တစ်ခု၊ အိန္ဒိယထိ ချဲ့ထွင်မယ့် အဝေးပြေးလမ်းတွေ၊ အနောက်တိုင်းဖက်ပို့မယ့် တရုတ်ကုန်စည်များအတွက် ရေလမ်းကြောင်းတစ်ခုအဖြစ်အသွင်ပြောင်းနိုင်တဲ့ ဧရာဝတီမြစ် – ဒါတွေကို တရုတ်ပြည်က နှစ်သက်မှု ရှိနေပါလိမ့်မယ်။

    အဆုံးသတ်ဆိုရရင် တရုတ်နဲ့အမေရိကန်အကြား ကြီးထွားလာနေတဲ့ အားပြိုင်မှုမှာ မြန်မာပြည်က အရေးကြီးတဲ့နေရာတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ တရုတ်မြန်မာနယ်နမိတ်မျဉ်းဟာ မိုင်ပေါင်း ၁၃၀၀ ထိ ရှည်လျားစွာ ထိစပ်လျက်ရှိပါတယ်။ ဒီနယ်စပ်တစ်ကြော အနောက်တိုင်းရဲ့စစ်ရေးအငွေ့အသက်တွေ မ၀င်လာသေးသမျှတော့ မြန်မာနိုင်ငံရဲ့ အနောက်တိုင်းနဲ့လက်တွဲမှု၊ တံခါးဖွင့်ဝါဒအပေါ် တရုတ်က အမြင်ကြည်လင်နေဦးမှာပါ။

    မြန်မာနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာမိတ်ဆွေနိုင်ငံများအနေနဲ့ မြန်မာနဲ့ဘေဂျင်းအကြားက သိမ်မွေ့တဲ့အနေအထားကို တန်ဖိုးထားတတ်ဖို့၊ လမ်းဖယ်ပေးကြဖို့ အရေးကြီးပါတယ်။ မြန်မာပြည်ကလည်း မိမိလူထုကို အကျိုးဖြစ်ထွန်းစေနိုင်သော ဘယ်တိုင်းပြည်နဲ့မဆို အကောင်းဆုံးဆက်ဆံရေးကို ထားရှိနိုင်ရပါမယ်။ မြန်မာ-တရုတ်ဆက်ဆံရေးအပေါ် အမေရိကန်အပါအ၀င် နိုင်ငံတကာမှ စိတ်ဝင်စားနေကြတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံခေါင်းဆောင်များက ပြန်လည်ဆန်းသစ်ရေးလိုအပ်ချက်ကို အသိအမှတ်ပြုဖို့၊ ဖြစ်မြောက်လာအောင် စတင်လိုက်ကြဖို့ အချိန်တန်လာပြီဖြစ်ပါကြောင်း။

    Ref: Foreign Policy
    (Thant Myint-U ၏ Why Burma Must Reset Its Relationship With China ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)