News @ M-Media

Tag: Myanmar Migrants in Thailand

  • မြန်မာလုပ်သား ၁ သိန်း ၆ သောင်းကျော် ထိုင်းခေါ်မည်

    မြန်မာလုပ်သား ၁ သိန်း ၆ သောင်းကျော် ထိုင်းခေါ်မည်

    ဇွန် ၅၊ ၂၀၂၂

    M-Media 


    -မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းလုပ်သား ၁ သိန်း ၆ သောင်းကျော်လောက်ကို ထိုင်းနိုင်ငံက ခေါ်ယူဖို့ ရှိနေပါတယ်။ 

    ထိုင်းအလုပ်သမား၀န်ကြီးဌာနဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က အလုပ်သမားတွေ ခေါ်ယူဖို့အတွက် နားလည်မှု စာချွန်လွှာကိုက် မကြာသေးခင်ကပဲ လက်မှတ်ရေးထိုးထားပါတယ်။ 

    ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီး ၂၄ နာရီအတွင်း အမြန်ကိုဗစ်စစ်ဆေးမှု အောင်မြင်တဲ့သူတွေဟာ ကွာရန်တင်းမလိုဘဲ ၀င်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 

    စုစုပေါင်း ၂ သိန်းကျော်ကို ထိုင်းဖက်က ခေါ်မှာဖြစ်ပြီး မြန်မာက ၁၆၅၃၇၆ နဲ့ အများဆုံးပါ။ ကမ္ဘောဒီးယားက ၅၂၄၂၈၊ လာအိုက ၁၈၂၀၈ ဦးတို့ ဖြစ်ပါတယ်။ 

    ကိုဗစ်အပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်တဲ့အချိန် အလုပ်သမား ရှားပါးမှုပြဿနာ ပြေလည်စေရးအတွက် ကွာရန်တင်းမလိုတဲ့ အခုအစီအစဥ်က အကူအညီ ဖြစ်စေလိမ့်မယ်လို့ ထိုင်း အလုပ်သမားရေးရာ၀န်ကြီး လူချာ့တ်က ပြောပါတယ်။ 

    နယ်စပ်ကနေ နေ့စဥ် ၀င်ရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားအလုပ်သမားတွေကိုလည်း ကာကွယ်ဆေး ထိုးထားရင် ကွာရန်တင်းမလိုဘဲ ၀င်နိုင်အောင် ထိုင်းနိုင်ငံက စီစဥ်ပေးထားပါတယ်။

    Ref: New Straits Times 

  • ဇာတိကိုစွန့်ခွာလည်း ဘ၀မလှသေးသည့် ထိုင်းရောက်မြန်မာလုပ်သားများ

    ဇာတိကိုစွန့်ခွာလည်း ဘ၀မလှသေးသည့် ထိုင်းရောက်မြန်မာလုပ်သားများ

    မေ ၃၁၊ ၂၀၂၂
    M-Media

    -ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေ များလာတာနဲ့အတူ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်မှုတွေ ပိုတွေ့လာရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

    ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၈၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်နေတာကို ၂၀၂၀ ခုနှစ် Mahidol တက္ကသိုလ်ရဲ့ စစ်တမ်းမှာ တွေ့ရပါတယ်။

    ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးအခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် ထိုင်းနိုင်ငံထဲ အလုပ်အကိုင်ရရှိရေး တရားမ၀င်သွားရောက်တဲ့ မြန်မာနိုင်ငံသား အရေအတွက် မြင့်တက်လာပါတယ်။

    ထိုင်းနိုင်ငံ GDP ရဲ့ ၆.၆ ရာခိုင်နှုန်းဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အား ဖြစ်တယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က ပြောပါတယ်။
    ဒါပေမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်ရှင်တွေရဲ့ အမြတ်ထုတ်မှု၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကို ခါးစည်းခံနေရသလို၊ ဒီိကိစ္စတွေကို ဖြေရှင်းပေးနေတဲ့ မြန်မာ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေမှာလည်း ဥပဒေကြောင်းအရရော မြေပြင်အနေအထားအရပါ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

    ၁၉၇၅ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဆက်ဆံရေး အက်ဥပဒေအရ နိုင်ငံသားမဟုတ်ရင် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်၊ ဦးဆောင်ခွင့် မရှိပါဘူး။

