News @ M-Media

Tag: Myanmar Military

  • မြန်မာ့အရေး အာဆီယံ၏ ဦးဆောင်ဖြေရှင်းမှုကို ထောက်ခံအားပေးမည်ဟု ဩဇီပြော

    မြန်မာ့အရေး အာဆီယံ၏ ဦးဆောင်ဖြေရှင်းမှုကို ထောက်ခံအားပေးမည်ဟု ဩဇီပြော

    ဇွန် ၃၊ ၂၀၂၁
    M-Media

    -နိုင်ငံတကာက ဝေဖန်မှုတွေရှိနေပေမယ့် အာဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် စစ်ကောင်စီကို ဩစတေးလျရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားတာပါ။

    ဩစတေးလျအနေနဲ့ ဒီလမ်းစဉ်ကိုလိုက်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းမှုတွေရှိနေပြီး၊ မြန်မာနိုင်ငံအတွင်းက အရပ်ဖက်အဖွဲ့အစည်း ၄၀၀ နီးပါးကလည်း စစ်ကောင်စီအပေါ် အရေးယူခြင်းမရှိတဲ့ ဩစတေးလျရဲ့လုပ်ရပ်ဟာ ရှက်ဖွယ်ဖြစ်တယ်လို့ ပြီးခဲ့တဲ့လမှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး မာရီစီ ပေနီက ဩစတေးလျဟာ မြန်မာနိုင်ငံပြဿနာမှာ အာဆီယံအဖွဲ့က ဦးဆောင်ဖြေရှင်းတာကို ထောက်ခံပြီး စီးပွားရေးပိတ်ဆို့မှု လုပ်ဆောင်လိုက်ခြင်းအားဖြင့် စစ်ကောင်စီအပေါ် လွှမ်းမိုးနိုင်မှုကို အကန့်အသတ် ဖြစ်သွားစေလိမ့်မယ်လို့ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    “အခုအချိန်မှာ စီးပွားရေးပိတ်ဆို့မှုလုပ်ဖို့ စဉ်းစားထားတာမျိုး မရှိသေးပါဘူး။ စီးပွားရေးပိတ်ဆို့မှုက ကျွန်မတို့ရဲ့ အကျိုးစီးပွား၊ အာဆီယံကဦးဆောင်ပြီး အဖြေရှာရေးမှာ ကျွန်မတို့ရဲ့ အားပေးထောက်ခံမှု၊ လက်ရှိ အာဆီယံက ဆောင်ရွက်နေတဲ့ ကိစ္စတွေအပေါ် အထောက်အကူဖြစ်မယ်လို့ ကျွန်မတို့ မယူဆပါဘူး”

    မိမိတို့အစိုးရဟာ နိုင်ငံရဲ့အကျိုးစီးပွား၊ ဒေသတွင်းနဲ့ မြေပြင်က အခြေအနေတွေကို သုံးသပ်ပြီး ဆုံးဖြတ်ချက်ချတာလို့လည်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “လုပ်နိုင်ဖွယ်ရှိတဲ့ တုန့်ပြန်မှုတွေထဲမှာ စီးပွားရေးပိတ်ဆို့မှုပါတယ်။ ဒါပေမယ့် ဒါဟာ အရာအားလုံးအတွက်အဖြေ မဟုတ်ပါဘူး”

    အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်တပ်နဲ့ စစ်ရေးဆိုင်ရာ အဆက်အသွယ် ဖြတ်တောက်လိုက်ပြီး၊ စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့အစည်းတွေကနေတစ်ဆင့် ကူညီထောက်ပံ့တာမျိုး မလုပ်တော့ဘူးလို့ ဩစတေးလျက ထုတ်ပြန်ကြေငြာထားတာပါ။

    နိုင်ငံခြားရေးဝန်ကြီး ပေနီက မြန်မာနိုင်ငံက တင်းမာမှုတွေကိုလျော့ချရေး ဒေသတွင်းနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို တစ်စိုက်မတ်မတ် အားပေးထောက်ခံပြီး၊ အဖြေတစ်ခု ပေါ်ထွက်လာရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: SBS News

