News @ M-Media

Tag: Myanmar Military

  • ဆက်ဆံရေးပျက်မည်မဟုတ်ဟု စစ်ကောင်စီကို တရုတ်က သတင်းစကားပါး

    ဆက်ဆံရေးပျက်မည်မဟုတ်ဟု စစ်ကောင်စီကို တရုတ်က သတင်းစကားပါး

    ဇွန် ၉၊ ၂၀၂၁
    M-Media

    FILE PHOTO: China’s State Councilor and Foreign Minister Wang Yi attends a meeting with Russia’s Foreign Minister Sergei Lavrov in Guilin, China March 22, 2021. Russian Foreign Ministry/Handout via REUTERS

    -မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဟာ ပြည်တွင်း၊ ပြည်ပ အခြေအနေတွေကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အာဏာသိမ်းစစ်ကောင်စီကို သတင်းစကား ပါးလိုက်ပါတယ်။

    တရုတ်နိုင်ငံ ချုံကျင့်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဍမောင်လွင်ကို ဝမ်ယီက အခုလို ပြောလိုက်တာပါ။

    လက်ရှိ မြန်မာနိုင်ငံက ပြဿနာမှာ သက်ဆိုင်သူအားလုံး နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကတစ်ဆင့် ကွဲလွဲမှုတွေကို စေ့စပ်ဖြေရှင်းတာမျိုးကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့လည်း ဝမ်ယီက ဆိုပါတယ်။

    ဦး၀ဏ္ဍမောင်လွင်ကတော့ သူတို့စစ်ကောင်စီဟာ နိုင်ငံတည်ငြိမ်ရေး ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာ့အရေးကို အာဆီယံကဦးဆောင်ပြီး ဖြေရှင်းရေးမှာ တရုတ်နိုင်ငံက ဆက်လက် ပါဝင်ဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Nikkei Asia

    (ဓာတ်ပုံ – တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် စစ်ကောင်စီဥက္ကဌ)

  • အာဏာသိမ်းပြီး အကြမ်းဖက်နေသည့် စစ်ကောင်စီကို ဂျပန်အောက်လွှတ်တော် ရှုတ်ချ

    အာဏာသိမ်းပြီး အကြမ်းဖက်နေသည့် စစ်ကောင်စီကို ဂျပန်အောက်လွှတ်တော် ရှုတ်ချ

    ဇွန် ၈၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းမှုအပေါ် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဂျပန်အောက်လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

    ဒီအာဏာသိမ်းမှုဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုနဲ့ မျှော်လင့်ချက်တွေကို နင်းခြေဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး သံတမန်နည်းလမ်း၊ အခြား ကြိုးပမ်းအားထုတ်မှုပေါင်းစုံနဲ့ လုပ်ဆောင်သွားဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    စစ်တပ်ဟာ သူတို့ရဲ့လုပ်ရပ်အတွက် အကြောင်းပြချက်ပေးလို့မရဘဲ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်လို့လည်း ဂျပန်အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

    အရပ်သားတွေအပေါ် စစ်ကောင်စီတပ်တွေက အကြမ်းဖက်တာကို ချက်ခြင်းရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ခြင်းလွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    ဂျပန်အထက်လွှတ်တော်ကလည်း လာမယ့်သောကြာနေ့မှာ အလားတူ ဆုံးဖြတ်ချက်မျိုး ချမှတ်ဖို့ ရှိနေပါတယ်။

    ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ အတွင်းရေးမှူး ကက်ဆူနိုဘူ ကာတိုက အာဏာသိမ်းမှု၊ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်တွေက အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

    အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ဆက်ဆံမှု ရပ်ဆိုင်းသွားမယ့်အတွက် ဂျပန်စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှာဖြစ်ကြောင်း၊ ဒါပေမယ့် မိမိတို့မှာ ရွေးစရာမရှိကြောင်း ကာတိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Kyodo News

  • မြန်မာ့အရေးဖြေရှင်းရန် နှေးကွေးနေမှုအတွက် စင်ကာပူ စိတ်ပျက်

    မြန်မာ့အရေးဖြေရှင်းရန် နှေးကွေးနေမှုအတွက် စင်ကာပူ စိတ်ပျက်

    ဇွန် ၈၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ပြဿနာ ဖြေရှင်းရေး အလွန်နှေးကွေးနေတာဟာ စိတ်ပျက်စရာကောင်းတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံ ချုံချင့်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မနေ့က ဒီလို ပြောလိုက်တာပါ။