    မြန်မာနိုင်ငံက တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေ ၀င်ရောက်မှု မြင့်တက်လာတာနဲ့အတူ အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလည်း ကျယ်ကျယ့်ပြန့်ပြန့် တွေ့ရလာရပါတယ်။

    အရင်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖူးပြီး မကြာသေးခင် တရားမ၀င် ပြန်သွားခဲ့တဲ့ မမြတ်သီတာက သူ့ရဲ့ အရင်အလုပ် မဲဆောက် ဖိနပ်စက်ရုံမှာ သူဌေးဟာ မြန်မာ၀န်ထမ်းတွေကို ထိုင်း၀န်ထမ်းတွေလောက် ကောင်းကောင်းမွန်မွန် မဆက်ဆံဘူးလို့ ပြောပါတယ်။

    အလုပ်မှာ ဒဏ်ရာရလို့ ဆေးခွင့်တာကို မပေးတာ၊ အလုပ်တာ၀န် အတူတူပေမယ့် ပါမစ်မရှိသူတွေကို ပါမစ်ရှိသူတွေ လစာရဲ့ တစ်၀က်ပဲပေးတာ စတဲ့ ချိုးဖောက်မှုတွေကို သူမက ပြောပြပါတယ်။

    ထိုင်းငါးဖမ်းလုပ်ငန်းမှာ ၁၀ နှစ်လောက် လုပ်ဖူးတဲ့ ကိုဖိုးကျော်ဆိုရင် သိပ်ကြာခင်က ယနောင်းမှာရှိတဲ့ ငါးဖမ်းလှေကို လိုက်သွားပြီး ပထမဆုံးရက်မှာပဲ အသက်ဆုံးရှုံးခဲ့ပါတယ်။ ရေအောက်ဆင်းပြီး လှေရဲ့ပန်ကာကို စစ်ဆေးရာမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

    ကိုဖိုးကျော်မှာ ဇနီးနဲ့ ကလေး ၅ ယောက် ကျန်ခဲ့ပါတယ်။ လုပ်ငန်းခွင်မှာ အသက်ဆုံးရှုံးရင် ထိုင်းဥပဒေအရ လျော်ကြေးရတယ်ဆိုတာ ကျန်ရစ်သူ မိသားစုက မသိပါဘူး။ ထိုင်းအခြေစိုက် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆက်သွယ်မှ ကိုဖိုးကျော်မိသားစုဟာ အလုပ်ရှင်ဆီကနေ လျော်ကြေးရဖို့ ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။

    မဲဆောက်အခြေစိုက်ပြီး မြန်မာအလုပ်သမားအရေး အကူအညီပေးနေတဲ့ အာရကန် အလုပ်သမားရေးရာအဖွဲ့ AWO ကို ဦးဆောင်နေသူ ကိုနိုင်အောင်အောင်က ထိုင်းဥပဒေအရ သူတို့ဟာ တရား၀င် ကူညီဆောက်ရွက်ပေးခွင့် မရှိဘူးလို့ ဆိုပါတယ်။

    ထိုင်းဥပဒေမှာ နိုင်ငံခြားသားတွေကို အလုပ်သမားရေးရာအဖွဲ့တွေ ဖွဲ့ခွင့် မပေးထားပါဘူး။

    AWO က အလုပ်သမားသမဂ္ဂ ဖွဲ့စည်းပုံအတိုင်း၊ စည်းမျဥ်းစည်းကမ်းတွေတိုင်း ဖွဲ့စည်းကာ အလုပ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးသလို၊ အသိပညာပေးတာ၊ လေ့ကျင့်သင်ကြားပေးတာတွေလည်း လုပ်ဆောင်နေပါတယ်။

    AWO က လေ့ကျင့်သင့်ကြားပေးထားတဲ့ အလုပ်သမားတွေဟာ သူတို့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ကောင်းကောင်းသိထားပြီး လုပ်ငန်းခွင် ချိုးဖောက်မှုတွေကို ပွင့်ပွင့်လင်းလင်း တင်ပြတာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတာတွေအထိ လုပ်တတ်နေပြီ ဖြစ်ပါတယ်။

