News @ M-Media
Tag: myanmarmuslim
  • တိုင်းဝန်ကြီးချူပ် ဦးရဲမြင့် ခေါ်ယူတွေ့ဆုံ အပေါ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်
    တိုင်းဝန်ကြီးချူပ် ဦးရဲမြင့် ခေါ်ယူတွေ့ဆုံ အပေါ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်
    ဧပြီ ၁၅၊ ၂၀၁၃
    M-Media
    KK
    အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခေါ်ယူတွေ့ဆုံမှုအပေါ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်
    မန္တလေး ။           ။         မန္တလေးတိုင်း အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်မှ ၂၀၁၃-ခု ဧပြီလ ၁၂-ရက်နေ့က ခေါ်ယူတွေ့ဆုံ ပြောဆိုခဲ့မှုများအပေါ် ထွက်ပေါ်လာသော သတင်းများနှင့်ပတ်သက်၍ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။
    Q – မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေကို ခေါ်ယူ တွေ့ဆုံခဲ့တယ်။ အဲဒီ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကြားသိရပါတယ်။ ဒါကြောင့် အဲဒီ တွေ့ဆုံမှုအကြောင်းကို ဦးသိန်းဝင်းအောင်အနေနဲ့ ပြောပြပေးလို့ ရမလားခင်ဗျာ။
    A – ပြောပြလို့ရပါတယ်။ ပြီးခဲ့တဲ့ ၁၂-ရက်နေ့ သောကြာနေ့ နေ့လည် ၁၂-နာရီလောက်မှာ အိုလမာအဖွဲ့ရုံးကနေ ကျွန်တော့်ကို ဖုန်းဆက်လာပါတယ်။ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေကို နေ့လည် ၃-နာရီမှာ တွေ့မယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။ ကျွန်တော်တို့လည်း တွေ့ချင်နေတဲ့အချိန်ဆိုတော့ ကောင်းတယ် တွေ့လိုက်ကြမယ်ဆိုပြီး တွေ့ဖို့ ပြင်ဆင်လိုက်ကြတယ်။ အဲဒီနေ့က သောကြာနေ့လည်းဖြစ်တော့ ကျွန်တော်လည်း နေ့လည်ဝတ်ပြုပြီး အိုလမာ ရုံးခန်းကို ရောက်သွားတယ်။ ၀န်ကြီးချုပ်နဲ့တွေ့ရင် ပြောသင့်တာလေးတွေကို တိုင်ပင်လိုက်ကြတယ်။ ပြီးတော့ ဘာသာရေး အဖွဲ့ကြီးတွေရယ် ကျွန်တော်တို့ တွရီကာရယ်က အားလုံးစုစုပေါင်း (၁၀)ယောက် သွားတွေ့ကြပါတယ်။
    Q – ဟုတ်ကဲ့။ ၀န်ကြီးချုပ်က ဘယ်အကြောင်းအရာအတွက် ခေါ်ယူတာပါလဲ။
    A – ခေါ်ယူတဲ့ ခေါင်းစဉ်က မရှိပါဘူး။ ဒီအတိုင်း နှုတ်မိန့်နဲ့ တွေ့ဖို့ခေါ်တာပါ။ တွေ့ဆုံမှုကို တခြား ဌာနဆိုင်ရာ အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
    Q – ဘယ်နေရာမှာ ခေါ်ယူတွေ့ဆုံတာပါလဲ။
    A – မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံး အစည်းအဝေးခန်းမမှာ ခေါ်ယူတွေ့ဆုံတာပါ။ ၁၂-ရက်နေ့ နေ့လည် ၃-နာရီမှာ ဆုံတာပါ။
    Q – ဟုတ်ကဲ့ပါ။ ဒါဆို တွေ့ဆုံတဲ့အချိန်မှာ ဘာတွေကို ပြောဆိုဆွေးနွေးခဲ့ပါသလဲ။
    A – စစတွေ့တွေ့ချင်းပဲ ၀န်ကြီးချုပ်က တစ်ခြားဘာမှ မပြောပဲ အခု မိတ္ထီလာ ကိစ္စဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စပြောတယ်။ မိတ္ထီလာကိစ္စက မွတ်စလင်မ်တွေဘက်က စပြီး ဖန်တီးခဲ့တာဖြစ်တယ်။ ရွှေဆိုင်ပြဿနာကအစပြုခဲ့တယ်။ ပြီးတော့ ဘုန်းကြီးကို သတ်တယ်။ နောက်ပြီးတော့ ကျောင်းဝင်းထဲကနေ ကလေးတွေက အော်ကြတယ် ဗုဒ္ဓဘာသာဝင်တွေရဲ့ သွေးနဲ့ဆေးမယ်လို့ အော်ကြလို့ ပြဿနာတွေ ပိုမိုကြီးထွားကုန်တယ်။ မွတ်စလင်မ်တွေဟာ အစွန်းရောက်နေကြကြောင်း၊ အသေခံဗုံးခွဲတယ်၊ မွတ်စလင်မ်တွေက မဟုတ်မမှန်သတင်းတွေ ပြောဆိုကြတယ် ဆိုတာတွေပြောတယ်။  ပြီးတော့ သူပြောပုံတွေက ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို မွတ်စလင်မ်တွေက အပြစ်မြင်နေတာတွေကို ရပ်တန့်စေဖို့ မွတ်စလင်မ်တွေကို အပြစ်ပုံချပြီး  ပြောတယ်။ နောက် အခု မိတ္ထီလာဖြစ်ရပ်အတွက် စားနပ်ရိက္ခာအတွက် ကူညီပံ့ပိုးမှုတွေကို ၀န်ကြီးချုပ်က အားလုံးစီစဉ်ပေးထားတယ် ဆိုတာကို ပြောတယ်။ မိတ္ထီလာကိစ္စအတွက် ၀န်ကြီးချုပ်အနေနဲ့ ကူညီမှုတွေ စီစဉ်ပေးတာ အခုအချိန်ထိ မရှိပါဘူး။ အဲဒါကို ၀န်ကြီးချူပ်က သူစီစဉ်ပေးထားတယ်လို့ ပြောပါတယ်။
    ကျွန်တော်တို့ ထင်ထားတာက အခုဖြစ်ပွားသွားတဲ့ မိတ္ထီလာကိစ္စအတွက် စေ့စပ်ညှိနှိုင်းမှုတွေ၊ ပြန်လည်ပြင်ဆင်ရေးအတွက် ဘာတွေ လုပ်ဆောင်ကြမလဲဆိုတာ ခေါ်ယူတွေ့ဆုံပြောဆိုမယ်လို့ ထင်ထားခဲ့ကြတာပါ။ ၀န်ကြီးချုပ်က အဲဒါတွေ မပြောပဲ မွတ်စလင်မ်တွေဘက်ကို ဖိပြီး ပြောလိုက်တော့ တော်တော်လေး အံ့သြသွားတယ်။
    Q – ၀န်ကြီးချုပ်က အခုလို ပြောလိုမှုအပေါ် အဖွဲ့ကြီးက ခေါင်းဆောင်တွေအနေနဲ့ ဘာတွေများ ပြန်ပြီး ဆွေးနွေးခဲ့ကြပါသလဲ။
    A – ၀န်ကြီးချုပ်က အဲလိုပြောလိုက်တော့ ကျွန်တော်လည်း ၀န်ကြီးချုပ်ကို ရှင်းပြပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေဟာ အစွန်းရောက်တွေ မဟုတ်ဘူးဆိုတာရယ်၊ ကျောင်းဝင်းထဲက ကလေးတွေအော်တာဟာလည်း ဘုရားသခင် နာမကို တသပြီး ကြောက်ရွံ့အော်ဟစ်တာဖြစ်တယ်ဆိုတာရယ်၊ မွတ်စလင်မ်တွေအနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက်လည်း အထူးကြိုးပမ်း ဆောင်ရွက်နေတယ်။ သံဃာတော်တွေကို အပြစ်မြင်နေတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ မန္တလေးမှာ ဘာသာပေါင်းစုံချစ်ကြည်ရေး အခမ်းအနားလုပ်တော့ သံဃာတော်တွေအတွက် သင်္ကန်းတွေကို ကျွန်တော်တို့ငွေနဲ့ ကျွန်တော်တို့ ၀ယ်ယူလှူဒါန်းပါတယ်။ မော်လ၀ီတွေအတွက် ပုဆိုးလှူပါတယ်။ ဒါမျိုးတွေ လုပ်ခဲ့ကြတာပါ။ အကြမ်းဖက်မှုကို မြန်မာနိုင်ငံက မွတ်စလင်မ်တွေလုပ်မှာ မဟုတ်ဘူးဆိုတာ ပြောတယ်။ ပြီးတော့ အခုဆို ယှအ်ဗာန်လ ရမသွာန်လ(ဥပုသ်လ)ကို ရောက်တော့မယ်။ ဒါကြောင့် မွတ်စလင်မ်တွေအတွက် ဗလီတွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ လိုအပ်ကြောင်း အဲဒါတွေကို ပြောပြတယ်။ အဲဒီမှာ ၀န်ကြီးချုပ်က ကျွန်တော့်ကို ငေါက်ငမ်းပါတယ်။ ခင်ဗျားကို ပြောနေတာမဟုတ်ဘူး။ ခင်ဗျားနဲ့ ဆွေးနွေးနေတာမဟုတ်ဘူး။ ခင်ဗျားကို ထပ်ပြောခွင့် မပေးနိုင်ဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်လည်း ပြောသင့်တာကို ထပ်ပြောပြပါတယ်။
