News @ M-Media

Tag: Myanmar Military

  • စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့နေ

    စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့နေ

    ဇွန် ၂၄၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကနေ ဆန်တွေကို ဘင်္ဂလားဒေ့ရှ်က ဆက်လက်တင်သွင်းနေတယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံကနေ ဆန်တန်ချိန် ၁ သိန်း တင်သွင်းဖို့ အရင် NLD အစိုးရလက်ထက် ဇန်နဝါရီလမှာ သဘောတူညီချက် ရခဲ့တာပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်က ဒီအစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ခဲ့ပါတယ်။

    ဒါပေမယ့် ဧပြီလနှောင်းပိုင်းကစတင်ပြီး ပြန်အကောင်အထည်ဖော်နေတယ်လို့ အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန USDA က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဧပြီလနှောင်းပိုင်းမှာ မြန်မာနိုင်ငံကနေ ဆန် တန်ချိန် ၁၁၁၉၃ တန် ဘင်္ဂလားဒေ့ရှ်ဖက်ကို ပို့ခဲ့တာပါ။ အခုလအစောပိုင်းမှာ ထပ်ပို့ဖို့ စီစဉ်ခဲ့ပေမယ့် မပို့ဖြစ်ခဲ့ဘူးလို့ USDA က ပြောပါတယ်။

    မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် NLD အစိုးရလက်ထက်မှာ သဘောတူညီချက်ရခဲ့တဲ့ ဆန်တင်သွင်းမှုကို ရပ်ဆိုင်းထားတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဖေဖော်ဝါရီလမှာ တရားဝင်ထုတ်ပြောထားပေမယ့်၊ ဘယ်အချက်နဲ့ ဒီအစီအစဉ် ပြန်အကောင်အထည်ဖော်လည်း တိတိကျကျ မသိရပါဘူး။

    FDA ရဲ့ ဒီဖော်ပြချက်ကို ဘင်္ဂလားဒေ့ရှ်ဖက်က တုန့်ပြန်တာမျိုး မရှိသေးပါဘူး။

    Ref : Dhaka Tribune

  • စောင်မကြည့်ရှုသည့် ရုရှားကို ကျေးဇူးဥပကာရတင်ရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

    စောင်မကြည့်ရှုသည့် ရုရှားကို ကျေးဇူးဥပကာရတင်ရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

    ဇွန် ၂၃၊ ၂၀၂၁
    M-Media

    -မိမိတို့ကို အင်အားတောင့်တင်းအောင် ကူညီပံ့ပိုးပေးတဲ့ ရုရှားနိုင်ငံကို ကျေးဇူးတင်တယ်လို့ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးဟာ မော်စကိုမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို တက်ရောက်ဖို့ ရုရှားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

    “ရုရှားရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ စစ်တပ်ဟာ ဒေသတွင်း အတောင့်တင်းဆုံးစစ်တပ်တစ်ခု ဖြစ်လာတာပါ” လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုဂူနဲ့ တွေ့ဆုံစဉ်မှာ စစ်ကောင်စီဥက္ကဌက ပြောကြားခဲ့ပါတယ်။

    ရုရှားနဲ့ မြန်မာတို့ရဲ့ မိတ်ဖက်ဆက်ဆံရေးဟာ ခိုင်မာသထက် ခိုင်မာလာတယ်လို့လည်း သူက ပြောပါတယ်။

    ရုရှားဟာ ခေတ်ခေတ်အဆက်ဆက် မြန်မာစစ်အာဏာရှင်တွေကို စစ်လက်နက်၊ နည်းပညာတွေ ထောက်ပံ့ပေးခဲ့တာပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်အာဏာရှင်ကို ဆက်လက်ကူညီသွားမယ့်အကြောင်း ရုရှားက လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့အတွက် မြန်မာနိုင်ငံဟာ မဟာဗျူဟာမြောက် မိတ်ဟောင်းဆွေဟောင်း၊ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်ပါ။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