    ထိုင်းလုပ်ငန်းရှင်တွေက AWO အဖွဲ့ကို ‘မာဖီးယားဂိုဏ်း’ လို့ အမည်ပေးထားကြောင်း ကိုနိုင်အောင်အောင်က ပြောပါတယ်။

    လအနည်းငယ်အရင်က TG Group ဆိုတဲ့ အစားအသောက်လုပ်ငန်းတစ်ခုကို အလုပ်သမားအရေးနဲ့ပတ်သက်ပြီး သွားရောက်ဆွေးနွေးစဥ်မှာ သူဌေးမွေးထားတဲ့ စစ်သားဟောင်းက သေနတ်လေထဲဖောက်ပြီး AWO အဖွဲ့၀င်တွေကို ခြိမ်းခြောက်တာမျိုး ရှိခဲ့ပါတယ်။

    ထိုင်းရဲနဲ့ စစ်သားတွေက သူ့ရုံးခန်းကို မကြခဏလာပြီး မဲဆောက်ကနေ ထွက်သွားဖို့၊ ကူညီပေးရာမှာ ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဖို့ ပြောတာမျိုး ရှိပါတယ်။

    မြန်မာလုပ်သားတွေကနေ အသင်း၀င်ကြေးကောက်ဖို့၊ အခြား မြန်မာအလုပ်သမားအဖွဲ့တွေ၊ ထိုင်းအလုပ်သမားအဖွဲ့တွေနဲ့ ဆက်သွယ်ချိတ်ဆက်ကာ အကြံဉာဏ်တောင်းတာ၊ ပူးပေါင်းဆောင်ရွက်တာမျိုး လုပ်ဆောင်ဖို့လည်း ကိုနိုင်အောင်အောင်က စဥ်းစားနေပါတယ်။

    AWO တို့အဖွဲ့ဟာ အနည်းဆုံး မြန်မာရွှေ့ပြောင်းလုပ်သား ၂ ထောင်လောင်ကို ကူညီပေးထားပါတယ်။

    ကိုဖိုးကျော် ကွယ်သွားမှုနဲ့ပတ်သက်ပြီး မိသားစုကို အကူအညီပေးနေတဲ့ ငါးဖမ်းလုပ်သားအခွင့်အရေးဆိုင်ရာကွန်ယက် FRN ဥက္ကဌ ကိုရဲသွေးက ထိုင်းငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားတွေ ကျွန်ပြုခံရတာ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတုန်းပဲလို့ ပြောပါတယ်။

    အလုပ်သမားသမဂ္ဂသာ တရား၀င်ဖွဲ့စည်းခွင့်ရရင် ဒီပြဿနာတွေကို တရား၀င် တိုင်တန်းဖြေရှင်းနိုင်မှာဖြစ်ကြောင်း၊ လက်ရှိမှာတော့ NGO အဖွဲ့အစည်းတွေရဲ့ အကူအညီကို ယူနေရကြောင်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ယနောင်းအခြေစိုက်ပါ။

    မဲဆောက်မှာ အခြေစိုက်တဲ့ ရောင်ခြည်ဦး အလုပ်သမားရေးရာအဖွဲ့ YCOWA ရဲ့ အထွေထွေအတွင်းရေးမှူး ကိုမိုးကျော်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၀င်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ခဟာ အနိမ့်ဆုံးလုပ်ခထက် ပိုနည်းနေပြီး အလုပ်သမားတွေကလည်း ဖမ်းခံရမှာ၊ ပြန်ပို့ခံရမှာ ကြောက်တာကြောင့် မပြောရဲကြဘူးလို့ ဆိုပါတယ်။

    YCOWA အဖွဲ့ဟာ မဲဆောက်၊ ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်းက အလုပ်သမားရေးရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ကာ ထိုင်း-မြန်မာ ပူးပေါင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ စီစဥ်နေပါတယ်။

    ထိုင်းနိုင်ငံသားတွေပါ၀င်တဲ့အတွက် တရား၀င်သမဂ္ဂ ဖြစ်လာမှာဖြစ်ပြီး အဖွဲ့မှာပါတဲ့ မြန်မာနိုင်ငံသားတွေက မြန်မာအလုပ်သမားအရေးကို ဥပဒေကြောင်းအရ ပိုမိုဆောင်ရွက်နိုင်လိမ့်မယ်လို့ ကိုမိုးကျော်က ဆိုပါတယ်။

