News @ M-Media

ပြည်သူကိုနှိပ်စက်မှုအတွက် စစ်ခေါင်းဆောင် ၁၁ ဦးကို ဥရောပက ထပ်မံ ပိတ်ဆို့ အရေးယူမည်

မတ် ၂၂၊ ၂၀၂၁
M-Media

-စစ်အာဏာသိမ်းမှုနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမှာ ပါဝင်တဲ့ စစ်ခေါင်းဆောင် ၁၁ ဦးကို ဥရောပသမဂ္ဂက အရေးယူသွားမယ်လို့ သမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဂျိုးဆပ် ​ဘော်ရဲလ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဥရောပသမဂ္ဂဟာ ၂၀၁၈ ခုနှစ်ကတည်းက လက်နက်ရောင်းချမှု ပိတ်တာအပါအဝင် မြန်မာစစ်တပ်အ​ပေါ် အရေးယူမှုတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

အခုလုပ်မယ့် ပိတ်ဆို့မှုအသစ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဥရောပသမဂ္ဂက​ ပြုလုပ်တဲ့ အထူးခြားဆုံး အရေးယူမှု ဖြစ်လာမှာပါ။ အရေးယူခံရမယ့် စစ်ခေါင်းဆောင် ၁၁ ဦးရဲ့ အမည်စာရင်းကို ဒီနေ့လုပ်မယ့် သမဂ္ဂအစည်းအဝေးအပြီး ထုတ်ပြန်မှာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ ပါဝင်တဲ့ လူ ၁၁ ဦးကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဂျိုးဆပ်ဘော်ရဲလ်က ပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ အခုပိတ်ဆို့မှုဟာ စစ်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိက ပစ်မှတ်ထားမှာ ဖြစ်ပါတယ်။

Ref: Nikkei Asia