    မော်စကိုရောက်နေတဲ့ စစ်ကောင်စီဥက္ကဌဟာ ရုရှား လုံခြုံရေးကောင်စီ အကြီးအကဲ နီကိုလိုင်း ပက်ထရူးရှက်နဲ့ တွေ့ဆုံခဲ့သလို၊ ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ Rosoboronexport အကြီးအကဲ အလက်ဇန်းဒါး မီခီယက်ဗ်နဲ့တွေ့ဆုံပြီး စစ်လက်နက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

    ဒီခရီးစဉ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဥက္ကဌရဲ့ ဒုတိယမြောက် နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံတစ်ဝှမ်း ပြည်သူ အနည်းဆုံး ၉၀၀ လောက် သေဆုံးကာ၊ ဒဏ်ရာရသူနဲ့ မတရား ဖမ်းဆီး ထိန်းသိမ်းခံရသူ ထောင်ချီ ရှိနေပါတယ်။ ိ

    Ref: Reuters

  • ဥရောပသမဂ္ဂက စစ်ကောင်စီကို ၃ ကြိမ် ပိတ်ဆို့အရေးယူမှု ပြုလုပ်

    ဥရောပသမဂ္ဂက စစ်ကောင်စီကို ၃ ကြိမ် ပိတ်ဆို့အရေးယူမှု ပြုလုပ်

    ဇွန် ၂၂၊ ၂၀၂၁
    M-Media

    -အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေအပေါ် ဥရောပသမဂ္ဂက တတိယအကြိမ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

    အခုစာရင်းထဲမှာ စစ်ကောင်စီက ဝန်ကြီးနဲ့ ဒုတိယဝန်ကြီး စုစုပေါင်း ၈ ဦး၊ စစ်ခေါင်းဆောင်တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်လုပ်ငန်း ၃ ခု၊ စစ်ခေါင်းဆောင်တွေကို ကူညီပေးနေတဲ့ အောက်ခြေအဖွဲ့အစည်း ၁ ခုတို့ ပါဝင်လာပါတယ်။

    စစ်ကောင်စီက ခန့်ထားတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စစ်ကောင်စီမှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ရေတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနိုင်၊ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး ဦးခင်မောင်ရီ၊ ရှေ့နေချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုစာရင်းထဲမှာ ပါဝင်လာပါတယ်။

    စာရင်းထဲမှာပါဝင်တဲ့သူတွေဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ ပိုင်ဆိုင်မှုတွေရှိရင် သိမ်းဆည်းခံရမှာဖြစ်ပြီး၊ ဒီလူတွေနဲ့ စီးပွားရေး ဆက်သွယ်ဆောင်ရွက်တာကို တားမြစ်မှာဖြစ်ပါတယ်။

    စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့ ကျောက်မြတ်လုပ်ငန်း၊ သစ်လုပ်ငန်း၊ သစ်တောထွက်ပစ္စည်း ဖက်စပ် ကော်ပိုရေးရှင်း လီမိတက်၊ စစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေတဲ့ စစ်မှူထမ်းဟောင်းများအဖွဲ့တို့လည်း ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲမှာ ပါဝင်လာပါတယ်။

    ကျောက်မြတ်နဲ့ သစ်လုပ်ငန်းတို့ကို ပစ်မှတ်ထား အရေးယူလိုက်တာဟာ စစ်ခေါင်းဆောင်တွေ နိုင်ငံရဲ့ သယံဇာတ အမြတ်ထုတ်နေမှုကို ကန့်သတ်လိုက်တာဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဥရောပသမဂ္ဂဟာ ဖေဖော်ဝါရီလနဲ့ မတ်လတို့က အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို နှစ်ကြိမ်တိတိ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင် ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုခံရတဲ့ စစ်ခေါင်းဆောင်အရေအတွက်ဟာ ၄၃ ဦးရှိလာပြီး၊ သူတို့ပိုင်တဲ့ လုပ်ငန်းက ၆ ခု ရှိလာပါပြီ။

    ဒီလူတွေနဲ့ အဖွဲ့အစည်းတွေဟာ တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် လုပ်ဆောင်နေပြီး လူ့အခွင့်အရေးကိုလည်း ဆိုးဆိုးရွားရွား ချိုးဖောက်နေတယ်လို့ ဥရောပသမဂ္ဂက ပြောကြားထားပါတယ်။

