News @ M-Media

Tag: Myanmar Military

  • မြန်မာ့အရေး အာဆီယံကိုယ်စားလှယ်အပေါ် အလွန်အကျွံမမျှော်လင့်ရန် စင်ကာပူပြော

    မြန်မာ့အရေး အာဆီယံကိုယ်စားလှယ်အပေါ် အလွန်အကျွံမမျှော်လင့်ရန် စင်ကာပူပြော

    ဩဂုတ် ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ခဲ့ပေမယ့် အဲဒီအပေါ်မှာ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မထားဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယံ ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။

    အာဆီယံဟာ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရ်ဝမ်ယူစွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်အဖြစ် ဗုဒ္ဓဟူးနေ့က ခန့်အပ်ခဲ့ပါတယ်။ ဒါဟာ ဧပြီလက အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီခဲ့တဲ့ အချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘာလာကရစ်ရှ်နန်က အာရ်ဝမ်ယူစွဖ်တစ်ယောက် မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ခွင့် ရ၊ မရဟာ အဓိကမေးခွန်း ဖြစ်နေတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တစ်ပတ်တာ အစည်းအဝေးအပြီး ဒီကနေ့ညနေပိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “နိုင်ငံရေးအရ အဖြေရှာမှုဟာ အရေးပါပေမယ့် ခက်ခဲပြီး ဆွေးနွေးညှိနှိုင်းမှုတွေကလည်း အချိန်ကြာပါလိမ့်မယ်။ လက်တွေ့မကျတဲ့ အချိန်သတ်မှတ်ချက်မျိုးကို ကျွန်တော် ရှောင်ချင်တယ်။ အချိန်တော့ပေးရမှာပါ”

    စင်ကာပူဟာ လက်ရှိ မြန်မာ့နိုင်ငံရေးနယ်ပယ်က အားလုံးနဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ ဘာလာကရစ်ရှ်နန်က ထည့်သွင်းပြောဆိုခဲ့ပြီး အသေးစိတ်ကိုတော့ ထပ်မပြောပါဘူး။

    “နိုင်ငံတစ်နိုင်ငံမှာ ပြည်ပက ဝင်ရောက်စွက်ဖက်မှု မရှိရဘူးဆိုတာ စင်ကာပူက ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ နိုင်ငံတစ်ခုရဲ့ အလုံးစုံသောကံကြမ္မာဟာ ပြည်သူတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်”

    ၂၀၂၀ နိုဝင်ဘာက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရကို ​ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်မှုအတွက် အာဆီယံဟာ ပြစ်တင်ပြောဆိုခံနေရတာပါ။

    အာဆီယံအထူးကိုယ်စားလှယ် အရ်ဝမ်ယူစွဖ်ဟာ စက်တင်ဘာလမှာ မြန်မာ့အရေး ဖြစ်ပေါ်တိုးတက်မှုတွေကို အာဆီယံအဖွဲ့ထံ အစီရင်ခံရမှာ ဖြစ်ပါတယ်။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ အထူးကိုယ်စားလှယ်ခန့်အပ်မှုဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံပြီး မျှတတဲ့ကြားဝင်စေ့စပ်သူအဖြစ် နိုင်ငံရေးဆွေးနွေးမှုတွေလုပ်နိုင်အောင် တိုက်တွန်းအားပေး၊ စီစဉ်ဖို့ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒါဟာ ကြီးမားတဲ့ စမ်းသပ်မှုကြီးပါ။ အရ်ဝမ်အနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့နိုင်ပါ့မလားဆိုတာလည်း ရှိပါသေးတယ်”

    Ref: Straits Times

  • မြန်မာနိုင်ငံတွင် လုပ်ငန်းဆက်လုပ်မည်ဟု အိန္ဒိယ ထိပ်တန်း ဆိပ်ကမ်းကုမ္ပဏီ ထုတ်ပြန်