    ဒါပေမယ့် ထိုင်းဥပဒေအရ ဒီအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မလားဆိုတာ မသေချာပါဘူး ၂၀၂၁ ခုနှစ် ထိုင်းအစိုးရက ပြဌာန်းဖို့ ကြိုးစားတဲ့ ဥပဒေမူကြမ်းတစ်ခုမှာ NGO အဖွဲ့အစည်းတွေဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးတွေကို ခြိမ်းခြောက်တဲ့၊ ထိခိုက်စေတဲ့အလုပ်မျိုး ရှောင်ရှားရမယ်လို့ ဖော်ပြထားပါတယ်။

    ဒီလိုလုပ်ရပ်မျိုး လုပ်တယ်လို့ ယူဆရင် ဥပဒေအရ အာဏာပိုင်တွေက ကြိုက်သလို ၀င်ရောက်စီမံပိုင်ခွင့် ရှိနေပါတယ်။ ဒါဟာ အလုပ်သမားအဖွဲ့အစည်းတွေ၊ အကူအညီပေးရေးအဖွဲ့တွေကို နှိပ်ကွပ်မယ့် ဥပဒေမျိုး ဖြစ်တယ်လို့ ၀ေဖန်မှုတွေ ရှိခဲ့ပါတယ်။

    အဖွဲ့အစည်းတွေ၊ NGO တွေဟာ ၀င်ငွေရင်းမြစ်ကအစ၊ လုပ်ဆောင်နေတဲ့လုပ်ငန်းအဆုံး အားလုံးကို ထိုင်းအစိုးရထံ တင်ပြင်အစစ်ဆေးခံရမှာပါ။

    တရား၀င်တိုင်တန်းတာ၊ တရားရုံးက ထိုင်းအလုပ်ရှင်တွေကို ပြစ်ဒဏ်ချတာမျိုး ရှိတာတောင်မှ မြန်မာအလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုး မရတာတွေ ရှိနေပါတယ်။

    မဲဆောက်က စက်ရုံမှာ နည်းပညာရှင်အဖြစ် လုပ်သက် ၁၅ နှစ်လောက်ရှိတဲ့ ကိုကျော်ဇေရဲဟာ အလုပ်သမားတွေ ဆေးကုသမှု ထောက်ပံ့ကြေးရရှိဖို့၊ အချိန်ပိုလုပ်အားခရရှိဖို့ ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပေမယ့် အဆုံးမှာတော့ သူနဲ့ မြန်မာလုပ်သား ၁၉၅ ယောက်ဟာ ဘာတစ်ခုမှ မရခဲ့ပါဘူး။

    သူအလုပ်လုပ်တဲ့ Royal Knitting Co စက်ရုံကို ထိုင်းတရားရုံးက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုနဲ့ ၂၀၂၀ ခုနှစ် ဧပြီလမှာ ပိတ်ပစ်ခဲ့ပြီး အလုပ်သမားတွေကို နစ်နာကြေး ဒေါ်လာ ၁ သန်းပေးဖို့လည်း အမိန့်ချခဲ့ပါတယ်။

    ဒါပေမယ့် သူဌေးက ဘာမှမပေးဘဲ ဂျပန်ကို ထွက်ပြေးသွားပါတယ်။

    “ဥပဒေမှာက ဟုတ်နေတာပဲ။ လက်တွေ့မြေပြင်မှာတော့ တစ်ခြားစီပါ။ အမှုမှာ ကျွန်တော်တို့နိုင်တယ်။ တရားရုံးကလည်း နစ်နာကြေးပေးဖို့ အမိန့်ချတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာမှမရပါဘူး။ ထိုင်းဥပဒေက လုပ်ငန်းပိုင်ရှင်တွေကိုသာ ပစားပေးတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်”

    အဲဒီကိစ္စနောက်ပိုင်း ကိုကျော်ဇေရဲတစ်ယောက် အလုပ်အကိုင် အတည်တကျမရှိဘဲ ကြုံရာကျပန်းလုပ်နေရတာ ၂ နှစ်ရှိပါပြီ။