    Q – ဒီတော့ ၀န်ကြီးချုပ်က ဘာပြောပါသလဲ။
    A – ၀န်ကြီးချုပ်က ကျွန်တော့်ကို ခင်ဗျားတို့ဘာကို ရည်ရွယ်နေတယ်ဆိုတာသိတယ်။ ခင်ဗျားဆက်ပြောရင် ဘယ်ရောက်မယ်ဆိုတာ သိတယ်။ အခု ခင်ဗျားပြောနေတာ တစ်ခုခုဖြစ်လာရင် ခင်ဗျားတရားခံပဲ။ ဖြစ်လာတာနဲ့ ခင်ဗျားကို အရင်ဖမ်းချုပ်မယ် ဆိုပြီး ကြိမ်းဝါးတယ်။
    Q – ဟုတ်ကဲ့။ ဒါဆိုရင် အဲဒီ တွေ့ဆုံမှုရဲ့ နောက်ဆုံး အချုပ်က ဘယ်လို အဆုံးသတ်ခဲ့ပါသလဲ။
    A – နောက်တော့ သူဆက်ပြောတယ် အခု သင်္ကြန်ကာလရောက်တော့မှာ သင်္ကြန်ကာလမှာ အက်ဆစ်နဲ့ပက်မယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ် အဲလိုတွေ သတင်းထွက်နေတယ်။ အဲဒါတွေကို မွတ်စလင်မ်တွေက ထိန်းပေးဖို့ ပြောတယ်။ နောက်ဆုံး အချုပ်ကတော့ အဲဒါပါပဲ။
    Q – ၀န်ကြီးချုပ်က အခုလို ခေါ်ယူတွေ့ဆုံပြီး ပြောဆိုကြိမ်းမောင်းခဲ့တာတွေ၊ မျှတမှုမရှိပဲ ဘက်လိုက်ပြီး တဘက်သတ်ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး သမ္မတကို စာတင်မယ်လို့ သိရတယ်။ အဲဒါကရော ဘယ်လိုများ လုပ်ဆောင်နေပါသလဲ။
    A – ၀န်ကြီးချုပ်ရဲ့ အခုခေါ်ယူတွေ့ဆုံမှုက သက်သက်မဲ့ ကြိမ်းမောင်းခြိမ်းခြောက်မှု ပုံစံပါပဲ။ ၀န်ကြီးတစ်ဦးအနေနဲ့ မလုပ်သင့်တာကို လုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့ သမ္မတဆီရော ပြည်သူ့လွှတ်တော်ဥက္ကဌဆီရော တရားဝင် တိုင်ကြားသွားမှာပါ။ အဖွဲ့ကြီးတွေ အနေနဲ့ အဲဒါကို စီစဉ်နေပါပြီ။
    Q – အခုလို ဖြစ်သွားတဲ့ ကိစ္စရပ်အပေါ်မှာ ဦးသိန်းဝင်းအောင် အနေနဲ့ ဘာများ ပြောချင်ပါသေးလဲ။
    A – အခုထွက်ပေါ်လာတဲ့ သတင်းတွေက မွတ်စလင်မ်တွေဘက်က ထုတ်တဲ့သတင်းမဟုတ်ပဲ တခြားက သူတို့ဘာသာသူတို့ ကောလဟလ သတင်းထုတ်၊ ပြီးရင် မွတ်စလင်မ်တွေဘက် လှည့်ပြောတာမျိုးကိုတော့ ကျွန်တော်တို့လက်မခံပါဘူး။ ကျွန်တော်တို့ကတော့ အဲဒါအတွက်ဆို ပွင့်ပွင့်လင်းလင်းသာပြော လိုအပ်ရင် ကျွန်တော်တို့ ကိုယ်တိုင် ကင်းစောင့်ပေးရမလား စောင့်မယ်။
    Q – ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
    A – ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး တွေ့ဆုံဆွေးနွေး
    ဒေါ်အောင်ဆန်းစုကြည်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး တွေ့ဆုံဆွေးနွေး
    ဧပြီ ၈၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    ရန်ကုန် ။          ။        နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော လက်ရှိ အကြောင်းအရာများနှင့် နိုင်ငံတော်အတွင်း စည်းလုံးညီညွတ်မှုရစေရန် ရည်ရွယ်၍ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ ယနေ့ နံနက် ၁၁း၃၀ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။
    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေ၊ အလ်ဟာဂ်ျမောင်လာနာ ဦးသိန်းမြင့်၊ ဟာဂျီ ဦးမြင့်ထွန်း၊ ဟာဂျီ ဦးကျော်ခင်၊ ဟာဂျီဦးကိုကိုလတ်၊ ဦးကျော်ငြိမ်း စသူတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြရာတွင် နိုင်ငံအတွင်း အေးအေးချမ်းချမ်း နေထိုင်နိုင်ကြရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။
    ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ  “ညီညီညွတ် ညွတ်လုပ်ဆောင်စေဖို့ အကြံဥာဏ်ပေးစေချင်တယ်။ ဒါပေမယ့် အခက်အခဲတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်းတင်ပြပါ။ ဘာဖြစ်လို့လဲဆိုတော့ လူနည်းစုများဟာ အခက်အခဲဆိုတာ ရှိတတ်ပါတယ်။ ဒါကတော့ ကျွန်မတို့ နိုင်ငံတင် မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ ဖြစ်တတ်ပါတယ်။ ကျွန်မတို့ ဒီလိုပြဿနာတွေဖြစ်တာ ဘာကြောင့်ဖြစ်သလဲဆိုတာ ဇစ်မြစ်ကို ရှာဖွေပြီး နောင်ပြဿနာတွေ မဖြစ်အောင် ကျွန်မတို့ အားလုံးဝိုင်းဝန်းပြီး ကြိုးစားကြရမယ်။ အဲဒါအတွက်ကို ကျွန်မတို့ကို အကြံဥာဏ်ပေးပါ။ အခက်အခဲတွေရှိလည်း ပွင့်ပွင့်လင်းလင်း တင်ပြပါ။
    အမှန်ပြောရရင် ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပဲ။ အစိုးရအဖွဲ့မဟုတ်ပါဘူး။ သို့သော်ငြားလည်း ကျွန်မတို့က ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်နေတဲ့ နိုင်ငံရေးအဖွဲ့ အစည်းဆိုတော့ အစိုးရမဟုတ်လည်း တာဝန်မရှိဘူးလို့ မသတ်မှတ်ပါဘူး။ လူတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံသားတိုင်း တာဝန်ရှိတယ်။ ကျွန်မတို့လို နိုင်ငံရေးပါတီဆိုရင်တော့ တာဝန်မကင်းဘူး။ အခု မိတ္ထီလာမှာဖြစ်တဲ့ကိစ္စတွေကို ကျွန်မတို့ဘက်က လုပ်တာတွေကို တင်ပြရမယ်ဆိုရင် ကျွန်မတို့ဘက်က ဘာမှပြောတာဆိုတာ ကြေညာချက်တွေထုတ်တာ မရှိပေမယ့် ပထမဆုံးဖြစ်တဲ့နေ့ကတည်းက ဦးဝင်းထိန်ကို နေပြည်ကနေ မိတ္ထီလာလွှတ်လိုက်တယ်။ ချက်ချင်းကြားကြားချင်း ပဋိပက္ခဖြစ်ပြီဆိုတာနဲ့ ဦးဝင်းထိန်ကလည်းသွားရမလား၊ ကျွန်မကလည်း သွားပါ၊ ချက်ချင်းသွားပါဆိုတော့ ချက်ချင်း အဲ့ဒီနေ့ကတည်းက မိတ္ထီလာရောက်သွားတယ်။ ကျွန်မတို့ တစ်ချိန်လုံး အဆက်အသွယ်ရှိနေတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ဘာလုပ်သင့်တယ်ဆိုတာကို ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ညှိပြီးလုပ်တယ်။ အခြေအနေဘယ်လိုရှိတယ်ဆိုလည်း ဦးဝင်းထိန်က တစိုက်မတ်မတ်သတင်းပို့လို့ သိခဲ့ရတယ်။ အဲဒီတော့ အဲဒီမှာ ကျွန်မ အမြဲပြောတာက အဲလို ပဋိပက္ခတွေမဖြစ်ဖို့အတွက် ပထမဦးဆုံးလိုအပ်ချက်က ဥပဒေစိုးမိုးရေး၊ တချို့က ကျွန်မက ဥပဒေစိုးမိုးရေးကို အလွန်အကျွံ ဇောင်းပေးတယ်လို့ထင်တယ်။ ဒါက လိုအပ်ချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေစိုးမိုးရေးဆိုတာ မရှိရင် အကြမ်းဖက်မှုဆိုတာ ဖြစ်နိုင်တယ်။ အကြမ်းဖက်မှုဖြစ်ပြီဆိုရင် အပျက်အစီး အသေအကြေတွေ ရှိမယ်ဆိုရင် အရှိန်အဟုန်တက်လာတယ်။ မကျေနပ်မှုတွေ၊ ဒေါသတွေဖြစ်လာတော့ ပိုပိုပြီးတော့ ကိုင်တွယ်ရ ခက်လာတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးကို အဓိကထားပြောတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စတွေ မဖြစ်အောင်လို့၊ စောစောစီးစီးကတည်းကနေ တားထားလို့ရအောင်။ တစ်ယောက်နဲ့တစ်ယောက် ဆဲရုံဆိုရုံနဲ့က မြန်မြန်ပြေလည်အောင် လုပ်လို့ရတယ်။ နောက်တစ်ဆင့် ရိုက်ရုံပုတ်ရုံနဲ့လည်း နည်းနည်းမဆိုးဘူး။