    မြန်မာနိုင်ငံတွင် လုပ်ငန်းဆက်လုပ်မည်ဟု အိန္ဒိယ ထိပ်တန်း ဆိပ်ကမ်းကုမ္ပဏီ ထုတ်ပြန်

    ဩဂုတ် ၄၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တာဟာ အမေရိကန်က ထုတ်ပြန်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု လမ်းညွှန်ချက်တွေနဲ့ ညိစွန်းခြင်းမရှိဘူးလို့ အိန္ဒိယ ထိပ်တန်း ဆိပ်ကမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Adani က ပြောကြားလိုက်ပါတယ်။

    Adani လုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်က ရန်ကုန် နိုင်ငံတကာဆိပ်ကမ်းကို စီမံလုပ်ကိုင်ခွင့် ရခဲ့တာပါ။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် တက်လာတဲ့ စစ်အာဏာရှင်အစိုးရနဲ့ လက်တွဲမလုပ်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆော်ဩမှုတွေရှိခဲ့ပြီး Adani ကလည်း အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု စည်းမျဉ်းတွေနဲ့ငြိရင် မြန်မာနိုင်ငံကနေ ထွက်ခွာမယ်လို့ မေလမှာ ထုတ်ပြန်ပြောကြားခဲ့ဖူးပါတယ်။

    မနေ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာတော့ အမေရိကန်ဘဏ္ဍာရေးဌာနအောက်မှာရှိတဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာအဖွဲ့ (OFAC) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ ငြိစွန်းခြင်းမရှိဘူးလို့ ယုံကြည်တဲ့အတွက် မြန်မာနိုင်ငံမှာ ဆိပ်ကမ်းလုပ်ကိုင်ခွင့်ရရေး OFAC မှာ လိုင်စင် လျှောက်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဒီရင်နှီးမြှုပ်နှံမှု တန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၂၉၀ ရှိမှာဖြစ်ပါတယ်။ Adani ကတော့ သူတို့ရဲ့ ဒီလုပ်ငန်းကနေ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့၊ ပုဂ္ဂလိကကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့ မျှော်လင့်ထားကြောင်း၊၊ ခြစားမှုတိုက်ဖျက်ရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Adani ကုမ္ပဏီရဲ့ အကြီးအကဲ ကာရန် အာဒါနီဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လက လက်ရှိ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

    Ref: Economic Times

  • မြန်မာ့အရေး အလျင်အမြန်ဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့များက အာဆီယံကို တောင်းဆို

    မြန်မာ့အရေး အလျင်အမြန်ဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့များက အာဆီယံကို တောင်းဆို

    ဩဂုတ် ၄၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ဆိုးရွားတဲ့ လူ့အခွင့်အရေးအခြေအနေတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေကို အလျင်အမြန် ဖြေရှင်းဖို့နဲ့ စစ်အာဏာရှင်အစိုးရကို အသိအမှတ်ပြုတာမျိုး မလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

    ဧပြီလ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီချက် ၆ ခု ရရှိခဲ့ပေမယ့် အခုအချိန်အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။

    လူ့အခွင့်အရေးအဖွဲ့နှစ်ခုဖြစ်တဲ့ FORUM-ASIA နဲ့ Progressive Voice တို့ရဲ့ မနေ့က ပူးတွဲကြေငြာချက်မှာတော့ အာဆီယံက ရရှိထားတဲ့ သဘောတူညီချက်တွေက ဘာတိုးတက်မှုမှ မရှိဘူးလို့ ထောက်ပြခဲ့ပြီး၊ မြန်မာ့အရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ အာဆီယံကို ဖြေရှင်းဖို့ တာဝန်လွှဲပေးလိုက်တာဟာ မှားယွင်းကြောင်း ဖော်ပြထားပါတယ်။