    “အလုပ်ရှင်တွေက ဒါမျိုးတွေ ထပ်လုပ်နေမှာပဲဗျ။ ဘယ်သူကမှလည်း အရေးယူမှာ မဟုတ်ပါဘူး”

    Ref: Aljazeera

  • အိမ်နီးချင်း ၃ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ကိုဗစ်စစ်ဆေးမှုကာလကို ထိုင်းက ၃ လ သက်တမ်းတိုး

    အိမ်နီးချင်း ၃ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ကိုဗစ်စစ်ဆေးမှုကာလကို ထိုင်းက ၃ လ သက်တမ်းတိုး

    ဇွန် ၁၀ ၊၂၀၂၁
    M-Media

    -မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က ရွှေ့ပြောင်းလုပ်သားတွေ မဖြစ်မနေ ကိုဗစ်စစ်ရမယ့်ကာလကို စက်တင်ဘာ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံက သက်တမ်းတိုးပေးလိုက်ပါတယ်။

    ဒီနိုင်ငံတွေက အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်ပါမစ် လျှောက်မယ်ဆိုရင် ကိုဗစ်စစ်ဆေးပြီးကြောင်းလက်မှတ် ပြရတာပါ။

    မူလ ကိုဗစ်စစ်ရမယ့်ကာလဟာ ဇွန်လ ၁၆ ရက်နေ့မှာ သက်တမ်းကုန်မှာ ဖြစ်ပေမယ့် မစစ်ရသေးတဲ့အလုပ်သမားတွေ ရှိနေသေးတာကြောင့် ထိုင်းအစိုးရရဲ့ အင်္ဂါနေ့အစည်းအဝေးမှာ နောက်ထပ် ၃ လ သက်တမ်းတိုးပေးလိုက်တာ ဖြစ်ပါတယ်။

    ​နိုင်ငံအတွင်း မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင် ပါမစ်လျှောက်ပြီး အလုပ်လုပ်နိုင်မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထိုင်းအစိုးရက စတင်ခဲ့တာပါ။

    အဲဒီအစီအစဉ်အရ ရွှေ့ပြောင်းလုပ်သားတွေဟာ လူဝင်မှုကြီးကြပ်ရေးဌာနကို သွားရောက်ပြီး အချက်အလက်တွေပေးကာ အလုပ်လုပ်ခွင့်ပါမစ်နဲ့ ကျန်းမာရေးအာမခံ လျှောက်ထားရတာ ဖြစ်ပါတယ်။

    Ref: Khmertimes

  • ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးမှုကို တိုက်ဖျက်မည်ဟု ထိုင်းရဲချုပ် ကတိပြု

    ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးမှုကို တိုက်ဖျက်မည်ဟု ထိုင်းရဲချုပ် ကတိပြု

    ဇန်နဝါရီ ၁၁၊ ၂၀၂၁
    M-Media

    နယ်စပ်ဂိတ်တစ်ခု

    -ထိုင်း-မြန်မာ နယ်စပ်က လူကုန်ကူးမှုကို တားဆီး တိုက်ဖျက်သွားမှာဖြစ်ပြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အစိုးရတာဝန်ရှိသူတွေကိုလည်း အရေးယူသွားမယ်လို့ ထိုင်း ရဲချုပ်က စနေနေ့မှာ ကတိပြု ပြောကြားလိုက်ပါတယ်။

    ရဲချုပ် Suwat Jangyodsuk က နယ်စပ် မဲဆောက်မြို့ကို သွားရောက်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို လူကုန်ကူးမှုနဲ့ ဒီကိစ္စမှာ လာဘ်ယူပြီး ပါဝင်နေတဲ့ အာဏာပိုင်တွေကို စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဦးဆောင်တာဝန်ယူဖို့ ဒုတိယရဲချုပ်ကို တာဝန်ပေးခဲ့ပါတယ်။

    တာ့ခ်ပြည်နယ်က မဲဆောက်နဲ့ မဲရာမတ် ခရိုင်တွေမှာ စောင့်ကြည့်ကင်မရာတွေကို ထပ်တိုး တပ်ဆင်သွားမှာဖြစ်သလို၊ နယ်စပ်ကင်းလှည့်မှုကိုလည်း ပိုမို ဆောင်ရွက်သွားမယ်လို့ ရဲချုပ် Suwat က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရွှေ့ပြောင်လုပ်သားတွေကို အကြီးအကျယ် လူကုန်ကူးရာမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှုရှိတယ်လို့ ထိုင်းဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ရှိလာခဲ့ပြီးတဲ့နောက် ထိုင်းရဲချုပ်ရဲ့ အခုလိုပြောကြားမှု ထွက်လာတာ ဖြစ်ပါတယ်။