    ဒါပေမယ့် သတ်တဲ့ဖြတ်တဲ့အဆင့် ရောက်လာပြီဆိုရင် ပြေလည်ဖို့ရာ တော်တော်ခက်သွားပြီ။ ဒါကြောင့် ကျွန်မ ဥပဒေစိုးမိုးရေးကို ဦးစားပေးတာပါ။ ကိုဝင်းထိန်နဲ့လည်း ကျွန်မ တစ်ချိန်လုံး အဆက်သွယ် လုပ်နေတဲ့အခါမှာ ဥပဒေ စိုးမိုးရေးကိုပဲ အဓိကထားပြောတာပါ။ နောက်တစ်ခုကလည်း ကာကွယ်ရမည်။ ဒုက္ခသည်တွေကို ကာကွယ်ရမယ်။ အကြမ်းဖက်မှုကို လုံးဝ အားမပေးရဘူး။ အကြမ်းမဖက်တဲ့ဘက်က ရပ်တည်ရမယ်။ အကြမ်းဖက်တဲ့ကိစ္စတွေကို ဆန့်ကျင်ရမယ်ဆိုတာ ဦးဝင်းထိန်က တစိုက်မတ်မတ်လုပ်သွားပါတယ်။ ကျွန်မ ကြွားပြောတယ်ဆိုရင်လည်း အပြောခံရမှာပါ။ မိတ္ထီလာမှာ အစကတည်းက တတ်နိုင်သလောက် လူမှုရေးအရ လုပ်ဆောင်ပေးတာက ဦးဝင်းထိန်ဦးဆောင်ပြီးတော့ NLD အဖွဲ့က လုပ်ပေးပါတယ်။ ကျန်တဲ့ ပတ်ဝန်းကျင်က မန္တလေးစသဖြင့် မြို့တွေကလည်း ကူညီပေးပါတယ်။ ကျွန်မတို့ ကော့မှူးရွာကတောင်မှ မနေ့ကထိ တတ်နိုင်သမျှ ကူညီပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ အလုပ်နဲ့ပဲ ပြချင်တယ်။ ကြေညာချက်ထုတ်တာတို့ ပြောတာဆိုတာတို့ထက် အလုပ်နဲ့ပဲ ထိထိရောက်ရောက်ပြစေချင်တယ်။ ကျန်တဲ့သူတွေကိုလည်း အလုပ်နဲ့ပြတာကိုပဲ ဦးစားပေးစေချင်တယ်။ အလုပ်နဲ့ပြတယ်ဆိုတာ ပဋိပက္ခတွေ မပွားရေးအတွက်၊ နောက်ပြီးတော့ ဒုက္ခရောက်တဲ့သူတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တတ်နိုင်သမျှကူညီရေးအတွက် နောက် ပြေလည်ရေးအတွက်။ ဒီတော့ ကျွန်မတို့ဘက်ကတော့ ကျွန်မတို့ အတတ်နိုင်ဆုံး လုပ်သင့်လုပ်ထိုက်တယ်လို့ ထင်တာကို လုပ်ခဲ့ပါတယ်။ ပိုပြီးတော့ လုပ်သင့်လုပ်ထိုက်တယ်လို့ထင်တာတွေကို ကျွန်မတို့ကို အကြံဥာဏ် ပေးပါ။ နောင် ဒီလို ကိစ္စတွေ ထပ်မဖြစ်အောင်လို့။ ကျွန်မတို့ ဒီနိုင်ငံမှာ အေးအေးချမ်းချမ်း နေနိုင်အောင်လို့ တတ်နိုင်သမျှ ဘယ်လိုလုပ် သင့်တယ်ဆိုတာလည်း ကျွန်မတို့ကို အကြံဥာဏ်တွေ ပေးစေချင်ပါတယ်။” ဟု ပထမပိုင်းတွင် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။
    ဘာသာရေးအဖွဲ့ကြီးမှ ပြန်လည်တင်ပြဆွေးနွေးရာတွင် “လေးစားရတဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ၊ NLD အဖွဲ့ချုပ် နာယကကြီးများနှင့် အစ္စလာမ့်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရသည့်အတွက် ၀မ်းသာကြောင်း၊ ယခုဖြစ်ပေါ်နေတဲ့ လုပ်ရပ်များနဲ့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ တာဝန်ပျက်ကွက်မှုများ၊ ပြဿနာတွေ ကျယ်ပြန့်ပြီးတော့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်သာမက သာသနိက အဆောက်အအုံတွေ၊ ဗလီတွေဖျက်ဆီးခံရတဲ့အထိကို အကြောင်းအမျိုးမျိုးနဲ့ တင်ပြဆွေးနွေးလိုကြောင်း၊ ဥက္ကဌကြီးအနေနဲ့ ဂရုတစိုက် နားသောတဆင်ပြီးတော့ မိမိတို့ရဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ အာဏာစွမ်းရှိသဖြင့် ကူညီဆောင်ရွက်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံကြောင်း၊ မိမိတို့တွေ၏ နဖူးစာကောင်းမှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်တစ်ဦး မိမိတို့နိုင်ငံတွင် ရှိနေသည့်အတွက် အလွန်ပဲ အားရ၀မ်းသာကြောင်း၊ အစ္စလာမ်ဘာသာဝင် လူထုအနေနှင့်လည်း ငြိမ်းချမ်းရေးကို လိုအပ်နေကြောင်း၊ ဒါကြောင့် ထာဝစဉ်ငြိမ်းချမ်းရေးကို လက်ဆွဲပြုထားတဲ့ အမေစုတစ်ယောက် ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ ဖော်ဆောင်တတ်တဲ့ အမေစုအနေဖြင့် ကျွန်တော်တို့ စိတ်အားငယ်ပြီး စိုးရိမ်ထိတ်လန့်နေရတဲ့ မြန်မာနိုင်ငံရှိ မွတ်စလင်မ်များကို အားပေးမှု၊ ကူညီပေးပါရန် ယုံကြည်အားကိုးစွာဖြင့် မေတ္တာရပ်ခံပန်ကြားကြောင်း မိတ်ဆက်ပြောကြားခဲ့ကြောင်းလည်း သိရသည်။
    မိမိတို့ ဆွေးနွေးလိုကြသည်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော ပြဿနာများရေရှည်မှာ မဖြစ်အောင်ဆိုသည့်အချက်ပေါ် မူတည်ကြောင်း၊ မိမိတို့နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀-ခန့်ကတည်းက ပြောလိုသည်မပြောရ၊ လုပ်လိုသည်မလုပ်ရဖြင့် နေလာခဲ့ပြီးမှ ရုတ်တရက် လွန်မြောက်လာသောအခါ အသီးသီးမှာ ခံစားချက်တွေ ရှိလာခဲ့ကြပြီး၊ အမှောင်တွင်းမှ အလင်းထဲသို့ ရုတ်တရက်ရောက်ရှိလာချိန်တွင် မိမိညီနောင် အချင်းချင်း တစိမ်းပြင်ပြင် နေမိလာကြကြောင်း၊ နိုင်ငံတော်၏ သမိုင်းကို ပြန်ကြည့်ပါက ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစ္စလာမ်သာသနာရောက်ရှိခဲ့ကြောင်း၊ နိုင်ငံမှာ အများစုက ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မေတ္တာ တရားကြီးများစွာဖြင့် စောင့်ရှောက်ခဲ့ကြကြောင်း၊ ဘုရားကျောင်းကန်များရှိခဲ့သည့်နည်းတူ ဗလီများတည်ရှိခွင့်ကိုလည်း လွတ်လပ်စွာ ခွင့်ပေးခဲ့ကြကြောင်းပြောပါသည်။ ဆက်လက်ပြီး နိုင်ငံတော်တွင် လွတ်လပ်ရေး ဆုံးရှုံးပြီးနောက်ပိုင်း ၁၉၃၀-ခုနှစ်ခန့်ကက ဘာသာရေးအဓိကရုဏ်းစဖြစ်ခဲ့ကြောင်း၊ ရှေ့မြန်မာမင်းများလက်ထက်တွင် ဘာသာရေး အဓိကရုဏ်းဆိုသည် မကြားဖူးခဲ့ကြောင်း၊ ၁၉၃၈-ခန့်ကနောက်တစ်ကြိမ်ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းသည်လည်း ၁၉၃၁-ခုနှစ်ခန့်က ထုတ်ထားသည့် မော်လ၀ီ-ယောဂီစာအုပ်ကို