  • အကြမ်းဖက်မှု​များ ရပ်တန့်ရန် ICRC အကြီးအကဲက စစ်ကောင်စီဥက္ကဌကို တောင်းဆို

    အကြမ်းဖက်မှု​များ ရပ်တန့်ရန် ICRC အကြီးအကဲက စစ်ကောင်စီဥက္ကဌကို တောင်းဆို

    ဇွန် ၃၊ ၂၀၂၁
    M-Media

    -နိုင်ငံတကာ ကြက်​ခြေနီအဖွဲ့ ICRC ဥက္ကဌ ပီတာမောင်ရာနဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

    ဒါဟာ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက အကြီးအကဲတို့ ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

    တွေ့ဆုံမှုအတွင်း အကျဉ်းထောင်တွေကို အရင်ကအတိုင်း ပြန်လည်ဝင်ရောက်လေ့လာခွင့်ပေးဖို့နဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်ခွင့်ပေးဖို့ ပီတာမောင်ရာက တောင်းဆိုခဲ့ပါတယ်။

    စစ်ကောင်စီအကြီးအကဲက ဒီတောင်းဆိုမှုအတွက် ဘာကတိကဝတ်မှ မပေးခဲ့သလို ငြင်းဆိုမှုလည်း မပြုခဲ့ဘူးလို့ ဒီကိစ္စနဲ့နီးစပ်သူတွေက Nikkie Asia သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    “အရပ်သားတွေအပေါ်အကြမ်းဖက်တာကို ရပ်တန့်ဖို့၊ စစ်ကောင်စီတပ်တွေ လုံခြုံရေးကိစ္စ ဆောင်ရွက်ရာမှာ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ညှာတာထောက်ထားဖို့ မောင်ရာက တောင်းဆိုခဲ့ပါတယ်”

    အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူပေါင်း ၈၄၀ ကျော် သေဆုံးခဲ့ပြီး ထောင်ချီဒဏ်ရာရကာ၊ ဖမ်းဆီးခံထားရသူတွေလည်း ထောင်ချီရှိနေပါတယ်။

    Ref: The Reuters

  • အာဆီယံဥက္ကဌနှင့် အတွင်းရေးမှူးတို့ ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ဖွယ်ရှိနေ

    အာဆီယံဥက္ကဌနှင့် အတွင်းရေးမှူးတို့ ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ဖွယ်ရှိနေ

    ဇွန် ၂၊ ၂၀၂၁
    M-Media

    -မြန်မာ့အရေးမှာ ကြားဝင်ဖြေရှင်းပေးနိုင်ဖို့အတွက် အာဆီယံ ဥက္ကဌနဲ့ အတွင်းရေးမှူးတို့ အခုတစ်ပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ အာဆီယံအသိုင်းအ၀ိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

    အာဆီယံအဖွဲ့ဥက္ကဌ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ် ယူစွဖ်နဲ့ အာဆီယံအဖွဲ့ အတွင်းရေးမှူး ဘရူနိုင်းနိုင်ငံသား လင်ဂျော့ဟွေတို့ မြန်မာနိုင်ငံကို လာရောက်ကာ စစ်ကောင်စီအကြီးအကဲတွေ၊ မြန်မာ့နိုင်ငံရေးက သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဖို့ ရှိနေတာ ဖြစ်ပါတယ်။

    သံတမန်ရေးနဲ့ သွားရေးလာရေးအခက်အခဲတွေကြောင့် မြန်မာနိုင်ငံကို လာရောက်မယ့်အစီအစဉ် ပျက်ကောင်းပျက်နိုင်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    အာဆီယံ ဥက္ကဌနဲ့ အတွင်းရေးမှူးတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ စစ်ကောင်စီဟာ အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖမ်းဆီးအကျဉ်းချထားသလို၊ တစ်ချို့တွေလည်း စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

    စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ဧပြီလမှာ အာဆီယံထိပ်သီးအစည်းအဝေး လုပ်ခဲ့ပြီး သဘောတူညီချက် ၅ ခုကို ချမှတ်ခဲ့ပါတယ်။

    အဲဒီအထဲမှာ အာဆီယံအဖွဲ့က ကိုယ်စားလှယ်တစ်ဦးခန့်ကာ မြန်မာ့အရေး ကြားဝင်ညှိနှိုင်းပေးဖို့ ပါဝင်ပေမယ့် စစ်ကောင်စီဖက်ယိမ်းတဲ့ ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နိမ်တို့နဲ့ ပြဿနာကို ကြားဝင်ရှင်းပေးချင်တဲ့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားတို့အကြား သဘောထားကွဲလွဲနေတာကြောင့် ကိုယ်စားလှယ်မခန့်နိုင်သေးပါဘူး။

    Ref: South China Morning Post

  • ကယားပြည်နယ်တွင် အိုးအိမ်စွန်ခွာထွက်ပြေးရသူ ၁ သိန်းကျော်ရှိ

    ကယားပြည်နယ်တွင် အိုးအိမ်စွန်ခွာထွက်ပြေးရသူ ၁ သိန်းကျော်ရှိ

    ဇွန် ၁၊ ၂၀၂၁
    M-Media

    -ကယားပြည်နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူအရေအတွက် တစ်သိန်းကျော်လာပြီ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ် ညှမ်းပမ်းမှုတွေကြောင့် နိုင်ငံတစ်ဝှမ်း လူ ၈၀၀ ကျော် သေဆုံးခဲ့ပြီး၊ ထောင်နဲ့ချီ ဒဏ်ရာရကာ၊ အကျဉ်းချခံရသူတွေလည်း ထောင်ချီရှိနေနေတာ ဖြစ်ပါတယ်။

    စစ်ကောင်စီရန်ကို နိုင်ငံတစ်ဝှမ်း ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

    ကယားပြည်နယ်မှာ ဧပြီလကစပြီး ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကာ တူမီးသေနတ်တွေ၊ လက်လုပ်လက်နက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်နေကြတာပါ။ အရင်ကရှိခဲ့တဲ့ ကရင်နီတပ်ဖွဲ့ကလည်း စစ်ကောင်စီကို ပါဝင်တော်လှန်နေကြပါတယ်။

    ဒီမော့ဆိုမြို့အပါအဝင် ကယားပြည်နယ်က မြို့နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေအသုံးပြုပြီး တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်လာပါတယ်။

    တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး မြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်းလို အန္တရာယ်ကင်းရာနေရာတွေနဲ့ တောတောင်တွေထဲ နေထိုင်နေရပါတယ်။ မေလ ၂၃ ရက်နေ့က လွိုင်ကော်မြို့နားက လူ ၃၀၀ လောက် ခိုလှုံနေတဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုရားကျောင်းပျက်ဆီးကာ လူ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

    လွိုင်ကော်နဲ့ ဒီမော့ဆိုက အနည်းဆုံး ၅ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဖယ်ခုံနဲ့ မိုးဗြဲမြို့က အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့အရေအတွက်က ၂ သောင်းလောက် ရှိနေပါတယ်။ ဒီလူတွေဟာ လတ်တလော အိမ်ပြန်လာနိုင်ဖို့ မရှိသေးတာကြောင့် စားနပ်ရိက္ခာနဲ့ ရောဂါဘယအန္တရာယ် ရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    Ref: France 24

  • စစ်အာဏာရှင်အောက်တွင် မြန်မာနိုင်ငံက လူသန်းချီ ငတ်မွတ်တော့မည်

    စစ်အာဏာရှင်အောက်တွင် မြန်မာနိုင်ငံက လူသန်းချီ ငတ်မွတ်တော့မည်

    မေ ၃၀၊ ၂၀၂၁
    M-Media

    -လာမယ့်လတွေမှာ မြန်မာနိုင်ငံက လူသန်းချီ ငတ်မွတ်မှု ကြုံတွေ့ရနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။