    ဗြိတိန်ကလည်း မနေ့က အာဏာသိမ်းစစ်ကောင်စီအပေါ် ၆ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ပြီး အခုစာရင်းထဲမှာ မြန်မာ့သစ်လုပ်ငန်းနဲ့ ပုလဲလုပ်ငန်းတွေ ပါဝင်လာပါတယ်။

    Ref: UPI

  • ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်ရန် စစ်ကောင်စီက စိတ်ပိုင်းဖြတ်ထား

    ဇွန် ၂၁၊ ၂၀၂၁
    M-Media

    FILE PHOTO: Myanmar’s military junta leader, General Min Aung Hlaing, speaks in a media broadcast in Naypyitaw, Myanmar February 8, 2021 in this still image taken from video. MRTV/Reuters TV via REUTERS

    -နှစ်နိုင်ငံဆက်ဆံရေးခိုင်မာအောင် ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ မြန်မာ အာဏာသိမ်းစစ်ကောင်စီအကြီးအကဲက ပြောကြားခဲ့ကြောင်း ရုရှား လုံခြုံရေးဆိုင်ရာ အကြီးအကဲ နီကိုလိုင်း ပက်ထရူးရှက်ဗ်က ပြောပါတယ်။

    စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မော်စကိုမှာ ၃ ရက်ကြာကျင်းပမယ့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ဖို့ မနေ့က ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

    ပက်ထရူးရှက်ဗ်က စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံမှုအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ကတော့ စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံဖို့ မရှိဘူးလို့ သမ္မတပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီဥက္ကဌရဲ့ ဒီခရီးစဉ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယမြောက် နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

    Ref: RT

  • လူသားချင်းစာနာစိတ်ရှိရန်နှင့် ဘာသာရေးနေရာများကို လေးစားရန် စစ်ကောင်စီကို ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

    လူသားချင်းစာနာစိတ်ရှိရန်နှင့် ဘာသာရေးနေရာများကို လေးစားရန် စစ်ကောင်စီကို ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

    ဇွန် ၂၀၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို အကူအညီပေးနိုင်ရေး လမ်းကြောင်းတစ်ခု ဖော်ဆောင်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေတ္တာရပ်ခံလိုက်ပါတယ်။

    အာဏာသိမ်းမှုဆန့်ကျင်တာကို စစ်ကောင်စီက အကြမ်းဖက်တုန့်ပြန်တာကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက ပြည်သူတွေဟာ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တိုက်ထုတ်နေကြတာပါ။

    စစ်ကောင်စီတပ်တွေကလည်း လေယာဉ်တွေ၊ လက်နက်ကြီးအပါအဝင် အင်အားအများအပြားသုံးပြီး အရပ်သားတွေနေထိုင်တဲ့ နေရာပါမကျန် တုန့်ပြန်တိုက်ခိုက်တာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ သိန်းချီရှိလာပြီ ဖြစ်ပါတယ်။

    ဒီကနေ့ စိန့်ပီတာရင်ပြင်က ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လူသားချင်းစာနာထောက်ထားဖို့၊ ဘာသာရေးအဆောက်အဦးတွေကို လေးစားဖို့ မြန်မာနိုင်ငံ ကက်သလစ်ရဟန်းတော်များအသင်းရဲ့ ပြီးခဲ့တဲ့တစ်ပတ်က မေတ္တာရပ်ခံမှုအတိုင်း မိမိလည်း စစ်ကောင်စီကို ထပ်လောင်း မေတ္တာရပ်ခံလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့သူတွေဟာ ဆာလောင်မွတ်သိပ်မှုလို ကြေကွဲစရာ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပုပ်ဖရန်စစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    လတ်တလောဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအတွင်း စစ်ကောင်စီတပ်တွေဟာ ကယားပြည်နယ်မှာ ခရစ်ယာန်ဘုရားကြောင်းကို လက်နက်ကြီးနဲ့ ထုခဲ့တဲ့အတွက် ဘုရားကျောင်းပျက်ဆီးကာ အထဲမှာ ခိုလှုံနေသူတစ်ချို့ သေဆုံးဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့ပါတယ်။

    Ref: The Star