ပြန်ထုတ်ပြီး လှုံ့ဆော်ခဲ့ကြကြောင်း၊ ယင်းအချိန်ကာလသည် မြန်မာ့သမိုင်းတွင် နိုင်ငံရေးဒီရေအတက်ဆုံး အချိန်ဖြစ်သည့်အတွက် အရေးကြီးဆုံး အချိန်တွင် နိုင်ငံရေးအာရုံလွှဲသည့် ဖန်တီးချက်ဟု မိမိတို့အနေနှင့် သုံးသပ်ရရှိထားကြောင်း၊ နိုင်ငံတော်အတွက် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတွင် ရိုးသားဖြောင့်မတ်ပြီး လူမျိုးဘာသာအသီးသီးအပေါ်၌ စာနာခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် မြန်မာမွတ်စလင်မ်များသည် ၀န်ကြီးအဆင့်ထိ ရှိခဲ့ကြောင်း၊ လွတ်လပ်ရေး တိုက်ပွဲတွင်လည်း မွတ်စလင်မ်တွေ ကျရာတာဝန်ထမ်းရွက်ခဲ့ကြကြောင်း၊ ၁၉၆၁-ခုနှစ်တွင်လည်း မြောက်ဥက္ကလာ အရေးအခင်းဖြစ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေသော ကာလတွင် ဒီမိုကရေစီအစိုးရဖြစ်သည့် အစိုးရက ဘက်မလိုက်ပဲ ဖြေရှင်းပေးခဲ့ကြောင်း၊
    ၁၉၆၂-ခုနှစ်တွင် လူထုဆန္ဒအား မလေးမထားပဲ လူတစ်စုဆန္ဒသာ အလေးထားသည့်စနစ်ပေါ်ပေါက်လာပြီးနောက် လူတစ်စုမှ မိမိအာဏာ တည်မြဲရေးအတွက် နိုင်ငံသားချင်းသွေးကွဲစေရန် ကိစ္စများ စတင်ဆောင်ရွက် လာကြောင်း၊ နိုင်ငံအစိုးရက နိုင်ငံရေးအရ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး သြဇာအာဏာ တည်မြဲရေးအတွက် ဆောင်ရွက်ချက်များကို ရိုးရိုးသားသားတင်ပြရပါက ငယ်စဉ် ကျောင်းနေစဉ်ကပင် ကျောင်း၌ မှတ်ပုံတင်ပြုလုပ်သောအခါ မှတ်ပုံတင် မရှိသည့်ကလေးတွေ မတ်တပ်ရပ်သည့်ဆိုသည့် အတွက် မတ်တပ်ရပ်သည့်အခါ မွတ်စလင်မ်ကလေးတွေ မပါဘူး ပြန်ထိုင်ဟု ပြောကြောင်း၊ ပြန်ထိုင်ရပြီးသည့်အခါ ဘေးတွင်အတူယှဉ်တွဲထိုင်ခဲ့သည့် ညီနောင် သူငယ်ချင်းတွေရဲ့စိတ်ဓါတ် မတူကွဲပြားခြားနားခြင်းဆိုသည့်အသိကို အဲ့ဒီမှာပဲ စပေးပါကြောင်း၊ မွတ်စလင်မ်တွေမှာလည်း အားငယ်စိတ်ကို စတင်ဝင်လာခဲ့ကြောင်း တင်ပြပါသည်။
    ဆက်လက်ပြီး ဘာသာရေးအဖွဲ့ကြီးမှ တင်ပြသည်မှာ – ကျောင်းတက်သည်မှ လွန်မြောက်ပြီး တက္ကသိုလ်တက်သည့်အခါတွင်းလည်း တချို့သော ဆရာ/ဆရာမများသည် ရင်ဝယ်သားပမာ ဆက်ဆံသော်လည်း အချို့မှာ ခွဲခြားဆက်ဆံမှုအပေါ် အမြစ်တွယ်လာပြီး ကုလားကလေးဟု ခွဲခြားခံရမှုများရှိကြောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။
    ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဆွေးနွေးသည်မှာ – တရားဥပဒေစိုးမိုးရေးကော်မတီအနေနှင့်လည်း လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အစိုးရပိုင်းအားလည်း တတ်နိုင်သမျှ ဆော်သြမည်ဖြစ်ကြောင်း၊ အကြမ်းဖက်လမ်းစဉ်ဖြင့် အပြောင်းအလဲလုပ်ဆောင်မည်ကို လုံးဝလက်မခံကြောင်း၊ အခြေအနေတစ်ခုကို ပြောင်းလဲစဉ် အကြမ်းဖက်နည်းကို သုံးစွဲသည်မှာ ယဉ်ကျေးသည့်လူများ၏ လုပ်ရိုးလုပ်စဉ်မဟုတ်ကြောင်း၊ လူရိုင်းများသည်သာ အကြမ်းဖက်သည့်နည်းဖြင့် ပြဿနာအား ဖြေရှင်းကြောင်း၊ ယဉ်ကျေးသည့်သူများသည် ဦးနှောက်နှင့် နှလုံးသားအားအသုံးပြုပြီး ပြဿနာရှိပါက အကြမ်းမဖက်ပဲ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပြဿနာရှိပါက အကြမ်းမဖက်ပဲ ဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း၊ အကြမ်းမဖက်ပဲ ဖြေရှင်းနိုင်သည့် အရည်အချင်းရှိရန်လိုကြောင်း၊ ချို့တဲ့နေသူများ၏စိတ်ဓါတ်တွင် ခံစားမှုတွေ ပြင်းထန်စွာ ရှိတတ်ကြောင်း၊ တစ်ယောက်နဲ့တစ်ယောက် ကူညီသွားရန်လိုကြောင်း များကို ပြန်လည် ဆွေးနွေးပြောကြားဆွေးနွေးခဲ့ပြီး ၁၂း၄၀ နာရီတွင် ဆွေးနွေးမှု ပြီးဆုံးခဲ့ကြောင်းသိရပါသည်။
    ဆွေးနွေးမှုအသေးစိတ်အား ထပ်မံဖော်ပြပါမည်။
  • ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် Sydney မြို့ရှိ Burmese Muslims Association အဖွဲ့ တွေ့ဆုံဆွေးနွေး
    မတ်လ ၂၉ ၊ ၂၀၁၃
    M-Media
    shwe man
    ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် Sydney မြို့ရှိ Burmese Muslims Association အဖွဲ့ လက်ရှိမြန်မာနိင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး မတ်လ ၂၉ ရက် မနက် ၁၀ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့တွေဆုံရာတွင် သူရဦးရွှေမန်းပြောကြားခဲ့သည့် အသံဖိုင်နှင့် Burmese Muslims Association မှ ထုတ်ပြန်ကြေငြာခဲ့သည့် သတင်းထုတ်ပြန်ချက်အောက်တွင် နားဆင် ဖတ်ရှု့နိုင်ပါသည်။
    အဲဒီမှာမှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာမှ အဓိကအကျဆုံးက နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ အဲဒီ နိုင်ငံသားများရဲ့ မူလအခွင့်အရေးကိုသာ ပေးတယ်ဆိုလို့ရှိရင် ခုနက ရှေ့သွားမယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာက ဆက်ပြီးတော့ ဆောင်ရွက်လို့ ရနိုင်မယ့် အနေအထားရှိတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အနေအထားပေါ်မူတည်ပြီးတော့ နိုင်ငံသားဖြစ်နေပါလျက်နဲ့ ဘာသာရေး သို့မဟုတ် အခြားကိုအကြောင်းပြုပြီးတော့ အခုလိုဖြစ်ခြင်းသည် မကောင်းပါဘူး။ မသင့်မြတ်ပါဘူး။ ဒါ့ကြောင့်မိုလို့ ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ အဓိကထား ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စလေးတွေရှိပါတယ်။ နောက် ဒေါ်အေးလည်း ပြောသွားတာလေးတွေရှိပါတယ်။ သတင်းထဲမှာ ပေါ်လာတယ်။ သမ္မတကြီးရယ်၊ ဒေါ်စုကြည်ရယ် ကျွန်တော်ရယ် ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ပက်သက်ပြီး။ အခုဒီထဲမှာပါတာ ၆ ချက်လောက်ရှိတယ်ထင်ပါတယ်။ အဲဒါကတော့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တာပေါ့။ ဒီထက်မက ကျွန်တော်တို့ ၂၁ ရက်နေ့က သမ္မတကြီးသည် သြစတေးလျက ၂၀ ရက်နေ့ပြန်ရောက်တယ်။ ၂၁ ရက်နေ့ညနေမှာ ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။