    အာဆီယံဟာ အာဏာသိမ်းစစ်အစိုးရနဲ့ ဆက်ဆံမယ့်အစား NUG အစိုးရ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့တွေ၊ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ၊ နယ်စပ်ဖြတ်ကျော်အဖွဲ့တွေနဲ့ ထိတွေ့ဆောင်ရွက်သင့်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    အခုတစ်ပတ် တနင်္လာနေ့က စတင်ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်တစ်ဦးကို အပြီးသတ် ခန့်အပ်သွားဖို့ရှိနေပြီး၊ ကိုဗစ်ဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံအတွက် အာဆီယံလူသားချင်း စာနာထောက်ထားမှုစင်တာ AHA ကနေ ကူညီပေးဖို့လည်း စီစဉ်မှာပါ။

    ဒါပေမယ့် AHA ရဲ့ ဒီကူညီမှုဟာ စစ်အစိုးရကို သွယ်၀ိုက်ကိုယ်စားပြုတာမျိုး ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အရင် ရိုဟင်ဂျာ ပြဿနာတုန်းကလည်း AHA ဟာ ဖြေရှင်းဆောင်ရွက်နိုင်မှု မရှိတဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

    Progressive Voice အဖွဲ့က မခင်ဥမ္မာက စစ်အာဏာရှင်ကို နိုင်ငံရေးအရ၊ နည်းစနစ်ပိုင်းအရ အခွင့်အရေးရသွားစေမယ့် နည်းလမ်းမျိုးနဲ့ မြန်မာပြည်သူတွေအပေါ် အကူအညီပေးပိုင်ခွင့် AHA မှာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    Milk Tea Alliance အဖွဲ့က မမီးမီးခန့်ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ အကူညီပေးတဲ့အနေရာမှာ အဆီယံကို ကျော်ကြည့်ရမှာဖြစ်ပြီး ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေကနေတစ်ဆင့် အကူအညီပေးလို့မရကြောင်း၊ စစ်တပ်သာ အာဏာမသိမ်းဘူးဆိုရင် လူထောင်ချီသေဆုံးတဲ့ လက်ရှိအခြေအနေမျိုး ဖြစ်လာမှာမဟုတ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာစစ်ခေါင်းဆောင် ကိုယ်ကျိုးအတွက် အချိန်ဆွဲနေသည်ဟု အမေရိကန် ဝေဖန်

    မြန်မာစစ်ခေါင်းဆောင် ကိုယ်ကျိုးအတွက် အချိန်ဆွဲနေသည်ဟု အမေရိကန် ဝေဖန်

    ဩဂုတ် ၃၊ ၂၀၂၁
    M-Media

    -မြန်မာစစ်အာဏာရှင်ဟာ အချိန်ဆွဲနေတယ်လို့ အမေရိကန်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပြီး အာဆီယံအဖွဲ့အစည်းအနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အခုတစ်ပတ်လုံး အွန်လိုင်းကနေ အစည်းအဝေးပြုလုပ်ကာ တရုတ်ရဲ့ ရန်အပါအဝင် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်လည်း တက်ရောက်ပါဝင်မှာဖြစ်ပါတယ်။

    ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်တစ်ဦး ပေါ်ထွက်လာဖို့ ရှိနေပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက မြန်မာစစ်ခေါင်းဆောင်အနေနဲ့ မိမိတို့အဆိုပြုထားတဲ့ ကိုယ်စားလှယ် ၃ ဦးထဲက တစ်ဦးကို လက်ခံဖို့ မနေ့က တိုက်တွန်းခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဟာ အိမ်စောင့်အစိုးရဖွဲ့စည်းကြောင်း ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ဩဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင်က ၂၀၂၃ ခုနှစ် ဩဂုတ်လမတိုင်ခင် ရွေးကောက်ပွဲ လုပ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်ခေါင်းဆောင်ရဲ့ ဒီပြောကြားမှုဟာ ကိုယ်ကျိုးအတွက် အချိန်ဆွဲလိုတယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတယ်လို့ အမေရိကန်က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ မြန်မာ့အရေး သဘောတူညီချက် ၆ ချက်ကို အကောင်အထည်ဖော်ဖို့လည်း အမေရိကန်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

    Ref; Daily Mail

  • အာဆီယံကိုယ်စားလှယ်တစ်ဦး အမြန်ဆုံးအတည်ပြုရေး စစ်ကောင်စီကို အင်ဒိုနီးရှားတိုက်တွန်း