    ရန်ကုန်မြို့က မအေးမာတစ်ယောက် နေအိမ် မီးဖိုဆောင်မှာ သားသမီး ၇ ယောက်နဲ့အတူ ထိုင်နေပြီး ထမင်းနဲ့ ခပ်နွမ်းနွမ်းအရွက်ဟင်းက ကလေးတွေရဲ့ ဆာလောင်မှုကို ပြေပျောက်စေပါ့မလားဆိုတာ စိုးရိမ်နေပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း သူမဟာ ဒီလို ဟင်းမျိုးလောက်ပဲ စားနိုင်ပါတော့တယ်။

    ဖေဖော်၀ါရီလက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဟာ အားနည်း​ရပ်ဆိုင်းသွားခဲ့ပါတယ်။

    သပိတ်မှောက်ဆန္ဒပြမှု၊ စက်ရုံအလုပ်ရုံတွေ ပိတ်ပစ်ရမှု၊ ဓာတ်ဆီစျေးနှုန်းတွေ မြင့်တက်မှုတွေကြောင့် ပြည်သူ့ဘ၀တွေ ပျက်ခဲ့ရပြီး၊ ဘဏ်မှာ ငွေစုထားကြသူတွေကလည်း ဒီငွေကိုထုတ်ဖို့ တစ်နေကုန်တစ်နေခန်း တန်းစီကြရတာတွေ ဖြစ်လာပါတယ်။

    စစ်တပ်က သူတို့နဲ့ သဘောထားမတိုက်ဆိုင်သူတွေကို တွေ့ရာမြင်ရာ အကြမ်းဖက်နေတာကြောင့် ဝင်ငွေရဖို့ အပြင်ထွက်အလုပ်လုပ်ရတာကလည်း ကြမ္မာတွင်းထဲ ဆင်းရသလို ဖြစ်လာပါတယ်။ စစ်ကောင်စီလက်ချက်ကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီလို့ ပြည်တွင်း စောင့်ကြည့်အဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။

    သာမန်အချိန်မှာ ဆန်၊ ပဲနဲ့ အသီးအနှံတွေ နိုင်ငံခြားတင်ပို့ရတဲ့ တိုင်းပြည်မှာ လာမယ့်လအနည်းငယ်အတွင်း လူသန်းချီ ဆာလောင်မွတ်သိပ်မှုနဲ့ ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတိပေးထားပါတယ်။

    “ကလေးတွေ မငတ်အောင်တော့ ကျွန်မတို့ ရှာဖွေကျွေးမွေးရမှာပါ” လို့ ဖိနပ်မပါဘဲ ထိုင်ကာ ပုခက်ထဲကကလေးကို လွှဲပေးနေတဲ့ မအေးမာက ပြောပါတယ်။

    အသက် ၃၃ နှစ်အရွယ် သူမဟာ အလုပ်မရှိပါဘူး။ ခင်ပွန်းသည်ကတော့ ​ရေမြောင်းတူးတာလို အလုပ်အမျိုးအပါအဝင် ကြုံရာကျပန်း လုပ်နေရပါတယ်။

    ထမင်းဆိုင်ဖွင့်ထားတဲ့ အသက် ၃၇ နှစ်အရွယ် မဝါဝါက အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်း ထိုးတက်နေတာကြောင့် စျေးဝယ်သူတွေဟာ ငါးခြောက်ဟင်းတစ်ခွက်တောင်မှ အနိုင်နိုင်ဖြစ်လာတယ်လို့ ပြောပါတယ်။

