News @ M-Media

Tag: Myanmar Military

  • လုံခြုံရေးကောင်စီတွင် တရုတ်က စစ်ကောင်စီကို ထပ်မံကာကွယ်ပေး

    လုံခြုံရေးကောင်စီတွင် တရုတ်က စစ်ကောင်စီကို ထပ်မံကာကွယ်ပေး

    ဇွန် ၂၀၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံပြဿနာဖြေရှင်းရာမှာ သက်ဆိုင်သူတွေအားလုံး နိုင်ငံရေးဆွေးနွေးမှုကနေ ညှိနှိုင်းတာမျိုး မျှော်လင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွင်းက ပြောပါတယ်။

    စစ်ကောင်စီအပေါ် လက်နက်ရောင်းချမှု တားဆီးရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို သောကြာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုနိုင်ခဲ့ပါတယ်။

    သောကြာနေ့မှာပဲ လုံခြုံရေးကောင်စီကလုပ်တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးမှုမှာ တရုတ်သံအမတ် ကျန်းကျွင်းက မြန်မာနိုင်ငံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး၊ သက်ဆိုင်သူတွေအားလုံးနဲ့ ဆက်သွယ်တောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    လုံခြုံရေးကောင်စီက တစ်ညီတစ်ညွတ်တည်း တုန့်ပြန်ဆောင်ရွက်မှုတွေမှာ မိမိတို့က တက်ကြွစွာ ပါဝင်နေကြောင်း၊ အာဆီယံအဖွဲ့က ကြားဝင်ဆောင်ရွက်နေတဲ့ အစီအစဉ်ကို ထောက်ခံကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်ဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို ခေတ်အဆက်ဆက် အကာအကွယ်ပေးလာတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှု နောက်ကွယ်မှာလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေ ထွက်နေတာပါ။

    ကျန်းကျွင်းက မြန်မာနိုင်ငံပြဿနာဟာ ပြည်တွင်းရေးဖြစ်ပြီး၊ စစ်ကောင်စီအပေါ် ပိတ်ဆို့မှုတွေက အခြေအနေကို ပိုမိုတင်းမာ ရှုပ်ထွေးစေမှာဖြစ်တယ်လို့လည်း သောကြာနေ့ လုံခြုံရေးကောင်စီရဲ့ အလွတ်သဘော ဆွေးနွေးမှုမှာ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြဿနာဖြေရှင်းရေး ကြိုးပမ်းမှုကို ထောက်ခံကူညီဖို့လည်း ကျန်းကျွင်းက တိုက်တွန်းခဲ့ပါတယ်။

    Ref: CGTN

  • ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်မည့် အန္တရာယ်အတွက် ကုလကိုယ်စားလှယ် သတိထပ်ပေး

    ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်မည့် အန္တရာယ်အတွက် ကုလကိုယ်စားလှယ် သတိထပ်ပေး

    ဇွန် ၁၉၊ ၂၀၂၁
    M-Media

    FILE PHOTO: Myanmar’s military junta leader, General Min Aung Hlaing, speaks in a media broadcast in Naypyitaw, Myanmar February 8, 2021 in this still image taken from video. MRTV/Reuters TV via REUTERS

    -မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်မယ့် အန္တရာယ် အမှန်တကယ် ရှိနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက ပြောကြားလိုက်ပါတယ်။

    မြန်မာ့အရေး မနေ့က လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးမှုမှာ ဘာဂီနာတက်ရောက်ပြီး မြန်မာနိုင်ငံက အခြေအနေကို တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း စစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မနေ့က အတည်ပြုခဲ့ပါတယ်။

    ဘာဂီနာက မြန်မာ့အရေးမှာ အချိန်ဆွဲနေလို့မရဘဲ စစ်တပ်ရဲ့ အာဏာသိမ်းမှု နောက်ပြန်ဆုတ်ရေး ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း နည်းလာပြီလို့ ထည့်သွင်း သတိပေးခဲ့ပါတယ်။

    ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကို ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

    ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က အာဏာသိမ်း စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးမှာ စစ်အာဏာသိမ်းမှုဟာ ရိုးရာတစ်ခု ဖြစ်လာတာမျိုး လက်ခံလို့ မရပါဘူး”

  • စစ်ကောင်စီကို လက်နက်မရောင်းရေး ဆုံးဖြတ်ချက် ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်မည်

    စစ်ကောင်စီကို လက်နက်မရောင်းရေး ဆုံးဖြတ်ချက် ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်မည်

    ဇွန် ၁၈၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ရှုတ်ချပြီး လက်နက်ရောင်းချမှု ပိတ်ပင်ရေး တိုက်တွန်းမယ့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီကနေ့ ချမှတ်ဖို့ ရှိနေပါတယ်။

    လုံခြုံ​ရေးကောင်စီကလည်း မြန်မာ့အရေး ဆွေးနွေးမှုတစ်ခုကို ဒီကနေ့ ပြုလုပ်မှာဖြစ်ပြီး ကုလအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာလည်း ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံအခြေအနေကို တင်ပြမှာ ဖြစ်ပါတယ်။

    ကုလအထွေထွေညီလာခံက ချမှတ်မယ့် ဆုံးဖြတ်ချက်မူကြမ်းအတွက် ပြီးခဲ့တဲ့ သီတင်းပတ်အနည်းအငယ်ကတည်းက အနောက်နိုင်ငံတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေအကြား အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ​ဒီကနေ့ အစည်းအဝေးမှာ မဲနဲ့မဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံအားလုံး တစ်ညီတစ်ညွတ်တည်းသဘောထားနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ သံတမန်တစ်ဦးက ပြောပါတယ်။

    မြန်မာ့အရေး ဖြေရှင်းဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို တောက်လျှောက် ဟန့်တားလာတဲ့ တရုတ်က အခုထွက်လာမယ့် ဆုံးဖြတ်ချက်ကို ထောက်ခံမလား၊ ကန့်ကွက်မလားဆိုတာ မသဲကွဲသေးပါဘူး။

    ဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ဆောင်ရွက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူ​တွေကို ပြန်လွှတ်ပေးဖို့၊ ပြည်သူအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

    ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ သဘောတူခဲ့တဲ့ အချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့၊ ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပေးဖို့လည်း ဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။

    Ref: Reuters

  • ကုလသမဂ္ဂ မှတ်တမ်းအမှားကြောင့် မြန်မာအတွက် မြောက်ကိုရီးယားက ငွေလှူဒါန်းခဲ့ဟု နိုင်ငံတကာ မီဒီယာများ ဖော်ပြမိ

    ကုလသမဂ္ဂ မှတ်တမ်းအမှားကြောင့် မြန်မာအတွက် မြောက်ကိုရီးယားက ငွေလှူဒါန်းခဲ့ဟု နိုင်ငံတကာ မီဒီယာများ ဖော်ပြမိ

    ဇွန် ၁၇၊ ၂၀၂၁
    M-Media

    ဇွန် ၁၇၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂကနေတစ်ဆင့် တောင်ကိုရီးယားဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ သိန်း လှုဒါန်းခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေအရ သိရပါတယ်။
    ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA ရဲ့ မှတ်တမ်းအရ တောင်ကိုရီးယားဟာ မေလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေအတွက် ဒီလို လှူဒါန်းခဲ့တာပါ။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်မငြိမ်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေကြောင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ပိုမိုကြီးမားလာပြီး ဒါကိုဖြေရှင်းဖို့ ကန်ဒေါ်လာ ၂၇၆ သန်းလောက် လိုအပ်မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

    မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် တောင်ကိုရီးယားဟာ အရင်ကလည်း ဒေါ်လာ ၆ သိန်း ကုလသမဂ္ဂကို လှူဒါန်းထားပါတယ်။

    မြန်မာစစ်တပ်နဲ့ ရထားတဲ့ ကာကွယ်ရေးသဘောတူညီချက်တွေ၊ လက်နက်ရောင်းချတာတွေကိုတော့ တောင်ကိုရီးယားက ရပ်ဆိုင်းထားပါတယ်။