    နိုင်ငံအလယ်ပိုင်း မဟာချိုင်က ပင်လယ်စားစျေးတစ်ခုက မြန်မာလုပ်သားတွေမှာ ကိုဗစ်ဗိုင်းရပ်စ် အကြီးအကျယ် တွေ့ရှိပြီးတဲ့နောက် လူကုန်ကူးမှုအပေါ် အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ထိုင်းပြည်သူတွေက အကြီးအကျယ် ဝေဖန်လာကြတာ ဖြစ်ပါတယ်။

    Ref: The Star

  • ကိုဗစ်ကူးစက်မှုအတွက် မြန်မာများကို အပြစ်တင်ခြင်းမှာ မှားယွင်းသည်ဟု ဘန်ကောက်ပို့စ်ရေး

    ကိုဗစ်ကူးစက်မှုအတွက် မြန်မာများကို အပြစ်တင်ခြင်းမှာ မှားယွင်းသည်ဟု ဘန်ကောက်ပို့စ်ရေး

    ဒီဇင်ဘာ ၂၉၊ ၂၀၂၀
    M-Media

    ဒီဇင်ဘာ ၂၀ ရက်နေ့က မဟာချိုင်တွင်တွေ့ရသည့် မြန်မာလုပ်သားများ

    -မဟာချိုင်က လတ်တလော ကိုဗစ်အကြီးအကျယ်ကူးစက်မှုအတွက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို အပြစ်တင်နေတာမျိုးဟာ ဘယ်သူ့အတွက်မှ အကျိုးရှိမှာမဟုတ်ဘဲ၊ ရ​ွှေ့ပြောင်းလုပ်သားတွေ အန္တရာယ်မကင်းသ၍ ထိုင်းပြည်သူတွေလည်း အန္တရာယ်ကင်းမှာမဟုတ်ဘူးလို့ ဘန်ကောက်ပို့စ်က ဆောင်းပါးတစ်ခုမှာ ထိုင်းအာဏာပိုင်တွေကို ထောက်ပြထားပါတယ်။

    မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်တဲ့ မဟာချိုင်က ပင်လယ်စာစျေးမှာ ကိုဗစ်ကူးစက်မှု အကြီးအကျယ်ဖြစ်နေတာကို ပြီးခဲ့တဲ့တစ်ပတ်မှာ တွေ့ခဲ့ရတာပါ။ အဲဒီနောက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပြစ်တင်ပြောဆိုခဲ့သလို၊ ထိုင်းဆိုရှယ်မီဒီယာမှာလည်း မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ ပြန့်နှံခဲ့ပါတယ်။

    မြေပြင်မှာ မြန်မာနိုင်ငံသားတွေကို ကားပေးမစီးတာ၊ အလုပ်ပေးမလာတာလို ခွဲခြားဆက်ဆံမှုတစ်ချို့ ဖြစ်ခဲ့ပါတယ်။

    နိုဝင်ဘာလတုန်းက မဟာချိုင်မှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အင်တာဗျူးရာမှာ အလုပ်သမားတွေ နေထိုင်ရာနေရာနဲ့ လုပ်ငန်းခွင်မှာ ကိုဗစ်အန္တရာယ်ကင်းရှင်းရေးကို ဘယ်သူကမှ အလေးထားလုပ်ပေးတာမျိုး မရှိတာကို တွေ့ရကြောင်း ဘန်ကောက်ပို့စ်က ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

    အလုပ်သမားတွေမှာ အကာကွယ်ဝတ်စုံတွေ ဝတ်စရာမရှိသလို၊ အလုပ်လုပ်ရတဲ့နေရာ ကျဉ်းတဲ့အတွက် ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းလည်း မလိုက်နာနိုင်ကြပါဘူး။