    “အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးအကြား အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့အားလုံး သဘောတူထားပြီးသားပါ” လို့ ဘာလာကရစ်ရှ်နန်က ပြောပါတယ်။

    မြန်မာနိုင်ငံကိုယ်တိုင်က စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ပြန်လည်ရင်ကြားစေ့ရေးတွေ လုပ်ဆောင်ဖို့ စိတ်ဆန္ဒရှိမှသာ အာဆီယံအဖွဲ့က အထူးကိုယ်စားလှယ် ခန့်တာဟာ အဓိပ္ပါယ်ရှိလိမ့်မယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ရိုးရိုးသားသားပြောရရင် တိုးတက်မှု အလွန်အမင်း နှေးကွေးနေတာကို ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ အရပ်သားတွေ ထိခိုက်၊ သေကြေနေတာကို စိတ်မကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ကြားသိနေရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုး မရှိဘူး။ အဓိပ္ပါယ်ပြည့်၀တဲ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု လုပ်မယ်ဆိုတဲ့ လက္ခဏာမျိုးလည်း မတွေ့ရပါဘူး။ ဒီအနေအထားကို ကျွန်တော်တို့ စောင့်ကြည့်နေရမှာပါ”

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေးအတွက် ဧပြီလမှာ အာဆီယံ ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး အချက် ၅ ချက်ကို သဘောတူညီခဲ့ကြပါတယ်။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အာဆီယံရဲ့ အဓိကတာဝန်ဟာ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဖို့ဖြစ်တယ်လို့လည်း မနေ့က အာဆီယံ-တရုတ် အစည်းအဝေးမှာ ထပ်လောင်းပြောကြားခဲ့ပြီး နောက်ဆုံးမှာ မြန်မာပြည်သူတွေကသာ သူတို့ရဲ့အနာဂတ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ရလိမ့်မယ်လို့ ဆိုပါတယ်။

    “ကူညီဖို့၊ ပံ့ပိုးပေးဖို့၊ ဖြစ်နိုင်ရင် စေ့စပ်ညှိနှိုင်းပေးဖို့ အာဆီယံက အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် အချိန်တော့ ပေးရပါလိမ့်မယ်။ စိတ်ပျက်စရာကောင်းပေမယ့် မျှော်လင့်ချက်ကို စွန့်လိုက်လို့တော့ မရပါဘူး”

    Ref: CNA

  • မြန်မာ့အရေး​ဖြေရှင်းရန် သိုသိုသိပ်သိပ်ဆောင်ရွက်နေသည်ဟု ထိုင်းပြော

    မြန်မာ့အရေး​ဖြေရှင်းရန် သိုသိုသိပ်သိပ်ဆောင်ရွက်နေသည်ဟု ထိုင်းပြော

    ဇွန် ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေအတွက် စိုးရိမ်မိတယ်လို့ ထိုင်းနိုင်ငံက ပြောကြားလိုက်ပြီး၊ ပြဿနာတွေကို ဖြေရှင်းဖို့လည်း စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၈၄၀ ကျော်​လာပြီး ထောင်နဲ့ချီ ဒဏ်ရာရကာ၊ ဖမ်းဆီးခံထားရသူတွေကလည်း ထောင်ချီ ရှိနေပါတယ်။

    အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက စစ်ကောင်စီကို ရရာလက်နက် စွဲကိုင်တော်လှန်လာကြတာကြောင့် နိုင်ငံတစ်ဝှမ်းမှာလည်း တိုက်ခိုက်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။

    “မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေကို စိုးရိမ်စွာနဲ့ ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ နေရာဒေသတော်တော်များများမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေပါ” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာနီ ဆန်ဂရက်က ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဧပြီလက အာဆီယံထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက် ၅ ချက်ကို ခိုင်ခိုင်မာမာအကောင်အထည်ဖော်ဖို့လည်း ဆန်ဂရက်က တိုက်တွန်းခဲ့ပါတယ်။