    မြောက်ကိုရီးယားက မြန်မာအတွက် ဒေါ်လာ ၃ သိန်းလှူဒါန်းတယ်လို့ ကုလရဲ့ အချက်အလက်တွေကို ကိုးကားပြီး နိုင်ငံတကာမီဒီယာတွေက အစောပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

    OCHA ကတော့ သူတို့ရဲ့ မှတ်တမ်းမှာ တောင်ကိုရီးယားကို မြောက်ကိုရီးယားလို့ မှားယွင်းရေးသားမိခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းဌာကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • စစ်ကောင်စီ၏ လူမဆန်မှုများကို ထိထိရောက်ရောက်တားဆီးရန် ကုလသမဂ္ဂထံ မြန်မာသံအမတ်ကြီး စာပို့တောင်းဆို

    စစ်ကောင်စီ၏ လူမဆန်မှုများကို ထိထိရောက်ရောက်တားဆီးရန် ကုလသမဂ္ဂထံ မြန်မာသံအမတ်ကြီး စာပို့တောင်းဆို

    ဇွန် ၁၅၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

    ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂက ကြိုးပမ်းမှုတစ်ချို့ ရှိခဲ့ပေမယ့် ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံတစ်ချို့က ကန့်ကွက်မှုတွေ ရှိတာပါ။

    စစ်ကောင်စီကို အသိအမှတ်ပြုဖို့ ငြင်းဆိုထားတဲ့ ဦကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်လာနိုင်ချေကို တားဆီးဖို့ မေလ ၂၈ ရက်နေ့က ကုလသမဂ္ဂကိုပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ ဒီစာကို မနေ့က တရားဝင်ထုတ်ပြန်တာပါ။

    “​လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ချေ၊ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ဖြစ်လာနိုင်ချေတွေကို တားဆီးရေး နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းပြီး ထိရောက်တဲ့ အရေးယူမှုတွေ အလျင်အမြန်လုပ်ဖို့ အလွန်လိုအပ်နေပါတယ်”

    နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ခိုင်မာတိကျတဲ့ အရေးယူမှုမျိုး မရှိဘူးဆိုရင် စစ်​ကောင်စီတပ်တွေဟာ အရပ်သားတွေကို လူမဆန်စွာ ကျူးလွန်သတ်ဖြတ်မှုတွေ ဆက်လုပ်နေမှာဖြစ်ပြီး၊ နိုင်ငံအတွင်းက အပစ်မဲ့အရပ်သားတွေ ထပ်မံ သေကြေပျက်ဆီးလိမ့်မယ်လို့လည်း ဦးကျော်မိုးထွန်းက ထည့်သွင်းရေးသားထားပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိရောက်တဲ့ တုန့်ပြန်မှု မရှိတာဟာ စစ်ကောင်စီတပ်တွေက ဆန္ဒပြသူတွေအပေါ် ရက်ရက်စက်စက်ဖြိုခွဲဖို့ အထောက်အပံ့ပေးသလို ဖြစ်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

    “ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်တပ်အပေါ် တိကျခိုင်မာတဲ့ အရေးယူမှုမျိုးသာ အချိန်မီလုပ်ခဲ့မယ်ဆိုရင် အပစ်မဲ့သူ ၈၀၀ ကျော် သေဆုံးမှုကို တားဆီးနိုင်မှာပါ”

    မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဧပြီလ ၃၀ ရက်နေ့က နောက်ဆုံး ကျင်းပခဲ့ပြီး အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေး တိုက်တွန်းခဲ့ပါတယ်။

    အာဏာသိမ်းစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်ရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့လက အတည်ပြုဖို့ စီစဉ်ထားပေမယ့် တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်တာကြောင့် ကြာနေတာ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံမှာ တစ်လကျော်ကြာနေထိုင်ခဲ့ပြီး မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂီနာကို ခေါ်ယူကာ မြန်မာ့အရေး ကြားနာသွားမယ်လို့ လုံခြုံရေးကောင်စီက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref : The Star