    “ငါးခြောက်ဟင်းတစ်ခွက် ၅၀၀ ရောင်းပေမယ့် မဝယ်တော့တဲ့အတွက် မရောင်းရပါဘူး။ အလုပ်မရှိကြတာကြောင့် လူတိုင်းက ငွေကို ချွေချွေတာတာနဲ့ စီစစ်ပြီး သုံးနေကြပါတယ်။ ဘာဖြစ်လာမလဲဆိုတာမသိဘဲ အကြောက်တရားနဲ့ ကျွန်မတို့ နေထိုင်နေရတာပါ”

    ဒုက္ခရောက်နေ

    ကလေးသုံးယောက်ဖခင် အသက် ၂၆ နှစ်အရွယ် ကိုဝင်းနိုင်က အရင် ဝက်သားဟင်းကို ပုံမှန်စားနေရတဲ့သူတို့ဟာ အခုတော့ ငါးပိရည်နဲ့တို့စရာ ပြောင်းစားနေရပြီလို့ ပြောပါတယ်။

    အရင်က ချွေတာစားသောက်နေရသူတွေဟာ အခုအချိန်မှာ ထမင်းကို ဆားနဲ့စားနေရပြီလို့လည်း သူက ဆိုပါတယ်။

    ကုန်စျေးနှုန်းမြင့်တက်မှုဟာ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ပိုဆိုးပါတယ်။ တရုတ်နဲ့ကပ်နေတဲ့ ကချင်ပြည်နယ်မှာဆိုရင် ဆန်စျေးက ၅၀ ရာခိုင်နှုန်းလောက်အထိ ခုန်တက်သွားတယ်လို့ WFP က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်စာဆီစျေး ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်သွားတာကြောင့် လယ်ယာလုပ်ငန်းတွေကနေ မြို့ကြီးတွေကို ကုန်စည်ပို့ရတဲ့ ကုန်ကျစားရိတ်ကလည်း တက်လာပါတယ်။

    နောက်ထပ် ၆ လအတွင်း မြန်မာနိုင်ငံမှာ လူ ၃.၄ သန်းလောက် ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ WFP က ခန့်မှန်းထားပြီး သူတို့ရဲ့ အကူအညီပေးမှုကို ၃ ဆအထိမြှင့်သွားဖို့လည်း ရှိနေပါတယ်။

    စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ အောက်ခြေလူ့အဖွဲ့အစည်းမှာ အစားအသောက် လှူဒါန်းမှုကို မှီခိုနေရသူအရေအတွက် များပြားလာပါတယ်။

    “ကျွန်တော်တို့ အစားအစာတွေလှူရင် သူတို့ တော်တော်ပျော်ကြတယ်။ တစ်ချို့ဆို ငိုတောင်ငိုပါတယ်” လို့ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ မေ(အမည်လွှဲ) က ပြောပါတယ်။

    အသက် ၅၁ နှစ်အရွယ် ဒေါ်နီအေးက သူမနဲ့ အမျိုးသားတို့ဟာ လက်ရှိမှာ ဝင်ငွေလုံး၀မရှိဘဲ လာရောက်လှူဒါန်းတဲ့ အစားအသောက်တွေပေါ်မှာပဲ မှီခိုနေရတယ်လို့ ပြောပါတယ်။

    “ဒုက္ခရောက်နေကြပြီး ဒီလိုသာဆက်သွားနေရင် ကျွန်မတို့ ငတ်တော့မှာ”

    အသက် ၄၇ နှစ်အရွယ် ဦးအောင်ကျော်မိုးကတော့ သူအလုပ်လုပ်တဲ့စက်ရုံ ပိတ်လိုက်ရပြီးတဲ့နောက် ရွာပြန်ဖို့ စဉ်းစားနေပါတယ်။

    စုထားဆောင်းထားတာ မရှိဘဲ၊ ကျူးကျော်အိမ်ယာမှာ သူနဲ့အတူနေထိုင်နေတဲ့ မိသားစုဝင် ၉ ဦးကို ဘယ်လိုထောက်ပံ့ရမလဲဆိုတာ မျှော်လင့်ချက်မဲ့နေတယ်လို့လည်း သူက ပြောပါတယ်။

    “ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိပါဘူး”

    Ref: AFP