    ​အာဆီယံ လက်ရှိဥက္ကဌ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအတွင်းရေးမှူးတို့ဟာ ဇွန်လ ၃ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ဇွန်လ ၄ ရက်နေ့မှာတော့ စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံခဲ့ပါတယ်။

    အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ စစ်ခေါင်းဆောင်ဟောင်း ပရာယွတ် ချန်အိုချာရဲ့ ထိုင်းအစိုးရဟာ စစ်ကောင်စီဖက်ယိမ်းပြီး မြန်မာ့အရေးဖြေရှင်းဖို့ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိဘူးလို့ ဝေဖန်ခံနေရတာပါ။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မြန်မာကိစ္စမှာ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    “ထိုင်းနိုင်ငံက ဆောင်ရွက်ခဲ့တာတွေ တော်တော်များများကို လူသိရှင်ကြား ထုတ်ပြန်မှာမဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေအကြား သိုသိုသိပ်သိပ်လုပ်တဲ့ သံခင်းတမန်ခင်းဟာ ပိုမိုထိရောက်ပြီး ထိုင်းနိုင်ငံရဲ့ ယခင်ရှိခဲ့တဲ့ သံတမန်မူဝါဒနဲ့လည်း ကိုက်ညီတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

    Ref: Reuters

  • အာဆီယံအပေါ် အယုံအကြည်မရှိဟု စစ်ကောင်စီကို ဆန့်ကျင်သူများ ပြော

    အာဆီယံအပေါ် အယုံအကြည်မရှိဟု စစ်ကောင်စီကို ဆန့်ကျင်သူများ ပြော

    ဇွန် ၅၊ ၂၀၂၁
    M-Media

    စစ်ကောင်စီဥက္ကဌနှင့် အာဆီယံတာဝန်ရှိသူနှစ်ဦး ဇွန်လ ၄ ရက်နေ့က တွေ့ဆုံမှု

    -​မြန်မာ့အရေး အာဆီယံကဖြေရှင်းဖို့ ကြိုးပမ်းမှုအပေါ် အယုံအကြည်မရှိဘူးလို့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံက ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီရီဝမ် ယူဆွဖ်၊ အာဆီယံအတွင်းရေးမှူး ဘရူနိုင်းနိုင်ငံသား လင်မ် ဂျော့ဟွီတို့ဟာ ဇွန်လ ၃ ရက်နေ့ညပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ၄ ရက်နေ့မှာ စစ်ကောင်စီ ဥက္ကဌ၊ စစ်ကောင်စီကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

    စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်သွားတဲ့အခါ ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်လို့ အာဆီယံတာဝန်ရှိသူနှစ်ဦးနဲ့ တွေ့ဆုံပွဲမှာ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က ဖြုတ်ချခြင်းကို ခံလိုက်ရတဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဆီယံရဲ့ အခုကြိုးပမ်းမှုအပေါ် အယုံအကြည် သိပ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    “အာဆီယံရဲ့ ကြိုးပမ်းမှုတွေပေါ်မှာ ကျွန်တော်တို့ ယုံကြည်မှု သိပ်မရှိပါဘူး။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားပါပြီ။ ယုံကြည်လို့ရမယ့် ခိုင်မာတဲ့ အစီအစဉ်မျိုး သူတို့မှာ မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်” လို့ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောကြားခဲ့ပါတယ်။

    ဇွန်လ ၄ ရက်နေ့ ဦးမိုးဇော်ဦးက ဦးဆောင်ပြုလုပ်တဲ့ NUG ရဲ့ ပထမဆုံး ၁ နာရီကြာ သတင်းစာရှင်းလင်းပွဲ အွန်လိုင်းကနေ ကျင်းပချိန်မှာ စစ်ကောင်စီက တစ်နိုင်ငံလုံးကို အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။

    အာဆီယံအဖွဲ့က တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို လာရောက်မှုဟာ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးကသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

    စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုကို အာဆီယံဖက်က ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီကိုဆန့်ကျင်တဲ့ အတိုက်အခံတွေနဲ့ တွေဆုံဖို့ အစီအစဉ်ရှိလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူပေါင်း ၈၄၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

    Ref: CNA, Aljazeera