News @ M-Media

စစ်ကောင်စီက အရပ်သားများအပေါ် သတ်ဖြတ်နေမှု ဆင်ခြေပေး၍မရဟု စင်ကာပူနှင့် မလေးရှားပြော

မတ် ၂၄၊ ၂၀၂၁
M-Media

-အရပ်သားတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်နေမှုကို ဘာဆင်ခြေမှ ပေးလို့မရဘူးလို့ မလေးရှားနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။

မလေးရှားကို ရောက်ရှိနေတဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ဟာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟီရှာမွတ်ဒင် တွန် ဟူစိန်နဲ့​ မ​နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပြဿနာမှာ ပါဝင်ပတ်သက်သူတွေအားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံက အခြေအနေတွေအတွက် မလေးရှားနဲ့ စင်ကာပူ နှစ်နိုင်ငံစလုံးက အလွန်အမင်း စိုးရိမ်မိပါတယ်။ ဒါဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်ပါ။ လက်နက်မဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို ဆင်ခြေပေးလို့မရဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို ပြင်ပက ဝင်ရောက်စွက်ဖက်တာမျိုး မရှိသင့်ဘူးလို့ ယုံကြည်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဒီထက်ပိုကောင်းတဲ့အခြေအနေနဲ့ ထိုက်တန်တဲ့ မြန်မာပြည်သူတွေကို အကောင်းဆုံး ကူညီပံ့ပိုးမှုတွေပေးဖို့ ကျွန်တော်တို့ အဆင်သင့်ရှိပါတယ်”

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံဥက္ကဌဖြစ်တဲ့ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

Ref: Malay Mail