    မဟာချိုင်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ရွေ့ပြောင်းလုပ်သား ၂၇၅၇၈၂ ဦးရှိပြီး မြန်မာနိုင်ငံက ၂၄၃၆၁၇ ဦး၊ လာအိုက ၁၃၂၀၀ ဦး၊ ကမ္ဘောဒီးယားက ၉၆၄၀ ဦးနဲ့ အခြားနိုင်ငံတွေက ၉၃၁၇ ဦး ရှိနေပါတယ်။ ကိုဗစ်ကူးစက်မှုတွေ့ပြီး ဇန်နဝါရီ ၃ ရက်နေ့အထိ မြို့ကို လော့ဒေါင်းလုပ်ထားတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။

    လော့ဒေါင်းကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား တော်တော်များများဟာ အစားအသောက်နဲ့ နေ့စဉ် အခြေခံလိုအပ်ချက်တွေရဖို့ အခက်အခဲရှိနေပြီး နှစ်နိုင်ငံစလုံးက အကူအညီပေးရေးအဖွဲ့တွေ၊ အလုပ်သမားအဖွဲ့တွေနဲ့ မြန်မာအစိုးရတို့က အကူအညီတွေ ပေးနေပါတယ်။ အလုပ်မရှိ၊ ဝင်ငွေမရှိတာကြောင့် အလုပ်သမားတွေမှာ စိတ်ဖိစီးမှုတွေလည်း ရှိနေပါတယ်။

    ထိုင်းအစိုးရက မြေပြင်ဆေးရုံနှစ်ခု ဆောက်နေပေမယ့် နေထိုင်၊ အလုပ်လုပ်ခွင့်အထောက်အထား မရှိတဲ့အတွက် ကိုဗစ်စစ်ဆေးတာ၊ သွားရောက်ကုသတာတွေလုပ်ရင် အဖမ်းခံရမှာကို မြန်မာလုပ်သားတွေက စိုးရိမ်နေပါတယ်။ ဆမွတ်ဆာခွန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဒီလို ဖမ်းဆီးထိန်းသိမ်းတာမျိုး မလုပ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    မဟာချိုင်က ဒီကူးစက်မှုဟာ ထိုင်းနိုင်ငံတစ်ဝှမ်းကို ပြန့်နှံ့သွားပါတယ်။ ဒီကိစ္စမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပြစ်တင်ပြောဆိုခဲ့တဲ့ ပရာယွတ်က နောက်ပိုင်းမှာ လေသံပြောင်းသွားခဲ့ပြီး လတ်တလောဝင်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကနေ ကူးစက်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

    ဘန်ကောက်ပို့စ်က ဆောင်းပါးမှာ တိုင်းပြည်ထဲကိုဝင်လာတဲ့ နိုင်ငံခြားသားတွေတင်မဟုတ်ဘဲ၊ နိုင်ငံရပ်ခြားက ပြန်လာတဲ့ ထိုင်းတွေလည်း ကိုဗစ်သယ်လာတာကို ထောက်ပြထားပါတယ်။

    မဟာချိုင်က ရွှေ့ပြောင်းလုပ်သားတွေရဲ့ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်တွေကို စနစ်တကျ ပြန်လုပ်ပေးပြီး၊ မသမာမှုတွေကို အရေးယူအပြစ်ပေးဖို့ ထိုင်းအစိုးရက စီစဉ်ဆောင်​ရွက်နေပေမယ့် မြန်မာလုပ်သားတွေရဲ့ နေထိုင်မှုနဲ့ အလုပ်လုပ်ကိုင်မှု အခြေအနေတွေကို ပိုပြီး အန္တရာယ်ကင်းအောင် လုပ်ပေးဖို့၊ မြန်မာလုပ်သားတွေ ထိုင်းကျန်းမာရေးစနစ်ကို လက်လှမ်းမီအောင် လုပ်ဆောင်ပေးဖို့ အလွန်အရေးကြီးတယ်လို့လည်း ဒီဆောင်းပါးမှာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    ရွှေ့ပြောင်းလုပ်သားတွေ အန္တရာယ်ကင်းမှ ထိုင်းပြည်သူတွေ အန္တရာယ်ကင်းနိုင်မယ်လို့လည်း ထည့်သွင်း သတိပေးထားပါတယ်။

    Ref : Bangkok Post