    အာဆီယံကိုယ်စားလှယ်တစ်ဦး အမြန်ဆုံးအတည်ပြုရေး စစ်ကောင်စီကို အင်ဒိုနီးရှားတိုက်တွန်း

    ဩဂုတ် ၂၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေး၊ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး စတာတွေအတွက် အာဆီယံနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့မှာ ဆွေးနွေးခဲ့ပါတယ်။

    မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုမှာ ထိထိရောက်ရောက် မဖြေရှင်းနိုင်မှုအတွက် အာဆီယံဟာ ဝေဖန်မှုတွေခံနေရတာပါ။ ဧပြီလမှာ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး အချက် ၆ ချက်ကို သဘောတူညီခဲ့ပေမယ့် တိုးတက်မှု မရှိပါဘူး။

    အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အဖွဲ့ဝင်နိုင်ငံတွေ အဆိုပြုထားတဲ့ လူ ၃ ဦးထဲက တစ်ဦးကို အမြန်ဆုံး အတည်ပြုရေး စစ်ကောင်စီကို ဒီကနေ့အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။ ဒီရာထူးအတွက် လက်ရှိမှာ လူ ၃ ဦးကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အဆိုပြုထားတာပါ။

    အဲဒီသူတွေကတော့ ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ သံတမန်​ဟောင်း ဗီရာဆက်ဒီ ဖူထရက်ဖူလ်၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါ၊ ၂၀၀၀ ပြည့်နှစ်တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မလေးရှားက ရာဇာလီ အစ္စမာအီလ်တို့ ဖြစ်ပါတယ်။

    လက်ရှိမှာ ဗီရာဆက်ဒီ ဖူထရက်ဖူလ်က အထူးကိုယ်စားလှယ်ဖြစ်ဖို့ အခွင့်အလမ်းပိုများနေပေမယ့် အင်ဒိုနီးရှားက ဗီရာဆက်ဒီကို ကန့်ကွက်ထားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗီရာဆက်ဒီကို ပိုမိုလိုလားကြောင်း ဩဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ်ကို မေလအလယ်ပိုင်းမှာ နောက်ဆုံးထားခန့်အပ်ဖို့အတွက် သတ်မှတ်ထားပေမယ့် မခန့်နိုင်ခဲ့ပါဘူး။ အမည်မဖော်လိုတဲ့ အာဆီယံ သံတမန်တစ်ဦးက အဖွဲ့ကခန့်ထားတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်က လက်ခံမလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမလားဆိုတဲ့ ကိစ္စတွေက မသေချာသေးဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကိုဗစ် တတိယလှိုင်းဒဏ် ခံစားနေရတဲ့ မြန်မာနိုင်ငံကို အကူအညီပေးရေးကိစ္စလည်း ​ဆွေးနွေးခဲ့ပါတယ်။ အဖွဲ့ရဲ့ သဘာ၀ဘေး တုန့်ပြန်ရေးအဖွဲ့ကနေ ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မြန်မာနိုင်ငံကို ပေးပို့ကူညီဖို့ အာဆီယံအဖွဲ့က စီစဉ်ထားတာပါ။

    ဝါရှင်တန်အခြေစိုက် နိုင်ငံရေးသုတေသနအဖွဲ့ဖြစ်တဲ့ Center for Strategic and International Studies က အရှေ့တောင်အာရှရေးရာ လေ့လာသူ ဂရက်ဂျ်ပိုလင်က မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့ခွင့်ရရေးဟာ အာဆီယံအတွက် အရေးပါပေမယ့် ဒါကို အခြေခံပြီး အာဆီယံရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေကို စစ်ခေါင်းဆောင်တွေက လက်ခံဖို့ အနေအထားမရှိဘူးလို့ သုံးသပ်ပါတယ်။

    “စစ်အာဏာရှင်အပေါ်မှာ အာဆီယံက ဘာလွှမ်းမိုးမှုမှ မရှိပါဘူး”

    Ref: AP