News @ M-Media

Tag: Myanmar Military

  • ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲချက်များ မှန်ကန်မှုမရှိဟု HRW ပြော

    ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲချက်များ မှန်ကန်မှုမရှိဟု HRW ပြော

    ဇွန် ၁၄၊ ၂၀၂၁
    M-Media

    -​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီရဲ့ စွဲချက်တွေဟာ မှန်ကန်မှုမရှိဘဲ၊ တရားစီရင်မှုကလည်း မျှတမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ပြောကြားလိုက်ပါတယ်။

    ရှေ့နေငှားခွင့် ကန့်သတ်ခံရတာ၊ အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ တရားရုံးမှာ တရားစီရင်တာတွေကြောင့် ဒေါ်ဆောင်ဆန်းစုကြည်ဟာ မျှတတဲ့ တရားစီရင်မှုမျိုး ရဖွယ်မရှိဘူးလို့ HRW အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ် ရောဘတ်ဆန်ရဲ့ ဒီကနေ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “​ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေဟာ မှန်ကန်မှုမရှိဘဲ၊ ၂၀၂၀ နိုဝင်ဘာက သူမရဲ့ ရွေးကောက်ပွဲ တောင်ပြိုကမ်းပြို အနိုင်ရမှုကို ပယ်ဖျက်ဖို့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီစွဲချက်တွေအားလုံးကို ရုပ်သိမ်းပြီး သူမကို ချွင်းချက်မထားဘဲ ချက်ခြင်း ပြန်လွှတ်ပေးရပါမယ်”

    အရင်က ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု၊ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ စတာတွေနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပြီး အခုတစ်ပတ်ကစလို့ တစ်ပတ် ၂ ရက် အပတ်စဉ် ရုံးချိန်းနဲ့ စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။

    ရောဘတ်ဆန်က အခုစွဲချက်တွေဟာ အစသာရှိသေးပြီး ဒေါ်အောင်ဆန်းစုကြည် အပြင်ပြန်ထွက်မလာဖို့အတွက် စစ်ကောင်စီက အခြားအမှုတွေ ဆက်တွဲမှာဖြစ်ကြောင်း၊ ဒါဟာ အနာဂတ်မှာ စစ်တပ်ကို ပခုံးချင်း ယှဉ်မလာနိုင်ရေး သူမနဲ့ သူမရဲ့ NLD ပါတီကို ဖယ်ရှားဖို့ စစ်တပ်ရဲ့ ကြိုးပမ်းမှုဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: HRW

  • မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဟု ဂျပန်အထက်လွှတ်တော် ဆုံးဖြတ်

    မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဟု ဂျပန်အထက်လွှတ်တော် ဆုံးဖြတ်

    ဇွန် ၁၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်နေတာကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဂျပန်အထက်လွှတ်တော်မှာ မနေ့က တစ်ညီတစ်ညွတ်တည်း အတည်ပြုလိုက်ပါတယ်။

    အောက်လွှတ်တော်မှာလည်း ပြီးခဲ့တဲ့တစ်ပတ်က အလားတူဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သွားဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေ၊ မျှော်လင့်ချက်တွေကို နင်းခြေဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် လက်ရှိ စစ်တပ်က ဖော်ဆောင်ထားတဲ့ အစိုးရကို လုံး၀ အသိအမှတ်မပြုကြောင်းလည်း ဆုံးဖြတ်ချက် ဆိုပါတယ်။

    “အကြမ်းဖက်မှု ဆက်ဖြစ်နေပြီး လူတွေအများအပြား အသတ်ခံနေရတာ၊ ညှင်းပမ်းခံနေရတာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်နေတာကို ချက်ခြင်းရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ စစ်ခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်”

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ထွန်းကားလာရေး သံတမန်နည်းလမ်းတွေ၊ အခြားနည်းလမ်းတွေကို အသုံးပြု ဆောင်ရွက်သွားမယ်လို့လည်း အထက်လွှတ်​တော်ရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အကူအညီအများအပြားပေးနေတဲ့ နိုင်ငံဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရှေ့ဆက် အကူအညီပေးတော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    Ref: The Daily Star

  • စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ကုလလူ့အခွင့်အရေးအကြီးအကဲ ရှုတ်ချ

    စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ကုလလူ့အခွင့်အရေးအကြီးအကဲ ရှုတ်ချ

    ဇွန် ၁၁၊ ၂၀၂၁
    M-Media

    -တိုက်ခိုက်မှုတွေ မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံဟာ ဒုက္ခတွင်းထဲ သက်ဆင်းနေရပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှလ် ဘာချလတ်က သတိပေးလိုက်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကိုလည်း ရှုတ်ချလိုက်ပါတယ်။

    ဘာချလတ်ဟာ ဧပြီလက မြန်မာကိုလာရောက်ဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။

    ဒီကနေ့ထုတ်ပြန်တဲ့ ဘာချလတ်ရဲ့ ကြေငြာချက်မှာ ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်လိုတဲ့ဆန္ဒမျိုး စစ်ကောင်စီမှာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် လတ်တလော ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွအတွင်း အရပ်သားတွေကို စစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ နေအိမ်တွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ သူတို့မှာရှိနေတယ်လို့လည်း ဘာချလတ်က ပြောပါတယ်။

    “တင်းမာမှုလျော့ချရေး ကြိုးပမ်းတာမျိုး လုံး၀မရှိဘဲ၊ အဓိကဒေသတွေမှာ တပ်ဖွဲ့တွေ ထပ်တိုးချထာတာမျိုး၊ အကြမ်းဖက်မှု ရပ်ပေးမယ်ဆိုပြီး အာဆီယံမှာ ပေးခဲ့တဲ့ ကတိကဝတ်နဲ့ ဆန့်ကျင်ဖက်လုပ်တာမျိုးကိုပဲ တွေ့ရပါတယ်”

    မြန်မာနိုင်ငံကပြဿနာဖြေရှင်းရေးမှာ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ဘာချလတ်က တိုက်တွန်းခဲ့ပြီး၊ NUG အပါအဝင် နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးမှု ချက်ခြင်းလိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “စစ်တပ်က အရပ်သားတွေနဲ့ အရပ်သားအဆောက်အဦးတွေပေါ်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဟာ လက်မခံနိုင်စရာကိစ္စဖြစ်ပြီး ဒါကိုရပ်တန့်ရေး နိုင်ငံတကာအသိုင်းအဝိုင်းက တစ်ညီတစ်ညွတ်တည်း တောင်းဆိုဖို့ လိုအပ်ပါတယ်။ ဒီပြဿနာအတွက် စစ်ခေါင်းဆောင်တွေမှာသာ တာဝန်ရှိပြီး၊ ဒါကို သူတို့ကပဲ တာဝန်ခံရပါမယ်”

    NUG က ဖွဲ့စည်းထားတဲ့ PDF အဖွဲ့၊ အခြားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း အရပ်သားတွေ ထိခိုက်မှုမရှိအောင် နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်ဖို့ ဘာချလတ်က တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters

  • စစ်ကောင်စီ၏ အဓမ္မအမိန့်ကြောင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ လုပ်ငန်းရပ်ဆိုင်းထားရ

    စစ်ကောင်စီ၏ အဓမ္မအမိန့်ကြောင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ လုပ်ငန်းရပ်ဆိုင်းထားရ

    ဇွန် ၁၀၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီရဲ့ အဓမ္မဖိအားပေးမှုကြောင့် ထားဝယ်မြို့မှာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က ထုတ်ပြန်ပါတယ်။

    ထားဝယ်မှာ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ INGO တွေ လုပ်ငန်း ဆက်လက်လုပ်ဆောင်ခြင်း မပြုဖို့ စစ်ကောင်စီအာဏာပိုင်တွေက ပြီးခဲ့တဲ့တစ်ပတ်မှာ စာထုတ်ဟန့်တားခဲ့တာပါ။