    ဘယ်အတွက်လဲ။ တိုင်းပြည်အတွက် အများအတွက်။ ပြောမယ်ဆို ဥပဒေစိုးမိုးရေးအတွက်။ အဲဒီအထဲမှာ မိတ္ထီလာမှာဖြစ်နေတဲ့ကိစ္စတွေ၊ ကျွန်တော်တို့ ဘယ်လိုမှ စိတ်ထဲမှာ ခံစားလို့မရဘူး။ သမ္မတကြီးက ဒီမှာရောက်နေတယ်။ ကျနော်တို့ဟိုမှာတွေ့တယ်။ ဆွေးနွေးကြတယ်။ ဆွေးနွေးတာတော့ တော်တော်များပါတယ်။ ဒါပေမယ့် ဆွေးနွေးတယ်ဆိုတာလောက်ပဲ ကျွန်တော် ဒီမှာပြောပါရစေ။ အဲဒါကြောင့်မို့လို့ ခုနက ဒေါ်အေးတို့ကိုပြောပါတယ်။ ဒေါ်အေးတို့နောက်က ကျွန်တော့်မိတ်ဆွေတွေကိုလည်း ပြောပါတယ်။ ဟို…. တိုင်းရင်းသားတွေ တိုင်းရင်းသားဆိုတဲ့ဟာ ခဏထား။ အမျိုးသား၊ အမျိုးသားဆိုတာ နေရှင်နယ်၊ နေရှင်နယ်ဖြစ်တဲ့အတွက် ခုနက နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံသားများရဲ့ အခွင့်အရေးကို အားလုံးတန်းတူ ညီတူရဖို့လည်းလိုပါတယ်။ အခုလိုဖြစ်တဲ့အတွက် ကျွန်တော်လည်း စိတ်မကောင်းဘူး။ ကျွန်တော်တို့ငယ်ငယ်တုန်းက အခုလို အသုံးအနှုန်းတွေမသုံးဘူး။ မှတ်မိတာ။ ကျွန်တော်တို့မြို့လေးမှာ မြန်မာမွတ်စလင်၊ ဒါပေမယ့် ဗမာမွတ်စလင်ကျောင်းဆိုပြီးတော့ မူလတန်းကျောင်းလေးရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ဒီကျောင်းလေးဟာ ဘယ်မှာလဲဆိုရင် မွတ်စလင်ရပ်ကွက်ထဲမှာရှိတယ်။ အဲတော့ ဗမာမွတ်စလင်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အိမ်ဘေးတွေမှာလည်း မြန်မာမွတ်စလင်တွေရှိတယ်။ သူတို့ အစ်လုပ်လို့ရှိရင်သွားစား။ နောက်တခါ ကိုယ့်အလှူလည်း ဒီလူတွေလာ။ အနေအထားမျိုးတွေရှိတယ်။ အဲဒီတော့ ဘာမှ ဒီလိုအနေအထားမျိုးတွေ၊ သွေးကွဲတာမရှိဘူး။
    ဒါပေမယ့် ဒီနေ့ကျတော့ တဖြည်းဖြည်း ဒီလိုဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ စနစ်တကျ ဒီလိုဖြစ်အောင်ပဲ ဘယ်သူကလုပ်နေလဲ ဘာကြောင့်ဖြစ်လဲဆိုတာ ကျွန်တော်တို့လည်း ခုနက လေ့လာပြီးတဲ့အခါမှာ ဒီလိုမျိုးမဖြစ်အောင် ဆက်လုပ်ဖို့။ တကယ်တမ်းကျတော့ အဲဒီဖြစ်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတင် အဲဒီဒေသမှာ နာတာမဟုတ်ဘူး။ တိုင်းပြည်သိပ်နာတယ်။ ရခိုင်ပြည်မှာဖြစ်တယ်။ သာမန်အားဖြင့်တော့ ရခိုင်ဒေသမှာနေကြတဲ့ လူထုပဲနာတယ်လို့ထင်ကြတယ်။ မဟုတ်ဘူး။ တစ်နိုင်ငံလုံးနာတာ။ ဖြစ်ပြီးမကြာခင် ပြောမယ်ဆို လွှတ်တော်ဥက္ကဌ တစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ executive လောက်တော့ ဒီကိစ္စမှာ တာဝန်မရှိဘူး။ ဒါပေမယ့် ကျွန်တော်သွားတယ်။ သွားတဲ့အခါမှာ တိုင်းရင်းသားတွေခေါ်သွားတယ်။ တိုင်းရင်းသားတွေခေါ်သွားပြီး ဟိုမှာအခြေအနေကြည့်တယ်။ ကြည့်ပြီး ကျွန်တော်တို့ ရခိုင်တွေကော မွတ်စလင်တွေကော ကျွန်တော် နှစ်ဘက်မျှပြီး ကြည့်ပြီးတဲ့အခါမှာ ကျွန်တော် ပြန်လာခဲ့ပါတယ်။ သတိတော်တော်ထားရပါတယ်။ စကားပြောတောင် ကျွန်တော်တို့ မှားလို့မရဘူး။ ရခိုင်မှာ စကားပြောမှားလို့မရဘူး။ ဒါ့ကြောင့်မို့လို့ ဗီဂျေနမ်ဘီးယား ကျွန်တော်နဲ့လာတွေ့တဲ့အခါမှာ၊ အမေရိကန်တွေလည်းပါပါတယ်။ ရခိုင်မှာဖြစ်တဲ့ကိစ္စဟာ အင်မတန်မှသိမ်မွေ့တယ်။ ဒါကြောင့်မို့လို့ စကားကအစ မှားလို့မရဘူး။ တစ်ချို့ကိစ္စတွေမှာ တဖြည်းဖြည်းလုပ်ရမယ့်ကိစ္စတွေကို အလျင်စလိုလုပ်နေတယ်ဆိုရင် အမှားတွေဖြစ်သွားနိုင်တယ်။ ဒါကိုတော့ မိတ်ဆွေတို့ သတိထားပြီးလုပ်ပါ။ ကျွန်တော်တို့က ဒီထက်ပိုပြီးတော့ အခြေအနေကောင်းစေချင်တယ်။ သူတို့ကိုလည်း ဒီလိုအကြံပေးပါတယ်။ အဲဒါပြီးသွားပြီ။ ပြီးသွားပြီးတဲ့အခါမှာ အခု ကျွန်တော်တို့ မိတ္ထီလာမှာဖြစ်တယ်။
    ကျွန်တော်လည်း အမြဲတမ်းအဆက်အသွယ်လုပ်တယ်။ လုပ်တဲ့အခါ မိတ္ထီလာတင်မကဘဲနဲ့ အခု နေရာတော်တော်များများလည်း ပျံ့နှံ့နေတယ်လို့ပြောတယ်။ မြန်မာပြည်အလယ်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်း၊ နောက်တစ်ခါ အခြားနေရာတွေကူးစက်ဖို့လဲ လှုံ့ဆော်တဲ့အဖွဲ့ရှိတယ်ဆိုပြီး။ အဲဒီ လှုံ့ဆော်တဲ့အဖွဲ့ကို ဖမ်းမိအောင်လည်း၊ ဖမ်းနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားပြီးတဲ့အခါမှာ အရင်းအမြစ်ကို ဖော်ထုတ်ပါမှပဲဖြစ်မယ့် ကိစ္စတွေဖြစ်ပါတယ်။ ဒါကတော့ လွှတ်တော်ထဲမှာ လုပ်နေတဲ့ကိစ္စနဲ့ ဒီနေ့ဖြစ်ပေါ်နေတဲ့အနေအထားပေါ်မူတည်ပြီး ကျွန်တော်တို့ဆောင်ရွက်ချက်တွေ ကြည့်ပြီးတော့ စဉ်းစားနိုင်ပါတယ်။ ပြောမယ်ဆိုရင် ဘာ ဘာသာကိုးကွယ်လို့ ဘာရာထူးတော့မရတော့ဘူး။ ဘယ်တာဝန်တော့မပေးတော့ဘူးဆိုတာ လက်တွေ့မှာဖြစ်နေတယ်။ မပြောပေမယ့် လက်တွေ့မှာဖြစ်နေတယ်။ အဲဒီအခါကြတော့ ယုံကြည်မှုဟာ မရှိနိုင်ဘူး။ ယုံကြည်မှုမရှိဘဲနဲ့ အလုပ်တစ်ခုလုပ်တဲ့အခါမှာ မအောင်မြင်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ ပြီးတဲ့အခါမှာ…. ငြိမ်းချမ်းရေး။ ပြည်တွင်းငြိမ်းချမ်းရေး၊ အဓိကထားပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ အဲလိုလုပ်နိုင်ဖို့အတွက် ဘာများလိုအပ်သလဲဆိုရင်…… တရားဥပဒေစိုးမိုးရေးဆိုတာ မရှိမဖြစ်လိုအပ်တယ်။ တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွယ်နေတယ်။
    အဲဒီမှာလည်း ကံအားလျော်စွာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာတယ်။ ရောက်လာပြီးတဲ့အခါမှာ ဒီတာဝန်ကို သူ ဥက္ကဌအဖြစ်ယူတယ်။ သူ ကြိုးစားလည်းလုပ်တယ်။ သူ့မှာ အရည်အချင်းတွေလည်းရှိတယ်။ သူ့ကို ထောက်ခံအားပေးတဲ့လူများတဲ့အတွက် သူ့ကော်မတီရဲ့လုပ်ဆောင်ချက်တွေဟာလည်း တော်တော်လေးကို အရာရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့…… အခုလည်းအဆက်အသွယ်ရှိပါတယ်။ နေပြည်တော်မှာ၊ နောက်ထပ် ဟိုဘက်မှာဖြစ်နေတဲ့ကိစ္စနဲ့ပက်သက်ပြီး။ အဓိက တရားဥပဒေစိုးမိုးရေးရှိအောင် မလုပ်နိုင်ဘဲနဲ့ ရှေ့သွားမယ့်လုပ်ငန်းတွေမှာ ဘာမှ အဆင်မပြေနိုင်ဘူး။ အထူးသဖြင့်တော့ ပြည်တွင်းမှာဖြစ်ခဲ့တဲ့ အခုလိုပေါ့…. တစ်ဘက်နဲ့တစ်ဘက် တိုက်ခိုက်တယ်။ သေကြေတယ်။ ဒဏ်ရာရတယ်။ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးတယ်။ ဒါတွေဟာ တရားဥပဒေ စိုးမိုးမှုမရှိလို့။ ဒီဟာကို ကျွန်တော်တို့ ဆက်ပြီးတော့ လက်ခံထားမယ်ဆိုလို့ရှိရင် ဘ၀လုံခြုံမှုဆိုတာ မရှိတော့ဘူး။ နိုင်ငံသားများ စိုးရိမ်နေမယ်။ ကြောက်ရွံ့နေမယ်။ အခုဆိုရင် ဒါ ကိုယ့်ညီမပဲထားပါတော့။ ငယ်ပါတယ်။…… သူတို့ စိုးရိမ်နေပြီ။ ဘယ်ပြေးမလဲ ဘယ်သွားနေမလဲ။ ဒီမှာပဲနေမှာပေါ့၊ ဒီမှာပဲမွေး၊ ဒီမှာပဲသေမှာပေါ့။ အဲလိုဆိုလို့ရှိရင် သူတို့ဘ၀လုံခြုံအောင် လုပ်ပေးရမယ်လေ။ တာဝန်ရှိပါတယ်။ ကျွန်တော်တို့အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရမှာတာဝန်ရှိသလို၊ အစိုးရတာဝန်ခံပြီးလုပ်နေတဲ့အဖွဲ့အစည်းမှာလည်း တာဝန်ယူရမယ်။ တာဝန်ယူနိုင်အောင်လည်း ကျွန်တော်တို့က…….. မတတ်သေးဘူးဆိုရင်တတ်အောင်၊ မသိသေးဘူးဆိုရင်သိအောင်။ ပြီးတဲ့အခါမှာ မလုပ်နိုင်ဘူးဆိုရင်လုပ်နိုင်အောင် ကျွန်တော်တို့ ကူညီရမယ်။ ကျွန်တော်တို့ ဒါကို အဓိကထားလုပ်မယ်။ မနေ့ရလဲ ကျွန်တော်တို့ အဆက်အသွယ်တွေရတယ်။ ဒီကိစ္စအဓိကထားလုပ်မယ်။
    ပြီးခဲ့တဲ့ သင်ခန်းစာတွေယူပြီးတော့ ဘယ်သွားမလဲ၊ ဘယ်ပြေးမလဲ။ ဘယ်မှလဲပြေးလို့မရဘူး။ ဒီထဲမှာပဲနေမယ်ဆိုရင် သူတို့ဘ၀အတွက် ကျွန်တော်တို့ အာမခံချက်ပေးရမယ်။ အာမခံချက်ရအောင်မလုပ်ဘူးဆိုရင်…… တရားဥပဒေစိုးမိုးအောင် လုပ်ကိုလုပ်ရမယ်။ ဒီနေရာမှာ ခွဲခြားပြီး ကြည့်နေလို့မရဘူး။ ဥပဒေအောက်မှာပဲ ရှိရမယ်။ ကျွန်တော် ၂၀၀၄ က ပြောခဲ့ပါတယ်။ No one is above the law. ဘယ်သူမှ ဥပဒေအထက်မှာရှိလို့မရဘူး။ ဥပဒေအထက်မှာရှိမယ်ဆိုရင်… ဥပဒေအထက်မှာရှိသွားတဲ့အတွက် သူကြိုက်တာလုပ်သွာလိမ့်မယ်။ အဲဒီအတိုင်းပဲ ဥပဒေရဲ့ပြင်ပကို ရောက်နေလို့မရဘူး။ ကဲ….. ဒါ့ကြောင့် ဒီမှာ……. အချိန်လည်း နည်းနည်း ဟိုဟာဖြစ်သွားပြီ။ အခုလို စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုလိုတွေ့တဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ပြောတဲ့အတွက်လည်း ကျွန်တော် အများကြီး ကျေးဇူးတင်ပါတယ်။ ဒီထဲက အချက်အလက်တွေကို ကျွန်တော် ထုတ်နှုတ်ပြီးတဲ့အခါမှာ……….ပြန်ရောက်တဲ့အခါမှာ နိုင်ငံတော်သမ္မတကို….. နောက်ကျွန်တော်တို့ အတိုက်ခံပါတီမဟုတ်သော အတိုက်အခံပါတီခေါင်းဆောင်………… အတိုက်အခံပါတီလို့ ကျွန်တော်တို့ သဘောမထားပါဘူး။ အခုတော့ ကျွန်တော်တို့ လက်တွဲပြီးလုပ်နေတယ်။ အတိုက်အခံပါတီလို့တောင် ထင်စရာအကြောင်းမရှိပါဘူး……… ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျွန်တော်ပြောလိုက်ပါ့မယ်။ ဒီအဖွဲ့တွေလည်းတက်တယ်။ ဒါ့ကြောင့်မို့လို့ ဓာတ်ပုံလည်း ကျွန်တော် ရိုက်ယူသွားလိုက်တာပါ။ ဘာပဲဖြစ်ဖြစ်…… ခုဟာတော့……ကျွန်တော်တို့က တရားဝင် official ဆွေးနွေးတာမဟုတ်သော်လည်း…… လုပ်ငန်းတွေတော့ အများကြီး ဖြစ်နိုင်မယ့်သဘောရှိပါတယ်။ ကျွန်တော် ထပ်ပြီးတော့ မေတ္တာရပ်ခံချင်တာက…. တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး။ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ အားလုံးပါဝင်ဖို့လိုပါတယ်။ ဒီလိုပဲ ကိုယ့်နောက်မှာရှိတဲ့ပြည်သူတွေလည်း ပါဝင်ဖို့လိုပါတယ်။ တကယ် ငြိမ်းချမ်းရေးရဖို့ လိုအပ်ပါတယ်။ အခုလိုတွေ့ဖို့ဆိုတာလည်း ကျွန်တော်တို့ မမျှော်လင့်ခဲ့ဘူး။ ဒါပေမယ့် အခုတွေ့တယ်။ ကျွန်တော်တို့ဆီ စာတွေရေးပါ။ လှမ်းအကြောင်းကြားပါ။ ကျွန်တော်တို့လက်ခံပါ့မယ်။ အများအတွက် တိုင်းပြည်အတွက်ဆို ဘာမှ လက်မခံနိုင်စရာမရှိဘူး။ ကျွန်တော်တို့လည်း ဒါပဲလုပ်နေတာ။ ကဲ……. ဒါ့ကြောင့် အခုလို တွေ့ဆုံခွင့်ရတဲ့အတွက် ကျွန်တော်လည်းအများကြီး ကျေးဇူးတင်ပါတယ်။ ရောက်တဲ့နေရာတိုင်းမှာလည်း ဒီလို ကြိုးစားပါတယ်။ ဒါပေမယ့် ဒီနေ့လောက်တော့ အဖွဲ့အစည်းစုံ မတွေ့ခဲ့ဖူးပါဘူး။ အခုလို့တွေ့တဲ့အတွက်လည်း ကျွန်တော် အင်မတန် ၀မ်းမြောက်ပါတယ်။ အလုပ်ကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားမယ့်အနေအထားရှိပါတယ်။ မညှိနှိုင်းလို့ မရနိုင်ပါဘူး။
    BMA Discussion With Thura U Shwe Mann (29!03!10)
  • မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများ အတွက် Asian Muslim Action Network မှကြေငြာချက်ထုတ်ပြန်
    မတ်လ ၂၈ ၊ ၂၀၁၃
    M-Media
    Asian Muslim Action Network
    မြန်မာနိုင်ငံမှ မွတ်စလင်များအား အကြမ်းဖက်မှုများအတွက် Asian Muslim Action Network မှကြေငြာချက်တစောင် ထုတ်ပြန်လိုက်ကြောင်း သိရှိပါသည်။ ၄င်းကြေငြာချက်တွင် ဖော်ပြပါရှိတာကတော့
    ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွက် ကျွန်ုပ်တို့ AMAN မှ စိုးရိမ်ပူပန်မိပြီး၊ အလွန်ပင် စိတ်မကောင်းဖြစ်မိပါသည်။
    အထူးသဖြင့် မိတ္ထီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုရာနေရာများ၊ နေအိမ်အဆောက်အဦးများ ဖျက်ဆီးခံရခြင်း၊ လူများ သေကြေပျက်စီးခြင်းများကို ကြားသိရပြီး ထိုလုပ်ရပ်များအားလုံးကို ကျွန်ုပ်တို့မှ လုံးလုံးလျားလျား ရှုတ်ချပါသည်။
    အဆိုပါ အကြမ်းဖက်မှုများအတွင်း မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသူအားလုံးအတွက် အလွန်ပင်ဝမ်းနည်းမိကြောင်း၊ အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော သူများနှင့် ကျွန်ုပ်တို့ အတူတကွ ရှိနေပါကြောင်း ပြောကြားလိုပါသည်။
    မြန်မာအစိုးရအနေနှင့် ထိုအကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို တရားဥပဒေအရ အရေးယူရန် ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်။ ဤကဲ့သို့ ကြမ်းကြုတ်သော အကြမ်းဖက်မှုကို ကြံစည်ဆောင်ရွက်သူများ၊ အထူးသဖြင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များနှင့်ပက်သက်၍ အမုန်းတရားများကို ဖြန့်ဝေမှုတွင် ပါဝင်သူများအား အရေးယူပေးရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းပြောကြားလိုက်ပါသည်။
    မကြားသေးမီကလည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် အဓိကရုဏ်းများ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရပါသည်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့ လူ့အခွင့်အရေးချိုးဖောက်မှုတွင် အဆိုးဝါးဆုံး မှတ်တမ်းရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ရိုဟင်ဂျာများမှာလည်း ကမ္ဘာပေါ်တွင် ဖိနှိပ်ချုပ်ချယ်မှု၊ ညှင်းပန်းနှိပ်စက်မှု အခံရဆုံး လူ့အဖွဲ့စည်းများထဲမှ တစ်ခုဖြစ်လေသည်။
    အဆိုပါ အကြမ်းဖက်မှုများက တိုင်းပြည်၏ ရည်ရှည် ဒီမိုကရေစီဖော်ဆောင်ရေး၊ နိုင်ငံတကာ လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခွင့်အလမ်း ဖန်းတီးမှုများဆီသို့ ရှေ့ရှုရာတွင် – မတူညီသော တိုင်းရင်းသား လူ့အဖွဲ့အစည်းများအကြား မကျေလည်မှုများကို ကုစားခြင်း စသည်တို့နှင့် ဆက်စပ်နေသည်ဟု ယူဆမိပါသည်။
    မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် အစ္စလာမ်ဘာသာဝင် ၁၃၀ ဦးနှင့် ဗုဒ္ဓဘာသာဝင် ၃၀ ဦးနီးပါး အသက်ဆုံးရှုံးခဲ့ရကြောင်း မှတ်တမ်းများအရ သိရပါသည်။ ဗလီဝတ်ကျောင်းတော် ၁၅ လုံး၊ အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ၅ ခု၊ အခြားအဆောက်အဦးများ ပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါသည်။
    မိထ္တီလာမြို့တွင် အခြေအနေများအား ထိန်းချုပ်နိုင်သော်လည်း အနီးအနားတစ်ဝိုက်ရှိ မြို့များ၊ ရွာများသို့ အကြမ်းဖက်မှုများ ပျံ့နှံ့သွားသည်ကိုလည်း ကျွန်ုပ်တို့ သိရှိရပါသည်။
    အခုလက်ရှိ ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများအား ရပ်တန့်စေရုံသာမက၊ ‘၉၆၉ ဂိုဏ်း’ ဟုခေါ်သည့် အဖွဲ့မှ အမုန်းတရားဖြန့်ဝေနေမှုများကို ရပ်တန့်စေခြင်းဖြင့် လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များအကြား အနာဂတ်တွင် ဖြစ်ပေါ်လာမည့် တင်းမာမှုများကို တားဆီးပေးရန် မြန်မာအစိုးရအား ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်။
    မြန်မာအစိုးရအနေဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူတို့အား ပြည့်ဝသော လုံခြုံရေး အထောက်အပံ့များနှင့်အတူ ပြန်လည်နေချထားပေးရန် ခွင့်ပြုရမည်ဖြစ်သည်။
    ထိုကဲ့သို့ အကြမ်းဖက်မှုများကို ချက်ခြင်း တားဆီးပေးရန်အတွက် မြန်မာအစိုးရအပေါ် ဖိအားပေးရန် ကုလသမဂ္ဂအဖွဲ့ကြီး နှင့် OIC ကိုလည်း ကျွန်ုပ်တို့မှ တိုက်တွန်းလိုက်ပါသည်။
    အကြမ်းဖက်ခံရသောသူများအား ဘာသာလူမျိုးမခွဲခြားပဲ လျော်ကြေးပေးရန်၊ နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးရန် နှင့် အသက်မွေးနိုင်သော ပတ်ဝန်းကျင်တစ်ခုကို ထူထောင်ပေးရန် ကျွန်ုပ်တို့မှ မြန်မာအစိုးရအား တိုက်တွန်းလိုက်ပါသည်။
    နိဂုံးချုပ်အနေဖြင့် အနာဂတ်တွင် ထိုကဲ့သို့သော အကြမ်းဖက်မှုများ ရပ်တန့်တားဆီးရန်အလို့ငှာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်ပေးရန် ပြည်တွင်းနှင့် ပြည်ပမှ လူမှု အဖွဲ့အစည်းများအား ကျွန်ုပ်တို့မှ မေတ္တာရပ်ခံအပ်ပါသည်။
    Source: http://www.arf-asia.org/aman
  • လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။
    လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။
    နိုဝင်ဘာ ၂၈၊၂၀၁၂
    M-Media
    စည်သူ
    လွန်ခဲ့သော ၇၅ နှစ် (၁၉၃၇ ခုနှစ်) တွင်  မွတ်စ်လင်မ်လူငယ် တစ်စုသည် လူမျိုး၊ ဘာသာ သာသနာ၊ အဆင့်အတန်း မရွေး လူတန်းစား အားလုံးမှ မကျန်းမာသူတို့အတွက် ကောင်းမွန်သော အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ကြောင်း ခံစားသိရှိခဲ့သည်။ စံပြလူငယ်တို့သည် စိတ်သဘောထားချင်းတူသည့် လူကြီးများဆီ ချဉ်းကပ်ပြီး ထိုစိတ်ကူးစတင် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။
    ထိုသို့ ကိုယ်ကျိုးမဖက်ဘဲ ပရဟိတအခြေခံသော စိတ်ဖြင့် ကြိုးပမ်းမှုကြောင့် ၁၉၃၇ ဇန္နဝါရီလ ၅ ရက်နေ့တွင် ဆေးပေးခန်း တစ်ခုကို တရားဝင်ဖွင့်လှစ်နိုင်ခဲ့သည်။ သူတို့၏ ဆက်လက်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် အထိုက်အလျောက် အကျိုးဖြစ်ထွန်းသော အလုပ်ဖြစ်ခဲ့သည် သာမက ကျန်းမာရေး ဝန်ဆောင်မှုများကိုလည်း တိုးတက် အောင်မြင်အောင် တဖြည်းဖြည်း တိုးချဲ့နိုင်ခဲ့သည်။
    အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ပြည်တွင်း ပြည်ပ အစိုးရအဖွဲ့အစည်း၊ NGO များအပြင် တစ်ဦးချင်းစီ၏ အထောက်အပံ့များဖြင့် ၎င်းဆေးပေးခန်း ကလေးမှ တဆင့် လူမျိုးမရွေး၊ ဘာသာမရွေး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူအားလုံးအတွက် မျှော်လင့်ရာ၊ အကူအညီပေးရာ ခေတ်မီဆေးရုံကြီးအဖြစ် အောင်မြင်စွာ ပြောင်းလဲ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံကြီးတွင် ကုတင် ၁၃၀ ရှိပြီး လိုအပ်လျှင် ကုတင်အပိုများလည်း ထပ်ဖြည့်နိုင်ပြီး ဆေးကုသဆောင်(ဖျားနာဆောင်)၊ ခွဲစိပ်ကုသဆောင်၊ မျက်စိအထူးကုဌာန၊ သားဖွားနှင့်မီးယပ် အထူးကု ဌာနတို့ ပါဝင်ဖွဲ့စည်းထားသည်။ သက်ဆိုင်ရာ ဌာနအလိုက် ပြင်ပလူနာဌာနများ ထားရှိပြီး နေ့စဉ် ပျမ်းမျှ လူနာ ၄၀၀ ခန့် စောင့်ရှောက် ကုသပေးလျက် ရှိပါသည်။ နိုင်ငံတွင်းမှ မျက်စိအထူးကု ပါရဂူကြီးများ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် မျက်စိ အထူးကုဆေးရုံကြီး အဖြစ်လည်း နိုင်ငံတဝှမ်း ကျော်ကြားသေးသည်။ ဤဆေးရုံသို့ နိုင်ငံတွင်း ဒေသအနှံ့အပြားမှ မျက်စိဝေဒနာရှင်များစွာ လာရောက် ကုသမှုခံယူကြသည်။ ကျန်းမာရေး စစ်ဆေးမှုများအဖြစ် ဓာတ်ခွဲခန်းများ၊ ဓာတ်မှန်ဌာန၊ အာထရာဆောင်း ဌာနနှင့် ECG ဌာနများအပြင် သွေးလှူဘဏ်လည်း ထားရှိသည်။
    အထူးထပ်မံ ကုသ စစ်ဆေးခံရန် လိုအပ်သည့်လူနာများကိုလည်း ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများ ရှိရာ ဆေးရုံဆေးခန်းများသို့ ကုန်ကျစရိတ်ကို ဤဆေးရုံမှ ကျခံပေးပြီး ပို့ဆောင်ကုသစေပါသည်။
    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံသည် ရန်ကုန်မြို့လယ်ခေါင်တွင် တည်ရှိသောကြောင့် လူအများ ဝင်ထွက်သွားလာရန် အထူးလွယ်ကူလှပါသည်။ ဤဆေးရုံမှာ ဂိုဏ်းဂဏစွဲ မရှိဘဲ၊ လူသားအကျိုးဆောင် စေတနာဆေးရုံတစ်ရုံအဖြစ်၊ ဆင်းရဲသော လူသားတိုင်းအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ အခြားသော မည်သည့်အသင်း အဖွဲ့နှင့်မျှ တွဲဖက်ထားခြင်းမရှိ၊ လွတ်လပ်စွာ ကူညီ လည်ပတ်နေသော ဆေးရုံတစ်ရုံသာ ဖြစ်သည်။ ဆေးရုံ၏ စီမံခန့်ခွဲရေးအတွက် အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။
    ၁   ဥက္ကဋ္ဌ       ၁ ဦး
    ၂   ဒု ဥက္ကဋ္ဌ ၂ ဦး
    ၃   ဘဏ္ဍာထိန်း                    ၁ ဦး
    ၄   အတွင်းရေးမှူး    ၁ ဦး
    ၅   တွဲဖက် အတွင်းရေးမှူး     ၁ ဦး
    ၆   ကော်မတီ အဖွဲ့ဝင်များ ၉ ဦး
    သဘာဝဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း၊ တခြား ဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်ရာနေရာများသို့ ကျန်းမာရေးစောင့်ရှောက်ကုသပေးမှုများ ရှိပြီး နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒေသများသို့လည်း ဆေးဝါးနှင့် ဆေးကိရိယာတို့နှင့်တကွ ဆရာဝန်များ၊ သူနာပြုများ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပါသည်။
    နိုင်ငံတော်အစိုးရမှ ပြန်လည် ကယ်ဆယ်ရေးလုပ်ငန်း ကာလ ပြီးဆုံးသည်ဟု ကြေငြာချိန်အထိ ၎င်းဒေသတွင် ကွင်းဆင်းကုသမှုများ အပြင် ဆေးခန်းလည်းဖွင့်လှစ် ကုသပေးခဲ့ပါသည်။ မုန်တိုင်းဘေးသင့် လူနာများစွာကိုလည်း ရန်ကုန်သို့ ခေါ်ယူပို့ဆောင်ပြီး ဆေးရုံတွင် အတွင်းလူနာများအဖြစ် ဆက်လက်ကုသပေးခဲ့သည်။
    ၁    အထွေထွေကု ဆရာဝန် (M.O.’s Physician)    ၂ ဦး
    ၂    သားဖွားနှင့် မီးယပ် အထူးကု (O.G)                 ၂ ဦး
    ၃    ခွဲစိတ် အထူးကု (Surgeons)                          ၄ ဦး
    ၄    မျက်စိ အထူးကု (Eyes Specialist)                ၁ ဦး
    ၅    အရိုး အထူးကု (Bone Specialist)                  ၁ ဦး
    ၆    ရင်ဘတ် အထူးကု (Chest Specialist)            ၁ ဦး
    ၇    စိတ်ရောဂါ အထူးကု (Psychiatrist)                ၁ ဦး
    အထွေထွေ ရောဂါကု ဆရာဝန်များစွာတို့က ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါသည်။ ဆေးရုံအုပ်တစ်ဦးနှင့် လက်ထောက်ဆေးရုံအုပ်နှစ်ဦး ရှိပြီး သူနာပြုများ၊ သူနာပြုအကူများ၊ စာရေးများ၊ သန့်ရှင်းရေးလုပ်သားများနှင့် အခြားဝန်ထမ်းများ ရှိပါသည်။
    ဆေးရုံကြီး စဖွင့်  သည့်  အချိန် မှ စပြီး  ၂၀၀၈ ထိ စစ် တမ်း အရ
    အထွေထွေ ရောဂါ ကု ဆေး ကု သဆောင်ပြင်ပ လူနာဌာနတွင် .
    လူနာအသစ်- (၆၅၀၉၃)ဦး၊
    လူနာအဟောင်း- (၇၃၄၃၇)ဦး
    မွတ်စလင်- (၇၀၈၅၇)ဦး၊
    ဗုဒ္ဓဘာသာ- (၅၁၆၈၇)ဦး၊
    ခရစ်ယျာန်- (၃၈၂၅)ဦး၊
    ဟိန္ဒူ- (၉၃၃၄)ဦး၊
    အခြား- (၂၇၂၇)ဦး၊
    စုစုပေါင်း- (၁၃၈၅၃၀)ဦး
    ကို ကျန်းမာရေး စောင့်ရှောက် မှု ပေးကု သပေးခဲ့  သည်။
    သားဖွားမီးယပ်ဆောင်ပြင်ပ လူနာဌာန တွင်
    လူနာအဟောင်း- (၁၁၂၉၆)ဦး၊
    လူနာအသစ်- (၄၁၄၃)ဦး၊
    မွတ်စလင်- (၈၃၇၂)ဦး၊
    ဗုဒ္ဓဘာသာ- (၅၉၇၂)ဦး၊
    ခရစ်ယာန်- (၂၄၉)ဦး၊
    ဟိန္ဒူ- (၈၄၆)ဦး၊
    စုစုပေါင်း- (၁၅၄၃၉)ဦး
    ကို ကုသပေးခဲ့  သည်။
    မျက်စိကု ပြင်ပလူနာဌာနတွင်
    လူနာအသစ်- (၃၆၂၄)ဦး၊
    လူနာအဟောင်း- (၄၁၈၆)ဦး၊
    မွတ်စလင်- (၂၄၆၇)ဦး၊
    ဗုဒ္ဓဘာသာ- (၄၇၂၇)ဦး၊
    ခရစ်ယာန် -(၁၈၉)ဦး၊
    ဟိန္ဒူ- (၄၂၇)ဦး၊
    စုစုပေါင်း- (၇၈၁၀)ဦးနှင့် 
    မျက်စိအတွင်းလူနာဆောင်တွင်
    လူနာအသစ်- (၇၃၅)ဦး
    မွတ်စလင်- (၄၀၇)ဦး
    ဗုဒ္ဓဘာသာ- (၂၉၅)ဦး၊
    ခရစ်ယာန်- (၁၁)ဦး
    ဟိန္ဒူ – (၂၂)ဦး၊
    စုစုပေါင်း – (၇၃၅)ဦး
    ကို ကုသပေးခဲ့ သည်။
    ဆေးကုသဆောင်တွင်
    မွတ်စလင်- ၁၈၆ဦး
    ဗုဒ္ဓဘာသာ- ၁၃၈ဦး
    ခရစ်ယာန်- ၁၁ဦး
    ဟိန္ဒူ- ၂၁ဦး၊
    စုစုပေါင်း- ၃၅၆ဦး
    ကို ကုသပေးခဲ့  သည်။
    ခွဲစိတ်လူနာဆောင်တွင်
    မွတ်စလင်- ၃၂၈ဦး
    ဗုဒ္ဓဘာသာ- ၅၀၃ဦး
    ခရစ်ယာန်- ၂၅ဦး
    ဟိန္ဒူ- ၂၈ဦး
    စုစုပေါင်း- ၈၈၄ဦး
    ကို ကုသပေးခဲ့  သည်။
    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ၏ အဓိက ရည်မှန်းချက်နှင့် ပန်းတိုင်မှာ ဘာသာ၊ အယူဝါဒ၊ အသွေးအရောင် ခွဲခြားမှုမရှိစေဘဲ ဆင်းရဲသားများအား လိုအပ်သော ဆေးကုသမှုကို ကူညီပေးရန် ဖြစ်သည်။
    မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များ အတွက်ချီးမြှင့်သည့်  ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆုအတွက် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် ပဏာမစာရင်းတွင်ပါဝင်ခဲ့သည်။
    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံတည်ရှိရာ လိပ်စာမှာ အမှတ် ၈၀/၈၆ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း) ၊  ရန်ကုန်မြို့ဖြစ်ပြီး၊
    WebSite မှာ http://www.muslimfreehospital.com/ ဖြစ်ပါသည်။
    ပြည်တွင်းပြည်ပ မှ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံရန်ပုံငွေအတွက် ကူညီလှူဒါန်းနိုင်ကြောင်း ၄င်းတို့၏ တရားဝင် ဝဘ်ဆိုဒ်မှာ ရေးသားထားပါသည်။