    MSF က သူတို့လည်း ဒီစာကို လက်ခံရရှိခဲ့ပြီး အကူအညီပေးမှုတွေ ရပ်ဆိုင်းလိုက်ရတာကြောင့် HIV နဲ့ တီဘီလူနာ ထောင်နဲ့ချီ ဆေးဝါးပြတ်တောက်ကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးအထိ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အလွန်အမင်း ပျက်ယွင်းနေတဲ့ အခုလိုအချိန်မျိုးမှာ MSF ရဲ့ ကူညီမှုတွေကို ရပ်ဆိုင်းလိုက်ရတာကြောင့် မိမိတို့လူနာ တော်တော်များများမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်” လို့ MSF ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ထား၀ယ်မြို့နဲ့ အနီးအနားပတ်ဝန်းကျင်မှာ MSF ကနေ အခမဲ့ ကုသပေးနေတဲ့ HIV လူနာ ၂၁၆၂ ဦး ရှိနေပြီး ဘာ့ကြောင့် သူတို့ရဲ့ ကူညီမှုကို တားမြစ်ရလဲဆိုတာ အာဏာပိုင်တွေကို ပြန်မေးထားကာ၊ အမိန့်ကို ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုထားကြောင်း MSF က ဆိုပါတယ်။

    စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ပျက်ယွင်းလာပြီး၊ အကူအညီပေးရေးအဖွဲ့တွေကို အခုလို ပိတ်ပင်လိုက်တဲ့အတွက် တီဘီနဲ့ အခြားကူးစက်ရောဂါအန္တရာယ် ပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း MSF က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: AFP

  • ကယားပြည်နယ်တွင် လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ကြောင်း ကုလ သတိပေး

    ကယားပြည်နယ်တွင် လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ကြောင်း ကုလ သတိပေး

    ဇွန် ၉၊ ၂၀၂၁
    M-Media

    ကားပြည်နယ်မှ မြင်ကွင်းတစ်ခု

    -စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုနဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် ကယားပြည်နယ်မှာ လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ချေ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တာပါ။ အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးလည်း ပေါ်လာပါတယ်။

    ကယားပြည်နယ်က ဒေသတစ်ချို့မှာ ပြည်သူတွေဟာ ရရာလက်နက်စွဲကိုင်ကာ တော်လှန်နေကြပြီး၊ စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေအပါအဝင် အင်အားအလွန်အကျွံသုံးကာ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

    တွမ်အန်ဒရူးရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယတွေကြောင့် ကယားပြည်နယ်မှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်သူငယ်တွေ လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ချေရှိတယ်လို့ သတိပေးခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံအခြေစိုက် ကုလရုံးကလည်း ကယားပြည်နယ်မှာ အကြမ်းဖက်မှုကြောင့် လူ တစ်သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တောတောင်တွေထဲမှာ ခိုလှုံနေရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ထွက်ပြေးရသူတွေ၊ စစ်တပ်ရဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့တိုက်ခိုက်မှုဒဏ်ကို ခံနေရတဲ့ နေရာက လူတွေဟာ အစားအစာ၊ ရေ၊ နေစရာ၊ လောင်စာဆီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့လည်း ကုသမဂ္ဂက ပြောပါတယ်။

    “ဒီပြဿနာကြောင့် လူတွေဟာ ဘေးလွတ်ရာ နိုင်ငံတကာ နယ်နမိတ်တွေဆီ ထွက်ပြေးရတာမျိုး ဖြစ်နိုင်ပါတယ်။ အရပ်သားတွေနဲ့ အရပ်ဖက် အဆောက်အဦးတွေကို ကာကွယ်ရေး လိုအပ်တဲ့ ဆောင်ရွက်မှုတွေ၊ ကြိုတင်စီစဉ်မှုတွေ လုပ်ဆောင်ဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းပါတယ်” လို ကုလရုံးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera